← Chapters

အရံအစီအစဥ်

Vol. 8 Ch. 35

အရံအစီအစဥ်

Vol. 8 Ch. 35

နောက်ရက်ကတော့ ပုံမှန်နေ့လေးတစ်ခုလို့ ပြောနိုင်တယ်။ ကျောင်းဖွင့်ချိန်ရောက်ဖို့ လအနည်းငယ်လိုသေးတာကြောင့် ကျောင်းမှာ ကျောင်းသားတွေမရှိကြဘူး။ အဆောင်လာနေတဲ့ ကျောင်းသားတွေဖြစ်တဲ့ မိရိုင်တောင်မှ ကိုင်းတိုနဲ့အတူဂျပန်ပြန်လိုက်သွားပြီ။ ဟိုကောင်မလေး လီနာတောင်မှ မိရိုင်နဲ့ပါသွားတယ်။

မက်ဒါနာကတော့ မနက်ပိုင်းကင်းလှည့်ပြီး ပြန်လာတယ်။ ပြန်ရောက်တာနဲ့ တခြားကောင်မလေးတွေနဲ့အတူ ရုပ်ရှင်ကြည့်လိုက်၊ စားလိုက်သောက်လိုက်ပဲ။ ကင်းလှည့်ရမယ့် နယ်မြေကျယ်လာလို့ နည်းနည်းပင်ပန်းရုံပဲရှိတာ။

“မမလေး၊ မမလေး။ အရေးကြီးကိစ္စပေါ်လာပြီ။” မက်ဒါနာတစ်ယောက် ဖရာလီတာနဲ့ဆိုဖီယာကို ပေါင်ပေါ်တင်ပြီး ရုပ်ရှင်ကြည့်နေတုန်း အခန်းထဲကို အေမီဝင်လာတယ်။ အေမီကြည့်ရတာ ထိပ်ထိပ်ပျာပျာဖြစ်နေသလိုပဲ။ အရင်တုန်းကလို အသုံးမကျတဲ့ အိမ်စေမလေးမဟုတ်တော့ပေမဲ့ အခုလိုကျတော့ ဟိုးအရင်က ပုံစံအတိုင်းပဲ။

“အေမီ၊ နင့်နောက်ကနေ ကျားလိုက်လာလို့လား။ စိတ်အေးအေးထားပြီး ငါတို့ကိုရှင်းပြလို့ရတာပဲဥစ္စာ။”

ဒီတော့မှ အေမီက လေပူတွေကို မှုတ်ထုတ်လိုက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ စရှင်းပြပါတယ်။ “ခုလေးတင် ကျောင်းကိုဖုန်းဝင်လာပါတယ်၊ မမလေး။ ဖရန့်ရဲ့အခြေအနေထဖောက်နေလို့ ဆေးရုံကလှမ်းပြီးဆက်သွယ်တာပါ။”

“ဖရန့်လား၊ ဟုတ်သားပဲ။ သူဆေးရုံတက်နေရတာကို ငါမေ့နေတာပဲ။” ဒီတော့မှ မက်ဒါနာလည်း ဖရာလီတာနဲ့ဆိုဖီယာကို ပေါင်ပေါ်ကနေ တွန်းချလိုက်ပြီး ထရပ်လိုက်တယ်။

ဖရန့်က ဝါရှင်တန်တိုက်ပွဲမှာ ဘာရွန်ရဲ့အဆိပ်ဆူးနဲ့အထိုးခံရပြီး မျက်လုံးတစ်ဖက်ထိခိုက်သွားခဲ့တာ။ မေဆင်တွေမှာ ကုသရေးစွမ်းအားရှိသူတွေအများကြီးရှိနေတဲ့အပြင် ပန်းသီးလေးကလည်း ကုသနိုင်စွမ်းရှိသူဖြစ်လို့ သူသိပ်စိတ်မပူခဲ့ပေမဲ့ အေမီအပြေးရောက်လာပုံအရဆိုရင်တော့ အဲဒီလိုမဟုတ်လောက်ဘူး။

“အင်း၊ အခုဆေးရုံကို သွားကြည့်ကြတာပေါ့။” မက်ဒါနာက ပြောလိုက်တော့ ဖလေရာက တီဗီကိုပိတ်ပြီး ခေါင်းညိတ်ပြတယ်။ ဖရာလီတာကတော့ ခုထိဇိမ်ယူလို့ မဝသေးတဲ့ပုံစံနဲ့ မျက်နှာကိုမဲ့ထားလေရဲ့။

....

နာရီဝက်လောက်ကြာတော့ ဖရာလီတာရဲ့သင်္ဘောပျံက ဆေးရုံရှေ့မှာရပ်လိုက်တယ်။ မစ်ရှင်အဖွဲ့ဝတ်စုံတွေဝတ်ထားတဲ့ မက်ဒါနာတို့အုပ်စုလည်း သင်္ဘောပေါ်ကနေ ဆင်းလိုက်ပြီးတော့ ဆေးရုံကောင်တာဆီကို သွားကြပါတယ်။ ကောင်တာဆီရောက်တော့ ဖရန့်နာမည်ကိုမေးတာနဲ့ သူနာပြုအုပ်စုက သူတို့ကို အဆင့်မြင့်လူနာဆောင်ဆီသွားဖို့ လမ်းညွန်လိုက်ကြပါတယ်။

အဆင့်မြင့်လူနာဆောင်က ဆေးရုံရဲ့အလယ်မှာရှိနေတဲ့ အဆောင်ကြီးတစ်ခုကိုပြောတာ။ သူတို့အဲဒီကိုသွားတော့ ပုံမှန်ဆေးရုံတွေနဲ့မတူတဲ့ အငွေ့အသက်မျိုးကို စရလာတယ်။ အထဲကိုဝင်လိုက်တော့ လူနာဆောင်ထဲမှာ လူနာခန်းတစ်ခန်းပဲရှိနေတာကို တွေ့ရတယ်။

“ငါတို့ဆေးရုံနဲ့ဧရာမဘွန်ဇိုင်းဥယျာဥ်မှားနေတာလား။” ဖရာလီတာက တအံ့တဩနဲ့ပြောလိုက်တယ်။ မက်ဒါနာလည်း သူ့ရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကြောင့် ခေါင်းညိတ်မိလိုက်လေရဲ့။

ဖန်သလင်းကျောက်ခန်းကြီးက မီတာငါးရာလောက်ကျယ်ပြီး ကြမ်းပြင်အစား မြေဆီလွှာတွေဖုံးအုပ်ထားတယ်။ သစ်ပင်ပန်းပင်တွေ နေရာတိုင်းမှာရှိနေပြီး သီးနှံပေါင်းစုံလည်း ကြီးထွားလို့နေလေရဲ့။ ဒါတွေအားလုံးရဲ့အလယ်ဗဟိုမှာတော့ ပုံမှန်ထက်ပိုကြီး

နေတဲ့ ပန်းသီးလေးရှိနေပြီး ဒူးထောက်ထိုင်နေကာ လူနာအိပ်ရာပေါ်က ဖရန့်ရဲ့လက်ကို ဆုပ်ကိုင်ထားပါတယ်။ ပြီးတော့ ပန်းသီးလေးရဲ့ခန္ဓာကိုယ်ကနေပြီး အစိမ်းရောင်အလင်းတန်းတွေဖြာထွက်နေကာ ဖရန့်ကိုယ်ထဲကို စီးဝင်နေပါတယ်။

“သိပ်ကိုအားကောင်းတဲ့ မြူတန့်စွမ်းအားနယ်ပယ်ပဲ။ ပြီးတော့ ရှားပါးတဲ့ ကုသခြင်းစွမ်းအင်အမျိုးအစား။ အဲဒီအထဲမှာ သာမန်လူတစ်ယောက်နေထိုင်ရုံနဲ့တင် လူ့သက်တမ်းစေ့နေနိုင်မှာကျိန်းသေတယ်။”

ဆိုဖီယာက အဲဒီမြင်ကွင်းကိုကြည့်ရင်း မှတ်ချက်ချလိုက်တယ်။ သူပြောတဲ့ လူ့သက်တမ်းပြည့်ဆိုတာက အသက်တစ်ရာ့နှစ်ဆယ်ကိုပြောတာ။ ပန်းသီးလေးရဲ့စွမ်းအားက အံ့ဖွယ်ကောင်းလောက်အောင် ကြီးမားလွန်းတယ်။

ဆရာဝန်တွေကို ခွင့်တောင်းပြီးတဲ့နောက်တော့ သူတို့လူနာခန်းထဲကို ဝင်ခွင့်ရကြတယ်။ မက်ဒါနာက ရှေ့ဆုံးကနေ ဝင်သွားတဲ့သူပါ။ သူက ကလေးမလေးမဟုတ်တော့ဘဲ အကြီးလွန်နေတဲ့ ပန်းသီးလေးကို အကဲခတ်လိုက်တယ်။ ခေါင်းပေါ်က ချိုလေးနှစ်ခုက အခုဒရယ်ချိုလိုမျိုး အကြီးကြီးဖြစ်နေပြီဖြစ်ပြီး အစိမ်းရောင်ဆံသားတွေက လူနာခန်းအနှံပြန့်နှံနေပါတယ်။ ရိုးရှင်းတဲ့အဖြူရောင်ဂရိဂါဝန်ကိုဝတ်ဆင်ထားပြီး ဒဏ္ဍာရီထဲက သဘာဝနတ်မိမယ်တစ်ပါးလိုမျိုး ထင်ရပါတယ်။

“ဖရန့်က နေမကောင်းဘူး၊ ပန်းသီးလေး ဘာလုပ်ရမှန်းမသိတော့ဘူး။” ပန်းသီးလေးက ခါတိုင်းလိုပဲ တတိယရှုထောင့်ကနေပြောလိုက်တယ်။ ပန်းသီးလေးရဲ့မျက်ဝန်းတွေမှာ မျက်ရည်စတွေ တွဲလွှဲခိုနေတာကို သူတို့မြင်နိုင်တယ်။

ဆိုဖီယာကလည်း မက်ဒါနာဘေးမှာဝင်ရပ်လိုက်ပြီး ဖရန့်ကို ကြည့်လိုက်တယ်။ ဖရန့်တစ်ကိုယ်လုံးက သွေးကြောတွေထောင်ထနေပြီး နှုတ်ခမ်းတွေ ပြာနှမ်းနေပါတယ်။

“ဒီတော့ နင်တောင်မှ ဘာရွန်ရဲ့နကျယ်ကောင်အဆိပ်ကို မတိုက်ထုတ်နိုင်ဘူးပေါ့။” ဆိုဖီယာက ပြောတော့ ပန်းသီးလေးက ခေါင်းညိတ်ပြလိုက်ပါပြီ။

“သူတို့က ဖရန့်ရဲ့ဦးနောက်ထဲကို ဝင်ဖို့ကြိုးစားနေတယ်။ ပန်းသီးလေးက တိုက်ထုတ်ဖို့ကြိုးစားနေပေမဲ့ သူတို့က အားကောင်းလွန်းတယ်။”

မက်ဒါနာက ဖရက်လည်း အဆိပ်ဆူးနဲ့ထိုးမိထားတဲ့ အကြောင်းတွေးမိတော့ ခေါင်းကိုကုပ်လိုက်ပါတယ်။ ဖရက်ကျတော့ ဘာမှမဖြစ်ဘူးလေ။ “နေပါဦး၊ ဖရက်ကျတော့ ဘာမှမဖြစ်ဘဲ ဖရန့်ကျမှ အခုလိုဖြစ်နေရတာလဲ။”

ဆိုဖီယာကတော့ သက်ပြင်းချလိုက်ပြီး “ဖရက်ကိုကျတော့ လက်ကိုစိုက်မိတာလေ။ ဖရက်က သူ့လက်ကိုဖြတ်ပြီး အဆိပ်မပြန့်အောင် တားလို့ရတယ်။ ဖရန့်ကျတော့ မျက်လုံးကိုမဟုတ်လား။ ဦးနောက်နဲ့နည်းနည်းလေးပဲဝေးတော့တာ။”

တကယ်တမ်းတွေးကြည့်တော့ အဲဒီအချိန်တုန်းက ဖရက်တော်တော်ကံကောင်းခဲ့တာ။ ဘာရွန်က သူ့ကိုသတ်ဖို့ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာမဟုတ်ဘဲ အားစမ်းခဲ့တာ။ ကံကောင်းလို့ သရေကျသွားတာဆိုပေမဲ့ ဖရက်အနေနဲ့ သေသွားနိုင်တဲ့ အခိုက်အတန့်တွေအများကြီးရှိတယ်လေ။

“လိပ်ဘယ်ရောက်နေတာလဲ၊ စောင့်ရှောက်သူသားရဲတစ်ကောင်မှာ ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့နည်းရှိရမှာပေါ့။” မက်ဒါနာက ပြောလိုက်တော့ ပန်းသီးလေးက ခေါင်းခါပြပြန်ပါတယ်။

“ပန်းသီးလေးက လိပ်နက်ကိုဆက်သွယ်ဖို့လုပ်ပေမဲ့ အိပ်မောကျနေတယ်။ အဆိပ်ကိုပြန်တိုက်ဖို့နေနေသာသာ သူ့ကိုယ်သူကယ်တင်ဖို့တောင် ဝိညာဥ်စွမ်းအားမရှိတော့ဘူး။”

‘ဒီတော့ ဖရန့်ကိုဒီအတိုင်းလွှတ်ထားရင် သေတော့မှာပေါ့။’ မက်ဒါနာတွေးလိုက်မိတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ သူ့နှလုံးသားက ပူပန်မှုကို မခံစားမိသလိုပဲ။

“ဖရက်က သတိမေ့နေတာဆိုတော့ သားရဲဝိညာဥ်ကို တခြားသူတွေဆီ လွှဲမပေးခဲ့ဘဲ သေသွားရင် သားရဲဝိညာဥ်ကရော ဘာဖြစ်သွားမှာလဲ။” မက်ဒါနာက မေးလိုက်တော့ ပန်းသီးလေးက မြေပြင်ကို စိုက်ကြည့်လိုက်ပြီး

“ဟိုးအဝေးတစ်နေရာကို ပျောက်ကွယ်သွားလိမ့်မယ်။” မက်ဒါနာက ပန်းသီးလေးရဲ့စကားကို အပြည့်အဝနားမလည်ဘူး။ သေချာတာတစ်ခုကတော့ ပျောက်ကွယ်သွားမယ်ဆိုတာက သူ့အတွက်ကောင်းတဲ့အရာမဟုတ်ဘူးလေ။ သားရဲဝိညာဥ်လေးခုလုံးရှိမှ ဥစာကီကိုအနိုင်ယူနိုင်မှာ။

မက်ဒါနာက ရှိသင့်တာထက် အများကြီးသွေးအေးနေပေမဲ့ ဖရာလီတာကတော့ ရှေ့ထွက်လာပြီး မေးလိုက်တယ်။ “ပန်းသီးလေး၊ နင့်မှာ သူ့ကိုကယ်နိုင်မယ့် နည်းလမ်းတစ်ခုခုမရှိဘူးလား။”

“ပန်းသီးလေး၊ ဝိညာဥ်စွမ်းအားတွေလိုတယ်။ သူ့ကို လွှဲပေးမှဖြစ်မယ်။”

ဝိညာဥ်စွမ်းအားဆိုတာကြားတော့ ဖရာလီတာက ဖင်ထိုင်လျက်ကျသွားပြီး ကြောက်ရွံနေတဲ့ အကြည့်တွေနဲ့ ပန်းသီးလေးကို ကြည့်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မက်ဒါနာတို့အုပ်စုက သစ်တောနယ်မြေအတွင်းက ပြောင်းလဲမှုတချို့ကို စတင်သတိထားမိလာတယ်။ ရုတ်တရက် သစ်တောနယ်မြေကြီးက အသက်ဝင်လာပြီး သူတို့ကိုဖမ်းစားတော့မလိုမျိုးပဲ။ ဗီးနပ်စ်ရဲ့နယ်မြေထဲကို ဝင်မိမှထွက်လာတဲ့ခံစားချက်မျိုးဖြစ်ပေမဲ့ ပန်းသီးလေးရဲ့သစ်တောနယ်မြေထဲမှာ အဲဒီခံစားချက်ကို သူတို့ရနေကြတယ်။

“ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဖရန့်ကိုကယ်ဖို့ဆိုရင် ပန်းသီးလေးက ဝိညာဥ်စွမ်းအားကို စုဆောင်းမှဖြစ်မယ်။”

မက်ဒါနာက သက်ပြင်းချလိုက်တယ်။ ဒီကမ္ဘာမှာ ဝိညာဥ်စွမ်းအားကို စုဆောင်းဖို့အတွက် ဖြစ်နိုင်တဲ့နည်းလမ်းက တစ်ခုပဲရှိပါတယ်။ သက်ရှိမှန်သမျှကိုသတ်ဖို့ပါ။ ဝိညာဥ်စွမ်းအားကို စားသုံးတာက လိပ်နက်ရဲ့အဓိကစွမ်းအင်အရင်းအမြစ်ဖြစ်ပြီး ပန်းသီးလေးက ဖရန့်ကိုကာကွယ်ဖို့ဆိုရင် မြို့တစ်မြို့လုံးကိုသတ်ပြီး ဝိညာဥ်စွမ်းအား စုဆောင်းရင်စုဆောင်းမှာပါ။

“ဒါပေမဲ့ တခြားနည်းလမ်းတော့ ရှိရင်ရှိမှာပါ။ ဖီးနစ်သွေးစက်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်လေ။” ဖလေရာက ခုလိုဝင်ပြောတော့ ကျန်တဲ့အဖွဲ့ဝင်တွေလည်း စဥ်းစားကြည့်တယ်။ ဖီးနစ်သွေးက နကျယ်ကောင်ရဲ့အဆိပ်ကို ဖြေရှင်းနိုင်မယ့်အခွင့်အရေးရှိတယ်။ ပြဿနာက...

“မက်ဒါနာက ဖီးနစ်ဝိညာဥ်ကိုဓားနဲ့ပေါင်းစပ်လိုက်ပြီမလို့ ကိုင်းတိုဆီကနေ ဖီးနစ်သွေးစက်ရဖို့မဖြစ်နိုင်တော့ဘူးမဟုတ်လား။” အားလုံးက မက်ဒါနာကို ကြည့်လိုက်တယ်။ မက်ဒါနာလည်း အပြစ်လုပ်မိထားတဲ့ ပုံစံနဲ့ နောက်ကိုဆုတ်လိုက်မိလေရဲ့။

“ဒါဖြင့် ပန်းသီးလေးကို သောင်းကျန်းချင်တိုင်း သောင်းကျန်းခွင့်ပေးရတော့မှာလား။” ဖလေရာနဲ့လင်ဒါက ခေါင်းကုတ်လိုက်တယ်။ သူတို့အနေနဲ့ မြူတန့်သားရဲတွေကိုရှာပြီး အသုံးပြုခိုင်းဖို့တော့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လိပ်နက်ကိုပြန်နိုးထလာအောင်လုပ်ဖို့ ဘယ်လောက်ထိလိုမယ်မှန်းမသိဘူး။

အားလုံးစိတ်ဓာတ်ကျနေတဲ့အချိန်မှာပဲ ဖရာလီတာက လက်ချောင်းတစ်ချောင်းထောင်ပြီး သူ့အကြံကို ပြောလိုက်ပါတယ်။ “အားလုံးပဲ မျှော်လင့်ချက်တော့ ရှိပါသေးတယ်။”

အဲဒီနောက်က သူက ဖုန်းကိုထုတ်လိုက်ပြီး ဗြိတိန်မှာကျန်နေခဲ့တဲ့ မဒမ်လော့ရန့်ဆီလှမ်းစာပို့တယ်။ “အမေရေ၊ ပန်ဒရာဂွန်လျှို့ဝှက်ချက်စာအုပ်ကြီးမှတ်မိသေးလား။ စာမျက်နှာလေးရာက နဂါးသွေးကြောဆေးဆိုတာကို ဓာတ်ပုံရိုက်ပြီးပို့ပေးပါလား။”

မကြာခင်မှာပဲ တစ်ချက်ကနေ မဒမ်လော့ရန်က အံ့ဩနေတဲ့ အီမိုဂျီနဲ့စာပြန်လိုက်တယ်။ [သမီးလေးဖရာလီတာရေ။ အဲဒီစာအုပ်က အမေတို့မိသားစုလျှို့ဝှက်ချက်လေ။ သူများတွေကို လျှောက်ပြမလို့လား။]

ဖရာလီတာကတော့ အဲဒီစာကြောင့် မျက်နှာကိုမဲ့လိုက်ပြီး အခုလိုပြန်ပို့ပါတယ်။ [အခုအမေ့သမီးက အမေ့ချွေးမကို ပြဖို့လုပ်နေတာလေ။ မိသားစုဝင်ချင်းပဲ ဥစ္စာကို။]

[အမေ့ချစ်စရာချွေးမလေးကိုလား၊ ဟုတ်ပြီဟုတ်ပြီ ခနစောင့်...] အဲဒီစာနဲ့အတူ မဒမ်လောရင့်ရဲ့ပရိုဖိုင်ကမီးစိမ်းတာ ပျောက်သွားတယ်။ ဖရာလီတာကတော့ ဖုန်းကနေ အကြည့်လွှဲလိုက်ပြီး ကျန်တဲ့သူတွေကို ပြုံးပြလိုက်တယ်။

အေမီ၊ လင်ဒါ၊ ဖလေရာနဲ့ ဆိုဖီယာတို့က ဖရာလီတာကို လက်ပိုက်ပြီးကြည့်နေကြပြီ။ ဖရာလီတာက မက်ဒါနာကို ပိုင်စိုးပိုင်နင်းနဲ့သူ့အပိုင်လို ရိုက်ထည့်လိုက်တာကိုး။

“နင်တို့ကလည်း၊ ဒီလိုမှမဟုတ်ရင် ငါ့အမေက ပြမှာမှမဟုတ်တာ။” မက်ဒါနာတို့အုပ်စု ဆူပူနေတုန်းမှာပဲ တစ်ဖက်ကနေ စာပြန်လာတယ်။ အပင်တချို့ပုံစံနဲ့ နဂါးတစ်ကောင်ရဲ့နှလုံးသွေးကြောပုံပါတဲ့ဆေးနည်းစာရွက်ပါ။

ဖရာလီတာက ရှင်းပြလိုက်တယ်။ “အဟမ်း၊ ဒီဆေးနည်းက ငါတို့ပန်ဒရာဂွန်မျိုးဆက်တွေ လက်ဆင့်ကမ်းခဲ့တဲ့ဟာပဲ။ ငါကတော့ မဖော်တတ်ပေမဲ့ စာအုပ်ထဲ ဖတ်ဖူးလို့မှတ်မိနေတာ။ နဂါးတစ်ကောင်ရဲ့နှလုံးသွေးကြောနဲ့ဆေးဖက်ဝင်အပင်တချို့ကို ဖော်စပ်ရင် လူသားတစ်ယောက်ရဲ့ခံနိုင်ရည်ကို အများကြီးမြင့်တက်သွားစေတဲ့ ဆေးကိုထုတ်ဖော်လို့ရနိုင်တယ်။ အဆိပ်ပြီးတာလည်း အကျိုးကျေးဇူးတွေထဲက တစ်ခုပဲ။”

“တိတိကျကျပြောရရင်တော့ ကုသနိုင်စွမ်းမရှိပေမဲ့ နဂါးတစ်ကောင်ရဲ့ခံနိုင်ရည်မျိုးရှိလာအောင် လုပ်ပေးနိုင်တဲ့ဆေးပေါ့။ ဖရန့်သာ အဆိပ်ဒဏ်ခံနိုင်သွားရင် လိပ်နက်ကိုနှိုးစရာမလိုဘဲ ပြန်သတိဝင်လာနိုင်လိမ့်မယ်။” ဆိုဖီယာက ဖရာလီတာရဲ့ဆေးနည်းကို နားထောင်ပြီးတဲ့နောက် ကိုယ်တိုင်ကောက်ချက်ချလိုက်တယ်။

“နဂါးသွေးကြောလား၊ တစ်နည်းအားဖြင့် နဂါးပြာဖြစ်နေတဲ့ လီဆာဆီကနေ တောင်းရမှာပေါ့။” မက်ဒါနာက စဥ်းစားလိုက်ပေမဲ့ သိပ်ပြီးခက်ခဲတဲ့ကိစ္စတစ်ခုလို့တော့ ထင်ပုံမရဘူး။

“ဒါပေမဲ့ ပြဿနာတစ်ခုတော့ရှိတယ်။” ဖရာလီတာက ဆေးနည်းကိုကြွားနေရင်းကနေ ရုတ်တရက်ဆိုသလို တည်ကြည်သွားပြန်တယ်။ “နှလုံးသွေးကြောကို ဖြတ်ထုတ်ဖို့ဆိုတာက စောင့်ရှောက်သူသားရဲတွေအတွက်တောင် အန္တရာယ်များတဲ့ကိစ္စ။ အခက်မသင့်ရင် သားရဲဝိညာဥ်ကိုသယ်ဆောင်ထားတဲ့သူ သေဆုံးသွားနိုင်တယ်။”

ဒီတော့မှ ကျန်တဲ့သူတွေအားလုံး ဝမ်းသာနေတာရပ်သွားတယ်။ လင်ဒါက ချက်ချင်းမျက်နှာမည်းမှောင်သွားပြီး “နင်ဆိုလိုတာက အဲဒီဆေးနည်းနဲ့ဖရန့်ကိုကယ်မယ်ဆိုရင် လီဆာရဲ့အသက်ကို စွန့်စားရမယ်ဆိုတဲ့သဘောလား။”

လင်ဒါက လီဆာလေးရဲ့မွေးစားမိခင်ပါ။ လီဆာအပြင်မှာ တစ်ယောက်တည်းလျှောက်သွားနေလို့ နဂိုတည်းက သူစိတ်ပူနေခဲ့တာ။ အခုတော့ သူ့သမီးရဲ့အသက်ကို စွန့်စားရမယ့် ကိစ္စတောင် ရှိလာပြီလေ။

“ဒါပေမဲ့ ကျိန်းသေပေါက် သေမယ်လို့မှမပါတာ။ ဒီအတိုင်း စွန့်စားရရုံပဲမဟုတ်လား။ တခြားနည်းလမ်း ရှာနေရင်းနဲ့ ဖရန့်သေသွားရင် ငါတို့ဘယ်တော့မှ ဥစာကီကို နိုင်တော့မှာမဟုတ်ဘူး။”

မက်ဒါနာက လက်သီးကိုဆုပ်လိုက်ပြီး သူ့ရင်ဘတ်နားကိုမြှောက်ကာ ပြောလိုက်တယ်။ သူ့လေသံက တက်ကြွနေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့လေသံမျိုး။ သူက ပုံမှန်လိုပဲ လင်ဒါသူ့ကို အားပေးမယ်ထင်ပေမဲ့ လင်ဒါသူ့ကိုမျက်မှောင်ကြုတ်ပြီး ကြည့်တာခံလိုက်ရလေရဲ့။

“မက်ဒါနာ၊ ဒါက အခုလိုအခြေအနေမှာ ကျွန်မကိုပြောသင့်တဲ့ လေသံမျိုးမဟုတ်ဘူးနော်။” ဒီစကားနဲ့အတူ သစ်တောနယ်မြေရဲ့လေထုက နောက်တစ်ကြိမ်ပြောင်းလဲသွားပြန်တယ်။ တခြားသူတွေလည်း ရှိမှာရှိနေပေမဲ့ ဘာသံမှမထွက်ရဲကြဘဲ ငြိမ်နေကျတယ်။

“.....” မက်ဒါနာက လင်ဒါကို နားမလည်နိုင်စွာနဲ့ ပြန်ကြည့်လိုက်တယ်။ လင်ဒါကတော့ ရှေ့ကိုတက်လာပြီး မက်ဒါနာရဲ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပါတယ်။

“ကျွန်မကိုကာကွယ်ဖို့ကျဆုံးခဲ့လို့ သမီးလေးရှင့်ကို ထားခဲ့တာအထိ ကျွန်မခွင့်လွှတ်နိုင်သေးတယ်။ အနည်းဆုံးတော့ ရှင့်အမှားကိုရှင်သိပြီး ကျွန်မကိုကယ်ခဲ့တယ်လေ။ ဒါပေမဲ့... တကယ်ပဲသမီးရဲ့အသက်ကို စွန့်စားချင်တာသေချာရဲ့လား။”

လင်ဒါက မက်ဒါနာရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်တယ်။ မက်ဒါနာက ဒီအခြေအနေကို ဘယ်လို တုံ့ပြန်ရမလဲ စဥ်းစားမရဘူး။ အဲဲဒီနောက်တော့ သူ့ရဲ့လက်ကိုမြှောက်ကာ လင်ဒါရဲ့လက်ကိုကိုင်လိုက်ပြီး ပြောလိုက်တယ်။

“ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးကောင်းဖို့အတွက်ပဲ မဟုတ်လား။” ဒီစကားကို ပြောလိုက်ချိန်မှာတော့ အေမီက ချက်ချင်းပဲ မက်ဒါနာကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲက မှန်ဘီလူးတွေက လှုပ်ရှားနေပြီးတော့ နောက်တစ်ကြိမ် အရေးပါတဲ့အရာတစ်ခုကို ထပ်ပြီးတွက်ချက်ဖို့ ကြိုးစားပြန်တယ်။

“အမေရိကကုန်းမြေတိုက်က လူအားလုံးရဲ့အသက်ကိုရင်းပြီး ကောင်မလေးတစ်ယောက်ရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့တာ နင်ပဲမဟုတ်လား။” လင်ဒါရဲ့အမေးကြောင့် မက်ဒါနာဆွံအသွားတယ်။ တကယ်ပဲ မက်ဒါနာက ထောက်ချောက်မှန်းသိသိကြီးနဲ့ မိရိုင်ကို ဥစာကီနဲ့တွေ့ခွင့်ရအောင် စီစဥ်ခဲ့တယ်သူလေ။

“ငါတို့သမီးလေးအတွက်ရော တစ်ခါလောက် အဲဒီလိုစဥ်းစားပေးလို့မရဘူးလား။ တစ်ကမ္ဘာလုံးမှာ ဒီလောက်လူတွေအများကြီးရှိနေတာကို ဘာလို့ကျွန်မတို့သမီးလေးကို စွန့်စားစေချင်ရတာလဲ။”

မက်ဒါနာက ဆက်ပြီးတိတ်ဆိတ်နေတယ်။ လင်ဒါ ဘာကြောင့်စိုးရိမ်နေလဲဆိုတာ သူနားလည်တယ်။ လင်ဒါကို သူပြန်ပြီးအသက်သွင်းနိုင်ခဲ့တာ ယာမီကြောင့်။ အခုယာမီရဲ့အစွမ်းကိုသုံးပြီးပြီဖြစ်တာကြောင့် လီဆာဆေးဖော်နေရင်း တစ်ခုခုဖြစ်သွားရင် ကယ်ဖို့နည်းလမ်းမရှိတော့ဘူး။

“လူ... လူသားအားလုံးရဲ့အကျိုးအတွက် ငါတို့လုပ်သင့်တာ လုပ်ရမယ်မဟုတ်လား။” မက်ဒါနာက လင်ဒါရဲ့မျက်လုံးတွေကိုရှောင်ရင်း ရင်ထဲမပါတဲ့စကားကို ပြောလိုက်တယ်။ ပုံမှန်ဆိုရင် သူ့ရင်ထဲ ဆိုးဆိုးဝါးဝါးနာကျင်နေလောက်ပြီဖြစ်ပေမဲ့ ဘာကြောင့်မှန်းမသိ အေးစက်နေတယ်။ ပြီးတော့ ဒီစကားတွေကို သူပြောတဲ့အချိန်မှာ ဘာမှမခံစားရဘူး။ လင်ဒါကိုနှစ်သိမ့်ဖို့အတွက် ခိုင်လုံမှုမရှိတဲ့ ဆင်ခြေကို သူပြောနေမိသလိုပေါ့။

“ကျွန်မလူရွေးမှားခဲ့တာပဲ။” လင်ဒါက မက်ဒါနာရဲ့အင်္ကျီကော်လံကို လွှတ်လိုက်တယ်။ သူ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာပေမဲ့ သူငိုနေတာမမြင်အောင် မက်ဒါနာကိုကျောခိုင်းပြီး လူနာခန်းထဲကနေ

ထွက်သွားတယ်။

“မက်ဒါနာ၊ နင်တကယ်ပဲ စဥ်းစားပြီးသွားပြီလား။ ငါက နည်းလမ်းပြောတယ်ဆိုပေမဲ့ ကူစဥ်းစားပေးရုံပဲလေ။ ဒါက အကောင်းဆုံးနည်းလမ်း မဟုတ်တာလဲ ဖြစ်နိုင်တာပဲ။” ဖရာလီတာက မက်ဒါနာကို ပြောလိုက်တယ်။

ဖလေရာနဲ့ဆိုဖီယာလည်း ခေါင်းညိတ်လိုက်တယ်။ ဆိုဖီယာကတော့ “ဝိညာဥ်စွမ်းအားစုဆောင်းတဲ့နည်းက စွန့်စားရတာ ပိုနည်းမယ်လို့ငါထင်တယ်။ လူတွေကိုယဇ်ပူဇော်မှ ရတာမျိုးမဟုတ်ဘူးလေ။ ပိုးကောင်တွေဆီကနေလည်း ဝိညာဥ်စွမ်းအားရနိုင်တာပဲလေ။”

မက်ဒါနာက မျက်နှာကျက်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ သူ့ကိုယ်သူ တစ်ခုခုမှားနေမှန်းသိပေမဲ့ ဘာမှားနေလဲ သူစဥ်းစားလို့မရဘူး။ ဟီးရိုးတစ်ယောက်အနေနဲ့ အများစုကိုဦးစားပေးတာက ပုံမှန်ပဲမဟုတ်ဘူးလား။ လင်ဒါက သူ့ကိုအပြစ်တင်နေတာဘာကြောင့်လဲ သူနားမလည်ဘူး။

အေမီကမှာတော့ အတော်လေးကောင်းတဲ့ အကြံတစ်ခုရှိနေပါတယ်။ သူက ပန်းသီးလေးကိုကြည့်လိုက်ပြီးမေးတယ်။ “ပန်းသီးလေးရှင့်၊ ကျွန်မတို့ဘာသာ ဝိညာဥ်စွမ်းအားစုဆောင်းနိုင်မယ့်နည်းလမ်းရှိလား။”

ပန်းသီးလေးက ခေါင်းညိတ်လိုက်ပြီး “ပန်းသီးလေးသိသလောက် ဖရီးမေဆင်တွေမှာ ဝိညာဥ်စွမ်းအားထုတ်ယူနိုင်တဲ့ မှော်ဝင်ရတနာတွေရှိတယ်။”

“ဖရန့်အတွက် အချိန်ဘယ်လောက်ရဦးမလဲ။”

“တစ်လပါ။” အေမီက ခေါင်းညိတ်လိုက်ပြီးတော့ မက်ဒါနာနဲ့အခန်းထဲမှာ ကျန်နေသေးသူတွေကိုကြည့်ကာ ပြောလိုက်ပါတယ်။

“မစ်ဆိုဖီယာနဲ့ဖရက်တို့က အချိန်တစ်လအတွင်းမှာ လုံလောက်တဲ့ ဝိညာဥ်စွမ်းအားစုဆောင်းဖို့ပန်းသီးလေးကို ကူညီပေးသင့်တယ်လို့ထင်ပါတယ်။ မမလေးကတော့ လီဆာကိုသွားရှာပြီး အခြေအနေကိုရှင်းပြထားပါ။ ဝိညာဥ်စွမ်းအားစုဆောင်းဖို့မဖြစ်နိုင်မှ နဂါးသွေးကြောဆေးကို အရံအစီအစဥ်အနေနဲ့သုံးတာ ပိုကောင်းပါလိမ့်မယ်။”

ဒီတော့မှ ဖရာလီတာတို့အုပ်စုလည်း သက်ပြင်းချနိုင်တော့တယ်။ မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး နည်းပညာဝတ်စုံကို ပြောင်းဝတ်ကာ ပြောလိုက်တယ်။ "ဒါဆို ငါလီဆာကိုလိုက်ရှာလိုက်ဦးမယ်။"

Volume 8 ပြီးပါပြီ။

All Chapters