← Chapters

လူဆိုးများ

Vol. 82 Ch. 1141

လူဆိုးများ

Vol. 82 Ch. 1141

အကယ်၍ ထို ငါးလေး၏ စိတ်ကိုသာ ဖတ်နိုင်စွမ်းရှိနေမည်ဆိုပါက ၎င်း၏ နှလုံးသားထဲ၌ ရေရွတ်နေသည့် စကားများကို ကြားလိုက်ရမည်သာဖြစ်သည်...

" မင်းပဲ ငါ့ကို ကူညီပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား "

" မင်းပဲ ငါ လုပ်ချင်တာလုပ်လို့ရအောင် သူတို့ကိုဖမ်းပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား "

" မင်းပဲ အမျက်ချောင်းချောင်းထွက်နေတယ်ဆိုပြီး ပြောခဲ့တာမဟုတ်ဘူးလား "

ထို အနက်ရောင်ငါးလေးမှာ နားမလည်နိုင်လောက်အောင်ဖြစ်နေရ၏... အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ၎င်းမှာ သနားစရာကောင်းစွာအော်ဟစ်မြည်တမ်းလိုက်ပြီး အနက်ရောင်မြူခိုးများ၏ အပြင်ဘက်၌ လူးလွန့်နေလိုက်တော့သည်။ နောက်ဆုံးတွင် ၎င်းမှာ မည်သူကမှ သူ့အား ဂရုစိုက်နေခြင်းမရှိကြောင်း သိလိုက်ရသဖြင့် ရပ်တန့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်ကာ အဝေးသို့ ထွက်ခွာသွားတော့သည်။

၎င်း ထွက်ခွာသွားစဉ် အနက်ရောင်မြူခိုးများထဲသို့ ပြန်ရောက်သွားသည့် ချန်ရှင်းမှာ ခေါင်းခဲလာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့မှာ အနက်ရောင်ငါးလေးအား တစ်ဝက်တိတိ ဝါးမျိုးပစ်လိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

" ဒီပုံစံအတိုင်းသာဆိုရင် ဂိုဏ်းတူညီလေးက အဲဒီငါးကို တစ်ကောင်လုံး စားပစ်မလားမသိဘူး " ချန်ရှင်းမှာ မျက်ခွံများ တဆတ်ဆတ် တုန်ရီနေ၏။ သူ၏ ထိုကဲ့သို့ အမှန်တကယ် ဖြစ်လာနိုင်သည်ဟု ခံစားနေရပြီဖြစ်သည်။ ထို့ကြောင့် သူသည် နဖူးအားလက်ဖြင့်ပွတ်ရင်း သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်ကာ မီးခိုးရောင် အာကာသကောင်းကင်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားစေလိုက်သည်။ ထိုအခါ သူသည် အရာအားလုံးကိုမြင်လိုက်ရ၏....

ထို့ကြောင့် သူ၏ မျက်နှာပေါ်တွင် အထူးအဆန်းဖြစ်နေသည့် အမူအရာနှင့် ကြံရာမရဖြစ်နေသည့် အမူအရာများ ပေါ်ပေါက်လာတော့သည်။

သူသည် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ဝမ်ပေါင်လဲ့တစ်ယောက် သေမင်းချီများအား ဆက်လက်စုပ်ယူနေသည်ကို မြင်လိုက်ရ၏။ သူ၏ ဘေးတွင်မူ မြည်းလေးနှင့် လူငယ်လေးတစ်ယောက်မှာ ပုန်းကွယ်နေကြသည်။ သူတို့မှာ အကောင်းဆုံးကြိုးစား၍ ပုန်းကွယ်နေကြသည့်တိုင်အောင် တံတွေးများ ခဏခဏ မျိုချမိနေကြဆဲပင်။

မကြာသေးမီတုန်းကမှ ဦးခေါင်းတစ်ခုလုံး အပြည့်အဝ ပြန်လည်ပေါ်ပေါက်လာသည့် မြည်းလေးမှာဆိုလျှင် ပို၍ပင်ဆိုးသည်။ သူ၏ မေးရိုးမှာ ကျိုးနေဆဲဖြစ်ပြီး သွားရည်များမှာလည်း ဟင်းလင်းပြင်ကြီးထဲသို့ အဆက်မပြတ် စီးကျနေ၏...

ဝမ်ပေါင်လဲ့မှာ သွားရည်များ စီးကျနေခြင်းမရှိပါသော်လည်း အရောင်တောက်နေသည့် သူ၏ မျက်ဝန်းများနှင့် သူ တံတွေးမျိုချနေသည့် ပုံတို့ကိုကြည့်လျှင် .... သူတို့သုံးယောက်စလုံးမှာ ငါးမျှားရသည်ကို စွဲလမ်းနေပြီဖြစ်ကြောင်း သိနိုင်ပေသည်။

" ဒီကောင်တွေ ရူးနေတာလားဟ။ ငါးလေးက ရုပ်ပျက်ဆင်းပျက် အကိုက်ခံခဲ့ရတာတောင် သူတို့ကဘာလို့ အကောင်းပတိအတိုင်း ရှိနေရသေးတာလဲ " ချန်ရှင်းမှာ တစ်ကိုယ်တည်းရေရွတ်မိလိုက်၏။ သို့သော် သူသည် ထိုသို့ ရေရွတ်ပြီးသွားသည်နှင့် ရုတ်တရက်ဆိုသလို မျက်လုံးများ ပြူးသွားရသည်။ ထို့နောက် သူသည် ကြက်သေသေသွားပြီး ဝမ်ပေါင်လဲ့နှင့် အခြား အရူးနှစ်ယောက်၏ ဘေး၌ ပြန်လည်ပေါ်ပေါက်လာသော အနက်ရောင်ငါးလေးအား စိုက်ကြည့်နေလိုက်တော့သည်။

ထို့ကြောင့် သူသည် အံတကြိတ်ကြိတ်နှင့် ကြံရာမရ ဖြစ်သွား၏။

ချန်ရှင်းမှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် အနက်ရောင်ငါးလေးမှာ အမှန်တကယ်ပင် မိုက်မဲလွန်းနေသည်ဟု ခံစားလိုက်ရ၏။

သို့သော် ၎င်းမှာ မည်မျှပင်မိုက်မဲနေစေကာမူ မိုးကောင်းကင်တာအို ဖြစ်နေဆဲပင်။ ထို့ကြောင့် သူသည် ခေါင်းခဲနေရသည့်တိုင်အောင် ချောင်းဟန့်ကာ ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မြည်းလေးနှင့် ဝူလေးတို့နှစ်ယောက်အား ဆူပူကြိမ်းမောင်းနေ၏။

" မင်းတို့နှစ်ကောင် ဣန္ဒြေရှိကြပါဦး "

" မြည်းလေး။ မင်း သွားရည်တွေ ပြန်မျိုချလိုက်ဦး။ နေရာတိုင်းမှာ မင်းရဲ့ သွားရည်တွေချည်းပဲ။ ဒီအတိုင်းဆိုရင် ငါးလေးက ပြန်ပေါ်လာရဲတော့မှာမဟုတ်ဘူး "

" ဝူလေး။ မင်း မြည်းလေးရဲ့ သွားရည်တွေကို လက်နဲ့ ခံပေးထားလိုက်ကွာ။ မြန်မြန်လုပ်။ ငါတို့တွေ ဘာကိုမှ ထပ်ပြီးတော့ မဖမ်းမိဘူးဆိုရင် မင်းတို့နှစ်ကောင်စလုံးကို ငါးစာလုပ်ပစ်မယ် "

ဝူလေးနှင့် မြည်းလေးတို့မှာ မတရားခံနေရသည့်အလား ခံစားနေရ၏။ သူတို့မှာ ဒေါသထွက်နေကြပါသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောရဲသဖြင့် တစ်ယောက်ကိုတစ်ယောက်သာ ကြည့်ကာ ဝမ်ပေါင်လဲ့၏ စကားများမှာ အလွန်အင်မတန်မှ ရက်စက်လွန်းလှသည်ဟု တွေးနေကြ၏။

သို့သော်လည်း ဝူလေးမှာ သူ၏ အမိန့်အား မဖီဆန်ရဲသောကြောင့် မြည်းလေးဆီသို့ အလျင်အမြန် ပြေးသွားလိုက်ပြီး သူ၏ လက်အား မြည်လေး၏ မေးစေ့အောက်၌ ထားလိုက်၏။ ထိုသို့ဖြင့် သူသည် မြည်းလေး၏ သွားရည်များအား လက်ဖြင့်ခံပေးထားရင်း သက်ပြင်းချလိုက်သည်။

ဝမ်ပေါင်လဲ့မှာမူ နှာမှုတ်ကာ မြည်းလေးအား ဆက်၍ ဆူပူကြိမ်းမောင်းရန်ပြင်လိုက်၏။ ထိုအချိန်တွင် ချန်ရှင်း၏ စကားသံမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားသဖြင့် သူသည် မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။

" ဂိုဏ်းတူညီလေးရေ။ သေမင်းချီတွေကို ထပ်ပြီးတော့ မစုပ်ယူနဲ့တော့။ ငါးလေးကိုလည်း ထပ်ပြီးတော့ လိုက်ရှာမနေနဲ့တော။ အဲတာ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုကွ... ငါ မင်းကို အမှောင်ဂိုဏ်းဆီ ခေါ်သွားပေးမယ်။ အဲဒီကိုရောက်ရင် မင်း စိတ်ကြိုက်စုပ်ယူလို့ရတယ် "

" ဂိုဏ်းတူအစ်ကိုကြီးပါလား " အစတွင် ဝမ်ပေါင်လဲ့မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အံ့အားသင့်သွား၏။ သို့သော် သူသည် သူ၏ စကားများကို ကြားလိုက်ရသည်နှင့် ချက်ချင်းဆိုသလိုပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် အလျင်အမြန် ခေါင်းညိတ်ပြကာ နောက်သို့လှည့်လိုက်ပြီးနောက် ငါးမျှားနေကြသည့် မြည်းလေးနှင့် ဝူလေးတို့အား ဒေါသတကြီးဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် သူသည် သူတို့နှစ်ယောက်စလုံးအား အဝေးသို့ ကန်ထုတ်လိုက်ပြီး သူတို့ကြောင့် စိတ်ပျက်သွားရသည့် လေသံဖြင့် အံကြိတ်ကာ ဆိုလိုက်၏။

" မင်းတို့တွေ ဘာလုပ်နေကြတာလဲ။ ငါးလေးက ဒီလောက်အထိ သနားဖို့ကောင်းနေတာတောင် မင်းတို့က ထပ်ပြီးတော့ ဖမ်းချင်နေတုန်းပဲလား "

" မင်းတို့ဆီမှာ စာနာစိတ်လေးဘာလေး မရှိကြဘူးလားကွ။ တော်တော် တရားလွန်တဲ့ကောင်တွေ " ဝမ်ပေါင်လဲ့မှာ ဒေါသတကြီး အော်ပြောလိုက်၏။ သူ၏ အမူအရာနှင့် စကားများကြောင့် မြည်းလေးနှင့် ဝူလေးတို့မှာ နားမလည်နိုင်လောက်အောင်ဖြစ်ကာ ကြက်သေသေသွားရသည်။

" ငါက ပထမအခေါက်ကတည်းက လုပ်ချင်ခဲ့တာမဟုတ်ဘူး။ မင်းတို့တွေက ငါ့ကို ခြိမ်းခြောက်ပြီး ဖိအားပေးခဲ့လို့သာ လုပ်ခဲ့ရတာ ငါ့ရဲ့ ရင်ထဲမှာ အခုထိနာနေတုန်းပဲ။ ငါ ငါးလေးကို စိတ်ပျက်အောင် လုပ်မိခဲ့တာပဲ "

" အခုတော့ ငါ ဆုံးဖြတ်ပြီးသွားပြီ။ မင်းတို့လို လူဆိုးတွေကို ငါ မကူညီပေးနိုင်ဘူး။ အခုကစပြီးတော့ ငါးလေးက ငါ့ရဲ့ညီလေး ဖြစ်သွားပြီ။ သူ့ကို မကောင်းကြံတဲ့လူတိုင်းက ဝမ်ပေါင်လဲ့ဆိုတဲ့ ငါ့ကို ရန်စတာပဲ။ အဲဒီ လူတိုင်းက ငါ့အတွက် မဟာရန်သူပဲဟေ့ " ဝမ်ပေါင်လဲ့၏ စကားများမှာ ပြတ်သားမှုအပြည့်ရှိပေသည်။ သူ၏ စကားသံမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားသဖြင့် ဝူလေးနှင့် မြည်းလေးတို့မှာ တုန်ရီသွားကြ၏။ သို့သော်် အများဆုံး အံ့သြတုန်လှုပ်သွားရသည့် တစ်ယောက်မှာ... သူတို့၏ နောက်မှ လိုက်လာခဲ့သည့် အနက်ရောင်ငါးလေး ဖြစ်ပေသည်...

ထို ငါးလေးမှာ အမျက်ချောင်းချောင်းထွက်ကာ အံတကြိတ်ကြိတ် ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွား၏။ သို့သော် ၎င်းမှာ ဒေါသထွက်သွားခြင်းမဟုတ်ဘဲ စိတ်နှလုံးလှုပ်ရှားသွားခြင်း ဖြစ်ပေသည်။

၎င်းမှာ မတရားခံခဲ့ရပြီး သူ့ဘက်မှ ရပ်တည်ပေးမည့်သူ တစ်ယောက်မှ မရှိသည့်အလား ခံစားနေခဲ့ရခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် လူတစ်ယောက်မှာ ရုတ်တရက်ဆိုသလို ၎င်း၏ ရှေ့သို့ ရောက်ရှိလာပြီး ၎င်း၏ ဦးခေါင်းအား လက်ဖြင့်ပွတ်ကာ နွေးထွေးကြင်နာမှုများ ပေးစွမ်းလိုက်သကဲ့သို့ပင်။ ထို့အပြင် သူသည် အကယ်၍ အနာဂတ်တွင် တစ်ယောက်ယောက်ကသာ သူ့အား အနိုင်ကျင့်ပါက ကူညီပေးမည်ဟုလည်း ဆိုခဲ့သေးသည်။ သူ့အား အနိုင်ကျင့်သည့်လူတိုင်းမှာ သူ၏ ရန်သူအဖြစ်သို့ ရောက်ရှိသွားပြီး ဝေဒနာမျိုးစုံ ခံစားလိုက်ရမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ ထိုစကားများကို ဆိုခဲ့သည့်သူမှာ ရန်သူတစ်ယောက် ဖြစ်နေလျှင်တောင် မည်သူမဆို စိတ်နှလုံး လှုပ်ရှားသွားရမည်သာဖြစ်သည် .... ရင့်ကျက်မှုမရှိသေးသော အနက်ရောင်ငါးလေးအတွက်ဆိုလျှင် ပို၍ပင် ဆိုးပေသည်။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့အပေါ် ထားရှိသည့် ရန်လိုစိတ်နှင့် မုန်းတီးစိတ်များကို ဖျောက်ဖျက်ပစ်လိုက်ရုံသာမက ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ နွေးထွေးကြင်နာသည့် လူတစ်ယောက်ဟုလည်း ခံစားလိုက်ရတော့သည်။

ထိုမျှလောက်သာဆိုပါက ခဏအကြာတွင် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း အနက်ရောင်ငါးလေးမှာ ချက်ချင်း သတိထားမိသွားမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသို့ အဖြစ်မခံလိုသောကြောင့် စကားဆုံးသွားသည်နှင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူသည် သူ သရေစာများအဖြစ် သိမ်းဆည်းထားသည့် အစိမ်းရောင် အမျှင်အတန်းများထဲမှ အနည်းငယ်အား ထုတ်ယူလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

" ငါးလေးရေ။ စိတ်မဆိုးပါနဲ့နော်။ ခဏလောက် ထွက်ခဲ့ပါဦး။ ဒါ ငါ တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ပေးတာပါ။ အခုကစပြီး ငါတို့တွေ ညီအစ်ကိုတွေ ဖြစ်သွားကြပြီ။ ငါ သေမင်းချီတွေကို ထပ်ပြီးတော့ မစုပ်ယူတော့ပါဘူး။ မင်းကို ပြဿနာတဲ့လူရှိရင် ငါ မင်းဘက်ကနေ ရပ်တည်ပေးပါ့မယ် " ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူတို့၏ အနီးတွင် ပုန်းကွယ်နေသည့် အနက်ရောင်ငါးလေးမှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာမူ တစ်ခဏမျှ စောင့်ဆိုင်းနေလိုက်၏။ ထို့နောက် ထိုငါးလေး ပေါ်မလာသေးသဖြင့် သူသည် အစိမ်းရောင် အမျှင်အတန်းများအား ထပ်၍ ထုတ်ယူလိုက်ပြန်သည်။ သူသည် နွေးထွေးစွာပြုံးကာ အတတ်နိုင်ဆုံး ဖော်ရွေမှုရှိသည့်ပုံပေါက်အောင် ဟန်ဆောင်နေ၏။

" ငါးလေးရေ။ ငါ မှားသွားပါတယ်။ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ။ အခုကစပြီးတော့ ဒီ အမျှင်အတန်းတွေကို ငါနဲ့တူတူ စားဖို့ မင်းကို ခေါ်သွားပေးပါ့မယ် "

ဝမ်ပေါင်လဲ့တစ်ယောက် အနက်ရောင်ငါးလေးအား စိတ်နှလုံးလှုပ်ရှားသွားအောင် လုပ်နိုင်ခဲ့သောကြောင့်လား သို့မဟုတ် အစိမ်းရောင်အမျှင်အတန်းများမှာ စွဲမက်ဖွယ်ရာကောင်းလွန်းနေသောကြောင့်လား သို့မဟုတ် အနက်ရောင်ငါးလေးမှာ အမှန်တကယ်ပင် ဦးနှောက်တစ်ခန်း လွတ်နေသောကြောင့်လားတော့ မသိပေ။ သိပ်မကြာခင်တွင် အနက်ရောင်ငါးလေးမှာ ခပ်လှမ်းလှမ်း၌ ဖြည်းဖြည်းချင်း ပြန်လည်ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့အား သတိကြီးကြီးထား၍ စိုက်ကြည့်နေတော့သည်။

ဝူလေးနှင့် မြည်းလေးတို့မှာမူ ထိုမြင်ကွင်းအားမြင်လိုက်ရသည်နှင့် မျက်လုံးများ ပြူးသွားကြ၏။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသောအခါ သူတို့၏ မျက်ဝန်းများထဲ၌ အံ့သြတုန်လှုပ်မှု အရိပ်အယောင်များသာမက လေးစားကြည်ညိုမှု အရိပ်အယောင်များပါ အလိုလို ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။

" သူ ငါတို့ကို ရိုက်နှက်ကန်ကျောက်နေတာ အပေါ်ယံဟန်ပြ သက်သက်ပဲလား။ ဆက်ပြီးတော့ ငါးမျှားနေတုန်းပဲလားဟ။ တကယ်ကို အံ့သြဖို့ကောင်းတယ်ကွာ "

" သား သား သား သား "

ဝူလေးနှင့် မြည်းလေးတို့ အံ့သြတုန်လှုပ်နေကြစဉ် အနက်ရောင်ငါးလေးမှာ ရှေ့သို့ပျံသန်းလာပြီးနောက် အမျှင်အတန်းများအား ပါးစပ်အပြည့် ဝါးမျိုကာ ပြန်လည်ဆုတ်ခွာသွားသည်။ ၎င်းမှာ သတိဝီရိယအပြည့် ရှိနေဆဲဖြစ်ပါသော်လည်း အန္တရာယ်မရှိကြောင်း သိလိုက်ရသည်နှင့် လှစ်ခနဲ လှုပ်ရှားလိုက်ပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ ပျောက်ကွယ်သွားပြန်သည်။ ထိုသို့ဖြင့် အကြိမ်ရေ အနည်းငယ်ခန့် ပြီးဆုံးသွားပြီးနောက် အနက်ရောင်ငါးလေးမှာ ယခင်တုန်းကလောက် သတိကြီးကြီးထားနေခြင်း မရှိတော့ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အစိမ်းရောင်အမျှင်အတန်းများအား ထပ်၍ ထုတ်ယူလိုက်သဖြင့် အနက်ရောင်ငါးလေးမှာ သူ၏ အနီးသို့ ချဉ်းကပ်သွားလိုက်၏။ ယခုအကြိမ်တွင်မူ ၎င်းမှာ ချက်ချင်း ထွက်ခွာသွားခြင်းမရှိဘဲ ထိုအမျှင်အတန်းများအား စားသုံးနေရင်း ဝမ်ပေါင်လဲ့အား နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။

ဝူလေးနှင့် မြည်းလေးတို့မှာမူ မျက်ဝန်းများ အရောင်တောက်နေပြီဖြစ်သည်။ သူတို့မှာ ပါးစပ်များဟကာ ခုန်အုပ်ရန် ပြင်လိုက်ကြ၏။ ထိုအခါ အနက်ရောင်ငါးလေးမှာလည်း ချက်ချင်းတုံ့ပြန်လိုက်သည်။ ၎င်းမှာ ဒေါသတကြီး ပေါက်ကွဲသွားတော့မည့်အလားပင်။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းထက်ပို၍ ဒေါသထွက်နေသည့်ပုံ ပေါက်နေ၏။ သူသည် အနက်ရောင်ငါးလေး၏ ရှေ့၌ ပိတ်ရပ်လိုက်ပြီးနောက် ရှေ့သို့ ပြေးထွက်သွားပြီး ဝူလေးနှင့် မြည်းလေးတို့အား လှမ်းကန်လိုက်၏။ ထို့ကြောင့် တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာပြီး ဝူလေးနှင့် မြည်းလေးတို့မှာ နောက်သို့ လွင့်ထွက်သွားကြတော့သည်။

" အရှက်မရှိလိုက်တဲ့ကောင်တွေ။ မင်းတို့တွေ တော်တော် တရားလွန်သွားပြီ "

" မင်းတို့တွေ အသိစိတ် ရှိကြသေးရဲ့လား။ ငါ ပြောထားမယ်။ အနက်ရောင်ငါးလေးက ငါ့ရဲ့ ညီလေးပဲ။ မင်းတို့ရဲ့ အကြီးအကဲတစ်ယောက်ပဲကွ။ အခုစကပြီး မင်းတို့တွေ သူ့ကို စားခွင့်မရှိတော့ဘူး "

ထိုမြင်ကွင်းကြောင့် ဝူလေးနှင့် မြည်းလေးတို့မှာ ဆွံ့အမှင်တက်သွားရ၏။ သူတို့မှာ မတရားခံလိုက်ရသည့်အလား ခံစားနေရသည်။ အနက်ရောင်ငါးလေးမှာလည်း မှင်တက်သွားရသည်သာဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း မျက်ရည်များ ဝဲလာ၏။ ထို့နောက် ၎င်းမှာ မိသားစုဝင်တစ်ယောက်အား ရှာတွေ့သွားသည့်အလား အော်ဟစ်မြည်တမ်းလိုက်ပြီး ဝမ်ပေါင်လဲ့၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့အပေါ် ထားရှိခဲ့သည့် ၎င်း၏ မုန်းတီးစိတ်များ အားလုံးမှာမူ ဝူလေးနှင့် မြည်းလေးတို့ပေါ်သို့ ကျရောက်သွား၏။

" လက်စသတ်တော့ မင်းတို့နှစ်ယောက်ကိုး "

မှားစရာအကြောင်း မရှိပေ။ သူ့အား လှမ်းကိုက်ခဲ့သည့်အရာမှာ ဦးခေါင်းသာ ကျန်တော့သည့် သားရဲကြီး ဖြစ်ပေသည်။

" မငိုပါနဲ့ ငါးလေး " ဝမ်ပေါင်လဲ့မှာမူ နွေးထွေးကြင်နာမှုအပြည့်ဖြင့် ပြုံးလိုက်ပြီးနောက် အနက်ရောင်ငါးလေး၏ ခန္ဓာကိုယ်အား ပွတ်သပ်ပေးလိုက်၏။ ထို့နောက် သူသည် ဝူလေးနှင့် မြည်းလေးတို့အား စိန်စိန်ဝါးဝါး စိုက်ကြည့်ကာ သတိပေးလိုက်သည်။

" ငါးလေးက အရမ်းချစ်စရာကောင်းတာပဲ။ မင်းတို့နှစ်ကောင်... ထပ်မလုပ်နဲ့တော့နော် "

ထိုစကားကြောင့် ဝူလေးနှင့် မြည်းလေးတို့မှာ နှုတ်ဆိတ်သွားရ၏။

ချန်ရှင်းမှာမူ သူ၏ နဖူးကိုသာ လက်ဖြင့် ပွတ်နေမိတော့သည်။

All Chapters