← Chapters

နာမည်ဂုဏ်ပုဒ်များကိုပေါ့သေးသေးမသတ်မှတ်သင့်

Vol. 80 Ch. 1117

နာမည်ဂုဏ်ပုဒ်များကိုပေါ့သေးသေးမသတ်မှတ်သင့်

Vol. 80 Ch. 1117

အခန်း (၁၁၁၇) နာမည်ဂုဏ်ပုဒ်များကိုပေါ့သေးသေးမသတ်မှတ်သင့်

ပြောရင်း ကောင်းချင် စိတ်မကောင်းဖြစ်သွားသည်ကိုမြင်တော့ ရန်ကျောက်ကဲလည်း သက်ပြင်းချလိုက်မိသည်။

ကောင်းချင်ပြောသည့် ဒုတိယအဘွားဆိုသည်မှာ ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ နှင့် လုန်ချွမ်ဧကရာဇ် ‘လုန်ရှင်းချွမ်’ တို့၏ ဒုတိယသမီးကို ပြောခြင်း ဖြစ်၏။

သူမက ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးကြားမှ သမီးလတ် ဖြစ်သည်။

မိဘနှစ်ပါး တံခါးပိတ်ကျင့်ကြံနေစဉ် အရေးကိစ္စများစွာကို အဆက်မပြတ်ဆောင်ရွက်နေရသော ကောင်းရွှယ်ပေါ်နှင့် ဂုဏ်သရေမြင့်မားသော လုန်ရွှယ်ကျီးတို့နှင့် နှိုင်းယှဉ်ပါက ဤ ဒုတိယသမီးအား လူသိနည်းသည်။

အထက်ဘုံကမ္ဘာတွင်ရှိစဉ်ကဆိုလျှင် ရန်ကျောက်ကဲ သူ့အကြောင်းကို တစ်ခါမှပင် မကြားဖူးခဲ့ပေ။

သူမကလည်း သိုသိုသိပ်သိပ်ပင် နေထိုင်တတ်ပြီး သူမ သေဆုံးသွားသည့်အကြောင်းကိုလည်း သိရှိသူအနည်းငယ်သာ ရှိသည်။

“ကောင်းကင်ကိုးထပ်ဆီပျံသန်းတဲ့ တစ်ကိုယ်တော်ကြိုးကြာ ၊ နတ်ဘုရားနယ်မြေတစ်ခွင် ပြည့်လျှံစေသည့် ဂုဏ်အသရေ...”

ရန်ကျောက်ကဲ ရေရွတ်လိုက်ပြီး စကားဆက်ပြောလိုက်သည်။

“သူတို့က မကြာခင်နှစ်တွေတုန်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ကောလဟလထွက်နေတဲ့ ပြိုင်ဘက်ကင်းတန်ခိုးစွမ်းအားရှင် (၂)ယောက် မဟုတ်လား”

ကောင်းချင်က သူမကိုယ်သူမ တည်ငြိမ်စေလိုက်ပြီး ခေါင်းညိတ်လိုက်၏။

“အမှန်ပဲ... ဆရာဦးလေးငယ်လည်း သူတို့အကြောင်း ကြားဖူးထားတာလား”

ရန်ကျောက်ကဲက...

“အထက်ဘုံကမ္ဘာမှာလည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့ပတ်သက်တဲ့ သတင်းတွေကြားရတာပဲလေ ၊ အသေးစိတ်မဟုတ်ရင်တောင် အကျဉ်းချုပ်လောက်ပေါ့”

ကောင်းချင်က ခေါင်းညိတ်ရင်း...

“အဘိုးလေး’လုန်ရွှယ်ကျီး’ ပြီးရင် သူတို့နှစ်ယောက်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ အတော်ဆုံး လူတွေပဲလေ”

သူမက ဆက်ရှင်းပြသည်။

“ဒီ စာကြောင်းရဲ့ နောက်ပိုင်းတစ်ဝက်ဖြစ်တဲ့ ‘နတ်ဘုရားနယ်မြေတစ်ခွင် ပြည့်လျှံစေသည့် ဂုဏ်အသရေ’ ဆိုတာက ဒေါ်လေးငယ်ကိုပြောတာ ၊ ‘ကောင်းကင်ကိုးထပ်ဆီပျံသန်းတဲ့ တစ်ကိုယ်တော်ကြိုးကြာ’ ဆိုတာက ဟွေလင်တောင်ကြားက တိမ်လွှာဧကရာဇ်ရဲ့တပည့် ကောင်းကင်ကိုးထပ်သခင် ‘ဟယ်မြန်’ ကိုပြောတာ ၊ သူ့ကို စန့်ထင်ထိပ်တန်းအရှင်သခင်လို့လည်းခေါ်တယ် ၊ ကောင်းကင်ရှစ်ထပ်ထိပ်တန်းအရှင်သခင်လို့လည်း ခေါ်တယ်”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ဘာလို့ ကောင်းကင်ရှစ်ထပ်ထိပ်တန်းအရှင်သခင် ဖြစ်ရတာလဲ... သူ့ဘွဲ့အမည်က ကောင်းကင်ကိုးထပ်သခင်မဟုတ်လား... တကယ်ဆို ကောင်းကင်ကိုးထပ်ထိပ်တန်းအရှင်သခင် ဖြစ်ရမှာ မဟုတ်ဘူးလား”

ကောင်းချင်က...

“ကောင်းကင်ကိုးထပ်ထိပ်တန်းအရှင်သခင်ဆိုရင် ဒီနာမည်က အတော်လေး မောက်မာရာကျမယ်လေ ၊ သူက သူ့ကိုယ်သူ ကောင်းကင်ကိုးထပ်ထိပ်တန်းအရှင်သခင်လို့ မခေါ်ဆိုချင်ဘူး ၊ ဒါကြောင့် ကောင်းကင်ရှစ်ထပ်ထိပ်တန်းအရှင်သခင်လို့ သူ့ကိုယ်သူ နာမည်ပေးလိုက်တာ ၊ သိပ်တော့ မရယ်ရဘူးမဟုတ်လား”

“ကောင်းကင်ကိုးထပ်” ဆိုသည်က ကျယ်ပြန့်နက်ရှိုင်းပြီး အဆုံးမရှိသည့် မိုးကောင်းကင်ကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်။

ကောင်းကင်ကိုးထပ်ထိပ်တန်းအရှင်သခင်ဟု ခေါ်ဆိုခြင်းက ‘ကောင်းကင်ဘုံအရှင်’ ဟု ပြောဆိုခြင်းနှင့် ညီမျှသွားပေမည်။

ဤသည်က အလွန်လေးလံသော နာမည်တစ်ခု ဖြစ်သည်။

ဒဏ္ဍာရီထဲမှ တန်ခိုးရှင်တစ်ယောက်ဖြစ်သော မိုးမြေနှင့်အတူ သက်တမ်းရှည်ကြာသည့် ‘ကျန့်ယွမ်ကျီနတ်မင်း’ ဆိုလျှင် မိုးနှင့်မြေကို ဂါရဝပြုပြီး စန်းချင်း (၃)ပါးကို ဦးညွှတ်ခြင်း မရှိခဲ့ပေ။

မိုးနှင့်မြေကိုသာရိုသေသည်ဟုဆိုသော်လည်း အမှန်တကယ် သူကိုးကွယ်သည့်အရာမှာ ‘မိုးကောင်းကင်တာအို’ သာလျှင်ဖြစ်ပြီး ‘မြေကြီး’ ဆိုသည်က လိုက်ဖက်ညီအောင် ထည့်သွင်းထားခြင်းသာ ဖြစ်သည်။

ဤနေရာတွင် ကောင်းကင်နှင့်မြေကြီးအကြား ခြားနားချက်ကို တွေ့မြင်နိုင်သည်။

အထက်ဘုံကမ္ဘာမှ လောကပထမသိုင်းသူတော်စင် ချန်ချန်းဟွာသည် အစစ်အမှန်နတ်ဘုရားများနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိသည်။ သူ့ကို ကောင်းကင်သခင်လေးဟု ယခင်ကခေါ်ကြသော်လည်း လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်သည့်အခါ ‘ကောင်းကင်ထိပ်တန်းအရှင်သခင်’ ဟု မခေါ်ဆိုဘဲ အထက်ရပ်ထိပ်တန်းအရှင်သခင်ဟုသာ ခေါ်ဆိုခဲ့သည်။

ဤသည်က ထိပ်တန်းအရှင်သခင်များကို အမည်နာမချီးမြှင့်သည့် အထက်ဘုံကမ္ဘာအစဉ်အလာနှင့်သက်ဆိုင်သော်လည်း “ကောင်းကင်” ဆိုသောအမည်က တာဝန်ကြီးပြီး လေးလံလွန်းခြင်းနှင့်လည်း သက်ဆိုင်သည်။ သေမျိုးလူသားအဆင့်ကို မကျော်လွန်နိုင်သေးသူ မည်သူမဆို ထိုသို့သောအမည်နာမကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဟုတ်ပေ၏။

ချန်ချန်းဟွာကိုယ်တိုင်ကတော့ အခြားသူများ သူ့ကိုပေးအပ်သည့် အမည်နာမများကို အရေးစိုက်ခြင်း မရှိပေ။

ဟိုစဉ်တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒ‌တောင်အကြီးအကဲများအားလုံး၏ အမည်နာမတွင် ‘ကောင်းကင်’ ဆိုသောစာလုံး ပါရှိကြသည်။

ဤသည်က အောက်ဘုံကမ္ဘာတွင် အမည်ပေးခြင်းဖြစ်သဖြင့် ပြဿနာမရှိလှပေ။ သို့သော် အထက်ဘုံကမ္ဘာကတော့ မတူကွဲပြားသည်။

အမှန်တော့ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလေ မလျော်ကန်သောအမည်များကို အသုံးပြုခြင်းအတွက် ကန့်သတ်ချက် ပိုများလေ ဖြစ်သည်။

ချန်ချန်းဟွာကတော့ သူ၏ပင်ကိုယ်စရိုက်အရ ဤသို့သောအရာများကို လုံးဝ အရေးမစိုက်ပေ။

သို့ရာတွင် အထက်ဘုံကမ္ဘာမှ ထိပ်တန်းအရှင်သခင်တစ်ယောက်က သူ့ကိုယ်သူ ‘ကောင်းကင်ထိပ်တန်းအရှင်သခင်’ ဟု နာမည်ပေးလိုက်မည်ဆိုလျှင် သူ့ကိုစိန်ခေါ်ချင်သူများ အလွန်များပြားလာပေမည်။

နာမည်တစ်ခုက အလွန်မြင့်မြတ်ပြီး တန်ဖိုးမြင့်မားလွန်းသည့်အခါ ထိုနာမည်၏အလေးချိန်ကို ခံရပ်နိုင်သူ မရှိပေ။

ထို့ကြောင့် ဧကရာဇ်များ ၊ အုပ်စိုးရှင်များကဲ့သို့ နတ်ဘုရားအဆင့်မရောက်ခင် ခမ်းနားကြီးကျယ်ပြီး လေးလံသည့်နာမည်မျိုး ပေးအပ်ခြင်းက အပျော်သဘောပင် လုပ်သင့်သည့်အလုပ် မဟုတ်ပေ။

စိတ်ခံစားချက်ပြင်းထန်သော သို့မဟုတ် ဒေါသကြီးသော နတ်ဘုရားတစ်ပါးပါးက ထိုနာမည်နှင့်ပတ်သက်ပြီး မကျေနပ်ပါက မိမိအိမ်တံခါးဝအထိ ရောက်ရှိလာနိုင်သည်။

ထိုသို့သောလူမျိုးကို ဧကရာဇ်တစ်ပါးက ဒုက္ခပေးမည်ဆိုလျှင်လည်း မည်သူမှ သနားမည်မဟုတ်ပေ။ နည်းတောင်နည်းသေးသည်ဟု တွေးတောကြပေမည်။

ဤသို့သောဖြစ်ရပ်မျိုးက မဟာကပ်ဘေးကြီးမတိုင်ခင်က အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့ဖူးသည်။

နတ်ဘုရားတစ်ပါးမဟုတ်ပါဘဲ သူ့ကိုယ်သူ ဧကရာဇ်ဟု ခေါ်ဆိုမိသူတစ်ယောက်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ တစ်ဆွေလုံးတစ်မျိုးလုံး သတ်ဖြတ်ပစ်သည်ကို ခံခဲ့ရဖူးသည်။

“ကောင်းကင်ကိုးထပ်သခင် ‘ဟယ်’ ဆိုတဲ့နာမည်ကလည်း သူကိုယ်တိုင်ပေးထားတဲ့နာမည်မဟုတ်ဘူး ၊ သူ လူသားအထွတ်ထိပ်အဆင့်ကိုတက်ရောက်တော့ လူတွေက သူ့ကို ကောင်းကင်ကိုးထပ်ထိပ်တန်းအရှင်သခင်လို့ ခေါ်ကြသေးတယ်”

ကောင်းချင်က ရယ်မောရင်းဆိုသည်။

“အရင်တုန်းက သူ့နာမည်က ‘ကောင်းကင်ကိုးထပ်ဓားသခင်’ တဲ့ ၊ အဲဒီကနေ ကောင်းကင်ကိုးထပ်သခင် ဖြစ်သွားတာ ၊ ဒါပေမဲ့ ဒီနာမည်က အငြင်းပွားမှုတွေ အများကြီး ရှိတယ်လေ”

“ပြီးတော့ အဲဒီတုန်းက အဘိုးလေး ‘လုန်ရွှယ်ကျီး’ ကလည်း လူသားအထွတ်ထိပ်အဆင့်ပဲ ရှိသေးတယ်...”

သူမက ဆက်ပြောသည်။

“တခြားသူတွေက သူ့ကို ကောင်းကင်ကိုးထပ်ထိပ်တန်းအရှင်သခင်လို့ခေါ်တော့ သူ့ ပြတ်ပြတ်သားသား ငြင်းဆန်တာမျိုး မရှိဘူး ၊ အဲဒါကြောင့် အဘိုးလေး’လုန်ရွှယ်ကျီး’ က သူ့ကိုသွားပြီး စိန်ခေါ်တာ...”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“အဟမ်း... အဲဒါနဲ့ပဲ ကောင်းကင်ကိုးထပ်ကနေ ကောင်းကင်ရှစ်ထပ်ဖြစ်သွားရော ဆိုပါတော့”

ကောင်းချင်က...

“အမှန်ပဲ... ဓားသိုင်းပြိုင်ပွဲမှာ အဘိုးလေးက အနိုင်ရသွားတယ်လေ”

ကောင်းချင်က ခေါင်းညိတ်လိုက်ပြီးမှ ပြန်လည် ခေါင်းခါယမ်းလိုက်ရင်း...

“ဒါပေမဲ့ ဒီ ကောင်းကင်ရှစ်ထပ်ထိပ်တန်းအရှင်သခင်ဆိုတဲ့နာမည်က ရယ်စရာကောင်းတဲ့နာမည်တစ်ခု မဟုတ်တာ‌တော့ အမှန်ပဲ”

လုန်ရွှယ်ကျီးက တိုက်ပွဲတွင် အနိုင်ရသည်မှန်သော်လည်း ကပ်သီးလေးဖြင့် အနိုင်ရသွားခြင်း ဖြစ်သည်။

ထို့နောက်မှာတော့ လုန်ရွှယ်ကျီးက သူ့ဘဝတစ်လျှောက်တွင် ဤတိုက်ပွဲက အခက်ခဲဆုံးတိုက်ပွဲဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပြီး ကောင်းကင်ကိုးထပ်သခင် ‘ဟယ်မြန်’ ၏ အရည်အချင်းကို ချီးကျူးဂုဏ်ပြုခဲ့သည်။

ထို့ကြောင့် ကောင်းကင်ရှစ်ထပ်ဟု နာမည်ပြောင်းရသည့်တိုင် ဟယ်မြန်အတွက် သိက္ခာကျသွားခြင်းမရှိခဲ့ပေ။

ဟယ်မြန် လူသားအထွတ်ထိပ်အဆင့် တက်ရေက်စဉ်က လုန်ရွှယ်ကျီးထက် အသက်ငယ်သည်ဖြစ်ရာ တွေးကြည့်မည်ဆိုလျှင် သူ၏တန်ခိုးစွမ်းအား မည်မျှ ထူးခြားမြင့်မားကြောင်း သိသာနိုင်သည်။

ရန်ကျာက်ကဲက ပေါ့ပါးစွာ ရယ်မောလိုက်ရင်း...

“အား... အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာလည်း ဝပ်နေတဲ့ကျားတွေ ၊ ပုန်းနေတဲ့နဂါးတွေ အများကြီး ရှိတာပဲ”

ကြည့်ရသည်မှာ ဤ ‘ဟယ်မြန်’ ဆိုသူကလည်း မာနကြီးသူတစ်ယောက် ဖြစ်ဟန်ပင်။

သူက လုန်ရွှယ်ကျီးကို ရှုံးနိမ့်ပြီး ‘ကောင်းကင်ရှစ်ထပ်ထိပ်တန်းအရှင်သခင်’ အဖြစ် နာမည်ပြောင်းခဲ့ရသည့်တိုင် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

လုန်ရွှယ်ကျီးကို ထပ်မံစိန်ခေါ်ပြီး အနိုင်ရလျှင် ကောင်းကင်ကိုးထပ်ထိပ်တန်းအရှင်သခင်အဖြစ် ပြန်လည်ပြောင်းလဲမည်မှာ သေချာသည်။

ထိုပုဂ္ဂိုလ်၏ စိတ်ပိုင်းဖြတ်မှုနှင့် ယုံကြည်မှုက ဤနေရာတွင် ထင်ရှားသည်။

ကောင်းချင်က...

“ဟုတ်တယ်... အဘိုးလေး’လုန်ရွှယ်ကျီး’ နတ်ဘုရားတံခါးကိုဖွင့်ပြီးတဲ့နောက် စန့်ထင်ထိပ်တန်းအရှင်သခင်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ လောကပထမ သိုင်းသူတော်စင် ဖြစ်လာတယ်”

သူမက ဆက်ပြောသည်။

“ဒေါ်လေးငယ်ကလည်း သူ့လိုပဲပါရမီရှင်တစ်ယောက်ဆိုပေမယ့် အသက်လည်းငယ်သေးတာရော ၊ ကျင်ကြံခြင်းအဆင့်ကလည်း သိုင်းသူတော်စင် နဝမအဆင့်ဆိုတော့ သူ့ကို မယှဉ်နိုင်သေးဘူးလေ”

“အင်း... ဒေါ်လေးငယ်မပြောနဲ့ လူသားအထွတ်ထိပ်အဆင့်ရောက်နေတဲ့ ကျွန်မ အဘိုးတောင်မှ သူ့ကို အနိုင်ယူနိုင်ပါ့မလား မသိဘူး”

ထိုစကားပြောပြီးသည်နှင့် ကောင်းချင် စကားမှားသွားကြောင်း သဘောပေါက်ပြီး ပါးစပ်ပိတ်သွားတော့သည်။

ဘေးနားတွင် သူမ၏အဘိုး ကောင်းရွှယ်ပေါ်ရောက်လာပြီး သူမ၏လည်ပင်းကို ညှစ်ထားသည့်အလား မသိစိတ်မှ ခံစားလိုက်ရ၏။

သူမက ရန်ကျောက်ကဲကို တစ်ချက်ခိုးကြည့်ရင်း...

“ဆရာဦးလေးငယ်... ကျွန်မ နောက်ဆုံးပြောလိုက်တဲ့စကားကို မကြားဘူးလို့ မှတ်လိုက်ပါ”

မျက်နှာငယ်လေးဖြင့် ဖြစ်နေသော ကောင်းချင်ကိုကြည့်ရင်း ရန်ကျောက်ကဲက စ နောက် လိုက်သည်။

“ဒါကတော့ ခပ်ခက်ခက်ပဲ ၊ ငါက တစ်ခါတစ်လေ မှတ်ဉာဏ်မကောင်းပေမယ့် ကောင်းချင်တဲ့အခါလည်း အရမ်းကောင်းတယ်”

သူတို့နှစ်ယောက် ပျော်ရွှင်စွာ စကားစမြည်ပြောဆိုရင်း မြောက်ဘက်သို့ဦးတည်ထွက်ခွာလာကြသည်။ မရေမတွက်နိုင်သော တောတောင်ရေမြေများကို ဖြတ်ကျော်ပြီး ယိုကျိုးနယ်သို့ ဦးတည် ခရီးဆက်ခဲ့ကြသည်။

ယွီကျိုးနယ်စပ်သို့ရောက်ရှိသည့်အခါ ရန်ကျောက်ကဲက ချင်းဖိန်တောင်တန်းဆီသို့ အမှတ်တမဲ့ နောက်ပြန်လှည့်ကြည့်လိုက်မိ၏။

ချင်းဖိန်တောင်တန်းတည်ရှိရာ ယွီကျိုးနယ်မှ ထွက်ခွာပြီးသည်နှင့် ထက်ရှသော ဓားဝိညာဉ်အငွေ့အသက်များက ပျောက်ကွယ်သွားပြီး ကြီးမားသောလွှမ်းမိုးမှုကို လုံးဝ မခံစားရတော့ပေ။

ရန်ကျောက်ကဲ အတွေးနက်နဲသွားသော်လည်း ယိုကျိုးနယ် ၊ ကောင်းကင်လမ်းတောင်ရှိ ချောင်ဟန်တောင်ကြားသို့သာ ကောင်းချင်နှင့်အတူ ခရီးသွားရန် အာရုံစိုက်လိုက်သည်။

လမ်းတစ်လျှောက် မည်သည့်ပြဿနာမှ မကြုံတွေ့ခဲ့ရသလို ဝန်တိုက်ဟုန်ကဲ့သို့ ရုတ်တရက်ကြီး လာရောက်စိန်ခေါ်သူများနှင့်လည်း မတွေ့ရပေ။

ကောင်းချင်က ရန်ကျောက်ကဲအား လိုက်ပို့ပေးသည်ဆိုသော်လည်း လုန်ရွှယ်ကျီးနှင့် ကောင်းရွှယ်ပေါ်တို့က ခရီးလမ်းချောမွေ့စေရန် စီစဉ်ပေးပြီး ဖြစ်သည်။

အချိန်အတန်ကြာ ခရီးနှင်ပြီးသည့်နောက်...

သူတို့ခရီးစဉ်၏ နောက်ဆုံးပန်းတိုင်သို့ရောက်ရှိလာပြီး ချောင်ဟန်တောင်ကြားမြင်ကွင်းက ရန်ကျောက်ကဲ၏ အမြင်အာရုံထဲ ဝင်ရောက်လာသည်။

ဤနေရာတွင် နှင်းများကျဆင်းခြင်းလည်းမရှိသလို ရာသီဥတုကလည်း အေးမြခြင်းမရှိဘဲ ကောင်းကင်ထက်တွင် နေရောင်ထိန်ထိန်သာလျှက် ရှိသည်။

သို့သော် သူတို့ရှေ့မှ တောင်ကြားကတော့ လုံးလုံးလျားလျား အေးခဲနေသော ရေခဲများဖြင့်ပြည့်နက်နေပြီး ရေခဲမြစ်တစ်ခုသည်လည်း စီးဆင်းလျှက် ရှိသည်။

ရန်ကျောက်ကဲနှင့် ကောင်းချင် ရောက်ရှိလာသည်နှင့် သူတို့ရောက်လာကြောင်း သတင်းပို့စရာပင်မလိုဘဲ သူတို့ကို တံခါးဖွင့်ကြိုဆိုလိုက်သည့်အလား ရေခဲမြစ်က တိတ်ဆိတ်စွာ အက်ကွဲသွားလေသည်။

All Chapters