ဧရာမဝဲကြီး
Vol. 82 Ch. 1142
ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလတ်ပေကလတ်လုပ်ကာ သူ၏ ရင်ခွင်ထဲ၌ ဇိမ်ကျနေသည့် ငါးလေးအား ကြည့်နေလိုက်၏။ သို့သော် ၎င်းမှာ ဝူလေးနှင့် မြည်းလေးတို့အား ကြည့်လိုက်ချိန်တွင် ဒေါသတကြီးနှင့် အံတကြိတ်ကြိတ် ဖြစ်နေသည်။ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ချန်ရှင်းအား လှမ်းခေါ်လိုက်၏။
" ဂိုဏ်းတူအစ်ကိုကြီး... "
ဗဟိုမီးဖိုထဲတွင်ရှိနေသည့် ချန်ရှင်းမှာ စကားမပြောချင်ပါသော်လည်း သူ၏ ဂိုဏ်းတူညီလေးမှာ သူ့အား လှမ်းခေါ်နေသည်ဖြစ်ရာ ပြန်ထူးလိုက်ရဆဲပင်။
" ဘာလဲ "
ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ စကားသံအား ကြားလိုက်ရသည်နှင့် မျက်ဝန်းများ အရောင်လက်သွားပြီး အသံလွှင့်အကြောင်းကြားစာတစ်စောင် ချက်ချင်းပေးပို့လိုက်သည်။
" ဂိုဏ်းတူအစ်ကိုကြီး။ မဟုတ်သေးပါဘူးဗျာ။ ဒါ တကယ်ရော အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအို ဟုတ်လို့လား။ တော်တော်လေးကို အ,တာပဲ။ အစာစားဖို့လောက်ပဲသိတာ... ဒီလိုပုံစံနဲ့ဆိုရင် နောက်ကျရင် သူ ထပ်ပြီးတော့ အလိမ်ခံရဦးမှာ သေချာတယ် "
ထိုအခါ ချန်ရှင်းမှာ သူ၏နဖူးအား လက်ဖြင့်ပွတ်ကာ သတ်ပြင်းချ၍ ပြန်ပြောလိုက်၏။
" သူက ကလေးပဲရှိသေးတာကွ... ပြည်ထောင်စုကြီးထဲက လူတွေရဲ့ အသက်နဲ့ ယှဉ်ပြီးတော့ ပြောရမယ်ဆိုရင် သုံးနှစ်ကနေ ငါးနှစ်သား အရွယ်လောက်ပဲ ရှိသေးတာ။ အဲဒီအရွယ် ကလေးပေါက်စလေးက ဘယ်လောက်အထိ စဉ်းစားတတ်မှာ မလို့လဲ။ အစာစားဖို့လောက်ပဲ သိမှာပေါ့ကွ... "
" ထားပါတော့။ သူ့ကို ဆက်ပြီးတော့ အနိုင်မကျင့်နဲ့တော့ " ချန်ရှင်းမှာ စကားဆက်မပြောချင်တော့သဖြင့် ခေါင်းယမ်းကာ လခြမ်းဧကရာဇ်ကြီးကိုသာ ဆက်လက်သန့်စင်နေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ချောင်းဟန့်လိုက်ပြီး စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူသည် ကလေးတစ်ယောက်ဆီမှ သူ၏ ချိုချဉ်အား လိမ်ယူနေသကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလော။
" ဝူလေးနဲ့ မြည်းလေး။ မင်းတို့နှစ်ကောင်က တော်တော်ဆိုးတဲ့ ကောင်တွေပဲ " ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ ကန်ကျောက်လိုက်ပြန်သည်။ ထို့ကြောင့် ဝူလေးနှင့် မြည်းလေးတို့မှာ မတရားခံနေရသည့်အလား ပို၍ပင် ခံစားလိုက်ရ၏။ သူတို့မှာ စိတ်ထဲတွင် ဝမ်ပေါင်လဲ့အား ကျိန်ဆဲနေကြပါသော်လည်း သူတို့၏ မကျေနပ်ချက်များအား ထုတ်မပြရဲကြပေ။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို သိထားပြီးဖြစ်သောကြောင့် သူ၏ လက်ကို ဝှေ့ယမ်းကာ သူတို့နှစ်ယောက်အား သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။
ထို့ကြောင့် အနက်ရောင်ငါးလေးမှာ ပို၍ပင် စိတ်နှလုံး လှုပ်ရှားသွားရတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်နေ၏။ ထို့အပြင် ၎င်းမှာ လေထဲသို့ ပျံတက်သွားပြီး ပျော်ရွှင်မြူးထူးနေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေလိုက်သေးသည်။
" ဒီကလေးကတော့... " ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ အထူးအဆန်း ဖြစ်သွား၏။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပြီး နွေးထွေးစွာပြုံးကာ ဆိုလိုက်သည်။
" ငါးလေးရေ။ သွားကြစို့။ ကိုကြီး မင်းစားဖို့ အရသာရှိတဲ့ စားစရာတွေ သွားယူပေးမယ် "
အနက်ရောင်ငါးလေးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ ပို၍ပင် စိတ်လှုပ်တရှား ဖြစ်သွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ပို၍ပင်လျင်မြန်စွာ ရစ်ဝဲနေလိုက်သေးသည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ်နှင့် မေးလိုက်၏။
" ငါးလေး။ ဝဲကြီးတွေ ဘယ်နေရာမှာ ရှိလဲဆိုတာ မင်း သိလား " ဝမ်ပေါင်လဲ့မှာ ထို ငါးလေးသည် ဤနေရာအား သူ့ထက် ပို၍ ကျွမ်းကျင်နေလိမ့်မည်ဟု ခံစားနေရ၏။ သူသည် ဤ မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲ၌ အချိန်အတော်အတန်ကြာအောင် လိုက်ရှာနေခဲ့ပါသော်လည်း ဧရာမ ဝဲကြီးများအား ထပ်၍ ရှာမတွေ့တော့ပေ။ ထို့ကြောင့် သူသည် ယခုလို မေးမြန်းလိုက်ခြင်းဖြစ်သည်။
ထိုအခါ အနက်ရောင်ငါးလေးမှာ တစ်ခဏမျှရပ်တန့်သွားပြီး အတွေးများထဲ၌ နစ်မျောသွားသည့်ပုံပင်။ ခဏအကြာတွင် ၎င်း၏ မျက်ဝန်းများမှာ ရုတ်တရက်ဆိုသလို ဝင်းလက်တောက်ပသွား၏။ ထို့နောက် ၎င်း ဝမ်ပေါင်လဲ့အား ကြည့်လိုက်ချိန်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းကြီးမားသွားသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရ၏။ သူသည် သူ မြင်ဖူးခဲ့သမျှ ဝဲများအားလုံးထက် ပို၍ အရွယ်အစား ကြီးမားနေသည့် အနက်ရောင်ငါးလေးအား စိုက်ကြည့်နေရင်း မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
" ဒီလောက်အထိကြီးတဲ့ ဝဲကြီးတစ်ခု ရှိတဲ့နေရာကို မင်း သိတယ်လို့ ပြောတာလား "
ထိုအခါ ဧရာမအနက်ရောင်ငါးကြီးမှာ ခေါင်းညိတ်ပြလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်မှာမူ မှုန်ဝါးဝါးဖြစ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား လမ်းပြပေးလိုသည့် အမူအရာဖြင့် အဝေးသို့ပြေးထွက်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း စိတ်လှုပ်တရှား ဖြစ်သွားပြီး ၎င်း၏ နောက်သို့ ချက်ချင်းပြေးလိုက်သွားသည်။
သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ သူ့အား သေမင်းချီများ ထပ်၍ မစုပ်ယူရန် ပြောခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်ရာ အစိမ်းရောင်အမျှင်အတန်းများအား ထပ်၍ မျှားခေါ်လိုပါက အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ သေဆုံးသွားရာမှ ပေါ်ပေါက်လာသည့် ဝဲကြီးများဆီသို့ သွားရန် လိုအပ်ပေသည်။ ထို့အပြင် ထို ဝဲကြီးများထဲတွင် သူ၏ ဓားအိမ်လေးမှာ ပို၍ အစွမ်းထက်လာမည်ဖြစ်သလို ထို ဓားအိမ်လေးကြောင့် သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း ပို၍ တောင့်တင်းခိုင်မာလာမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အစိမ်းရောင် အမျှင်အတန်း အနည်းငယ်အား ဝါးမျိုစားသုံးခဲ့ဖူးပါသော်လည်း အခြား အကျိုးကျေးဇူးအသစ်များ ရရှိခဲ့ခြင်းမရှိကြောင်း သိထား၏။ ၎င်းတို့မှာ သူ့အတွက် အရသာရှိနေရုံသာ ဖြစ်သည်။ သူ ၎င်းတို့အား ဝါးမျိုပြီးသွားချိန်တွင် ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်ကာ သူ၏ ဓားအိမ်လေး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်သာဖြစ်သည်။
ထို့ကြောင့် နောက်ဆုံးတွင် ဝဲကြီးများမှာ အရေးကြီးဆုံးဖြစ်သည်ဟု သူက မှတ်ယူလိုက်၏။ ယခုတွင် သူနှင့် အနက်ရောင်ငါးလေးတို့မှာ လျင်မြန်စွာ ပြေးလွှားနေကြသည်။ သို့သော် ထို ဝဲကြီးမှာ အဝေးကြီးတွင် ရှိနေသောကြောင့်လားတော့ မသိပေ။ အနက်ရောင်ငါးလေးမှာ ဝမ်ပေါင်လဲ့သည် နှေးကွေးလွန်းနေသည်ဟု ခံစားနေရ၏။
ထို့ကြောင့် ထိုငါးလေးမှာ ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့အား လှမ်းအော်လိုက်၏။ တစ်ချိန်တည်းမှာပင် ၎င်းမှာ အကြိမ်ရေအနည်းငယ်ခန့် ကျွမ်းပစ်ပြလိုက်သေးသည်။ အခြားတစ်ယောက်ယောက်သာ ဆိုပါက ၎င်းဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်မည်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ မြည်းလေးနှင့် နှစ်ပေါင်းများစွာ ပြောဆိုဆက်ဆံဖူးခဲ့သည်ဖြစ်ရာ အတွေ့အကြုံအနည်းငယ် ရှိနေ၏။ ထို့ကြောင့် သူသည် ချက်ချင်း နားလည်သွားသည်။
" မင်းက ငါ့ကို မင်းရဲ့ ခန္ဓာကိုယ်ပေါ် တင်ခေါ်သွားချင်တာလား " ဝမ်ပေါင်လဲ့ ထိုသို့မေးလိုက်သည်နှင့် အနက်ရောင်ငါးလေးမှာ ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
" လိမ္မာလိုက်တဲ့ ကလေး " ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း ရယ်မောလိုက်ပြီး လှစ်ခနဲလှုပ်ရှားကာ အနက်ရောင်ငါးလေး၏ ကျောကုန်းပေါ်သို့ တက်လိုက်သည်။ ခဏအကြာတွင် အနက်ရောင်ငါးလေးမှာ ရှေ့သို့ ပြေးထွက်သွား၏။ ၎င်း၏ အမြန်နှုန်းမှာ အဆပေါင်းများစွာ ပို၍ မြန်ဆန်သွားသောကြောင့် ဝမ်ပေါင်လဲ့၏ အမြင်အာရုံမှာ မှုန်ဝါးဝ်းဖြစ်သွားရသည်။ သို့ဖြစ်ရာ ထို အနက်ရောင်ငါးလေးမှာ သူ့အား အာကာသကြီးကိုဖြတ်၍ အဝေးသို့ ခေါ်ဆောင်သွားသကဲ့သို့ပင်။ တစ်အောင့်ခန့်အကြာတွင် သူသည် ပို၍ အားကောင်းသည့် သေမင်းချီများ ရှိနေသောနေရာတစ်ခုသို့ ရောက်ရှိသွားတော့သည်။
သူ၏ရှေ့တွင် ဧရာမဝဲကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ အနက်ရောင်ငါးလေး ဖော်ပြခဲ့သည့် ဝဲကြီးထက်ပင် ပို၍ အံ့အားသင့်ဖွယ်ရာ ကောင်းနေသည်။ ၎င်း၏ အရွယ်အစားမှာ ဝမ်ပေါင်လဲ့ စုပ်ယူခဲ့သည့် ဝဲကြီးများထက် ဆယ်ဆတိတိပို၍ ကြီးမားနေ၏။
ဝမ်ပေါင်လဲ့မှာ ၎င်း၏ အဆုံးကိုပင် လှမ်းမမြင်နိုင်ဘဲ ဖြစ်နေရ၏။ ထို့အပြင် သူ၏ ဘေးနားတစ်ဝိုက်တွင်လည်း မည်သူမရှိမနေသောကြောင့် သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရသည်။
ဝမ်ပေါင်လဲ့မှာ အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ၏ နတ်ဘုရားအာရုံအား ချက်ချင်း ဖြန့်ကြက်ကာ သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်၏။ ခဏအကြာတွင် သူသည် အချက်တစ်ချက်အား နားလည်သွားသည်။
သူ ရောက်နေသည့်နေရာမှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးဟု ဆိုနိုင်သလို ထို မီးခိုးရောင်အာကာသကောင်းကင်ကြီး မဟုတ်ဟုလည်း ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးတစ်ခု ဖြစ်နေသည့်တိုင်အောင် မတူညီသော ဟင်းလင်းပြင်တစ်ခုထဲ၌ ရှိနေသောကြောင့်ပင်။
သူ၏ရှေ့၌ ရှိနေသည့် ဝဲကြီးမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် ဤနေရာတွင် သေဆုံးသွားခဲ့သည့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သည့် ကျင့်ကြံခြင်းအဆင့်မျိုးကို ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ခန့်မှန်းမိလိုက်၏။ ထို ကျင့်ကြံသူကြီးမှာ သာမန် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများထက် ပို၍ သာလွန်နေသောကြောင့် သူ သေဆုံးသွားချိန်တွင် ဤ ဟင်းလင်းပြင်ကြီးမှာ ဖိနှိပ်ချုပ်တည်းခံလိုက်ရပြီး ပြင်ပကမ္ဘာကြီးနှင့် တသီးတခြားစီ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းအား ရှာတွေ့နိုင်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့်လည်း အင်အားကြီးအဖွဲ့အစည်းများထဲရှိ မည်သည့် ကျင့်ကြံသူကမှ ဤနေရာသို့ ရောက်မလာခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ အနက်ရောင်ငါးလေးသာ လမ်းပြပေးခဲ့ခြင်းမရှိပါက ဝမ်ပေါင်လဲ့ပင်လျှင် ဤ ဟင်းလင်းပြင်ကြီးထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
" ငါတော့ ပွတာပဲ "
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနဲ့ ရှေ့သို့ ပျံထွက်သွားလိုက်၏။ သူသည် ထို ဝဲကြီး၏ အနီးသို့ရောက်သွားသည်နှင့် စည်းမျဥ်းပဒေသ အကျိုးအပဲ့များ၏ တွန်းကန်အားများ သူ့အား အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။
သို့သော် ထိုသို့ဖြစ်နေလေလေ၊ ဝမ်ပေါင်လဲ့မှာလည်း ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေး အသက်ဝင်လာသည်နှင့် သူသည် စည်းမျဥ်းပဒေသ အကျိုးအပဲ့များအား စတင်စုပ်ယူနေလိုက်တော့သည်။ ထို့နောက် သူသည် ဝဲကြီးထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်ချကာ မျက်လုံးများမှိတ်၍ သူ၏ ဓားအိမ်လေးအား အသုံးပြုနိုင်ရန် အာရုံစိုက်ထားလိုက်တော့သည်။
သူ၏ ဓားအိမ်လေးမှာလည်း စိတ်လှုပ်တရှားဖြစ်နေ၏။ ၎င်းဆီမှ သွေးရောင်အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ၎င်းမှာ စည်းမျဥ်းပဒေသ အကျိုးအပဲ့များအား ယခင်တုန်းကထက် ပို၍ ဆာလောင်နေသည့်ပုံ ပေါက်နေသည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ ဝဲကြီးထဲရှိ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များအား အလျင်အမြန် စုပ်ယူနေသည်။ ထို့ကြောင့် ခဏအကြာတွင် သူသည် သုံးဆယ်ရာခိုင်နှုန်းတိတိ စုပ်ယူပြီးသွား၏။
ယခုတွင် ဓားအိမ်လေးတစ်ခုလုံးမှာ ခရမ်းရောင်ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ တဖြည်းဖြည်းနှင့် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားနေပြီး ၎င်းထဲ၌ ကိန်းအောင်းနေသည့် အငွေ့အသက်များမှာလည်း ပို၍ ကြောက်စရာကောင်းလာ၏။
ဝဲကြီးထဲရှိ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များ၏ အရေအတွက် လျော့နည်းသွားသည်နှင့် အစိမ်းရောင်အမျှင်အတန်း အမြောက်အမြားမှာ စတင်စုဝေးလာကြ၏။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့၏ အရေအတွက်မှာ တစ်သောင်းကျော်အထိ ဖြစ်သွားသည့်တိုင်အောင် ရပ်တန့်သွားခြင်း မရှိသေးပေ။
အနက်ရောင်ငါးလေးမှာလည်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။ ၎င်းမှာ အစိမ်းရောင် အမျှင်အတန်းများကို ကြည့်ရင်း သွားရည်များကျလာ၏။ မြည်းလေးနှင့် ဝူလေးတို့မှာလည်း ဝမ်ပေါင်လဲ့မသိအောင် ခိုးထွက်လာကြပြီးနောက် ဝဲကြီး၏ အခြားတစ်ဖက်တွင် ရပ်ကာ ထို အမျှင်အတန်းများအား သွားရည်တများများနှင့် ကြည့်နေတော့သည်။
သူတို့သုံးယောက် ထိုကဲ့သို့ မျှော်လင့်တကြီး စောင့်စားနေကြစဉ် ဝမ်ပေါင်လဲ့မှာ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များအား ကိုးဆယ်ရာခိုင်နှုန်းအထိ စုပ်ယူပြီးသွားပြီဖြစ်သည်။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထိုနေရာ၌ ထစ်ချုန်းသံများ ပြည့်နှက်သွားပြီး အမျှင်အတန်း အခုရေ တစ်သိန်းခြောက်သောင်း၊ တစ်သိန်းခုနစ်သောင်းခန့်မှာ အဝေးမှနေ၍ အရှိန်အဟုန်ဖြင့် ထပ်၍ ဦးတည်လာကြပြန်သည်။ ၎င်းတို့၏ စုစုပေါင်း အရေအတွက်မှာဆိုလျှင် အခုရေ နှစ်သိန်းကျော် ရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် ဓားအိမ်လေး၏ တစ်ဝက်တိတိမှာ အနက်ရောင်ပြောင်းသွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ဝဲကြီးထဲ၌ ကျန်ရှိနေသေးသည့် စည်းမျဥ်းဥပဒေသ အကျိုးအပဲ့ ဆယ်ရာခိုင်နှုန်းအား အပြီးသတ်စုပ်ယူလိုက်သဖြင့် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကြီးတစ်သံမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားရုံသာမက မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အပြင်ဘက်အထိ ရောက်ရှိသွားတော့သည်။
ထိုအသံကြီး လေထုထဲ၌ ပဲ့တင်ထပ်နေစဉ် ဝမ်ပေါင်လဲ့ ရှိနေသည့် ဝဲကြီးမှာ ဧရာမ အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ ပြင်ပကမ္ဘာကြီးအား အားပါပါ စုပ်ယူနေသောကြောင့် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ရှိနေသည့် အစိမ်းရောင်အမျှင်အတန်း အရေအတွက်မှာ ကြောက်ခမန်းလိလိ များပြားလာပြီး အခုရေ သုံးသိန်းနီးပါးအထိ ရောက်ရှိသွား၏။ ထို့နောက် ထို အမျှင်အတန်း သုံးသိန်းနီးပါးမှာ အရပ်မျက်နှာ အနှံ့မှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားတော့သည်။
၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝှေ့ဝင်ရောက်သွားကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။
ထိုအချိန်တွင် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အထက်၌ ပုန်းကွယ်နေကြသည့် အဆုံးမဲ့မျိုးနွယ်စုစစ်သင်္ဘော အစင်းရေတစ်သိန်းကျော်မှာလည်း တုန်ရီသွားကြ၏။ ထို့အပြင် ၎င်းတို့မှာ ဆွဲငင်ခံနေရသလို ဖြစ်နေသည်ကိုပင် မြင်နိုင်ပေသည်။
ထိုမြင်ကွင်းကြောင့် ထိုနေရာတွင် ရှိနေသည့် နတ်ဧကရာဇ်ရွှမ်ဟွားမှာ မှင်တက်သွားရ၏။ ထို့ကြောင့် သူသည် မျက်လုံးများမှေးကာ အောက်တွင်ရှိနေသည့် မီးခိုးရောင်အာကာသကောင်းကင်ကြီးအား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်သည်။ သူသည် မည်သည့်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိသေးပါသော်လည်း သေမင်းအငွေ့အသက် အမြောက်အမြား လွင့်ပါးပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်ဆဲပင်။ ထို့ကြောင့် သူသည် အေးစက်စက်ကာ နှာမှုတ်ကာ ဆိုလိုက်၏။
" သေခါနီးမလို့ ကြောက်ကန်ကန်နေတာများလား။ စွမ်းအားတွေကို တိုးမြှင့်လိုက်စမ်း “