← Chapters

ထူးဆန်းသောအသံတစ်သံ

Vol. 82 Ch. 1137

ထူးဆန်းသောအသံတစ်သံ

Vol. 82 Ch. 1137

နတ်ဧကရာဇ်ရွှမ်ဟွား ထိုသို့ အမိန့်ပေးလိုက်သည်နှင့် အဆုံးမဲ့မျိုးနွယ်စု၏ စစ်သင်္ဘော တစ်သိန်းကျော်မှာ ၎င်းတို့၏ စွမ်းအားများကို တိုးမြှင့်လိုက်ကြ၏။ ၎င်းတို့မှာ ထူးဆန်းသော နည်းလမ်းတစ်မျိုးကို အသုံးပြုကာ အဆုံးမဲ့မိုးကောင်းကင်တာအို အငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြပြီးနောက် ၎င်းတို့အား ပို၍ပင် ခမ်းနားထည်ဝါသည့် အစိမ်းရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲ၍ အောက်ဘက်ရှိ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ဝင်ရောက်သွားစေလိုက်သည်။

ထို အစိမ်းရောင်မီးခိုးငွေ့များမှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားပြီးနောက် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်လောက်အောင် များပြားသည့် အစိမ်းရောင် အမျှင်အတန်းများအဖြစ် ပြောင်းလဲသွားသည်။

ထို အမျှင်အတန်းများ ပေါ်ပေါက်လာသည်နှင့် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အရောင်မှာ တဖြည်းဖြည်းနှင့် ပြောင်းလဲလာ၏။ ၎င်းမှာ အစိမ်းရောင်အဖြစ်သို့ လုံးဝပြောင်းလဲသွားတော့မည့် လက္ခဏာများ ပြနေပြီဖြစ်သည်။

အခြားသူများမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် အံ့သြတုန်လှုပ်သွားကြ၏။ သို့သော် သူတို့မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီး အရောင်ပြောင်းလဲသွားသည်ကိုသာ မြင်နေရပြီး အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးများ ထုတ်လွှတ်နေသော အစိမ်းရောင်မီးခိုးငွေ့များကို မြင်နိုင်စွမ်းမရှိပေ။ ထိုသို့သာ မြင်နိုင်စွမ်းရှိနေပါက သူတို့မှာ ပို၍ပင် အံ့သြတုန်လှုပ်သွားကြမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို အစိမ်းရောင်မီးခိုးငွေ့များထဲတွင် အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲရှိ စည်းမျဥ်းဥပဒေသစွမ်းအားများ ကိန်းအောင်နေသောကြောင့်ပင်။

နတ်ဧကရာဇ်များသာလျှင် အဆုံးမဲ့မိုးကောင်းကင်တာအို အငွေ့အသက်အား အသုံးပြုကာ ကျင့်ကြံခြင်းလေ့ကျင့်နိုင်စွမ်းရှိပြီး အခြားသူများမှာ ၎င်းတို့အား တို့ထိခွင့်မရှိသည့်အပြင် ၎င်းတို့၏ ဝါးမျိုခြင်းကိုပင် ခံရနိုင်ပါသော်လည်း ၎င်းမှာ မည်မျှအထိ အဖိုးတန်ကြောင်း သိနိုင်ပေသည်။

" အခြေအနေ မဟန်ဘူး... " မီးတောက်ခေါင်းဆောင်ကြီးမှာ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အပြင်ဘက်၌ ရပ်နေရင်း မျက်မှောင်ကြုတ်သွား၏။ သူသည် အရောင်ပြောင်းလဲစပြုနေသည့် မီးခိုးရောင်အာကာသကောင်းကင်ကြီးအား ကြည့်လိုက်ပြီးနောက် အဆုံးမဲ့မျိုးနွယ်စုစစ်သင်္ဘောကြီးများ ပုန်းကွယ်နေသည့် နေရာအား လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေ၏။

သူသည် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ဖြစ်ပျက်နေသည့် အရာများကို မသိပါသော်လည်း ၎င်းသာ အစိမ်းရောင်ပြောင်းသွားမည်ဆိုပါက မန္တန်အစီအရင်ကြီး ပျက်စီးသွားမည်ဖြစ်ကြောင်း သိထားသည်မဟုတ်ပါလော။

ထို မန္တန်အစီအရင်သာ ပျက်စီးသွားပါက အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာ ပြောင်းလဲသွားမည်ဖြစ်ပြီး ချန်ရှင်းနှင့် တိုက်ခိုက်နေသည့် လခြမ်းဧကရာဇ်ကြီးမှာ သိသိသာသာပို၍ အစွမ်းထက်လာမည်ဖြစ်သည်။ ထို့အပြင် ထိုတိုက်ပွဲကြီး၏ နောက်ဆုံးရလဒ်ပင် ပြောင်းလဲသွားနိုင်ခြေ ရှိပေသည်။

" ချန်ရှင်း ဘာတွေလုပ်နေတာလဲကွာ... " မီးတောက်ခေါင်းဆောင်ကြီးမှာ တစ်ကိုယ်တည်းရေရွတ်လိုက်၏။ သူတစ်ယောက်သာ ထိုကဲ့သို့ တွေးနေမိသည်တော့ မဟုတ်ပေ။ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အပြင်ဘက်တွင် ရှိနေကြသည့် အင်အားကြီးအဖွဲ့အစည်းများ၏ အစောင့်အရှောက်များမှာလည်း ထို ပြောင်းလဲမှုများကို သတိထားမိလိုက်ကြသဖြင့် ထင်မြင်ချက်အမျိုးမျိုး ပေးနေကြပြီဖြစ်သည်။

ထိုအချိန်တွင် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲ၌ လခြမ်းဧကရာဇ်ကြီးမှာ ဗဟိုမီးဖိုကြီးထဲရှိ မြူခိုးများ၏ လွှမ်းခြုံခြင်းကို ခံထားရသည်။ သူ၏ အော်ဟစ်မြည်တမ်းသံများမှာ ပို၍ပင် စူးရှကျယ်လောင်လာ၏။

" ချန်ရှင်း။ မင်း ငါ့ကို မသတ်ဘဲ အခုလိုနှိပ်စက်၊ မန္တန်အစီအရင်ကို ပြောင်းပြန်လှန်ပြီး တာအိုမီးဖိုကိုးလုံးကို အမှောင်မီးဖိုကိုးလုံးဖြစ်အောင် ပြောင်းခဲ့တာ ငါ့ကို အမှောင်ဂိုဏ်းသားတစ်ယောက် ဖြစ်သွားအောင် ပြောင်းလဲပစ်ဖို့မလား။ စိတ်ကူးယဉ်မနေနဲ့ "

" လခြမ်း။ ခဗျားကလည်း အတွေးလွန်နေပြန်ပြီ " ချန်ရှင်းမှာမူ မပွင့်တပွင့် ပြုံးကာ အနက်ရောင်မြူခိုးများထဲ၌ တင်ပျဥ်ခွေ ထိုင်ချလိုက်၏။ ထို့နောက် သူသည် ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ လခြမ်းဧကရာဇ်ကြီးအား လက်ညှိုးထိုးလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာတိုင်း အနက်ရောင် မြူခိုးများမှာ လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်သာ ဖြစ်သည်။ သူသည်... အတင်းအဓမ္မ အသွင်ပြောင်းလဲခံနေရသည့်ပုံပင်။

" ငါ မျှားချင်တဲ့ ငါးက ဒီလောက် မရိုးရှင်းဘူးကွ " ချန်ရှင်းမှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ သူ၏ မျက်ဝန်းများမှာ ဖျတ်ခနဲ တောက်ပသွားပါသော်လည်း ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် သူသည် အပြုံးပျက်သွားခြင်းမရှိဘဲ လက်ညှိုးသာ ဆက်ထိုးနေလိုက်သည်။

ထို့ကြောင့် သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာ၏။

ထိုစဉ်တွင် ဗဟိုမီးဖိုကြီး၏ အပြင်ဘက်ရှိ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲတွင် ဝမ်ပေါင်လဲ့ သိမ်းပိုက်ထားသည့် ဧရာမဝဲကြီးမှာ လွင့်ပါးပျောက်ကွယ်စ ပြုလာပြီဖြစ်သည်။ အမျှင်အတန်းပေါင်း မြောက်မြားစွာမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာနေကြသဖြင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ ပို၍ပင် တောင့်တင်းခိုင်မာလာ၏။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ပြန်ပွင့်လာပြီး ဝင်းလက်စွာ တောက်ပသွားသည်။ သူသည် သူ၏ အပြင်ခန္ဓာကိုယ် အစွမ်းထက်လာရုံသာမက သူ၏ ဓားအိမ်လေးမှာလည်း အံ့သြတုန်လှုပ်ဖွယ်ရာ အငွေ့အသက်တစ်မျိုးအား ထုတ်လွှတ်နေသည်ကို အာရုံခံမိလိုက်သည်။

" တကယ်ကို အခွင့်အရေးတွေနဲ့ ပြည့်နှက်နေတဲ့ နယ်မြေကြီးတစ်ခုပဲ " ဝမ်ပေါင်လဲ့မှာ နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အသက်ပြင်းပြင်းရှူလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်ထဲ၌ အမှောင်မီးတောက် တောက်လောင်လာ၏။

ထိုအခါ မိုးခြိမ်းသံများ ပေါက်ပွဲထွက်ပေါ်လာသည့်အလား တအုန်းအုန်းမြည်သံများမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားသည်။ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲရှိ သေမင်းချီများမှာလည်း ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြပြီး သူ၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ ထိုအခါ သူ၏ နတ်ဘုရားဝိညာဉ်မှာ အပြင်းအထန် တုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ပို၍ တောင့်တင်းခိုင်မာလာသည်။ သူ မြင်နိုင်စွမ်းမရှိသော အနက်ရောင်ငါးလေးမှာလည်း စတင်တုန်ရီလာပြီး သူ မကြားနိုင်သည့် အသံဖြင့် အော်ဟစ်မြည်တမ်းလိုက်၏။

ထို ငါးလေးသည် မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့မှာ သဘောကောင်းသည့် လူတစ်ယောက်ဟု ခံစားနေခဲ့ရပါသော်လည်း ယခုတွင်မူ စိုးရိမ်စိတ်များ ပြန်လည်ကြီးထွားလာပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့ သေမင်းချီများအား စုပ်ယူနေခြင်းမှာ ၎င်း၏ ခန္ဓာကိုယ်အား ဝါးမျိုပစ်ခြင်းနှင့် ဆင်တူနေသည်မဟုတ်ပါလော။

၎င်းမှာ အကြီးအကျယ် စိုးရိမ်တုန်လှုပ်သွားရသဖြင့် မှုန်ဝါးဝါးဖြစ်ကာ ပျောက်ကွယ်သွားပြီး ချန်ရှင်းရှိနေသည့် အနက်ရောင်မြူခိုးများ၏ အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာပြီး အော်ဟစ်မြည်တမ်းလိုက်၏။ သို့သော် ချန်ရှင်းမှာ လခြမ်းဧကရာဇ်ကြီးအား သန့်စင်ရာ၌ အာရုံအပြည့်စိုက်ထားသောကြောင့် ၎င်းအား ဂရုမစိုက်နိုင်ပေ။

ထို့ကြောင့်လည်း ထိုငါးလေးမှာ မတရားခံနေရသည့်အလား ပို၍ပင် ခံစားလာရတော့သည်။

ကံကောင်းစွာဖြင့်... ဝမ်ပေါင်လဲ့မှာ သေမင်းချီများအား အမြောက်အမြား မစုပ်ယူရဲခဲ့ပေ။ သူ ၎င်းတို့အား စုပ်ယူလိုက်သည်နှင့် ဘေးပတ်ပတ်လည်ရှိ အစိမ်းရောင် အမျှင်အတန်းများမှာ သူ့ဆီသို့ ဦးတည်လာကြသည် မဟုတ်ပါလော။ ၎င်းတို့၏ အရေအတွက်မှာ တစ်သောင်းကျော်အထိ ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အမျှင်အတန်းအမြောက်အမြား ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်နှင့် မျက်ဝန်းများထဲ၌ လောဘမီးတောက်များ တောက်လောင်လာ၏။ ထို့နောက် သူသည် အဝေးသို့ ပြေးထွက်သွားလိုက်သဖြင့် အမျှင်အတန်းများမှာ သူ၏ နောက်မှ လိုက်သွားကြသည်။ သို့သော် ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်မီးတောက်အား ပြန်လည်သိမ်းဆည်းလိုက်သောကြောင့် ထို အမျှင်အတန်းများမှာ ပစ်မှတ်ပျောက်သွားကြသည့်အလား လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုနေရာကြီးနှင့် အကျွမ်းတဝင်ဖြစ်နေပြီဖြစ်ရာ နောက်ထပ် ဧရာမဝဲကြီးတစ်ခုအား စိတ်လှုပ်တရှားနှင့် လိုက်လံရှာဖွေလိုက်၏။ ထိုသို့ဖြင့် တစ်နာရီတိတိ ကုန်ဆုံးသွားပြီး အသေးစားဝဲပေါင်း မြောက်မြားစွာအား ကျော်ဖြတ်လာပြီးချိန်တွင် သူသည် နတ်ဘုရင်တစ်ပါး သေဆုံးသွားရာမှ ပေါ်ပေါက်လာသည့် ဒုတိယ ဧရာဝဲကြီးအား ရှာတွေ့သွားတော့သည်။

ထို ဝဲကြီးထဲတွင် အင်အားကြီးမျိုးနွယ်စုများထဲမှ ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိနေကြသည်။

" အတင့်ရဲလှပါလားကွ။ ငါ့ရဲ့ အထူးအခွင့်အရေးတွေကို လုယူရဲရတယ်လို့ " ဝမ်ပေါင်လဲ့မှာ သူတို့အား မြင်လိုက်ရသည်နှင့် တစ်ခဏလေးပင် ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ ပြေးထွက်သွား၏။ ထို ကျင့်ကြံသူများမှာ အံ့အားသင့်ဖွယ်ရာ ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြသည်တိုင်အောင် ဝမ်ပေါင်လဲ့အတွက်မူ သူငယ်နှပ်စားလေးများ ကဲ့သို့ပင်။ သူတို့မှာ သူနှင့် အဆင့်အတန်း လုံးဝမတူကြပေ။

ထို့ကြောင့် သူ ရှေ့သို့ ပြေးထွက်သွားလိုက်သည်နှင့် သူ၏ အငွေ့အသက်များမှာ အားကောင်းလာပြီး သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာ၏။ ဝဲကြီးထဲတွင် ရှိနေကြသည့် ကျင့်ကြံသူဆယ်ယောက်ကျော်မှာမူ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များကြောင့် ကြောက်ရွံတုန်လှုပ်သွားကြ၏။ ထိုသို့ဖြင့် အမွေးတိုင်တစ်ဝက် လောင်ကျွမ်းစာအချိန်အတွင်းတွင် သူသည် ကျင့်ကြံသူခြောက်ယောက်အား တိုက်ခိုက်ချေမှုန်းပြီးသွားပြီ ဖြစ်သည်။

ထိုအခါ ကျန်ရှိနေသေးသည့် ကျင့်ကြံသူများမှာ ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားကြ၏။

ဝမ်ပေါင်လဲ့မှာ အဝေးသို့ ထွက်ပြေးသွားကြသည့် ကျင့်ကြံသူများအား လျစ်လျူရှုထားလိုက်ပြီးနောက် ဝဲကြီးထဲ၌ စိတ်ဓာတ်တက်ကြွစွာ တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်သဖြင့် ဝဲကြီးထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြပြီး သူ၏ ဓားအိမ်လေးနှင့် ပေါင်းစည်းသွားတော့သည်။

ထိုအခါ ထိုဓားအိမ်လေးမှာ သွေးရောင်ကဲ့သို့ ချက်ချင်းနီမြန်းသွား၏။ ထိုအလင်းရောင်များမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်အထိ ထိုးထွက်သွားပြီး သူ့အား လွှမ်းခြုံသွားသည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်မှာ သွေးရောင်သန်းနေသည်ကိုပင် မြင်နိုင်ပေသည်။

ထို့နောက် အစိမ်းရောင် အမျှင်အတန်းများမှာ လေထုအား ထိုးခွင်းကာ ဝမ်ပေါင်လဲ့ဆီသို့ အရပ်မျက်နှာအနှံ့မှ ဦးတည်လာကြ၏။ ၎င်းတို့၏ အရေအတွက်မှာ တစ်သောင်းကျော်နေပြီ ဖြစ်သည်။

" စုပ်ယူမယ်၊ စုပ်ယူမယ်၊ စုပ်ယူမယ်ဟေ့ " ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများပွင့်လာပြီး ၎င်းတို့အား ရှောင်တိမ်းနေခြင်းမရှိဘဲ အာကာသတွင်းနက်ကြီးတစ်ခုကဲ့သို့ ထို အမျှင်အတန်းများအားလုံးကို စုပ်ယူလိုက်၏။ အနက်ရောင်ငါးလေးမှာလည်း သူ၏ အနီး၌ ပေါ်ပေါက်လာပြီး ပါးစပ်ဟာကာ အမျှင်အတန်းများကို ဝါးမျိုစားသုံးနေသည်။ ၎င်းမှာ နှေးကွေးနေခြင်း မရှိသည့်အပြင် ဝမ်ပေါင်လဲ့နှင့်ပင် ယှဉ်နိုင်စွမ်းရှိနေ၏။ ထို့အပြင် ၎င်းမှာ အမျှင်အတန်းများအား ဝါးမျိုးစားသုံးနေရင်း ဝမ်ပေါင်လဲ့အား ဒေါသတကြီး စိုက်နေသေးသည်။ သို့သော် ၎င်းမှာ တမူထူးခြားနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား အာရုံခံနိုင်စွမ်းမရှိပေ။

ထိုငါးလေး ဝမ်ပေါင်လဲ့အား ဒေါသတကြီးစိုက်ကြည့်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွား၏။ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ ဖောက်ထွက်သွားခြင်း ဖြစ်သည်။

၎င်းမှာ မျက်စိတစ်မှိတ်အတွင်း အလယ်အလတ် ထာဝရကြယ်အဆင့်မှ နှောင်းပိုင်း ထာဝရကြယ်အဆင့်သို့ ဖောက်ထွက်သွားခြင်းဖြစ်၏။

တစ်ချိန်တည်းမှာပင် ဓားအိမ်လေးမှာလည်း စတင်ပြောင်းလဲလာ၏။ ၎င်း၏ ဆွဲငင်အားများမှာ ပို၍ အားကောင်းလာသောကြောင့် အနီးနားတစ်ဝိုက်ရှိ အစိမ်းရောင်အမျှင်အတန်းများမှာ ၎င်းဆီသို့ ပို၍ပင် စုပ်ယူခံလိုက်ရသည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့နှင့် အနက်ရောင်ငါးလေး၏ ကြားတွင်ရှိနေသည့် မျှခြေမှာ ပျက်ပြားသွားပြီး သူတို့ နှစ်ယောက် စုပ်ယူနေသည့် ပမာဏမှာ ခြောက်ဆယ် - လေးဆယ် အနေအထားသို့ ရောက်သွားတော့သည်။

ထိုအခါ ငါးလေးမှာ မျက်လုံးများကျွတ်ထွက်လာလုမတတ် ပြူးကျယ်သွားပြီး မခံမရပ်နိုင် ဖြစ်သွား၏။

" ငါ့ရဲ့ ခန္ဓာကိုယ်ကို စားပြီး ငါ့ရဲ့ အစာတွေကိုပါ လုယူတာ ထားပါဦး။ အခု မင်းက ငါ့ဆီကနေ ပိုပြီးတော့ လုယူနေတာပဲကွ။ အားးး " အနက်ရောင်ငါးလေးမှာ ရူးသွပ်လုမတတ် ခံစားနေရပြီး မျက်ဝန်းများ နီမြန်းနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ချန်ရှင်း ချမှတ်ထားသည့် စည်းကမ်းများကိုပင် လျစ်လျူရှုကာ ၎င်း၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ နောက်၌ ပြန်လည် ပေါ်ပေါက်လာပြီး သူ သတိမထားမိအောင် ပါးစပ်ဟလိုက်တော့သည်။

၎င်းမှာ ပါးစပ်ဟလိုက်သည်နှင့် ဝမ်ပေါင်လဲ့ အပါအဝင် ထို နေရာတစ်ခုလုံးအား ငုံမိထားပြီးသား ဖြစ်သွား၏။ ထို့နောက် ၎င်းမှာ ပါးစပ်ပေါက်ကို ပြန်ပိတ်ကာ ဝမ်ပေါင်လဲ့အား ဝါးမျိုရန် ပြင်လိုက်သည်။

သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့အား ဝါးမျိုတော့မည့် အချိန်မှာပင် ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။

" သား “

All Chapters