← Chapters

ဧကရာဇ်နှင့်မတူသည့်ဧကရာဇ်

Vol. 80 Ch. 1118

ဧကရာဇ်နှင့်မတူသည့်ဧကရာဇ်

Vol. 80 Ch. 1118

အခန်း (၁၁၁၈) ဧကရာဇ်နှင့်မတူသည့်ဧကရာဇ်

ရန်ကျောက်ကဲက ရေခဲမြစ်ကိုကြည့်ရင်း အတွင်းမှ ဝိညာဉ်စွမ်းအားအတက်အကျများကို အာရုံခံလိုက်ပြီး အတွေးထဲ နစ်မျောသွားသည်။

“တကယ်ပဲ မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်နဲ့ တူညီတဲ့ရင်းမြစ်က လာတာပဲ ၊ ဒါပေမဲ့ ကွဲလွဲမှုလေးတွေ နည်းနည်းပါးပါးတော့ ရှိတယ်”

ကောင်းချင်က ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“ဆရာဦးလေးငယ် ၊ ဝင်ရအောင်...”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကောင်းပြီ”

သူတို့နှစ်ယောက် ရေခဲတောင်ကြားအတွင်းသို့အ တူတူဝင်သွားကြသည်။

အအေးဓာတ်အလွှာပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် နွေးထွေးသည့် ရောင်ဝါက သူတို့ကို ဆီးကြိုနေသည်။

မှောင်မိုက်နေသော ချိုင့်ဝှမ်းအတွင်းရှိ အေးစက်နက်မှောင်သော ရေခဲနံရံများနှင့်ဆန့်ကျင်ဘက် နေရောင်ခြည် ဖြာလင်းလျှက် ရှိသည်။

ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ မြက်ပင် ပန်းပင်လေးများဖြင့် ငှက်ကလေးများပျံဝဲနေသည့် သူ့အရှေ့မှ နွေဦးကမ္ဘာကို တွေ့မြင်လိုက်ရသည်။

ဤသည်က သဘာဝနေရောင်ခြည် မဟုတ်ပေ။

နေရောင်ခြည်အနှစ်သာရကိုစုစည်းထားခြင်းဖြစ်ပြီး လူတစ်ယောက်က ပြုလုပ်ထားခြင်း ဖြစ်သည်။

“ကြည့်ရတာ ဒီနေရာမှာနေတဲ့သူက မိန်းမပျိုဧကရာဇ်နဲ့ စိတ်နေစိတ်ထား မတူညီလောက်ဘူး”

ရန်ကျောက်ကဲ တွေးလိုက်သည်။

တောင်ကြားအပြင်ဘက်တွင် ရေခဲများဖြင့်ဖုံးကွယ်ချိတ်ပိတ်ထားသော်လည်း တောင်ကြားအတွင်းမှာတော့ လျှို့ဝှက်စွာဖြင့် နွေးထွေးသောနေရာရှိနေသည်။ ဤသည်က ဤနေရာပိုင်ရှင်၏ စစ်မှန်သော နေထိုင်မှုပုံစံ ဖြစ်သည်။

ချိုင့်ဝှမ်းအတွင်းဝင်ရောက်လာချိန် သူတို့ကိုလာရောက်ကြိုဆိုသော အစေခံများ ၊ အစောင့်အကြပ်များကို မတွေ့ရပေ။

ကောင်းချင်က...

“’လီ’ ဘွားဘွားက ဒီနေရာမှာ တစ်ယောက်တည်းနေတာ ၊ သူ့မှာ တပည့်လည်းမရှိဘူး ၊ သူမွေးထားတဲ့ မိစ္ဆာသားရဲ ဖေးဖေးပဲ ရှိတယ်”

ရန်ကျောက်ကဲ နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူတို့ လမ်းဆက်လျှောက်လာစဉ် တောင်ကြားထဲတွင် စိမ်းလန်းစိုပြေသော ခြံဝင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။

ခြံဝင်းအပြင်ဘက်တံခါးရှေ့ရောက်တော့ ကောင်းချင်က...

“’လီ’ ဘွားဘွား... ကျွန်မတို့ ရောက်လာပြီ”

ခြံဝင်းထဲမှ ရယ်သံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး....

“အေးပါ... ငါသိပါတယ် ၊ ဝင်လာခဲ့လေ ...  မင်းလမ်းသိတာပဲ မဟုတ်လား”

ကောင်းချင်က ပျော်ရွှင်စွာပင် တံခါးကို ဖွင့်လိုက်ရင်း...

“ဟုတ်ကဲ့ပါ ဘွားဘွား...”

ထို့နောက် သူမက ရန်ကျောက်ကဲကိုလှည့်ကြည့်ပြီး...

“လာ... ဆရာဦးလေးငယ် ၊ ဘွားဘွားနေတဲ့နေရာကို ကျွန်မက ရင်းနှီးပြီးသားပဲ”

ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်ရင်း သူမနောက်မှ လိုက်သွားသည်။

သူတို့ ခြံဝင်းထဲဝင်လိုက်သည်နှင့် အဖြူရောင်အခိုးအငွေ့များထွက်ပေါ်လာသည်။ အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည့် ရန်ကျောက်ကဲကိုပင် အေးခဲသွားစေလောက်အောင် ထိုရေခဲမြူခိုးများက အစွမ်းထက်လှ၏။

ထို့သော ထိုအဖြူရောင်အခိုးငွေ့များက တောင်ကြားထဲမှ နွေးထွေးသောပတ်ဝန်းကျင်ရာသီဥတုကို ထိခိုက်စေခြင်းမရှိဘဲ ထိုအရာနှစ်ခုက ရှင်းလင်းပြတ်သားစွာ သီးခြား တည်ရှိနေသည်။

ကောင်းချင်က နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သည့်တိုင် ဤရေခဲမြူခိုးများကြားတွင် သတိမထားမိဘဲ လျှောက်သွားမိပါက ချက်ချင်း အေးခဲသွားပေမည်။

သို့သော် သူမ၏လည်ပင်းထက်တွင် ကျောက်စိမ်းပြားတစ်ခုဆွဲထားပြီး ထိုကျောက်စိမ်းပြားမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရေခဲမြူခိုးများ၏ အေးစိမ့်သောအန္တရယ်က သူကို ထိခိုက်စေခြင်း မရှိခဲ့ပေ။

ကောင်းချင်က...

“ဒီဆွဲပြားလေးက ‘လီ’ ဘွားဘွား ကျွန်မကို ပေးထားတာလေ...”

သူမက ဆက်ပြောသည်။

“ဆရာဦးလေးငယ်... ဒီဘက်ကိုလာ...”

ရေခဲမြူခိုးများက ထူထပ်လွန်းသည်ဖြစ်ရာ သူတို့ရှေ့တွင် လက်ချောင်းများဆန့်တန်းလိုက်လျှင်ပင် တွေ့မြင်နိုင်ခြင်း မရှိပေ။

သိုင်းသူတော်စင်များသည်ပင် မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း တွေ့မြင်ရမည် မဟုတ်ပေ။

ဤသည်က ဤနေရာပိုင်ရှင် ပြုလုပ်ထားသော တားမြစ်ယန္တရားတစ်ခု ဖြစ်သည်။ ဤ ယန္တရားကို သူမကိုယ်ပိုင် အမတချီစွမ်းအားဖြင့် ဖွဲ့စည်းထားပြီး နားမလည်နိုင်အောင်နက်နဲသော  အခြားပညာရပ်များဖြင့် ပေါင်းစပ်ထားသည်။

ရန်ကျောက်ကဲ၏ ပိုင်းခြားသိမြင်နိုင်သော စွမ်းရည်ကြောင့် ဤနေရာတစ်ဝိုက်တွင် အချိန်က ရပ်တန့်သွားကြောင်း အာရုံခံနိုင်ခဲ့သည်။

ပြောရမည်ဆိုလျှင် သူက နတ်ဘုရားထောင်ချောက်ဓားသိုင်းနှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျွမ်းကျင်ပိုင်နိုင်သည့်အတွက် အချိန်ကာလ၏ နက်နဲမှုများကို ကောင်းစွာနားလည်နိုင်သောကြောင့် ဤသို့ ပိုင်းခြားသိမြင်နိုင်ခြင်း ဖြစ်၏။

အခြားသူဆိုလျှင်တော့ ထာဝရညမိုးကြိုးနှင့် တိုက်ခိုက်ခံရသည့်ပမာ ပတ်ဝန်းကျင်၏ အချိန်နှင့် ရွေ့လျားပြောင်းလဲမှုများကို သတိပြုမိမည်မဟုတ်ဘဲ သတိလစ်သွားနိုင်သည်။

သတိလစ်သွားသည့်အချိန်တွင် ရေခဲမြူခိုးများကြောင့် ချက်ချင်းအေးခဲသေဆုံးသွားခြင်း မရှိသည့်တိုင် တဖြည်းဖြည်း ရေခဲပန်းပုရုပ်တုအဖြစ်ပြောင်းလဲသွားပြီး တန်ခိုးစွမ်းအားနှင့် အသက်ဓာတ်စွမ်းအားများကုန်ဆုံးကာ နောက်ဆုံးတွင် ဘဝ အဆုံးသတ်သွားပေမည်။

သို့သော် ဤ တားမြစ်ယန္တရားကို တည်ဆောက်ထားသူက မြူခိုးများကိုဖြတ်ကျော်ရန် နည်းလမ်းတစ်ခု ပြုလုပ်ထားသည်။ ထိုနည်းလမ်းမှာ ယခု ကောင်းချင်အသုံးပြုနေသော နည်းလမ်းပင် ဖြစ်၏။

မည်သူမဆို ရေခဲမြူခိုးများကို ဖြတ်ကျော်နိုင်မှသာ ခြံဝင်းထဲသို့ ဝင်ရောက်ခွင်ရပေမည်။

ခြံဝင်းထဲရောက်ရောက်ချင်း စူးရှသည့်အသံတစ်သံ သူတို့နားထဲ ဝင်ရောက်လာသည်။

“မလုပ်နဲ့... ငါ့ကိုလွှတ်စမ်းပါ လီလီ ၊ ငါ ရေမချိုးချင်ဘူး...”

သို့သော် ဆူညံသံများထွက်ပေါ်လာပြီး ထိုစကားသံက မပြီးဆုံးသေးဘဲ ပြတ်တောက်သွားသည်။

ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ မြေခွေးငယ်တစ်ကောင်နှင့်ဆင်တူသည့် မိစ္ဆာသားရဲငယ်လေးတစ်ကောင်ကို ရေကန်ထဲသို့ လက်နှစ်ဖက်ဖြင့်ဖိနှိပ်ချနေသည့် မိန်းမပျိုတစ်ယောက်အား တွေ့လိုက်ရ၏။

သားရဲငယ်လေးက မရပ်မနားရုန်းကန်ရင်း အဆက်မပြတ် ‌အော်ဟစ်နေသည်။

“ငါပြောနေတယ်နော် လီလီ... ငါ မင်းကို လက်စားခြေရလိမ့်မယ်... ဖူး...ဖလူး... ဂါး... အား...”

ထိုအသံက မြေခွေးနှင့်ဆင်တူသော သားရဲငယ်လေးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

သူ့အသံက ကလေးငယ်တစ်ယောက်၏အသံပမာ စူးစူးလေးဖြစ်ပြီး ၊ ထိုသားရဲလေး၏အမွေးများက နှင်းဖြူရောင်ရှိကာ ခြေထောက်များက တိုတိုတုတ်တုတ်လေး ဖြစ်သည်။

ထိုသားရဲလေးမှာ ဒဏ္ဍာရီလာ ‘ဖေးဖေး’ သားရဲဖြစ်လေသည်။

ထိုသားရဲများက ရှားပါးပြီး စိတ်ဖိစီးမှုကို သက်သာစေသော အစွမ်းရှိကြကာ တိုက်ခိုက်ရေးဘက်တွင် အားသာချက် မရှိကြပေ။

သို့သော် ဤ ‘ဖေးဖေး’ သားရဲကတော့ အရွယ်အစား သေးငယ်သည့်တိုင် သူ၏ခန္ဓာကိုယ်ထဲ သိုဝှက်ထားသော မိစ္ဆာချီစွမ်းအားက အရင် သူမြင်ဖူးနေကျ မိစ္ဆာသားရဲများထက် များစွာပိုမိုအစွမ်းထက်ကြောင်း တစ်ထစ်ချ ပြောနိုင်သည်။

လူသားအထွတ်ထိပ်အဆင့်အောက် မည်သူ့ကိုမဆို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသော ဤ ‘ဖေးဖေး’ သတ္တဝါမှာ ယခုတော့ အိမ်မွေးကြောင်လေးတစ်ကောင်ပမာ အတင်းအကျပ် ရေချိုးပေးခြင်းကို ခံနေရလေသည်။

သူ့ကိုရေချိုးပေးနေသော မိန်းမပျိုက ဆယ်ကျော်သက်လေးတစ်ယောက်ပမာ ဖြစ်ပြီး မသိလျှင် ကောင်းချင်နှင့် ရွယ်တူခန့် ထင်မှတ်ရသည်။

“လုပ်စမ်းပါ... ရေမချိုးတာ ဘယ်လောက်ကြာနေပြီလဲ ၊ ပုံမှန်အချိန် ရေမချိုးဘဲ ညစ်ညစ်ပတ်ပတ်နေတာက ပြဿနာမရှိဘူး ၊ ဒါပေမဲ့ အခု ဧည့်သည်တွေနဲ့ တွေ့ရမယ်လေ”

မိန်းမပျိုက ခြံဝင်းတံခါးဆီသို့လှမ်းကြည့်ရင်း ‘ဖေးဖေး’ သတ္တဝါကို ပွတ်သပ်လျှက် ပြုံးလိုက်ပြီး...

“ရောက်လာပြီလား ချင်အာ... အထဲဝင်ပြီး ထိုင်လိုက်နော် ၊ ဖင်းဖင်းကို ရေချိုးပေးပြီးတာနဲ့ လာခဲ့မယ်”

သူမကိုတွေ့တော့ ကောင်းချင်က ဝမ်းသာအားရ အော်ဟစ်နှုတ်ဆက်လိုက်သည်။

“’လီ’ ဘွားဘွား...”

ထို့နောက် သူမက ‘ဖေးဖေး’ သတ္တဝါကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ဖင်းဖင်း... မင်း ရေချိုးရမှာ ကြောက်နေပြန်ပြီလား...”

“ကောင်းချင်လေး ကြည့်မနေပါနဲ့... ငါ့ကို အမြန်လာကယ်ပါ... မ...လုပ်... နဲ့ ...”

ဖေးဖေးသတ္တဝါမှာ ရုန်းကန်ပြောဆိုရင်း ရေထဲသို့ နောက်တစ်ကြိမ် အနှစ်ခံလိုက်ရပြန်သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“အင်း... အိမ်က ဖက်တီးကောင်ကိုလည်း ဒီလိုရေချိုးပေးရင် ကောင်းမလားပဲ...”

မိန်းမပျိုက သူ့ကိုကြည့်ကာ ပြုံးလိုက်ရင်း...

“မင်းက အဘိုးကြီး’ယွဲ့’ ရဲ့ တူလေးလား...”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ခဏမျှ မှင်တက်သွားပြီးမှ အဘိုးကြီး’ယွဲ့’ ဆိုသည်မှာ ‘ယွဲ့ကျန့်ပေ’ ကိုပြောခြင်းဖြစ်ကြောင်းသိရှိသွားသည်။

“ရန်ကျောက်ကဲ အကြီးအကဲကို နှုတ်ဆက်ပါတယ်”

မိန်းမပျိုကို နှုတ်ဆက်လိုက်ရင်း ရန်ကျောက်ကဲစိတ်ထဲ အတွေးများ လှည့်ပတ်သွားသည်။

သူမ၏စကားအရဆိုလျှင် ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ အနေဖြင့် နက္ခတ်ဧကရာဇ်တွင် တပည့်အဖြစ် မိန်းမပျိုဧကရာဇ်တစ်ယောက်တည်းမဟုတ်ကြောင်း သိရှိထားပုံရသည်။

သို့တိုင် ထိုအကြောင်းကို ဝမ်ဖူ ၊ နျဲ့ကျင်းရှင် ၊ ပိုင်တောင်းနှင့် အခြားသူများကို ပြောပြထားခြင်းမရှိဘဲ တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားဟန်ပင်။

“အကြီးအကဲကို ဘယ်လိုခေါ်ရမလဲ သိချင်မိပါတယ်”

ရန်ကျောက်ကဲက မေးလိုက်သည်။

ကောင်းချင်က သူမကို ‘လီ’ဘွားဘွားဟု ခေါ်ဆိုသော်လည်း ရန်ကျောက်ကဲကတော့ ထိုသို့လိုက်မခေါ်ချင်ပေ။

မိန်းမပျိုက ပြုံးလိုက်ရင်း...

“ငါ့နာမည်က ချူးလီလီပါ ၊ ငါ့ဆရာက မင်းရဲ့အဘိုးနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေပဲ ၊ ကံမကောင်းတာက ငါ မွေးတာနောက်ကျလို့ မင်းရဲ့အဘိုးနဲ့ မတွေ့ဆုံလိုက်ရဘူး”

သူမက ဆက်ပြောသည်။

“ဒီတော့ အဘိုးကြီး ‘ယွဲ့’ ဘက်က အမျိုးစပ်ကြည့်မယ်ဆိုရင် မင်း ငါ့ကို အဒေါ်လို့ခေါ်လို့ရတယ်... ၊ တခြား ပတ်သက်ဆက်နွယ်တာတွေကိုတော့ စိတ်မဝင်စားပါဘူး”

သူမ၏စကားများက အလွန်ပေါ့ပေါ့ပါးပါးရှိသော်လည်း သူမထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားရောင်ဝါက နားမလည်နိုင်လောက်အောင် မြင့်မားကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။

သူမပုံစံက ဧကရီတစ်ပါးနှင့်မတူညီစွာ ကလေးဆန်စွာ ပေါ့ပါးသွက်လက်သည့်တိုင် သူမက ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ်နှင့် လုန်ရွှယ်ကျီးတို့ကဲ့သို့ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်အမှန်ပင်။

ချူးလီလီက သူမ၏ ဂုဏ်ပုဒ်ကိုမဖော်ဘဲ အဒေါ်ဟုသာ ခေါ်ခိုင်းသည်ဖြစ်ရာ ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“အကြီးအကဲ’ချူး’ က ဒီ ‘ရန်’ ကတစ်ဆင့် အထက်ဘုံကမ္ဘာကို စာတစ်စောင်ပို့ချင်တယ်လို့ သတင်းကြားတယ် ၊ ကျွန်တော်သိချင်တာက အဲဒီစာက ဘယ်သူ့အတွက်များလဲ”

All Chapters