← Chapters

ဆွံ့အမှင်တက်သွားရပါသော

Vol. 82 Ch. 1139

ဆွံ့အမှင်တက်သွားရပါသော

Vol. 82 Ch. 1139

အစတွင် ဝမ်ပေါင်လဲ့မှာ သူ၏ စွမ်းအားများကို ထိန်းချုပ်ခဲ့ပြီး အများကြီး စုပ်ယူခဲ့ခြင်းမရှိပေ။ သူသည် သူ၏ အနီးတစ်ဝိုက်တွင် ရှိနေသည့် သေမင်းချီများကိုသာ စုပ်ယူ၍ သူ၏ ဝိညာဉ်အား အားဖြည်နေခဲ့၏။

သေမင်းချီများအား စုပ်ယူရာမှ ထွက်ပေါ်လာသည့် အစိမ်းရောင် အမျှင်အတန်းများ ရှိနေသေးသည်။ သူ၏ အပြင်ခန္ဓာကိုယ်မှာ ယခင်တုန်းကထက် အများကြီးပို၍ အစွမ်းထက်လာပြီဖြစ်ရာ သူသည် ထိုအမျှင်အတန်းများအား ဝါးမျိုးနိုင်စွမ်း ရှိသည့်ပုံပေါ်သော ဝူလေးနှင့် မြည်းလေးတို့အား တွေးမိသွား၏။ အကယ်၍ သူ ထို အမျှင်အတန်းများကြောင့် အန္တရာယ်များနှင့် ကြုံတွေ့ရပါက သူတို့နှစ်ယောက်အား အပြင်သို့ထုတ်လိုက်ရုံပင်။

သူတို့နှစ်ယောက်မှာ တမူထူးခြားသည့် စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ အလွယ်တကူ သေဆုံးသွားမည်တော့ မဟုတ်ပေ။

သူ သေမင်းချီ အမြောက်အမြား ချက်ချင်းမစုပ်ယူခဲ့ရသည့် အကြောင်းရင်းမှာ... ငါးမျှားရာ၌ အားအများကြီး သုံး၍ မဖြစ်သောကြောင့်ပင်။ ငါးစာအား ဖြည်းဖြည်းချင်းချကာ စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေရန်လိုအပ်ပေသည်။ သို့မှသာ သူ၏ ပစ်မှတ်မှာ တဖြည်းဖြည်းနှင့် သံသယကင်းလာပြီး နောက်ဆုံးတွင် အလောတကြီး ပြုမူမည်ဖြစ်သည်။

" ဘယ်လိုငါးမျိုးက ငါ့ကို ချုံခိုတိုက်ခိုက်ရဲလောက်အောင် သတ္တိကောင်းနေမလဲဆိုတာ ကြည့်ကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ သူသည် သေမင်းချီများကို စုပ်ယူနေရင်း သူ၏ စွမ်းအားများကို ဖြည်းဖြည်းချင်း တိုးမြှင့်လိုက်သဖြင့် သူ စုပ်ယူနေသည့် သေမင်းချီ ပမာဏမှာလည်း ပို၍ များပြားလာသည်။

သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း သေမင်းချီများ အဆက်မပြတ် စီးဆင်းဝင်ရောက်လာနေသောကြောင့် ပို၍ပင် တုန်ရီလာ၏။ ၎င်းမှာ သက်သောင့်သက်သာ ဖြစ်နေရုံသာမက ပို၍လည်း အစွမ်းထက်လာနေပြီ ဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တဖြည်းဖြည်းနှင့် တိုးတက်စပြုလာ၏။

ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းအဆင့်၊ ဝိညာဉ်နှင့် အပြင်ခန္ဓာကိုယ်တို့မှာ သီးခြားရပ်တည်နေသည့် အရာများဟု ဆိုနိုင်သလို တစ်သားတည်း ပေါင်းစည်းနေသည်ဟုလည်း ဆိုနိုင်ပေသည်။ ထို့ကြောင့်လည်း ဝိညာဉ်နှင့် အပြင်ခန္ဓာကိုယ် တိုးတက်မှုများကြောင့် ကျင့်ကြံခြင်းအဆင့်မှာလည်း အလိုလို တိုးတက်လာရ၏။

သို့သော် ထို တိုးတက်မှုနှုန်းမှာ အနည်းငယ်ခန့် နှေးကွေးနေဆဲပင်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ စွမ်းအားများကို တိုးမြှင့်ကာ စုပ်ယူနေစဉ် ထိုနေရာတစ်ဝိုက်ရှိ သေမင်းချီများမှာ ဝဲကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားနေပြီဖြစ်သည်။ သူနှင့် မလှမ်းမကမ်းတွင် ရှိနေသည့် အနက်ရောင် ငါးလေးမှာမူ ဒွိဟဖြစ်နေ၏။

၎င်းမှာ ဝမ်ပေါင်လဲ့အား ဝါးမျိုကာ ဤ ကိစ္စကြီးတစ်ခုလုံးအား အဆုံးသတ်ချင်နေ၏။ သို့သော်လည်း ၎င်းမှာ မကြာသေးမီတုန်းက ကိုက်ခံခဲ့ရသဖြင့် ကြောက်ရွံ့တုန်လှုပ်နေပြီး ဝမ်ပေါင်လဲ့၏ အနီးသို့ မသွားရဲဘဲဖြစ်နေရသည်။ သို့သော် သူ၏ အနီးသို့ မသွားပါကလည်း... သူ သေမင်းချီများအား အဆက်မပြတ် စုပ်ယူနေသည်ကို လက်ပိုက်ကြည့်နေရမည်ဖြစ်ရာ ၎င်းမှာ ကြံရာမရဖြစ်နေတော့သည်။

ထို သေမင်းချီများမှာ ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့ ဝါးမျိုစုပ်ယူနေသည့်အရာများမှာ သေမင်းချီများ မဟုတ်ဘဲ သူ၏ အသွေးအသားများ ဖြစ်နေ၏။

ထို့ကြောင့်လည်း ၎င်းမှာ ယခုလို ဆုပ်လည်းဆူး စားလည်းရူး အခြေအနေသို့ ရောက်နေရခြင်းဖြစ်သည်။ တစ်ဖက်တွင် ၎င်းမှာ ရှေ့သို့ ပြေးထွက်သွားချင်နေသလို အခြားတစ်ဖက်တွင်လည်း တစ်စုံတစ်ခုမှာ ၎င်းအား အောင့်အီးသည်းခံရန် သတိပေးနေသကဲ့သို့ပင်။

" ငါ သွားလို့မဖြစ်ဘူး။ ဒီကောင် ငါ့ရဲ့ အငွေ့အသက်တွေကို ခဏလောက် စုပ်ယူပြီးရင် ရပ်သွားမှာပါ။ ငါ သည်းခံလိုက်မယ် " နောက်ဆုံးတွင် အနက်ရောင်ငါးလေးမှာ သည်းခံရန် ဆုံးဖြတ်လိုက်ပြီး ၎င်း၏ ဆန္ဒများကို ချုပ်တည်းလိုက်၏။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် အနက်ရောင်ငါးလေးတို့မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ပိုနေမြဲ ကျားနေမြဲ အနေအထားသို့ ရောက်သွား၏။ ဝမ်ပေါင်လဲ့မှာ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သည့်တိုင်အောင် ငါးလေးမှာ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ထို့အပြင် အစိမ်းရောင် အမျှင်အတန်းများမှာ သူ၏ အနီးသို့ ရောက်လာကြပြီဖြစ်ပြီး အချို့မှာဆိုလျှင် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီ ဖြစ်သည်။

" ဖေကြီး။ သားတို့တွေ ဘာလုပ်သင့်လဲ။ ဖေကြီး တစ်ခါတည်းနဲ့ အများကြီး စုပ်ယူလိုက်ပါလား။ အဲ့လိုမှမဟုတ်ရင် ဟို ငါးလေးက ပေါ်လာမှာမဟုတ်ဘူး "

" သား " ဝူလေးနှင့် မြည်းလေးတို့မှာလည်း ဂနာမငြိမ် ဖြစ်လာကြပြီ ဖြစ်သည်။ အထူးသဖြင့် မြည်းလေးမှာဆိုလျှင် ပါးစပ်ထဲမှ သွားရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာနေ၏။

" အရူးကောင်။ ငါးများနေတုန်း လောလို့မဖြစ်ဘူးကွ " ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင်သာကျိတ်၍ အေးစက်စက် နှာမှုတ်လိုက်၏။ ထို့နောက် သူသည် ဝူလေးနှင့် မြည်းလေးတို့အား လျစ်လျူရှုကာ အစိမ်းရောင် အမျှင်အတန်းများကို ရှောင်တိမ်းရင် အဝေးသို့ပြေးထွက်သွားလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် သူ စုပ်ယူနေသည့် သေမင်းချီ ပမာဏကိုလည်း တိုးမြှင့်လိုက်သေးသည်။

ထို့ကြောင့် ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့် သေမင်းချီများမှာ ချက်ချင်းဆိုသလိုပင် စုပ်ယူခံလိုက်ရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အရှိန်မြှင့်တင်ကာ အဝေးသို့ ပြေးထွက်သွားသဖြင့် အစိမ်းရောင်အမျှင်အတန်းများမှာ သူ၏ နောက်မှ လိုက်သွားကြတော့သည်။

သူသည် ထိုသို့ ပြေးလွှားနေရင်း စိတ်ထဲ၌ လှမ်းမေးလိုက်၏ " ဟိုနှစ်ကောင်။ ငါးလေး ငါတို့ နောက်လိုက်လာလား "

" ဖေကြီး။ ငါးလေးက ဒီနေရာမှာရှိနေတုန်းပဲ။ သူ သားတို့ရဲ့ အနီးတစ်ဝိုက်မှာ ရှိနေတာကို သား အာရုံခံမိတယ် " ဝူလေး ထိုသို့ ပြန်ဖြေလိုက်သည်နှင့် မြည်းလေးမှာလည်း အလောတကြီး ခေါင်းညိတ်ပြလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ စိတ်ကို ချက်ချင်း တည်ငြိမ်အောင်ထားလိုက်ပြီး ထို ငါးလေးမှာ အလွန်အင်မတန်မှ သတိကြီးကြောင့် မှတ်ယူလိုက်တော့သည်။

" သူ သတိကြီးနေတာကို ငါမကြောက်ပါဘူး။ လွတ်သွားမှာကိုပဲ ငါကြောက်တာ " ဝမ်ပေါင်လဲ့မှာ မပွင့်တပွင့်ပြုံးကာ ထိုသို့ တွေးလိုက်ပြီးနောက် ရှေ့သို့ ဆက်လက်ပျံသန်းနေရင်း သေမင်းချီများ ဆက်လက်စုပ်ယူနေလိုက်၏။ ထို့အပြင် သူ စုပ်ယူနေသည့် ပမာဏမှာ ပို၍ များပြားလာသောကြောင့် အနက်ရောငါးလေးမှာ ပို၍ပင် အမျက်ချောင်းချောင်းထွက်လာရတော့သည်။

" အခုထိ မပြီးသေးဘူးလား "

" တောက်ကွာ... တကယ်ကို မပြီးသေးတာပဲ " အနက်ရောင်ငါးလေးမှာ မျက်ဝန်းများ နီမြန်းနေပြီဖြစ်သည်။ သူ၏ ဒွိဟစိတ်များမှာလည်း ပို၍ အားကောင်းလာသဖြင့် ၎င်းမှာ သူ၏ ဆန္ဒများကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဖြစ်လာရတော့သည်။ သူ၏ ရှေ့တွင်ရှိနေသည့် သေမင်းချီများကို စုပ်ယူနေသော သူခိုးလေးမှာ ယခင်အကြိမ်များတုန်းကလို ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်စုပ်ယူနေသည် မဟုတ်ပါလော။

ယခုတွင် သူသည် သေမင်းချီ အမြောက်အမြားစုပ်ယူပြီးသွားပြီဖြစ်သလို ရပ်တန့်သွားတော့မည့်ပုံလည်း မပေါ်သေးပေ။ ထို့ကြောင့် ငါးလေးမှာ ပိုပင် ဒေါသထွက်လာရပြီး ချန်ရှင်းဆီသို့ ပြန်ချင်စိတ်များ ပေါက်လာတော့သည်။ သို့သော်လည်း ချန်ရှင်းမှာ သူ့အား တစ်ကြိမ်ပြီးတစ်ကြိမ် လျစ်လျူရှုထားခဲ့သည်သာ မဟုတ်ပါလော။ ထို့ကြောင့် ထို အနက်ရောင်ငါးလေး၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဝင်းလက် တောက်ပလာတော့သည်။

" မင်း ဆက်ပြီးတော့ စုပ်ယူနေမယ်ဆိုရင် ငါ မင်းကို သတ်ပစ်မယ် " ၎င်း ထိုသို့ ကြိမ်းဝါးနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သေမင်းချီများအား ဆက်လက်စုပ်ယူနေသလို အစိမ်းရောင်အမျှင်အတန်း တစ်သောင်းကျော်မှာလည်း သူ၏ နောက်မှ လိုက်လာကြ၏။

သို့သော်... သူသည် ဇောချွေးများပြန်လာပြီး ရင်ခုန်နှုန်းများ မြန်ဆန်နေပြီဖြစ်သည်။ မြည်းလေးနှင့် ဝူလေးတို့ပင်လျှင် ကြောက်စိတ်များကြောင့် အသားများ တဆတ်ဆတ် တုန်ချင်နေကြ၏။ အစိမ်းရောင်အမျှင်အတန်းပေါင်း မြောက်မြားစွာမှာ သူ၏ နောက်မှ လိုက်လာကြပြီဖြစ်သည့်တိုင်အောင် ငါးလေးမှာ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ထို့ကြောင့် ဝူလေးနှင့်မြည်းလေးတို့မှာ သူတို့ကိုယ်သူတို့ သံသယဝင်လာကြ၏။

ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင် ကျိန်ဆဲနေပါသော်လည်း အလွယ်တကူလက်လျှော့ရန် ဆန္ဒမရှိပေ။ ထို့အပြင် သူ၏ နောက်တွင် အစိမ်းရောင်အမျှင်အတန်းများ ပိုများလာပါသော်လည်း သူ သေမင်းချီများကို ပို၍ စုပ်ယူလေလေ သူ၏ ဝိညာဉ်မှာလည်း ပို၍ အစွမ်းထက်လာလေလေ ဖြစ်နေတော့သည်။

သို့ဖြစ်ရာ သူသည် နာကျင်မှုများနှင့် ပျော်ရွှင်မှုများကို တစ်ပြိုင်နက်တည်း ခံစားနေရ၏။

" မလာသေးဘူးလား။ အခုထိ ပေါ်မလာသေးဘူးလား " ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားနေပြီး ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်သည်။ ငါးလေးမှာ အားအင်များ ကုန်ခမ်းသွားသဖြင့် ထပ်၍ ပေါ်မလာတော့ခြင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ် ၎င်းမှာ အခွင့်အရေးတစ်ခုအား စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ယခုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အချိန်အကြာကြီး တောင့်ခံထားနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့်... သူသည် ငါးလေးအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးရန် လိုအပ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူသည် အသံကုန်အော်ဟစ်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲ၌ အမှောင်မီးတောက်များ တောက်လောင်လာပြီး အားကောင်းသော ဆွဲငင်အားတစ်မျိုးကို ထုတ်လွှတ်ကာ ဘေးနားတစ်ဝိုက်ရှိ သေမင်းချီများအား စတင်စုပ်ယူလိုက်တော့သည်။

ယခုအကြိမ်တွင်မူ သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်ကိုသာမက သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကိုပါ ထုတ်သုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ဘေးပတ်ပတ်လည်ရှိ သေမင်းချီမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့ စုပ်ယူနေသည့် သေမင်းချီပမာဏမှာ သူ စုပ်ယူထားသည့် သေမင်းချီပမာဏနှင့် တူညီနေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် အနက်ရောင်ငါးလေးမှာ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားပြီး ပို၍ပင် ရူးသွပ်လုမတတ် ခံစားလာရတော့သည်။ ၎င်းမှာ အသံကုန်အော်နေပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ စိတ်လိုက်မာန်ပါ ပြုမူတော့မည့်ပုံ ပေါက်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုမျှလောက်နှင့် လုံလောက်မှုမရှိမည်ကို စိုးသောကြောင့် သေမင်းချီများအား ဆက်လက်စုပ်ယူနေလိုက်၏။ အစိမ်းရောင်အမျှင်အတန်းများ၏ အရေအတွက်မှာ မျက်စိတစ်မှိတ်အတွင်းတွင် ခုနစ်သောင်း ရှစ်သောင်းအထိ ရောက်သွားပြီဖြစ်သည်။ မြည်းလေးနှင့် ဝူလေးတို့မှာမူ ရင်တဒိန်းဒိန်း ခုန်နေကြ၏။ ထို အချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားကာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာတော့သည်။

ထိုမြင်ကွင်းမှာ.... အစာစားနေသည့် လူတစ်ယောက် အစာနင်သွားသကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် သူ၏ အမြန်နှုန်းမှာလည်း ချက်ချင်း လျော့ကျသွား၏။ ထို့ကြောင့် သူ၏ နောက်မှ လိုက်လာကြသည့် အစိမ်းရောင်အမျှင်အတန်းများမှာ သူ၏ အနီးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့သည်။ ဝမ်ပေါင်လဲ့မှာမူ မျက်စိမျက်နှာပျက်သွားပြီး အရှိန်ကုန်မြှင့်တင်ကာ အဝေးသို့ ထွက်ပြေးသွားရင်ပြင်လိုက်၏...

သို့သော် ထိုအချိန်တွင် အနက်ရောင်ငါးလေး၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် ၎င်းမှာ လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ ခဏအကြာတွင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ နောက်၌ ပြန်လည်ပေါ်ပေါက်လာပြီး သူ့အား ဝါးမျိုရန် ပြင်လိုက်၏။

သို့သော် ၎င်း ပါးစပ်ဟရန် ပြင်လိုက်စဉ်မှာပင် မြည်းလေးနှင့် ဝူလေးတို့မှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ စိတ်လှုပ်တရှား အော်ဟစ်လိုက်ကြတော့သည်။

" ဖေကြီး။ နောက်မှာ "

" သား သား "

ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုစကားသံများ ပဲ့တင်ထပ်သွားသည်နှင့် အနက်ရောင်ငါးလေးမှာ ၎င်း၏ မျက်ဝန်းများထဲ၌ မြည်းလေးတစ်ကောင်၊ ခိုးကြောင်ခိုးဝှက်လုပ်နေသည့် လူငယ်လေးတစ်ယောက်နှင့် အစာနင်နေသည့်ပုံ ပေါက်နေသော သူခိုးလေးတို့အား မြင်လိုက်ရ၏။

သူတို့သုံးယောက်စလုံးမှာ မျက်ဝန်းများ ဝင်းလက်စွာ တောက်ပနေကြပြီး စိတ်လှုပ်တရှားဖြစ်နေသည့် အမူအရာများဖြင့် သူတို့၏ ပါးစပ်များကိုဟကာ အနက်ရောင်ငါးလေးအား လှမ်းကိုက်လိုက်တော့သည်။

မြည်းလေးမှာ ထိုငါးလေး၏ အရသာအား မြည်းစမ်းဖူးထားပြီးသားဖြစ်ရာ ယခုတွင် ၎င်း၏ ပါးစပ်အား အဆုံးထိ ဟထား၏။ ထို့ကြောင့် ၎င်း၏ ပါးစပ်မှာ အာကာသတွင်းနက်ကြီး တစ်ခုနှင့်ပင် ဆင်တူနေတော့သည်။ ဝူလေးမှာဆိုလျှင် ခန္ဓာကိုယ်မှာတစ်ခုလုံး မရှိတော့ဘဲ ပါးစပ်ပေါက်တစ်ပေါက်သာ ကျန်ရစ်တော့၏။ ထို့နောက် သူသည် သွားရည်များ ယိုနေသည့် သူ၏ ပါးစပ်ကြီးဖြင့် အနက်ရောင်ငါးလေးအား ကိုက်စားလိုက်တော့သည်။

သူတို့ထဲတွင် အဆိုးဆုံးမှာ... သူခိုးလေး ဖြစ်၏။ သူသည် ပုံသဏ္ဍာန်ပြောင်းလဲနိုင်စွမ်း ရှိနေသည့်ပုံပင်။ မျက်စိတစ်မှိတ်အတွင်းတွင် သူနှင့် ပုံစံတူ လူရိပ်ပေါင်း တစ်သောင်းကျော် ပေါ်ပေါက်လာ၏။ ၎င်းတို့အားလုံးမှာ ပါးစပ်များဟကာ အနက်ရောင်ငါးလေးအား ခုန်အုပ်လိုက်ကြသည်။ ငါးလေးမှာ ဖုတ်ကောင်ကြီးတစ်ကောင်၊ဓားတစ်လက်၊ အာဃာတများ ပြည့်နှက်နေသည့် ကျင့်ကြံသူတစ်ယောက်နှင့် သမင်ဖြူလေးတစ်ကောင် ပေါ်ပေါက်လာသည်ကိုပင် မြင်လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် အနက်ရောင်ငါးလေးမှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ ၎င်းမှာ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားသည့်အလား ကြက်သေသေနေပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။

၎င်း၏ ရှေ့တွင် ရှိနေသည့် သုံးယောက်မှာ ၎င်းထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်နေသည် မဟုတ်ပါသော။

All Chapters