← Chapters

ကောင်းကင်ကိုးထပ်ဆီပျံသန်းတဲ့ တစ်ကိုယ်တော်ကြိုးကြာ ၊ နတ်ဘုရားနယ်မြေတစ်ခွင် ပြည့်လျှံစေသည့် ဂုဏ်အသရေ

Vol. 80 Ch. 1116

ကောင်းကင်ကိုးထပ်ဆီပျံသန်းတဲ့ တစ်ကိုယ်တော်ကြိုးကြာ ၊ နတ်ဘုရားနယ်မြေတစ်ခွင် ပြည့်လျှံစေသည့် ဂုဏ်အသရေ

Vol. 80 Ch. 1116

အခန်း (၁၁၁၆) ကောင်းကင်ကိုးထပ်ဆီပျံသန်းတဲ့ တစ်ကိုယ်တော်ကြိုးကြာ ၊ နတ်ဘုရားနယ်မြေတစ်ခွင် ပြည့်လျှံစေသည့် ဂုဏ်အသရေ

စာက မည်သူ့အတွက်လဲ...။

ဤသည်က အလွန်အပြစ်ကင်းသော မေးခွန်းတစ်ခုဟု ထင်မှတ်ရသော်လည်း ဤနေရာတွင်တော့ အလွန်အရေးကြီးလှသည်။

အကယ်၍ ဤစာက နက္ခတ်ဧကရာဇ်ကို ပေးရမည်ဆိုလျှင် လူတိုင်းစိတ်ထဲသိချင်နေသည့် လျှို့ဝှက်ချက် ထွက်ပေါ်လာပေမည်။

ယခင် ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော နက္ခတ်ဧကရာဇ်သည် အထက်ဘုံကမ္ဘာတွင် ရှိနေဆဲ ဖြစ်သည်လား စဉ်းစားရပေမည်။

အကြောင်းတစ်ခုခုကြောင့် သူက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ထက်ပင် ပိုမိုသိုသိပ်စွာ လျှို့ဝှက်နေထိုင်နေခြင်းလည်း ဖြစ်နိုင်၏။

အကယ်၍ စာက အခြားသူအတွက်ပေးလိုက်သည်ဆိုပါက လျှို့ဝှက်ဆန်းကျယ်မှုများစွာဖြင့် ပဟေဠိအဖြစ် ကျန်ရှိနေပမည်။ ကိစ္စရပ်များသည်လည်း ပို၍ပင် လျှို့ဝှက်ဆန်းကျယ်လာပေမည်။

ကောင်းရွှယ်ပေါ်က...

“ဘယ်သူ့ဆီပေးရမလဲဆိုတာ သူက ပြောမပြဘူး ၊ မင်း ဒီကိစ္စကို သဘောတူပြီး အဲဒီနေရာကိုရောက်မှ သိရလိမ့်မယ်”

ရန်ကျောက်ကဲ တစ်ချက်စဉ်းစားလိုက်သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် တံခါးပိတ်ကျင့်ကြံနေသော ၊ နက္ခတ်ဧကရာဇ်၏တပည့်သည် လောကရေးရာများကို လုံးဝအရေးမစိုက်ပါက သူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိနေသည့်သတင်းကို မည်သူက သူမအား သွားရောက်သတင်းပို့လိုက်ပါသနည်း။

နက္ခတ်ဧကရာဇ် မည်သည့်နေရာသို့ ရောက်ရှိနေသည်ဆိုသောအချက်အား အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှလူများသည်လည်း အလွန်သိချင်နေကြသည်။

နက္ခတ်ဧကရာဇ်ဆိုသည်က တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့နှင့် တန်းတူ အသိအမှတ်ပြုခံရသော ဧကရာဇ်တစ်ပါးပင် မဟုတ်ပါလား။

ကောင်းရွှယ်ပေါ်တို့သည်လည်း ဤ စာပေးသည့်ကိစ္စနှင့်ပတ်သက်ပြီး သိချင်စိတ်ရှိကြပေမည်။ သို့တိုင် သူတို့က ရန်ကျောက်ကဲကိုယ်တိုင်ဆုံးဖြတ်ရန် စောင့်ဆိုင်းခဲ့ကြသည်။

ကောင်းရွှယ်ပေါ်ပြောခဲ့သလိုပင် ဤကိစ္စက ရန်ကျောက်ကဲအတွက် အကျိုးရှိနိုင်သလို ကံကြမ္မာရိုက်ချက်အဖြစ် ဘေးအန္တရယ်ကျရောက်မှုလည်း ဖြစ်စေနိုင်သည်။

အဓိကပြဿနာမှာ သူတို့လက်ထဲတွင် သတင်းအချက်အလက်အနည်းငယ်သာရှိပြီး ဆုံးဖြတ်ချက်ချရန် ခက်ခဲသောကြောင့် ဖြစ်၏။

ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက ထိုကိစ္စကို လုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။

“အဲဒီ ဧကရာဇ်က ဘယ်မှာများလဲ”

ကောင်းရွှယ်ပေါ်က...

“သူက ချောင်ဟန်တောင်ကြားမှာ နေထိုင်တယ် ၊ ချင်အာက မင်းကို လမ်းပြပေးလိမ့်မယ် ၊ သူနဲ့ ချင်အာက အတော်လေး ဆက်ဆံရေးကောင်းကြတယ်လေ”

မကြာခင် မိန်းကလေးတစ်ယောက် ရောက်လာလေသည်။

ထိုမိန်းမပျိုက ရန်ကျောက်ကဲနှင့် အရင်တစ်ခေါက်က ဆုံတွေ့ခဲ့ဖူးသော ကောင်းချင်မှလွဲပြီး အခြားသူမ ဟုတ်ပေ။ သူတို့မတွေ့ဆုံရသည်မှာပင် အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။

သူမက အမှန်တကယ်ပင် ဖုထင်ကဲ့သို့ တုန်လှုပ်ဖွယ်ရာ ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူမကို မတွေ့ရသည့်နှစ်များအတွင်း သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်သို့ပင် ရောက်ရှိနေပေပြီ။

ထို့ပြင် ကောင်းချင်က အချိန်မရွေး သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်းကိုလည်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။

ရန်ကျောက်ကဲကိုတွေ့တော့ ကောင်းချင်က နှုတ်ဆက်လိုက်သည်။

“ဆရာဦးလေး’ရန်’ ...”

သူမက စူးစမ်းလိုစိတ်များပြည့်နက်နေသောအကြည့်ဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းညိတ်ပြရင်း...

“မင်းနဲ့မတွေ့ရတဲ့ (၁၀)နှစ်ကျော်အတွင်း သိသိသာသာ တိုးတက်လာတာပဲ...”

ကောင်းကချင်က ရယ်မောရင်း....

“ဆရာဦးလေး’ရန်’က ကျွန်မကို ချီးကျူးတာထက် ကိုယ့်ကိုယ်ကိုယ် ချီးကျူးချင်နေတာ မဟုတ်လား”

သူမက ဆက်ပြောသည်။

“အရင်တုန်းက ကျွန်မတို့ ကျင့်ကြံခြင်းအဆင့်က အတူတူပဲလေ... ၊ အခုကျတော့ ဆရာဦးလေးက အမတကူးပြောင်းခြင်းအဆင့်ကိုတောင်ရောက်နေပြီ ၊ ကျွန်မထက် အများကြီးမြန်တာ မဟုတ်ဘူးလား”

ရန်ကျောက်ကဲက မျက်တောင်မခတ်ဘဲ သူမကို စိုက်ကြည့်ရင်း...

“အမှန်ပဲ... အဲဒါက ငါတို့နှစ်ယောက်လုံးအပေါ် မူတည်တယ်”

ကောင်းရွှယ်ပေါ်က ကောင်းချင်ကို တစ်ချက်စိုက်ကြည့်ရင်း...

“ချင်အာ...”

ဟု ဟန့်လိုက်လေရာ မိန်းမပျိုလေးမှာ ဇက်လေးပုသွားပြီး ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။

သူမ၏အဘိုးက အမြဲတမ်း စာအုပ်ကြီးသမား ဖြစ်သည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်ပြီး ပေါ့ပေါ့ပါးပါးရှိသဖြင့် ကောင်းချင်ကလည်း ပေါ့ပေါ့ပါးပါးပင် စကားပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် ချက်ချင်းပင် အဘိုးဖြစ်သူ၏ ဆူငေါက်ခြင်းကို ခံလိုက်ရသည်။

သူမ ပုံစံကိုမြင်တော့ ရန်ကျောက်ကဲ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ထို့နောက် သူတို့နှစ်ယောက် ကောင်းရွှယ်ပေါ်တို့အုပ်စုအား နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ကြ၏။

ကောင်းချင်နှင့်အတူ အချိန်အတန်ကြာ ခရီးထွက်လာပြီးမှ ရန်ကျောက်ကဲက စကားဆိုလိုက်သည်။

“ချောင်ဟန်တောင်ကြားက ချင်းဖိန်တောင်မှာ ရှိတာမဟုတ်ဘူးမလား”

ကောင်းချင်က...

“အမှန်ပဲ... ‘လီ’ဘွားဘွားနေတဲ့ ချောင်ဟန်တောင်ကြားက ယိုကျိုးနယ် ကောင်းကင်လမ်းတောင်မှာ ရှိတာပါ”

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ‘ယိုကျိုး’ နယ် ဆိုသည်က အရင်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိရှိခဲ့သော ‘ယိုကျိုး’ နယ်နှင့် တူညီခြင်း မရှိပေ။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ပြီးသည့်နောက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသည်လည်း အထက်ဘုံကမ္ဘာမှာကဲ့သို့ပင် ဒေသ (၉)ခု ခွဲခြားထားကြောင်း သိခဲ့ရသည်။

သို့သော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အထက်ဘုံကမ္ဘာနှင့်မတူညီစွာ နယ်မြေ (၉)ခုအား ရှေးခေတ်အချိန်အခါက နယ်မြေ (၉)ခု၏နာမည်များ ပြန်လည်အသုံးပြုထားသည်။

ထိုနယ်မြေ (၉)ခုက သေးငယ်သောနေရာများကို ပိုင်းခြားထားခြင်း မဟုတ်ပေ။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ နယ်မြေ (၉)ခုတွင် တစ်ခုစီမှာ အထက်ဘုံကမ္ဘာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကဲ့သို့ပင် ကျယ်ပြန့်လွန်းလှသည်။

နယ်မြေအသီးသီးတွင် များပြားလှစွာသော ဒေသများပိုင်းခြားထားပြီး ၎င်းဒေသတစ်ခုစီသည်ပင်လျှင် အောက်ဘုံကမ္ဘာတစ်ခုထက် ကြီးမားသည်။

ချင်းဖိန်တောင်တည်ရှိရာ ယွီကျိုးနယ်က နယ်မြေ (၉)ခု အလယ်ဗဟိုတွင် တည်ရှိသည်။

အထက်ဘုံကမ္ဘာ ကျွင်းထျန်းကောင်းကင်ပြည်နယ်ကဲ့သို့ပင် ယွီကျိုးနယ်သည်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ဝိညာဉ်စွမ်းအားရင်းမြစ် အလွန်တရာမြင့်မားသည့် အဓိကနယ်မြေတစ်ခု ဖြစ်သည်။

ချင်းဖိန်တောင်ကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အရေးကြီးဆုံး နေရာဖြစ်သည်။

စန့်ချင်အဆက်အနွယ်၏ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်များနှင့် သူတို့၏အဆက်အနွယ် တန်ခိုးစွမ်းအားရှင်များအားလုံး ချင်းဖိန်တောင်တွင်နေထိုင်ကြပြီး ချင်းဖိန်တောင်၏ အဆင့်အတန်းက အထက်ဘုံကမ္ဘာမှ ခွန်လွန်တောင်နှင့် ညီမျှသည်။

နက္ခတ်ဧကရာဇ်၏တပည့်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်နေထိုင်သည်ဆိုသော်လည်း အလွန်သိုသိပ်လွန်းဟန် ရှိသည်။

သူက ချင်းဖိန်တောင်တွင် နေထိုင်ခြင်းမရှိသည်သာမက သူမ၏ကျောက်ဂူအိမ်တော်သည်ပင် ယွီကျိုးနယ်တွင်မရှိဘဲ ယိုကျိုးနယ်တွင် တည်ရှိသည် မဟုတ်ပါလား။

ကောင်းချင်၏စကားကိုကြားသည်နှင့် ရန်ကျောက်ကဲနှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး...

“’လီ’ ဘွားဘွား ဟုတ်လား... ၊ သူလည်း မိန်းကလေးတစ်ယောက်ပဲလား...”

စောစောက ကောင်းရွှယ်ပေါ်နှင့်စကားပြောစဉ်က ‘ဧကရာဇ်’ ဟုသာ သုံးနှုန်းပြီး ‘သူ’ ဟူသောနာမ်စားပင်အသုံးပြုလေရာ ရန်ကျောက်ကဲက မိန်းကလေးလား ယောကျ်ားလေးလား သတိမပြုခဲ့မိပေ။

ယခု ကောင်းချင်ပြောသည့်စကားကိုကြားလိုက်ရမှ မိန်းမပျိုဧကရာဇ် ‘ကျဲ့ခုန်မင်’ ကဲ့သို့ပင် ဤဧကရာဇ်သည်လည်း မိန်းကလေးဖြစ်နေကြောင်း သိလိုက်ရသည်။

သို့သော် ပြဿနာမှာ နက္ခတ်ဧကရာဇ်က ယောကျ်ားလေး ဖြစ်နေခြင်းပင်။

ယောကျ်ားလေး ကျင့်ကြံသူများက မိန်းကလေးတပည့်များကို ခေါ်ယူလေ့မရှိပေ။ သွေးသားတော်စပ်သဖြင့် မိန်းကလေးတပည့်မွေးခြင်းများရှိသော်လည်း ရှားပါးကိစ္စ ဖြစ်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်းကာလ အထက်ဘုံကမ္ဘာတွင် နက္ခတ်ဧကရာဇ်နှင့် မိန်းမပျိုဧကရာဇ်တို့သည်ပင် အောင်မြင်မှုကြီးကြီးမားမားရရှိပြီး ရှားပါးသော ဆရာတပည့်များ ဖြစ်ကြသည်။

ယခု နက္ခတ်ဧကရာဇ်တွင် နောက်ထပ်တပည့်တစ်ယောက် ထွက်ပေါ်လာပြန်သည်ဖြစ်ရာ သူမသည်လည်း မိန်းကလေးတစ်ယောက် ဖြစ်နေပြန်သည်။

ဤသည်က လက်မခံနိုင်စရာကိစ္စ မဟုတ်သော်လည်း ရန်ကျောက်ကဲတစ်ယောက် အတင်းအဖျင်းဆန်သည့် မဟုတ်တမ်းတရား အတွေးများဆီသို့ ဦးတည်လိုက်မိသည်။

“ငါ အတော်အားယားနေလို့ ဒီလိုတွေတွေးနေမိတာများလား...”

မေးစေ့ကိုပွတ်သပ်ရင်း ရန်ကျောက်ကဲစဉ်းစားလိုက်မိစဉ် ကောင်းချင်က ရုတ်တရက် မေးလာသည်။

“ဆရာဦးလေးငယ်... ကျွန်မ ဂိုဏ်းတူမောင်နှမတွေဆီကသတင်းကြားတာ ဆရာဦးလေးငယ်က ထန်မြောက်တောင်ထွတ် ၊ ခရမ်းရောင်အလင်းဂူက မြောက်ပိုင်းလေပြင်းသခင် ‘ဝန်တိုက်ဟုန်’ ကို အနိုင်ယူလိုက်ရုံသာမက ဟွေလင်တောင်ကြားက လူတွေကိုလည်း သူတို့မသိခင် သူတို့အင်္ကျီနောက်ကျောမှာ စာလုံးတွေ ဓားနဲ့ရေးပေးလိုက်တယ်ဆို...”

“မြောာက်ပိုင်းလေပြင်းသခင်” ဆိုသည်က ဝန်တိုက်ဟုန်၏ အမည်ဂုဏ်ပုဒ်ဖြစ်သည်။ သူ၏ဓားသိုင်းစွမ်းအားက ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများကဲ့သို့ ထက်ရှလွန်းသောကြောင့် ဖြစ်သည်။

သို့သော် ဆုံးဖြတ်ချက်ချပြီးလျှင် နောက်ကြောင်းပြန်မလှည့်တတ်သည့် ဝန်တိုက်ဟုန်၏ ခေါင်းမာသောစရိုက်ကို နောက်ကွယ်တွင် လှောင်ပြောင်းအတင်းအဖျင်းဆိုကြသူများလည်း ရှိသည်။

ဟုတ်ပေ၏။

ဝန်တိုက်ဟုန်က ထန်မြောက်တောင်ထွတ် ၊ ခရမ်းရောင်အလင်းဂူမှ ဟုန်တိဧကရာဇ်၏တပည့်ဖြစ်လေရာ နောက်ကွယ်တွင်သာပြောရဲကြပြီး ရှေ့တွင် ပွင့်ပွင့်လင်းလင်းဝေဖန်ရဲသူကတော့ အနည်းငယ်သာ ရှိသည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး လေသံဖြင့်...

“တာအိုရောင်းရင်း ‘ဝန်’ မလုပ်နိုင်တာကို ငါလုပ်လိုက်တာလေ ၊ ဒီတော့ သူလည်း ရှုံးပါတယ်လို့ ဝန်ခံသွားတာပေါ့”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ တာအိုရောင်းရင်း’ဝန်’က ထူးခြားတာတော့အမှန်ပဲ ၊ ပြီးတော့ သူက ဖြောင့်မတ်တဲ့စိတ်ထားလည်း ရှိတယ်”

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ သူ့လိုတော်တဲ့သူ ဘယ်နှစ်ယောက်များ ရှိသလဲ ၊ ဆရာဦးလေး’လုန်’ နဲ့ ဂိုဏ်းတူအစ်ကို’လုန်’ ကိုတော့ ထည့်မပြောနဲ့ပေါ့ ၊ သူတို့က သိပြီးသားတွေလေ”

ထိုစကားကိုကြားတော့ ကောင်းချင်က တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေသည်။

“အင်း... နည်းနည်းပါးပါးတော့ ရှိတယ် ၊ သူတို့က ဒေါ်လေးငယ်နဲ့ ကောင်းကင်ကိုးထပ်သခင် ‘ဟယ်’ တို့ပဲ”

သူမက ဆက်ပြောသည်။

“အထက်ဘုံကမ္ဘာမှာ ‘နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး ၊ သိုင်းဂိုဏ်း (၈)ဂိုဏ်းကို အလင်းပေးသည့်လူငယ်...’ ဆိုပြီး ရှိတယ်မဟုတ်လား ၊ ကျွန်မတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာတော့ ‘ကောင်းကင်ကိုးထပ်ဆီပျံသန်းတဲ့ တစ်ကိုယ်တော်ကြိုးကြာ ၊ နတ်ဘုရားနယ်မြေတစ်ခွင် ပြည့်လျှံစေသည့် ဂုဏ်အသရေ’ ဆိုပြီးတော့ ရှိတယ်”

ထိုအကြောင်း ပြောပြချိန်တွင် ကောင်းချင်က အတော်လေး ဝမ်းသာဂုဏ်ယူနေဟန်ပင်။

“ဒါပေမဲ့ ဆရာဦးလေး သူတို့နဲ့ တွေ့ခွင့်ရနိုင်မယ်မထင်ဘူး ၊ ကောင်းကင်ကိုးထပ်သခင် ‘ဟယ်’ က တံခါးပိတ်ကျင့်ကြံနေတယ် ၊ ဒေါ်လေးငယ်ကတော့ လွန်ခဲ့တဲ့တစ်နှစ်က ပြင်ပဗလာနယ်ထဲကို ခရီးထွက်သွားတယ်”

ရန်ကျောက်ကဲ အတော်လေး သိချင်သွားပြီး...

“မင်းက ဒေါ်လေးငယ်လို့ခေါ်တယ်ဆိုတော့... သူက ဘယ်သူများလဲ”

ကောင်းချင်က သွက်သွက်လက်လက် ပုံစံလေးဖြင့်...

“သူက ဒုတိယအဘွားရဲ့ သမီးလေ... ၊ ဒါကြောင့် သူ့ကို ဒေါ်လေးငယ်လို့ ခေါ်တာပေါ့ ၊ ဒုတိယအဘွားကတော့ ကွယ်လွန်သွားခဲ့ပါပြီ”

All Chapters