နားမလည်နိုင်ပါသော
Vol. 82 Ch. 1140
မြည်းလေးမှာ သေရမည်ကို ကြောက်ရွံ့နေခြင်းမရှိပေ။
၎င်းမှာ အစာငတ်မည်ကိုသာ ကြောက်ရွံနေ၏။ ထို့ကြောင့် ၎င်းမှာ အသက်သေသွားမည်ဆိုလျှင်တောင် အရသာရှိသော စားစရာတစ်ခုခုကိုသာ စားနိုင်ခဲ့မည်ဆိုပါက ကျေနပ်နေမည်ဖြစ်သည်။
၎င်းမှာ ပထမအကြိမ်တုန်းက ဝမ်းဗိုက်တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည့်တိုင်အောင် ယခုအကြိမ်တွင်လည်း ပါးစပ်ကို အဆုံးထိဟကာ အစွမ်းကုန်ထုတ်၍ လှမ်းကိုက်လိုက်ဆဲပင်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်း၏ ဝမ်းဗိုက်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါက်ကွဲသွား၏။ ယခုအကြိမ်တွင်မူ ၎င်း၏ ဝမ်းဗိုက်တစ်ခုထဲသာမဟုတ်ဘဲ ၎င်း၏ ခြေထောက်လေးချောင်းနှင့် အမြီးပါ ပေါက်ကွဲသွားခြင်းဖြစ်သည်။
၎င်း၏ လည်ပင်းနှင့် ဦးခေါင်းတစ်ခြမ်းမှာလည်း ထိုနည်းတူပင်။ သို့သော်လည်း ထိုမြည်းလေးမှာ မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်ပုံပင်။ ထို့အပြင် ကျန်ရစ်နေခဲ့သည့် ၎င်း၏ ဦးခေါင်းတစ်ခြမ်းပေါ်ရှိ မျက်လုံးထဲတွင်ဆိုလျှင် အားရကျေနပ်နေသည့် အရိပ်အယောင်များကိုပင် မြင်နိုင်သေးသည်။
၎င်း ပြန်လည်ရရှိလိုက်သည့် အကျိုးကျေးဇူးများမှာမူ အံ့သြတုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ ကျန်ရစ်နေခဲ့သည့် ၎င်း၏ ဦးခေါင်းတစ်ခြမ်းမှာ အနက်ရောင်ငါးလေး၏ အငွေ့အသက်များနှင့် အလွန်ဆင်တူသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။
ဝူလေးမှာမူ... အသက်သေရမည်ကို ကြောက်ရွံ့နေခြင်းမရှိသည်တော့ မဟုတ်ပေ။ ယခင်တုန်းကသာဆိုပါက သူသည် ထိုကဲ့သို့ ကြောက်ရွံ့နေမည် ဖြစ်ပါသော်လည်း ယခုတွင်မူ သူ အစာငတ်နေခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီမဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် မည်သည့်အရာဖြစ်ဖြစ် စား၍ရသည်ဖြစ်စေ မရသည်ဖြစ်စေ စားပစ်ချင်နေသည်။
အကယ်၍ သူသည် ဖြစ်နိုင်မည်ဆိုပါက မြည်းလေးကိုပါ စားပစ်ခဲ့မည်သာ ဖြစ်သည်။
ထို့ကြောင့် ယခုတွင် သူသည် အားအကုန်ထုတ်၍ အားပါပါ လှမ်းကိုက်လိုက်၏။ ထူးဆန်းစွာဖြင့် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားခြင်းမရှိဘဲ သူ၏ ပါးစပ်ထဲမှ သွေးမြူခိုးများသာ အန်ထွက်လာသည်။ သို့သော် သူသည် အစွမ်းထက် အားတိုးဆေးတစ်မျိုးအား သောက်သုံးလိုက်ရသည့်အလား မျက်ဝန်းများ ဝင်းလက်စွာတောက်ပသွား၏။
ဝမ်ပေါင်လဲ့မှာလည်း... သေရမည်ကို ကြောက်ရွံ့နေခြင်းမရှိပေ။
ထို့ကြောင့် သူသည် ဝူလေးနှင့် မြည်းလေးတို့နှစ်ယောက် ငါးမျှားနေခြင်းဖြစ်ကြောင်း သိလိုက်ရပြီး သူတို့နှစ်ယောက် ထိုငါးလေးအား စားရန် စိတ်ဆန္ဒပြင်းပြနေသည်ကို အာရုံခံမိလိုက်သည်နှင့် သူသည်လည်း ၎င်းအား စားနိုင်လိမ့်မည်ဟု မှတ်ယူလိုက်သည်။
သူ၏ ခန္ဓာကိုယ်အစစ်အမှန်မှာ လုံးဝ မပျက်စီးနိုင်သည့် အနက်ရောင်သစ်သားပျဥ်ပြားလေး ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ငါးတစ်ကောင်အား စားလိုက်ရုံနှင့် ပေါက်ကွဲသွားစရာအကြောင်း မရှိပေ... ထို့ကြောင့်လည်း ယခုတွင် သူသည် ထို ငါးလေး ပေါ်ပေါက်လာသည့် နေရာအား သိလိုက်ရသည်နှင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းလှုပ်ရှားလိုက်၏။ ထို့နောက် သူသည် အစွမ်းကုန်ထုတ်ကာ မြည်းလေးနှင့် ဝူလေးတို့ လှမ်းကိုက်ခဲ့သည့် ငါးလေးအား ဝါးမျိုလိုက်တော့သည်။
ထို့အပြင် သူသည် သူ၏ ဂြိုဟ်များဖြင့် ဖန်တီးထားသော ကိုယ်ပွားများကိုလည်း ပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ မြည်းလေးနှင့် ဝူလေးတို့ထက် အများကြီးပို၍ ဝါးမျိုနိုင်စွမ်း ရှိနေ၏။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ဝါးမျိုပြီးသွားသည်နှင့် မျက်လုံးများပြူးသွားရ၏။ သူသည် ဆီရွှဲသော အရာတစ်ခုအား မျိုချလိုက်သည့်အလား ခံစားလိုက်ရသည်။ ထို့နောက် အလွန်အင်မတန်မှ သိပ်သည်းသော သေမင်းအငွေ့အသက်များမှာ သူ၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာတော့သည်။ ၎င်းတို့မှာ အဆုံးမရှိသော စည်းမျဉ်းဥပဒေသများ၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများနှင့် စိတ်ဆန္ဒပေါင်းမြောက်မြားစွာ ကိန်းအောင်နေသည့် အငွေ့အသက်တစ်မျိုး ဖြစ်သည်။
သူသည် တစ်ကိုက်သာ ကိုက်လိုက်ခြင်းဖြစ်ပါသော်လည်း အသိစိတ်ထဲ၌ ထစ်ချုန်းသံများ ပြည့်နက်သွား၏။ ထို့နောက် သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ပေါက်ကွဲသွားတော့မည့်အလား သူ၏ ခန္ဓာကိုယ်ထဲမှ တဖောက်ဖောက်မြည်သံများ ထွက်ပေါ်လာသည်။ သူသည် သူ၏ သွေးနှင့်ချီများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သူ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး အချိန်မရွေး ပေါက်ကွဲသွားတော့မည့်အလား ခံစားနေရပြီဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အစစ်သာ ထိုကဲ့သို့ ဖြစ်သွားခြင်းမဟုတ်ပေ။ သူ ထုတ်လွှတ်ထားသည့် ကိုယ်ပွားများမှာလည်း ထိုနည်းတူပင်။ ထိုအချိန်တွင် ၎င်းတို့ထဲမှ အချို့မှာ ဖိအားများကို ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့သဖြင့် ပေါက်ကွဲပျက်စီးသွားကြ၏။ သို့သော် ခဏအကြာတွင် ၎င်းတို့မှာ အတူတကွ ပြန်လည်စုစည်းသွားကြပြီး အဝေးသို့ မျောလွင့်သွားနေကြသည့် အရာများကို ပြန်၍ ဝါးမျိုလိုက်သည်သာဖြစ်သည်။
သူ၏ အတိတ်ဘဝမှ ပုံရိပ်များမှာလည်းထိုနည်းတူပင်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ ဝါးမျိုခဲ့သည့် အရာကြီးအား ကူ၍ ခြေဖျက်ပေးနေကြတော့သည်။
" ငါ... ငါ ဘာကြီးကို မျိုချမိလိုက်တာလဲ " ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ သူ၏ ဂြိုဟ်များဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများမှာ ထပ်တလဲလဲ ပေါက်ကွဲပျက်စီးသွားနေကြပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဝက်တစ်ပျက်တာအိုဂြိုဟ် ကိုးလုံးမှာ ပျက်စီးသွားခြင်းမရှိဘဲ အလျင်အမြန် အရွယ်အစားကြီးမားလာကြ၏။ အသက်ရှူကြိမ်အနည်းငယ်ခန့် ကုန်ဆုံးပြီးသွားချိန်တွင် ၎င်းတို့မှာ အံ့ဩမှင်တက်ဖွယ်ရာ သေမင်းအငွေ့အသက်များ၏ အားဖြည့်ခြင်းကို ခံလိုက်ရသဖြင့် ၎င်းတို့ထဲမှ တစ်လုံးမှာ တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်တစ်လုံးအဖြစ်မှ ပေါက်ကွဲသွားပြီး တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထို့နောက် နောက်ထပ် တစ်ဝက်တစ်ပျက် တာအိုဂြိုဟ် သုံးလုံးတိတိ ထပ်၍ ပြောင်းလဲသွားကြ၏။
အချိန်တိုလေးအတွင်းတွင် တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်လေးလုံးမှာ ထာဝရကြယ်များအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။ သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ တစ်အောင့်ခန့်အကြာတွင် ကျန်ရှိနေသေးသည့် တစ်ဝက်တစ်ပျက် တာအိုဂြိုဟ် ငါးလုံးမှာလည်း ထစ်ချုန်းသံများနှင့်အတူ ထာဝရကြယ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်မှာ အားအင်အပြည့် ဖြစ်သွားသည့်အလား အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွား၏။ ထို့ကြောင့် သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း အစောပိုင်း ထာဝရကြယ်အဆင့်မှ အလယ်အလတ် ထာဝရကြယ်အဆင့်အထိ ချက်ချင်း ဖောက်ထွက်သွားသည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ သူ၏ နတ်ဘုရားဝိညာဉ်မှာ ရပ်တန့်သွားခြင်းမရှိဘဲ နှောင်းပိုင်း ထာဝရကြယ်အဆင့်သို့ ရောက်သည့်အထိ ဆက်တိုက်ဖောက်ထွက်သွား၏။
ယခုတွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ထာဝရကြယ်အဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် သူ၏ အပြင်ခန္ဓာကိုယ်နှင့် နတ်ဘုရားဝိညာဉ်တို့မှာ နှောင်းပိုင်းထာဝရကြယ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်ကိုးလုံး ထာဝရကြယ်များအဖြစ် ပြောင်းလဲသွားချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အစောပိုင်း ထာဝရကြယ်အဆင့်မှ ဖောက်ထွက်သွားပြီး အလယ်အလတ် ထာဝရကြယ်အဆင့်သို့ ရောက်ရှိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ မှင်တက်နေရပြီဖြစ်သည်။ သူသည် သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မှာ တောင့်တင်းခိုင်မာလွန်း နေသောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းမှာ အခြားသူများထက်ပို၍ နှေးကွေးနေလိမ့်မည်ဖြစ်ကြောင်း နားလည်ထားပြီးသားဖြစ်သည်။ အကယ်၍ သူသာ ဖောက်ထွက်လိုပါက သူ၏ ခန္ဓာကိုယ်ထဲရှိ ဂြိုဟ်များအားလုံးထဲမှ တစ်ဝက်ကျော်အား ထာဝရကြယ်များအဖြစ် ပြောင်းလဲပစ်ရန် လိုအပ်ပေသည်။ ထိုအခါမှသာ သူသည် ကြယ်စင်စုပေါင်းမြောက်မြားစွာ ဖန်တီးနိုင်မည်ဖြစ်ပြီး တာအိုထာဝရကြယ်အား ဗဟိုပြုကာ ပြီးပြည့်စုံသည့် ကြယ်နယ်မြေတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ထိုအချိန်သို့ရောက်သွားလျှင် သူသည် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
သူသည် ထိုအချက်များကို နားလည်ထားသောကြောင့်လည်း ယခုတွင် အံ့သြတုန်လှုပ်သွားရခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် ငိုသံတစ်သံကိုလည်း မသဲမကွဲ ကြားလိုက်ရ၏.... သူ လှမ်းကြည့်နေသည့် ဟင်းလင်းပြင်ကြီးထဲတွင် အံ့သြမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် အဝေးသို့ ထွက်ပြေးသွားနေသည့် မှုန်ဝါးဝါးပုံရိပ်တစ်ခု ရှိနေသည့်ပုံပင်။
၎င်းမှာ မှုန့်ဝါးဝါးဖြစ်နေသောကြောင့် သူသည် ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိပေ။ ၎င်းမှာ... ခန္ဓာကိုယ်တစ်ဝက် မရှိတော့သည့် ငါးတစ်ကောင်နှင့် တူနေ၏။
သူသည် ထို ငါးလေး၏ နောက်သို့ ပြေးလိုက်သွားချင်ပါသော်လည်း ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသည်။ ထို့အပြင် သူမျိုချခဲ့သည့် အရာမှာ ဆီရွှဲလွန်းနေသောကြောင့်လားတော့မသိပေ။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ရေခဲရေ သောက်ချင်စိတ်များ ပေါ်လာ၏။ ထို့ကြောင့် သူသည် ဝိညာဉ်ရေခဲရေ ဘူးတစ်ဘူး ထုတ်ယူရန်ပြင်လိုက်စဉ်မှာပင် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် အစိမ်းရောင် အမျှင်အတန်းများကို မြင်လိုက်ရတော့သည်။
" ဟင် " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် ဖြစ်သွား၏။ သူသည် ထိုအမျှင်အတန်းများမှာ အလွန်အင်မတန်မှ အရသာရှိနေလိမ့်မည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အမျှင်အတန်းတစ်ခုအား လှမ်း၍ ဖမ်းဆုပ်လိုက်ပြီး သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလိုပင် အရောင်တောက်ပလာတော့သည်။
" အရသာရှိလိုက်တာ။ ကြွပ်ရွပြီး ချိုနေတာပဲ " ဝမ်ပေါင်လဲ့မှာ နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်ပြီးနောက် ပြေးလွှားနေခြင်းအား ရပ်တန့်လိုက်၏။ သူသည် ငါးလေးအား လိုက်မီတော့မည် မဟုတ်သောကြောင့် အစိမ်းရောင် အမျှင်အတန်းများဆီသို့ ဦးတည်သွားလိုက်ပြီး ၎င်းတို့အား လှမ်း၍ ဖမ်းဆုပ်ကာ ချက်ချင်းဝါးစားပစ်လိုက်တော့သည်။
ထို့ကြောင့် သူ၏ ပါးစပ်ထဲမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာ၏။ ၎င်းတို့မှာ အရသာရှိလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်လာရတော့သည်။ ဝူလေးနှင့် မြည်းလေးတို့မှာမူ ထိုမြင်ကွင်းကြောင့် စိုးရိမ်တကြီးဖြစ်သွားရ၏။ ဝူလေးမှာ အကောင်းပတိအတိုင်း ရှိနေသေးသောကြောင့် ထို အမျှင်အတန်းများအား စားသုံးနိုင်ရန် ရှေ့သို့ ချက်ချင်း ပြေးထွက်လာသည်။ သို့သော် မြည်းလေးမှာမူ ဦးခေါင်းတစ်ခြမ်းသာ ကျန်တော့ပြီး အစာစားစရာ ပါးစပ်ပေါက်ပင် မရှိတော့ပေ။ ထို့ကြောင့် ၎င်းမှာ အသံပင်မထွက်နိုင်ဘဲ ဖြစ်နေရ၏။ နောက်ဆုံးတွင် ၎င်းမှာ ကျန်ရှိနေသေးသည့် ဦးခေါင်းတစ်ခြမ်းဖြင့် ထို အမျှင်အတန်းများအား ဝင်တိုက်လိုက်ပြီးနောက် ၎င်းတို့၏ ကြားသို့ တိုးဝှေ့ဝင်ရောက်သွားတော့သည်။
ယခုတွင် သူတို့သုံးယောက်စလုံးမှာ အရူးများကဲ့သို့ ပြုမူနေကြ၏။ သူတို့အားလုံး ဘေးနားတစ်ဝိုက်ရှိ အမျှင်အတန်းများအား အငမ်းမရ ဝါးမျိုးစားသောက်နေကြစဉ် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဓားအိမ်လေးဆီမှ တဝီဝီမြည်သံများ စတင်ထွက်ပေါ်လာတော့သည်။ ၎င်းမှာ မကျေမနပ် ဖြစ်နေသည့်ပုံပင်။
" ပါးစပ်ပိတ်ထားစမ်းပါ။ မင်း အများကြီးစားပြီးသွားပြီလေ။ အခု ငါ့အလှည့်ကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ၎င်းအား လျစ်လျူရှုကာ ချုပ်တည်းထားလိုက်၏။ ထို့နောက် သူသည် အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် အမျှင်အတန်းများအား ဆက်လက် ဖမ်းဆုပ်ကာ အဆက်မပြတ် ဝါးမျိုးစားသုံးနေလိုက်တော့သည်။
" ဒါတွေက ဝိညာဉ်ရေခဲရေထက်တောင် ပိုကောင်းနေသေးတယ် "
ထိုအချိန်တွင် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲရှိ ဗဟိုမီးဖိုကြီးထဲတွင် အနက်ရောင်ငါးလေးမှာ လခြမ်းဧကရာဇ်ကြီးအား သန့်စင်နေသည့် အနက်ရောင်မြူခိုးများ၏ အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာ၏။ ၎င်းမှာ ရိုက်နှက်ကန်ကျောက်ကာ အနိုင်ကျင့်ခံလိုက်ရသည့် ကလေးငယ်တစ်ယောက်နဲ့ တူနေပြီး ယခုတွင် အော်ဟစ်မြည်တမ်းကာ မျက်ရည်စက်လက်နှင့် ပြေးလွှားနေသည်။
၎င်းမှာ အနက်ရောင်မြူခိုးများ၏ အနီးသို့ ရောက်ရှိလာသည်နှင့် မြေပြင်ပေါ်သို့ လှဲချကာ လူးလွန့်နေလိုက်တော့သည်။ ၎င်း၏ အော်ဟစ်မြည်တမ်းသံများမှာလည်း ပို၍ ကျယ်လောင်လာသောကြောင့် ဗဟိုမီးဖိုကြီးပင်လျှင် တုန်ရီနေရပြီဖြစ်သည်။ ထိုအချိန်တွင် မြူခိုးများထဲ၌ ရှိနေသည့် ချန်ရှင်းမှာ မျက်လုံးများပြန်ပွင့်လာပြီး နောက်သို့ လှည့်ကြည့်လိုက်၏။ ထိုအခါ သူသည် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူသည် အနက်ရောင်မြူခိုးများ၏ အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာ၏။
" အဆုံးမဲ့နတ်ဧကရာဇ်ကြီး ရောက်လာတာလား။ ဒါမှမဟုတ် အဆုံးမဲ့မိုးကောင်ကင်တာအိုရဲ့ လက်ချက်လား။ အတင့်ရဲလှပါလားကွ။ အမှောင်ဂိုဏ်းရဲ့ မိုးကောင်ကင်တာအိုကို ဒဏ်ရာရအောင် လုပ်ရဲရတယ်လို့ " ချန်ရှင်းမှာ မျက်နှာထား တင်းမာနေပြီး သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်လိုက်၏။ ကလေးငယ်လေး တစ်ယောက်ကဲ့သို့ ငိုကြွေးနေသည့် ငါးလေး၏ ပုံပန်းသွင်ပြင်မှာ အလွင်အင်မတန်မှ အဖြစ်ဆိုးနေသည် မဟုတ်ပါလော။
၎င်းမှာ ခန္ဓာကိုယ်တစ်ဝက် မရှိတော့သလို ၎င်း၏ ဒဏ်ရာများမှာလည်း ကိုက်စားခံထားရသည့်အလား မညီမညာဖြစ်နေ၏။ ထို မြင်ကွင်းမှာ တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းနေသောကြောင့် ချန်ရှင်းမှာ ပို၍ပင် အမျက်ချောင်းချောင်း ထွက်သွားရသည်။
" မင်းကို အခုလိုဖြစ်သွားအောင် ဘယ်သူလုပ်တာလဲ ပြောပြ။ ငါ အဲဒီကောင်ကို ဖမ်းပေးမယ်။ ပြီးရင် သူ မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အတိုင်း သူ့ကို မင်း ပြန်လုပ်ပစ် "
အနက်ရောင်ငါလေးမှာ ချန်ရှင်း၏ စကားများကြောင့် စိတ်နှလုံးလှုပ်ရှားသွားရပြီး မျက်ရည်များဝဲလာ၏။ ထို့နောက် ၎င်းမှာ တစ်စုံတစ်ခုကိုဖော်ပြရန် ကြိုးစားနေသည့်လား အော်ဟစ်မြည်တမ်းလိုက်သည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ နောက်သို့ကျွမ်းပစ်၍ သူ၏ ပုံပန်းသွင်ပြင်အား ပြောင်းလဲလိုက်၏။ ၎င်းမှာ အရင်ဆုံး မြည်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် လူငယ်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ခဏအကြာတွင် ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် တထေရာတည်းတူသည့် ပုံရိပ်ပေါင်းမြောက်မြားစွာအဖြစ် ပြောင်းလဲသွား၏...
ထို့နောက် ထိုပုံရိပ်များမှာ အတူတကွ ပြန်လည်စုစည်းသွားကြပြီး ပြန်၍ အော်ဟစ်မြည်တမ်းနေလိုက်တော့သည်။
၎င်းမှာ ရှိုက်ကြီးတငင် ငိုကြွေးနေသဖြင့် ချန်ရှင်း၏ မျက်နှာကို သတိမထားမိပေ။ သူသည် အစတွင် မျက်နှာအမူအရာ သုန်မှုန်နေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့နှင့် တထေရာတည်းတူသည့် ပုံရိပ်များကို မြင်လိုက်ရပြီးနောက် မျက်နှာအမူအရာ အထူးအဆန်းဖြစ်သွား၏။ ထို့နောက် သူသည် မျက်စိပေကလတ်ပေကလတ် ဖြစ်သွားပြီး ဟန်ဆောင်ချောင်းဟန့်ကာ ပြန်ပြောလိုက်တော့သည်။
" ဪ။ တစ်ကိုက်နှစ်ကိုက်လောက်ပဲ ကိုက်ခံရတာများကွာ။ မင်း သေသွားမှာမဟုတ်ပါဘူး "
" ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူးကွ။ ငါ့ကို အခုလို အော်ခေါ်ဖို့အထိ လိုလို့လား။ ထားပါ။ ငါ လခြမ်းကို သန့်စင်ဖို့ ပြန်သွားလိုက်ဦးမယ် " ချန်ရှင်းမှာ ထိုသို့ ဆိုလိုက်ပြီးနောက် အနက်ရောင်မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
ထို မြူခိုးများ၏ အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည့် အနက်ရောင်ငါးလေးမှာမူ မည်သည့်အရာကိုမှ နားမလည်နိုင်အောင် ဖြစ်နေသည့် အမူအရာဖြင့် ကြက်သေသေနေတော့သည်။