ကြောင်စိတ်ပေါက်စေတာလား
Vol. 8 Ch. 34
မက်ဒါနာက ဖလေရာနဲ့လင်ဒါတို့ကို ပြန်ခေါ်လာပြီးတဲ့နောက် ဆရာနားနေဆောင်ရှေ့က ကျောက်စားပွဲလေးမှာ ဝင်ထိုင်သက်ပြင်းချတယ်။ ဖလေရာနဲ့လင်ဒါတို့ကတော့ မျက်နှာငယ်လေးတွေနဲ့။ သူတို့အမှားလုပ်မိထားကြတာကိုး။
အေမီက “မမလေးက တကယ်ကိုတက်ကြွနေတော့တာပဲ။ အစတုန်းက သူတို့ကို ဘာမှပြောမနေတော့ပါဘူး၊ အချိန်တန်ပျင်းလာပြီး ပြန်လာမှာတို့ပြောခဲ့ပေမဲ့ ကိုယ်တိုင်ရအောင်ပြန်သွားခေါ်သေးတာပဲ။’ လို့ပြောလိုက်တယ်။
မက်ဒါနာကတော့ အဲဒီစကားကို ပြန်စဥ်းစားရင်းနဲ့ တကယ်ပဲ ပြောခဲ့မိတာကို ပြန်သတိရသွားတယ်။ “အိုး၊ နည်းနည်းမေ့ချင်ချင်ဖြစ်နေပေမဲ့ တကယ်ပြောခဲ့မိတာပဲ။” မက်ဒါနာရဲ့မျက်လုံးတွေက အားလုံးရှေ့မှာပဲ ဒေါင်လိုက်ပြူးကြောင်ကြောင်လေးဖြစ်သွားပြီး ဝန်ခံပါတယ်။ ဖလေရာကတော့ မက်ဒါနာကို ခေါင်းလေးစောင်းပြီး သေချာကြည့်ကြည့်လေရဲ့။ သူ့စိတ်ထဲမှာ မက်ဒါနာတစ်ခုခုမှားနေမှန်းသိပေမဲ့ ဘာမှားနေမှန်းကိုမသိတာ။
“အို့၊ နင်တို့ပြန်ရောက်ကြပြီလား။” ခုမှအဝတ်အစားလဲပြီးပုံရတဲ့ ဖရာလီတာက သူတို့နဲ့အတူ စားပွဲခုံမှာ အတူလာထိုင်တယ်။ သူ့နောက်မှာတော့ မတွေ့ရတာကြာပြီဖြစ်တဲ့ အယ်လိုဟင်ပါလာပြီး ဖရာလီတာရှေ့မှာ လက်ဖက်ရည်ကြွေခွက်ငယ်တစ်ခွက်ကို နေရာချပေးတယ်။ အဲဲဒီနောက် အနံမွှေးပြီ အညိုရောင်သန်းတဲ့ လက်ဖက်ရည်ပူပူကို ကြွေလက်ဖက်ရည်အိုးထဲကနေ လောင်းထည့်ပေးတယ်။
“ငါအိပ်ရေးဝဝချင်း နင်တို့ကိုလိုက်ရှာသေးပေမဲ့ မတွေ့ဘူးလေ။ အဲဒါနဲ့အယ်လိုဟင်ကိုသွားရှာပြီး အစာပြေစားဖို့လုပ်နေတာ။” ဖရာလီတာ စကားပြေနေတဲ့အချိန်မှာ အယ်လိုဟင်က အသေးမလေးအတွက် အသင့်လုပ်ပြီးသား ထောပတ်ကွတ်ကီးတစ်ပန်းကန်ချပေးလိုက်တယ်။ အဲဒီနောက် အယ်လိုဟင်က မက်ဒါနာတို့ကို ကြည့်လိုက်ပြီး
“သခင်မလေးနဲ့အတူ လက်ဖက်ရည်ပါတီမှာ ဝင်ဆင်နွှဲကြပါဦးလား။” လို့ပြောလိုက်တယ်။
အဲဲဒီနောက်တော့ ဖလေရာ၊ လင်ဒါနဲ့ မက်ဒါနာတို့အတွက်ပါ လက်ဖက်ရည်ငှဲ့ပေးလိုက်လေရဲ့။ တခြားမိန်းကလေးတွေက ယဥ်ကျေးမှုအရ မငြင်းဆန်ကြပေမဲ့ အေမီကတော့ အခုလိုဝင်သတိပေးရှာပါတယ်။ “မမလေးရှင့်၊ ညနေသုံးနာရီထိုးနေပါပြီ။ ညနေတိုင်းကော်ဖီသောက်နေကျဖြစ်တဲ့ ဖရာလီတာအတွက် ကိစ္စမရှိပေမဲ့ မမလေးက ညနေချိန်လက်ဖက်ရည်သောက်လေ့မရှိတာကြောင့် ညဖက်အိပ်ရခက်နိုင်ပါတယ်။
ဒါပေမဲ့ မက်ဒါနာကတော့ အေမီပြောနေတဲ့စကားတွေကို ကြားတော့တယ်ပုံမပေါ်ဘူး။ အဲဒီအစား အယ်လိုဟင်ထပ်ထုတ်လိုက်တဲ့ ရွှေနားကွပ်ကြွေပန်းကန်ထဲက ထောပတ်ကွတ်ကီးတွေကိုပဲ မနားတမ်းစိုက်ကြည့်နေတယ်။ ခဏနေတော့ မအောင့်နိုင်တော့ဟန်နဲ့ လက်ကလေးနှစ်ဖက်ကို ပြိုင်တူမြှောက်ကာ လှမ်းလိုက်တယ်။
ဂျွတ်... ဂျွတ်....
“အွန်း၊ စားလို့ကောင်းလိုက်တာ။” မက်ဒါနာဆီကနေ အားပါးတရချီးကျူးလိုက်သံ ထွက်ပေါ်လာတယ်။ လင်ဒါက ကွတ်ကီးတစ်ခုစီကို လက်တစ်ဘက်စီမှာကိုင်ထားတဲ့ မက်ဒါနာကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါပြီ။ အဲဒီလောက် အလိုလိုပြုံးလိုက်တယ်။ ဒါပေမဲ့ လင်ဒါမလှုပ်ရှားရသေးခင်မှာပဲ အေမီက တစ်ရှူးတစ်ခုကိုကိုင်လာပြီး
“မမလေး၊ အရသာရှိတယ်ဆိုပေမဲ့ သတိလေးဘာလေးထားပြီးစားပါဦး။ အကုန်လုံးပေပွကုန်ပြီ။ မုန့်အမှုန့်တွေကြောင့် ပုရွက်ဆိတ်ကိုက်ခံရတော့မှာပဲ။”
အေမီက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရဲ့ပါးပေါ်မှာတင်ကျန်နေတဲ့ မုန့်အစအနတချို့ကို တစ်ရှူးနဲ့ဖယ်လိုက်တယ်။ အဲဒီနောက် မက်ဒါနာရဲ့ဘောင်းဘီရှည်မှာကပ်နေတဲ့ မုန့်အမှုန့်တွေကိုပါ ခါပေးပါတယ်။ သခင်မလေးကတော့ မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ အပြစ်လုပ်ထားတာသူမဟုတ်သလိုမျိုး အေမီကို ကြည့်လို့ပေါ့။
“အယ်ဟယ်ဟယ်၊ ခုကျမှသတိထားမိတယ်ကြည့်စမ်း။” အေမီမက်ဒါနာကို သန့်ရှင်းရေးလုပ်ပြီးတော့ လင်ဒါက ရှေ့ကိုရောက်လာပြီး စားပွဲခုံပေါ်မှာထိုင်နေတဲ့ မက်ဒါနာ့လည်ပင်းကိုဖက်ကာ ပြောလိုက်လေရဲ့။
“ဖလေရာရေ၊ တို့တွေမက်ဒါနာကို ကြောင်မလေးလိုမျိုး ဝတ်ပေးရင် တကယ်ကြောင်မလေးနဲ့တူမှာနော်။”
“ဟုတ်သားပဲ။” ဖရာလီတာက အဲဒီစကားကိုကြားတာနဲ့ တစ်ခုခုကို သတိရသွားတဲ့ပုံစံနဲ့ ဝန်ထမ်းအိမ်ရာထဲကို အမြန်ပြေးဝင်သွားတယ်။ အဲဒီနောက် လက်ထဲမှာ တစ်စုံတစ်ခုကိုကိုင်ပြီး ပြန်ထွက်လာတယ်။ သေချာကြည့်မှ စျေးပေါတဲ့ ကြောင်နားရွက်ဘီးကုပ်လေးဖြစ်နေတယ်။
“မြှောင့်....” ဖရာလီတာက မက်ဒါနာရဲ့ခေါင်းပေါ်မှာ ကြောင်နားရွက်လေးတပ်ပေးပြီးတဲ့နောက် မက်ဒါနာဆီကနေပြီး ကြောင်အော်သံထွက်လာလေရဲ့။ တမင်လုပ်တာလား၊ မရည်ရွယ်ဘဲထွက်လာတာလားတော့ မကျိန်းသေဘူးရယ်။
“ဟုတ်ပါ့၊ တကယ့်ကြောင်ဖြူမလေးအတိုင်းပဲ။” ဖလေရာက အဲဒီမြင်ကွင်းကိုကြည့်ပြီးခေါင်းညိတ်တယ်။ ဒါပေမဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်ပါပြီ။ “ပြဿနာတစ်ခုက သူဝတ်ထားတဲ့ အဝတ်အစားတွေနဲ့မလိုက်တာပဲ။”
မက်ဒါနာက အခုထိမဟာမိတ်အရာရှိဝတ်စုံကို အခုထိဝတ်ထားဆဲပါ။ မက်ဒါနာနားက ကောင်မလေးတွေက တစ်ယောက်နဲ့တစ်ယောက် ခေါင်းညိတ်ပြီး အချက်ပြလိုက်ကြတယ်။ အဲဒီနောက် မက်ဒါနာကို ဖမ်းချုပ်လိုက်ကြပြီး လူနေဆောင်တွေဘက်ကို ဆွဲခေါ်သွားဖို့ကြိုးစားတယ်။
“နင်တို့ ငါ့ကိုဘာလုပ်ကြမလို့လဲ။” မက်ဒါနာက မေးလိုက်တော့ အေမီက အခုလိုပြန်ဖြေတယ်။
“မမလေးက အခုမှအပြင်ကနေ ပြန်ရောက်တာမဟုတ်လား။ အဝတ်လဲမှဖြစ်မှာပေါ့။ မပူပါနဲ့၊ ကျွန်မတို့ အဝတ်ကူရွေးပေးပါ့မယ်။”
“.....” အေမီကိုယ်တိုင် သစ္စာဖောက်မကြီးဖြစ်သွားပြီးတဲ့နောက်တော့ ဒီကံကြမ္မာကနေပြီး မက်ဒါနာ မလွတ်မြောက်နိုင်တော့ပါဘူး။
...
“ဝါး၊ မက်ဒါနာက ဘာဝတ်ဝတ်လှနေတာပဲ။ ဒါပေမဲ့ ဒီကျောင်းသူဝတ်စုံက သူနဲ့ကွက်တိပဲ။”
ဖရာလီတာက သူ့ရှေ့မှာရှိနေတဲ့ မက်ဒါနာရဲ့ပုံစံကို ကြည့်လိုက်ပြီး ကောက်ချက်ချပါတယ်။ အခုမက်ဒါနာက အဖြူရောင်ဆေလာကျောင်းသူဝတ်စုံကို ဝတ်ထားပြီး ဂျပန်ကျောင်းသူစကပ်အနက်လေးနဲ့ပါ။ ပြီးတော့ သူနဲ့လိုက်တဲ့ အနက်ရောင်စတော့ကင်အတိုကို တွဲဝတ်ထားတယ်။ ကြောင်နားရွက်ဘီးကုပ်နဲ့ပေါင်းလိုက်တော့ အန်နမဲထဲက ကြောင်မလေးလိုဖြစ်သွားရော။
“မက်ဒါနာက ဘာဝတ်စုံဝတ်ဝတ်လှပြီးသားဆိုပေမဲ့ အခုလိုကြောင်အမူအရာနဲ့ပါဖြစ်နေတာက နည်းနည်းထူးဆန်းတယ်လို့မထင်ဘူးလား။” ဖလေရာကတော့ ကြောင်ဝတ်စုံရဲ့ကြောင်မလေးလို ပြုမူနေတဲ့ မက်ဒါနာကိုကြည့်ပြီး သံသယအပြည့်နဲ့ ပြောလိုက်ပါတယ်။ လင်ဒါလည်း ခေါင်းညိတ်လိုက်ပါပြီ။ ဒါက တကယ့်ကို ပုံမှန်မဟုတ်ဘူး။
“တွေးကြည့်ခါမှ၊ သူကျားဖြူအစွမ်းကို ခုရက်ပိုင်းခဏခဏသုံးနေလို့များလား။ မက်ဒါနာက နင်အဲဲဒီအစွမ်းကို ဘယ်နှစ်ခါသုံးပြီးပြီလဲ။”
ဖရာလီတာလည်း စဥ်းစားပြီးနောက် ဖြစ်နိုင်တယ်ဆိုပြီး မက်ဒါနာကိုမေးလိုက်တာ။ မက်ဒါနာကတော့ သူ့ခေါင်းကိုစောင်းပြီးတော့ ခဏတွေးတယ်။ နောက်တော့ သူ့လက်ချောင်းလေးတွေကိုထောင်ပြီးတော့ စတွက်ချက်ပါတယ်။
“သုံး၊ လေး၊ ငါး.... အင်း၊ ဒီလထဲမှာ ခုနစ်ခါလောက်ရှိပြီထင်တယ်။” မက်ဒါနာက မသဲမကွဲနဲ့ပြန်ဖြေပါတယ်။ သူကိုယ်တိုင်လည်း အဖြေကိုအတိအကျသိပုံမပေါ်ဘူး။ အခုနောက်ပိုင်း ပိုးကောင်တွေ နယ်မြေထဲကျူးကျော်လာတိုင်း ထွက်ထွက်တိုက်နေရတာမလို့ သူအသေးစိတ်မမှတ်နိုင်တော့တာ။ ကျားဖြူကို သူရထားတာ မကြာသေးပေမဲ့ ဖီးနစ်ကိုသုံးဖူးတဲ့ အကြိမ်အရေအတွက်ထက်စာရင် အများကြီးပိုနေပြီ။
“ဒါပေမဲ့ အဲဒီကြောင်ပြောတော့ ဘဝင်နည်းနည်းမြင့်လာရုံပါဆို။ ဘယ်လိုလုပ်ပြီး ကြောင်စိတ်ပေါက်တဲ့ ဆိုးကျိုးပါရှိနေတာလဲ။”
ဖရာလီတာက ခေါင်းကုတ်ပြီး စဥ်းစားလိုက်တယ်။ လင်ဒါလည်း သက်ပြင်းချလိုက်ပြီး “သူက ကြောင်ဆိုတော့ ကြောင်စိတ်ပေါက်ပြီးသားလေ။ ဒီတော့ အဲဒီအားနည်းချက်ကို သတိမထားမိတာလည်းဖြစ်နိုင်တာပဲ။”
လင်ဒါပြောတာအဓိပ္ပါယ်ရှိတဲ့အတွက် သူတို့တွေအားလုံး ခေါင်းညိတ်လိုက်ကြတယ်။ ဖလေရာက မက်ဒါနာကြောင်စိတ်ပေါက်နေတာကို သိပ်ပြီးစိုးရိမ်ပုံမရဘူး။ အဲဒီအစား အခုလိုသက်ပြင်းချလိုက်ပါတယ်။
“ဘာပဲပြောပြော ဖီးနစ်လိုမျိုး သက်တမ်းကိုပေးရတာနဲ့ယှဥ်ရင်တော့ သာပါသေးတယ်။ မက်ဒါနာမှာကြောင်မွှေးတွေပေါက်မလာမချင်း အဆင်ပြေတယ်လို့ပြောရမှာပဲ။”
“ဟေး၊ ငါလည်း ကြောင်မွှေးတွေမပေါက်ချင်ပါဘူးနော်။” အဲဒီစကားကိုကြားတော့ မက်ဒါနာလည်းလန့်သွားပြီး သူ့ပခုံးသူဖက်ကာ ကျောချမ်းနေတဲ့လေသံနဲ့ပြောလိုက်ပါလေရောလား။ ဒါကြောင့် အကုန်ပွဲကျသွားလေရဲ့။
“ပြီးတော့ ကြောင်နက်က ဂျပန်ပြန်သွားပြီဆိုပေမဲ့ တစ်ခုခုဖြစ်လာရင် လှမ်းမေးလို့ရတာပဲဥစ္စာ။ သိပ်တော့ ပြဿနာမရှိပါဘူး။” ဖလေရာက ဒီစကားနဲ့အတူ အဲဒီကိစ္စကို အဆုံးသတ်လိုက်တယ်။ နောက်တော့ သူတို့အုပ်စုက တခြားထွေရာလေးပါးတွေစပြောကြတယ်။
ဒါပေမဲ့ အဲဒီအထဲမှာတော့ အေမီမပါဘူးရယ်။ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီးတော့ မက်ဒါနာကို သေချာကြည့်လိုက်တယ်။ သူ့မျက်လုံးတွေနောက်က မှန်ဘီလူးတွေ အလုပ်လုပ်နေတာကို သေချာမြင်ရတယ်။ အားလုံးသတိမထားမိပေမဲ့ အေမီက မက်ဒါနာကိုကြည့်နေပြီး တစ်ခုခုကိုတွက်ချက်ဖို့ ကြိုးစားနေသလိုပဲ။ မကြာခင်မှာပဲ အဖြေရှာဖို့ကျဆုံးသွားဟန်နဲ့ အေမီရဲ့မှန်ဘီလူးတွေက ငြိမ်ကျသွားတယ်။ အေမီက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်တဲ့သူတွေကို ပြောမပြခဲ့ဘူး။
“နင်တို့တွေပျောက်နေပါတယ်လို့၊ လက်စသတ်တော့ဒီနေရာမှာ လာစုနေကြတာကိုး။” ကင်းလှည့်ရာကနေ ပြန်လာတဲ့ နတ်သူငယ်မလေးဆိုဖီယာက ပြောလိုက်တယ်။
“ဟေး၊ ဆိုဖီယာ။ ဒီနေ့ဘာထူးလဲ။” မက်ဒါနာက ဆိုဖီယာကို လက်ယမ်းနှုတ်ဆက်လိုက်ပြီး မေးတယ်။ ဆိုဖီယာက မက်ဒါနာရဲ့တက်ကြွလွန်းတဲ့ပုံစံသစ်ကို သိပ်ပြီးအသားမကျပေမဲ့ ပြန်ပြုံးပြလိုက်တယ်။
“ထုံးစံအတိုင်း ဒီနေ့လည်း ပိုးကောင်တွေက ခံစစ်လိုင်းတွေကို ဖိအားပေးလာပြန်ပြီလေ။ ဒါပေမဲ့ လွယ်လွယ်လေးမောင်းထုတ်နိုင်ခဲ့တယ်။ ထူးခြားတာဆိုလို့ပိုးကောင်အမျိုးအစားသစ်တချို့ကို တွေ့နေရတာပဲ။ ပိုးကောင်ဗိုလ်ချုပ်သစ် မွေးဖွားလာတော့မှာဖြစ်နိုင်တယ်။”
ဆိုဖီယာဆီက ခန့်မှန်းချက်ကိုကြားတော့ အားလုံးရဲ့မျက်နှာတွေ တည်တံ့သွားကြတယ်။ လက်ရှိစစ်ပွဲအခြေအနေက နှစ်ဖက်လုံးအသာစီးမရတဲ့ပုံစံမျိုးမှာတန့်နေတာပါ။ ဒါပေမဲ့ ရန်သူ့ဘက်မှာ ရေဂင်ရှိနေတုန်းကဆိုရင် မဟာမိတ်ဘက်က ဖိအားအများကြီးကိုခံစားခဲ့ရတာ။ ရေဂင်က ပိုးကောင်ဗိုလ်ချုပ်တွေမွေးဖွားလာအောင် ကူညီပေးပြီး သူတို့ကို အမြဲတမ်းဖိအားပေးနိုင်တဲ့သူလေ။ အခုရန်သူ့ဘက်က ရေဂင်မရှိလို့ အလောတကြီးမလှုပ်ရှားသေးဘူးဆိုပေမဲ့ ပိုးကောင်ဗိုလ်ချုပ်သစ်တွေရလာရင် အခြေအနေက တစ်မျိုးပြောင်းသွားနိုင်တယ်။
“သေချာပေါက် ကိစ္စအသေးအမွှားတော့မဟုတ်ဘူးပဲ။ အဲဒီပိုးကောင်တွေရဲ့အသိုက်ကိုရှာပြီး သူတို့အရွယ်ရောက်မလာခင် ဖျက်ဆီးသင့်တယ်လို့ထင်လား။” ဖရာလီတာက မေးလိုက်တော့ ဆိုဖီယာက ခေါင်းညိတ်ပြတယ်။
“အဲဒါက လက်ရှိအချိန်မှာ အထိရောက်ဆုံးဗျူဟာပဲ။ ပိုးကောင်ဗိုလ်ချုပ်တွေ အရွယ်ရောက်လာပြီဆိုရင် မက်ဒါနာတစ်ယောက်ပဲ သူတို့ကိုသေချာအနိုင်ယူနိုင်တော့မှာ။ ကျန်တဲ့သူတွေအတွက်က ကံကောင်းဖို့လိုတယ်။”
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြတယ်။ သူတို့လိုပဲ ပိုးကောင်ဗိုလ်ချုပ်တွေတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အားနည်းချက်အားသာချက်တွေရှိကြပါတယ်။ ကြောင်နက်တောင်မှ ဘာမှမဟုတ်တဲ့ပုစွန်ကိုရှုံးဖူးတယ်လေ။ “ဒါပေမဲ့ ငါစိုးရိမ်နေတာတစ်ခုရှိတယ်...” ဆိုဖီယာက စကားဆက်လိုက်ပြန်တယ်။
ဖရာလီတာကတော့ ဆိုဖီယာပါးစပ်ဟလိုက်တည်းက ဘာပြောမဘဲဆိုတာကို ခန့်မှန်းမိပြီးသားပါ။ သူက ဆိုဖီယာစကားမဆက်ခင် အခုလိုပြောလိုက်တယ်။ “သူတို့ဗျူဟာပြောင်းသွားမှာကို နင်စိုးရိမ်နေတာလား။”
“အင်း၊ ဟုတ်တယ်။” ဆိုဖီယာက ဖရာလီတာရဲ့သံသယကို အတည်ပြုပေးလိုက်ပြီးနောက် သူ့ရဲ့အမြင်ကို စရှင်းပြတယ်။
“အခုမတိုင်ခင်အထိ ရေဂင်က စစ်ဆင်ရေးအများစုကိုကိုင်တွယ်ပြီး ငါတို့ကိုဖိအားပေးခဲ့တာ။ သူကစစ်သည်ကောင်းတစ်ယောက်ဖြစ်ပေမဲ့ ဗျူဟာသမားကောင်းတစ်ယောက်တော့မဟုတ်ဘူး။ အမြဲလိုလို အရွယ်မရောက်သေးတဲ့ ပိုးကောင်ဗိုလ်ချုပ်တွေကိုသုံးပြီး ငါတို့ကိုအနိုင်ယူဖို့ကြိုးစားတတ်တယ်။”
အားလုံးသဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ကြပါတယ်။ ရေဂင်က ပထမဆုံးတစ်ကြိမ် သစ်ဆွေးပိုးဗိုလ်ချုပ်ကိုသုံးပြီး နယူးယောက်ကိုဖျက်ဆီးဖို့ကြိုးစားတယ်။ ဒါပေမဲ့ အရွယ်မရောက်သေးတဲ့ သစ်ဆွေးပိုးကို ဖရက်နဲ့မယ်လီက သတ်နိုင်ခဲ့တယ်လေ။ ဒါတောင်မှရေဂင်က မမှတ်သေးဘဲ အရွယ်မရောက်သေးတဲ့ နှံကောင်နဲ့ပုစွန်ကို တူညီတဲ့နည်းမျိုးနဲ့သုံးခဲ့ပြီး ပိုးကောင်စစ်တပ်အတွက်အရေးပါတဲ့ လူအင်အားအရင်းအမြစ်တွေကို ဖြုန်းတီးခဲ့တယ်။
“အခုတစ်ခေါက်ကျတော့ သူ့ထက်အများကြီးပိုသွေးအေးတဲ့ ဘာရွန်က စီမံကွပ်ကဲနေတာ။ ပြီးတော့ ဥစာကီကိုယ်တိုင်လည်း သိပ်ဩဇာမရှိတော့တဲ့ပုံပဲ။”
ဘာရွန်က ရေဂင်ထက် အများကြီးပိုအတွေ့အကြုံရှိပြီး ပိုအစွမ်းထက်တယ်။ ဒါ့အပြင် ရေဂင်ရဲ့အမှားတွေကနေတစ်ဆင့် အမှန်ကိုမြင်နိုင်ပြီးသားဖြစ်တာကြောင့် ဆိုဖီယာရဲ့စိုးရိမ်မှုက သံသယသက်သက်ပဲမဟုတ်ဘူး။
“ငါကြောက်တာက အဲဒီပိုးကောင်ဗိုလ်ချုပ်အသစ်တွေကို ငါတို့မသိအောင်ဝှက်ထားပြီး အရွယ်ရောက်လာမှ ထုတ်သုံးမှာကိုပဲ။”
ဆိုဖီယာက စကားကို အဆုံးသတ်လိုက်ပြီးတဲ့နောက်မှာတော့ အခန်းတစ်ခုလုံးကို တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့ပါတယ်။
....
မှောင်မိုက်ပြီး သစ်ပင်တွေထူထပ်စွာပေါက်ရောက်နေတဲ့ သစ်တောကြီးတစ်ခုရဲ့အလယ်မှာ ထူးဆန်းတဲ့ကျောက်သားနန်းတော်ကြီးတစ်ခုက အထီးကျန်စွာ ရပ်တည်လို့နေပါတယ်။ နန်းတော်ကြီးက အပြီးသတ်သေးပုံမရဘဲ လုပ်သားများစွာက နန်းတော်ကိုတည်ဆောက်ဖို့ အလုပ်လုပ်နေကြဆဲပါ။ သေချာသတိထားကြည့်ရင် အဲဒီလုပ်သားတွေက လူတွေမဟုတ်ဘဲ ပိုးကောင်တွေဖြစ်နေတာကို သတိထားမိမှာပါ။
မြေအနေအထားအရ အမေရိကန်နဲ့ကနေဒါနယ်စပ်တစ်လျှောက် ကြီးထွားပေါက်ရောက်နေတဲ့ ဘိုရီးရဲတောအုပ်ကြီး ဖြစ်ပုံပါပဲ။ ဘိုရီးရဲတောအုပ်ကြီးထဲမှာ ပေါက်ရောက်တဲ့သစ်ပင်အများစုက ထင်ရှူးပင်တွေပါ။ ထင်ရှူးနက်၊ ထင်ရှုးဖြူ၊ ကတော့ချွန်ပုံစံရှိ ထင်ရှူး စသည်ဖြင့်ထင်ရှူးမျိုးစုံအောင်ပုံပါတယ်။
နန်းတော်ကြီးက အဲဒီထင်းရှူးပင်တွေကြားက သစ်ပင်တွေမရှိတော့တဲ့ စတုရန်းနှစ်ကီလိုမီတာပတ်ပတ်လည်မှာ တည်ဆောက်ထားတာပါ။ အနုပညာပုံစံက ကမ္ဘာမြေကပုံစံနဲ့မတူဘဲ နံရံတွေမှာ မတူညီတဲ့စကြဝဠာမျိုးနွယ်အမျိုးမျိုးက ဘုရင်မတွေကို တွေ့ရပါတယ်။ ပိုးကောင်ဧကရီတွေက သူတို့ပထမဆုံးကျူးကျော်သိမ်းပိုက်မယ့် ဂြိုဟ်တွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး အဲဒီဂြိုဟ်ကမျိုးနွယ်အဖြစ် အသွင်ယူလေ့ရှိပါတယ်။ ဒါကြောင့် တချို့ဘုရင်မတွေက ဖက်ဒရေးရှင်းထဲက အဖွဲ့ဝင်မျိုးနွယ်တွေဖြစ်နေတာ တွေ့ရတယ်။ နောက်ဆုံးမျက်နှာကြီးကတော့ လူသားမျက်နှာနဲ့တူပြီး ဥစာကီရဲ့မျက်နှာပါ။
မျက်နှာတစ်ဖက်က ဥစာကီရဲ့လူသားအသွင်နဲ့တူပြီး တစ်ဖက်ကတော့ ဥစာကီရဲ့ပိုးကောင်အသွင်ဖြစ်တဲ့ နားကျယ်ကောင်ပါ။ တခြားဘုရင်မတွေရဲ့မျက်နှာတွေကိုလည်း အလားတူထုဆစ်ထားတယ်။
ဒီနန်းတော်က တိုက်ပွဲဝါရှင်တန်ဖျက်ဆီးခံရပြီးတဲ့နောက်မှာ တည်ဆောက်ခဲ့တာပါ။ မူလက ပိုးကောင်အင်ပါယာက ဝါရှင်တန်ဒီစီမြို့ကိုပြန်တည်ဆောက်ဖို့ကြိုးစားခဲ့သေးပေမဲ့ နယူးယောက်နဲ့နီးတဲ့အတွက်ကြောင့် မိုင်ယာမီကိစ္စအပြီးမှာ မြို့စွန့်လွှတ်ခဲ့ပါတယ်။ အခုဝါရှင်တန်ကို မဟာမိတ်ကပြန်ရထားပြီး ပိုးကောင်အင်ပါယာက သူတို့ပိုင်နက်တွေရဲ့အတွင်းပိုင်းဖြစ်တဲ့ ကနေဒါနယ်စပ်မှာ ဌာနချုပ်သစ်ကိုဆောက်ခဲ့တာပါ။
....
ဥစာကီက လော့ဟက်မာတင်မှာရှိတဲ့ ပလ္လင်ထက်ပိုခမ်းနားတဲ့ ပလ္လင်ပေါ်မှာထိုင်နေတယ်။ အနက်နဲ့အဝါရောစပ်ထားတဲ့ ကိုမိုနိုကိုဝတ်ထားပြီး ခါးမှာကာတာနာဓားကိုချိတ်ထားကို တွေ့ရမှာပါ။ လှေကားဆယ်ထစ်စာလောက်မြင့်တဲ့ စင်မြင့်ပေါ်မှာ အဲဒီပလ္လင်က ရှိနေတာဖြစ်ပြီး ရွှေသားအစစ်နဲ့သွန်းထားတာဖြစ်ပါတယ်။ ပလ္လင်ရဲ့နောက်မှီမှာ နကျယ်ကောင်မျက်နှာကို ထုဆစ်ထားတယ်။
ဥစာကီက သူ့ကိုခစားနေတဲ့သူတွေကို ကြည့်လိုက်တယ်။ ဘာရွန်ကတော့ ပလ္လင်ရှိရာထက် လှေကားတစ်ထစ်နိမ့်တဲ့နေရာမှာရှိနေပြီး မတ်တပ်ရပ်ခစားနေတယ်။
ယင်ကောင်နဲ့ပိုးဖလံကတော့ လှေကားထစ်တွေရဲ့အောက်ဆုံးမှာရှိနေပြီး ဒူးထောက်ခစားနေကြပါတယ်။ ဘာရွန်က ဘုရင်မဘေးမှာရှိနေပြီး သူတို့က ဘာရွန်ကိုပါ အလိုလိုခစားပြီးသားဖြစ်နေတာမလို့ ဒေါသထွက်နေကြပေမဲ့ လောလောဆယ် သူတို့ဘာမှမတတ်နိုင်ဘူး။
တကယ်တော့ သူတို့နဲ့အတူခစားနေတဲ့ တခြားလူသစ်နှစ်ယောက်လည်း ရှိနေကြပါသေးတယ်။ တစ်ယောက်က မိန်းကလေးပါ။ အနက်ရောင်ဘလောက်အင်္ကျီနဲ့အနီရောင်နဲ့အဖြူရောင်အပြောက်တွေပါတဲ့ ဂါဝန်ကားကားကိုဝတ်ထားတယ်။ မီးခိုရောင်မျက်လုံးနဲ့အနက်ရောင်ဆံသားတွေကို ပိုင်ဆိုင်ထားပြီး ဆံပင်အတိုကိုမှ ခပ်တွန့်တွန့်ပါ။
“အခုလိုခစားခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အရှင်မနဲ့ဘာရွန်။ ကျွန်မက အိုလီပါ။”
ဒုတိယတစ်ယောက်ကတော့ သာမန်လူတွေထက် အများကြီးအရပ်ပိုရှည်တယ်။ သူ့အရပ်က ပိုးဖလံနဲ့ယှဥ်ရင် နှစ်ဆလောက်ကိုမြင့်နေတာ။ ယင်ကောင်ဆိုရင်တော့ သူ့ဒူးလောက်ပဲရှိတော့တယ်။ ခန္ဓာကိုယ်က ဗလအပြည့်နဲ့ဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက ဘာမှမဝတ်ဘဲ ဗလာကျင်းနေတယ်။ နေဗီပြောက်ကျားဘောင်းဘီကိုဝတ်ထားပြီး မေးစေ့မှာ ရွှေရောင်မုတ်ဆိတ်မွှေးစစရှိတယ်။ ဆံပင်ပုံစံက ရှေ့တစ်လက်မနောက်ပြောင်ဖြစ်ပြီး ပုံမှန်ထက်အများကြီးအရပ်ရှည်တဲ့ မရိန်းတပ်သားတစ်ယောက်လိုထင်ရတယ်။
“အရှင်မနဲ့ဘာရွန်ကို ခစားပါတယ်။ ကျုပ်နာမည်က ဂျက်စပါပါ။ အရှည်ကြီးလို့လည်း ခေါ်နိုင်ပါတယ်။”
ဥစာကီက ဘာမှမပြောခင်မှာပဲ ဘာရွန်ခေါင်းညိတ်လိုက်ပြီး “အရှင်မ သူတို့နှစ်ယောက်က ရှေ့လကျရင် အပြည့်အဝအရွယ်ရောက်လာတော့မယ့် ပိုးကောင် ဗိုလ်ချုပ်အသစ်တွေပါ။ သူတို့ကို အော်ပရှင်း Red Herringအတွက် တာဝန်ပေးပြီးပါပြီ။”
ဥစာကီက အဲဒီစစ်ဆင်ရေးနာမည်ကို ကြားဖူးမနေတဲ့အတွက် ဘာရွန်ကိုကြည့်လိုက်တယ်။ ဘာရွန်က ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုကြိုတိုင်ပင်မထားဘူး။ ဘာရွန်က တစ်ခုခုကို သတိရသွားဟန်နဲ့ အခုလိုပြောလိုက်ပါတယ်။
“ဟုတ်သားပဲ၊ အရှင်မကို ကျွန်တော်အသိမပေးရသေးဘူးထင်တယ်။ ဒီနေ့ညီလာခံပြီးမှ အသေးစိတ်ရှင်းပြပါမယ်။ အခြေခံအားဖြင့်တော့ ရန်သူတွေကို လှည့်စားပြီး အနိုင်ယူမယ့်နည်းလမ်းပါပဲ။”
ဥစာကီက သက်ပြင်းချလိုက်တယ်။ ဘာရွန်လုပ်နေတာတွေကို သူတားဖို့အတွက် စိတ်အားထက်သန်မှုမရှိတော့ဘူး။ အကယ်၍သူတားခဲ့ရင်တောင် ဘာရွန်က သူ့ကွယ်ရာမှာ ဆက်လုပ်နေဦးမှာပါ။
“ကောင်းပြီလေ၊ အင်ပါယာအတွက်အလုပ်လုပ်နေသမျှ မင်းလုပ်နေတာတွေကို လက်ခံပေးလိုက်မယ်။” ဥစာကီက အသွားနှစ်ဖက်ပါတဲ့ စကားကို ပြောလိုက်ပြီး ပလ္လင်ပေါ်မှာထိုင်နေရာကနေ ထလိုက်တယ်။ ဒီနေ့ညီလာခံကို စောစောသိမ်းဖို့ သူဆုံးဖြတ်လိုက်ပြီ။