ဆေးဝါးဖော်စပ်ရေးအောင်မြင်ခြင်း
Vol. 7 Ch. 105
အဂ္ဂိရတ်ညီလာခံကျင်းပရာနေရာ၌...
လုချန်ရှန်းတစ်ယောက်သာ ဆေးများကိုမအပ်ရသေးခြင်းဖြစ်၏။
ဤလူက နောက်ဆုံးအမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်ရောက်မှ ဆေးစတင်ဖော်စပ်သူဖြစ်လေရာ လူတိုင်းကလည်း စောင့်ကြည့်နေကြသည်။
ထို့နောက် သူ ယုံနိုင်ဖွယ်ရာမရှိသောအမြန်နှုန်းဖြင့် ဆေးဝါးဖော်စပ်၍ပြီးစီးသွားလေသည်။
ဤဆေးက အောင်မြင်မလား။ ကျရှုံးလေမလား။
လူတိုင်းနီးပါးကတော့ အောင်မြင်နိုင်စရာအကြောင်းမရှိဟု တွေးထားကြသည်။
ကျုံးလီ၊ ရှဲ့ယွမ်ရန်နှင့် ဆေးဝါးသန့်စင်ပြီးသွားကြသော အခြားလူများကလည်း အတွေးအတူတူပင်။
မုဝမ်အာက လုချန်ရှန်း၏နောက်ကျောကိုကြည့်၍ မေးလိုက်၏။
"ဦးလေးလီ.. ဦးလေးအောင်မြင်မယ်လို့ထင်လား"
ဦးလေးလီက တွေးပင်တွေးမနေဘဲ ခေါင်းခါပြပြီးပြော၏။
"တစ်ကျော့ပြန်မီးတောက်ဆေးဝါးက စိတ်တန်ခိုးရှင်အဆင့်ပဲရှိတဲ့ဆေးဝါးဆိုပေမဲ့ မိသားစုထဲက အဂ္ဂိရတ်ပညာရှင်တွေတောင် သန့်စင်မွမ်းမံဖို့ အချိန်နည်းနည်းယူရတယ်"
"ဒီလူက မြန်ပေမဲ့ ဆေးဝါးကိုရောနှောဖော်စပ်တယ်ဆိုတာ အသေးစိတ်ကျတဲ့လုပ်ငန်းစဉ်တစ်ခုပဲ။ ဘာအမှားတစ်ခုမှရှိလို့မရဘူး"
"အဲ့ဒီတော့..."
ဦးလေးလီက သူ့စကားကိုအပြီးမသတ်လိုက်သော်ငြား မုဝမ်အာကတော့ ဦးလေးလီက လုချန်ရှန်းအောင်မြင်လိမ့်မည်ဟုထင်မထားကြောင်း သေချာပေါက်ပြောနိုင်သည်။
ဟူချင်းကမူ မအံ့သြမိပေ။ ဤရက်အတွင်းမှာ လုချန်ရှန်း ဆေးဝါးရောနှောဖော်စပ်သည်ကို မြင်ဖူးထားသည်။ ဤအရှိန်က နှေးနေသေးသည်ဟုဆိုနိုင်လေသည်။
ထိုအချိန်မှာ လုချန်ရှန်းက ဆေးကို အကြီးအကဲဆီသို့လှမ်းပေးလိုက်ပြီဖြစ်၏။
အကြီးအကဲကလည်း လှမ်းကြည့်ပြီး လက်ခံလိုက်၏။
အစကမူ သူ့ပုံစံမှာ ပဟေဠိဖြစ်နေဟန်ပင်။
ဤဆေးမှာ တစ်ကျော့ပြန်မီးတောက်ဆေးဝါးနှင့် မတူသယောင်ယောင်ပင်။
သေချာလေ့လာစူးစမ်းကြည့်ပြီးနောက်တွင်မူ သူ့အမူအရာမှာ ထိတ်လန့်မှုကိုပြသလာပေသည်။
ဤတစ်ကျော့ပြန်မီးတောက်ဆေးဝါးမှာ မူလတစ်ကျော့ပြန်မီးတောက်ဆေးဝါးနှင့်မတူသော်ငြား သူ့အကျိုးသက်ရောက်မှုကတော့ အတူတူပင်။
အခြားအကြီးအကဲများက ထိုအကြီးအကဲ၏အမူအရာက မူမမှန်ကြောင်းမြင်လိုက်ရသဖြင့် မမေးဘဲမနေနိုင်တော့ချေ။
"ဘာဖြစ်လို့လဲ"
မုတ်ဆိတ်ရှည်နှင့်အကြီးအကဲ၏အမူအရာမှာ တည်ငြိမ်နေချေသည်။ သူ့လက်ထဲက သက်စောင့်ဆေးကို ဆံဖြူအကြီးအကဲဆီသို့လွှဲပေးလိုက်ပြီး ပြော၏။
"ခင်ဗျားဘာသာပဲကြည့်ကြည့်တော့"
ဆံဖြူအကြီးအကဲလည် ထိုဆေးကိုယူပြီး အကဲခတ်ကြည့်လိုက်လေသည်။
သူလည်း ထိတ်လန့်သွားရှာပေသည်။
"ဒီဆေးက မူလတစ်ကျော့ပြန်မီးတောက်ဆေးဝါးထက်တောင် အဆပေါင်းများစွာ ပိုအစွမ်းထက်သေးတယ်"
"အဲ့ဒီအပြင် တစ်ကျော့ပြန်မီးတောက်ဆေးဝါးဆိုတာ မီးဒြပ်စင်ဆေးဝါးပဲ။ သူ့ထဲမှာ မီးတောက်အဆိပ်ရဲ့လျှို့ဝှက်အန္တရာယ်မျိုးလည်းပါတယ်။ ဒါပေမဲ့ ဒီထဲမှာတော့ ဘာမီးတောက်အဆိပ်မှပါမနေဘူး"
"မသန့်စင်မှုလည်း လုံးဝမရှိဘူး"
ဆံဖြူအကြီးအကဲက လုချန်ရှန်းကို အံ့အားသင့်စွာငေးကြည့်ပြီး မေးလာလေသည်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
လုချန်ရှန်းက လက်ကိုဖြန့်ကားလျက်ပြောလိုက်လေသည်။
"ဆေးဖော်စပ်နည်းက တစ်ခုခုမှားနေမှန်း ကျွန်တော်သိလိုက်တော့ ကိုယ့်ဘာသာပြောင်းပစ်လိုက်တာ။ သေချာပေါက်ကတော့ တခြားပစ္စည်းတွေကို မသုံးခဲ့ဘူးပေါ့"
"ကဲ..."
အကြီးအကဲလေးယောက်က ဆေးကိုမြင်ပြီးနောက် မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြသည်။
အနည်းငယ်ပြုပြင်မြှင့်တင်လိုက်ရုံမျှဖြင့် ဤတစ်ကျော့ပြန်မီးတောက်ဆေးဝါးမှာ မြေကမ္ဘာအဆင့်ဆေးဝါးဟုပင် သတ်မှတ်၍ရသွားလေသည်။
ထို့ပြင် မသန့်စင်မှုကလည်း လုံးဝမရှိ။
သူတို့သာ ၎င်းကိုဖော်စပ်မည်ဆိုပါက ယခုလိုရလဒ်မျိုးထွက်လာရန် အာမမခံနိုင်ချေ။
မုတ်ဆိတ်ရှည်နှင့်အကြီးအကဲက လုချန်ရှန်းကိုကြည့်ပြီးမေးလိုက်လေသည်။
"မင်း အခု ဘယ်အဆင့်ရောက်နေပြီလဲ အဂ္ဂိရတ်ဆရာသခင်"
လုချန်ရှန်း ခဏမျှစဉ်းစားပြီး ပြောလိုက်လေသည်။
"စတုတ္ထအဆင့်ပါ"
စတုတ္ထအဆင့်တဲ့လား...
အကြီးအကဲလေးဦးခမျာ အကြောင်သားဖြစ်သွားရလေသည်။
ယခုလိုတစ်ကျော့ပြန်မီးတောက်ဆေးဝါးကိုသန့်စင်နိုင်၍ ဆေးဖော်စပ်နည်းထဲကချို့ယွင်းချက်များကိုပင်မြင်ပြီး အဆင့်မြှင့်ပေးနိုင်သော အဂ္ဂိရတ်ပညာရှင်တစ်ဦးက စတုတ္ထအဆင့်တဲ့လား။
ဤတစ်ကျော့ပြန်မီးတောက်ဆေးဝါးတစ်ခုတည်းကပင် သူတို့အားလုံးကို သာလွန်သွားပြီဖြစ်၏။ လူတိုင်းဟာ အကြီးအကဲများကို မတူညီသောအမူအရာများဖြင့်ကြည့်လိုက်ကြသည်။
"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ကြေညာချက်မထုတ်သေးတာလဲ"
"အကြီးအကဲတွေက တစ်ချက်ကြည့်ရုံနဲ့ သူကျရှုံးတယ်ဆိုတာကို ပြောနိုင်တယ်မဟုတ်လား"
ဦးလေးလီက စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်နေသည်။
ထိုအချိန်တွင် ဆံဖြူအကြီးအကဲက သက်ပြင်းခပ်နက်နက်ရှိုက်၍ ကြေညာလိုက်သည်။
"လုချန်ရှန်း.. မင်းက တစ်ကျော့ပြန်မီးတောက်ဆေးဝါးကို အောင်အောင်မြင်မြင်ဖော်စပ်နိုင်ခဲ့ပြီး အဆင့်ပါမြှင့်တင်နိုင်ခဲ့တယ်။ မသန့်စင်မှုလည်း လုံးဝမရှိဘူး"
"အောင်မြင်ပါတယ်"
ထိုကြေညာချက်ကြောင့် လူတိုင်း အထိတ်တလန့်ဖြစ်သွားကြလေသည်။
"သူ အောင်သွားတာလား"
"ပြီးတော့ သူက ဒီလောက်အချိန်တိုလေးအတွင်းမှာ ဆေးဖော်စပ်နည်းကိုတောင် အဆင့်မြှင့်လိုက်သေးတယ်ပေါ့"
"ကြည့်ရတာ ဒီလူက အဆင့်မြှင့်ရမဲ့နည်းလမ်းကိုစဉ်းစားနေခဲ့တာများလား"
ကျုံးဝူ၊ ရှဲ့ယွမ်ရန်နှင့် အခြားလူများမှာ တည်ငြိမ်နေဟန်ပင်။
မသန့်စင်မှု မရှိချေ။ ဘာအဓိပ္ပါယ်လေလဲ။ အဓိပ္ပါယ်မှာ ယခုလိုလုပ်နိုင်ခဲ့သည့်အတွက် သူ့ထိန်းချုပ်မှုက အလွန်မြင့်မားသည့်အဆင့်ကိုရောက်နေပြီးပြီဟူသည့်သဘောပင်။
သို့သော် ဤလူက တစ်ကျော့ပြန်မီးတောက်သန့်စင်ရာတွင် အလွန်အမင်းထူးချွန်နေရခြင်းမှာ အကြိမ်ထောင်ပေါင်းများစွာလေ့ကျင့်ရာမှ ယခုလိုရလဒ်မျိုးထွက်လာခြင်းဖြစ်နိုင်ပေသည်။
ကြည့်ရှုသူများကြားရှိ ဟူချင်းတစ်ယောက် ပြုံးပန်းဝေနေလေသည်။ ဤရလဒ်မျိုးထွက်လာလိမ့်မည်ဟု သူကြိုတင်မှန်းဆထားပြီးသားပင်။
လုချန်ရှန်း၏အဂ္ဂိရတ်ပညာအစွမ်းမှာ အလွန်မြင့်လှသောအဆင့်သို့ ရောက်နေပြီဖြစ်၏။
တစ်ဖက်တွင်မူ မုဝမ်အာက ချိုသာစွာပြုံး၍ပြောလာလေသည်။
"ဦးလေး.. ရှင်အောင်သွားပြီပဲ။ ပြီးတော့ ဆေးကို တခြားလူတွေထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်"
ဦးလေးလီကမူ ထိတ်လန့်နေရှာလေသည်။
ဆေးတွင်မသန့်စင်မှုမရှိခြင်းနှင့် ဆေးဖော်စပ်နည်းကို တိုးမြှင့်လိုက်ခြင်းဟူသည့်အဓိပ္ပါယ်ကို မုဝမ်အာကတော့ မသိလောက်ပေ။
ဤသည်မှာ မုမိသားစု၏အဂ္ဂိရတ်ဆရာသခင်များပင် မလုပ်နိုင်သောအရာဖြစ်၏။
ထို့ပြင် လုချန်ရှန်းက နောက်ဆုံးမိနစ်ထိတိုင်အောင် စတင်မဖော်စပ်ခဲ့ချေ။
ထိုအချိန်တိုလေးအတွင်းမှာ သူက ပြီးပြည့်စုံစွာသန့်စင်မွမ်းမံသွားပေသည်။
လုချန်ရှန်း၏အဂ္ဂိရတ်စွမ်းရည်မှာ အလွန်အမင်းထူးခြားလေးနက်လှသည်ဟု ဆိုနိုင်၏။
သူ မှားယွင်းအကဲဖြတ်မိပြီလား။ သူက စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်မဟုတ်ဘူးလား။
လုချန်ရှန်းကမူ အံ့သြမသွားပေ။ သူက ပခုံးတွန့်လျက် ဘေးဘက်မှာရပ်နေလိုက်သည်။
စံအိမ်တော်တွင် သူမွမ်းမံခဲ့သောဆေးများနှင့်ယှဉ်လျှင် ဤဆေးဝါးက လုံးဝမရှုပ်ထွေးလှ။
အခြားအကြီးအကဲသုံးဦးနှင့် တိုင်ပင်ဆွေးနွေးပြီးသွားသောအခါ သူ ပြောလိုက်၏။
"ကျရှုံးတဲ့လူတွေက အခုပြန်လို့ရပါပြီ"
"အောင်တဲ့လူတွေကတော့ မနက်ဖြန်မှာ ဒုတိယအချီရှိပါတယ်။ ဒုတိယအချီကို အဂ္ဂိရတ်ဂိုဏ်းထဲမှာ ကျင်းပမှာပါ"
"အဲ့ဒီအချိန်ကျရင် ဖိတ်ကြားခံရတဲ့လူတွေက ဆက်လက်လာရောက်ကြည့်ရှုနိုင်မှာပါ"
ဤသို့ဖြင့် အကြီးအကဲလေးယောက် ပြန်သွားလေသည်။
သူတို့ မပြန်ခင်မှာ လုချန်ရှန်းကို တွေးတွေးဆဆကြည့်လိုက်မိကြသည်။
အဂ္ဂိရတ်ဂိုဏ်းအကြီးအကဲထွက်သွားသောအခါ ကြည့်ရှုသူများထဲက အချို့တော်ဝင်မိသားစုများနှင့် ဂိုဏ်းများက ရင်ပြင်ဆီသို့ရောက်လာကြပြီး အဂ္ဂိရတ်ပညာရှင်များကို စည်းရုံးသိမ်းသွင်းလေတော့သည်။
အောင်မြင်သူများမှာ ရာထူးခန့်အပ်ခံလိုက်ရ၏။
လုချန်ရှန်းအနားမှာလည်း လူအုပ်ကြီးက ဝိုင်းအုံနေပေသည်။
"လုချန်ရှန်း.. ကျုပ်က မင်မိသားစုရဲ့အကြီးအကဲတစ်ယောက်ပါ။ မင်မိသားစုရဲ့ဧည့်သည်ဖြစ်ချင်စိတ်ရှိလား။ ဆုတွေက တကယ့်အကောင်းစားတွေ"
"မင်မိသားစုဆီကိုမသွားနဲ့။ ကျုပ်တို့ယန်မိသားစုရဲ့လစာက သူတို့ထက်ပိုကောင်းရုံတင်မကဘူး။ ခင်ဗျားရဲ့လွတ်လပ်ခွင့်ကိုလည်း ပိတ်ပင်မှာမဟုတ်ဘူး"
"မင်း ဘာလို့ ပကတိမီးတောက်ဂိုဏ်းကိုမလာတာလဲ။ ပကတိမီးတောက်ဂိုဏ်းမှာ ဆေးဝါးဖော်စပ်နိုင်တဲ့အရင်းအမြစ်တွေအများကြီးရှိတယ်"
လုချန်ရှန်း၏အောင်မြင်မှုက သူ့ကို ပို၍နာမည်ကြီးလာစေသည်မှာ ထင်ရှားလှသည်။
ထူးကဲလေးနက်လှသော အဂ္ဂိရတ်စွမ်းရည်မျိုးပိုင်ဆိုင်ထားသည့် ငယ်ရွယ်သောအဂ္ဂိရတ်ပညာရှင်တစ်ဦး...
ဂိုဏ်းတစ်ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်အရေးကြီးလှသည်။
ထိုအခိုက်တွင် ဟူချင်းက လျှောက်လှမ်းလာပြီး လူတိုင်းကိုတားဆီးလိုက်သည်။ သူက အပြုံးလေးဖြင့်ပြောလိုက်လေသည်။
"တောင်းပန်ပါတယ် အားလုံးပဲ.. ချန်ရှန်းက ကျွန်တော်တို့တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က ခန်းမအရှင်ပါ"
ထိုစကားကိုကြားလိုက်ရသောအခါ လူတိုင်းက ထိုအကြံကိုစွန့်လွှတ်လိုက်ချေသည်။
လျှို့ဝှက်တာအိုကျောင်းတော်မှ လူတစ်ယောက်ကို သူတို့ လုယူ၍မရနိုင်ပေ။
လျှို့ဝှက်တာအိုကျောင်းတော်၏ ပင်မကျောင်းတော်မှာ အလယ်ပိုင်းဒေသ၏အကျော်အမော်များထဲက တစ်ခုအပါအဝင်ဖြစ်၏။
ထိုအချိန်တွင် မုဝမ်အာလည်း သူတို့အနားကိုရောက်ချလာသည်။
"ဦးလေး.. ရှင်က အရမ်းတော်တာပဲ"
ဦးလေးလီခမျာ လုချန်ရှန်းကို အထင်သေးထားသည့်အတွက် ယခုအချိန်မှာ သူ့အမူအရာက အနည်းငယ်နေရခက်နေလေသည်။
ထိုစကားကိုကြားလိုက်ရသည့်အခါ လုချန်ရှန်းပျော်သွားသော်လည်း ခေါင်းခါယမ်းလျက်ပြောလိုက်ရ၏။
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ငါက စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်အဆင့်ပဲရှိတာပါ"
ဦးလေးလီက ထိုစကားကိုနားထောင်ပြီး ချက်ချင်း ပိုနေရခက်သလိုခံစားလိုက်ရသည်။
လုချန်ရှန်း၏စကားများမှာ ဖူးရောင်နေပြီးဖြစ်သော သူ့မျက်နှာကို နောက်ထပ်အချက်ပေါင်းအနည်းငယ်ထပ်ရိုက်ချသည့်အလားပင်။
မုဝမ်အာကမူ ချိုသာစွာပြုံးနေချေသည်။ သူ(မ)၏မျက်ဝန်းအစုံမှာ ပြုံးလိုက်ချိန်မှာ လခြမ်းကွေးလေးများအလား ဆင်တူလှသည်။ ထိုအရာက သူ(မ)ကို ပို၍ချစ်စဖွယ်ကောင်းသွားစေသည်။
"ဒါဆို ဦးလေးရဲ့အောင်မြင်မှုအတွက်ဂုဏ်ပြုဖို့ တစ်ခုခုသွားစားရအောင်"
လုချန်ရှန်း၏မျက်ဝန်းအစုံမှာ တောက်ပသွားရချေသည်။ ညစာစားဖို့ အချိန်ရောက်လေပြီ။
"သွားကြမယ်"
"ဟီးဟီး ဒီနားက အရသာရှိတဲ့စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်မသိတယ်"
"လမ်းပြလေ"
အစားမက်သူနှစ်ယောက်ကိုကြည့်ပြီး ဟူချင်းနှင့်ဦးလေးလီတို့ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ကူကယ်ရာမဲ့စွာဖြင့် အနောက်ကလိုက်သွားလေတော့သည်။