← Chapters

လင်မျိုးနွယ်ခေါင်းဆောင် အပြောင်းအလဲ

Vol. 43 Ch. 593

လင်မျိုးနွယ်ခေါင်းဆောင် အပြောင်းအလဲ

Vol. 43 Ch. 593

လူတိုင်း၏အကြည့်အောက်တွင် ယဲ့ချန်သည် လင်ယု၏ဘေးရှိ ထိုင်ခုံသို့ ပြန်လည်ရောက်ရှိလာသည်။ စစ်ဧကရာဇ်များနှင့် တိုက်ရိုက်စကားပြောခွင့်ရှိသောကြောင့် သခင်လေးများဖြစ်စေ ၊ကျိကျောက်ရှဖြစ်စေ သူ့ကို အလွန်ရိုသေစွာ ဆက်ဆံကြရသည်။ သူတို့အများစုက ပို၍အသက်ကြီးပြီး ကျင့်ကြံဆင့်မြင့်သော်လည်း ယဲ့ချန်ကဲ့သို့ စစ်ဧကရာဇ်များနှင့် စကားပြောခွင့် မရှိပေ။ ကျိကျောက်ရှသည် ယဲ့ချန်ကို ပြဿနာရှာရန် အစပျိုးခဲ့မိသော သူ၏အဖြစ်ကို ပြန်တွေးကာ စိတ်များလေးလံနေသည်။ သူက ကျစ်ဟွာနတ်တိုင်းပြည်၏ အိမ်ရှေ့မင်းသားဖြစ်သော်လည်း ယဲ့ချန်ကို ပြဿနာရှာလျှင် သေလမ်းရှာနေသည်နှင့် မခြားပေ။ ကံကောင်းစွာဖြင့် သူ၏ညီမက ယဲ့ချန်၏ညီနှင့် လက်ထပ်တော့မည်ဖြစ်သောကြောင့် ရန်ငြှိုးများ သင်ပုန်းချေနိုင်ချေရှိသည်။

"အိမ်ရှေ့မင်းသားကို တစ်ခွက်လောက် ဂုဏ်ပြုပါရစေ"

ယဲ့ချန်က သူ၏သေရည်ခွက်ကိုမြှောက်ကာ ပြောလိုက်ခြင်းဖြစ်သည်။ သူက အသုံးချနိုင်သူမှန်သမျှကို အသုံးချရန် လိုအပ်သောကြောင့် ရန်မီးအသေးအမွှားကို လျစ်လျူရှုလိုက်သည်။ ကျိမျိုးနွယ်နှင့် လင်မျိုးနွယ်၏လက်ထပ်ပွဲသည် သူ့အတွက်လည်း အကျိုးအမြတ်ရှိနေသည်။

"ကျုပ် အလျင်စလို လုပ်မိပါတယ်။ အစ်ကိုယဲ့က ဗွေမယူဖို့ မျှော်လင့်ပါတယ်။ ကိုယ့်ကိုကိုယ်အပြစ်ပေးတဲ့အနေနဲ့ သုံးခွက် သောက်ပါမယ်"

ကျိကျောက်ရှသည် ယဲ့ချန်၏ခွင့်လွှတ်မှုကြောင့် ပျော်ရွှင်သွားခဲ့သည်။ သူက ယဲ့ချန်ဘက်မှ ရန်ငြှိုးထားနေမည်ကို စိုးရိမ်နေခဲ့သော်လည်း တစ်ဖက်လူက သဘောထားကြီးစွာ ခွင့်လွှတ်ပေးခဲ့သည်။ သူက သေရည်ခွက်ကိုမြှောက်၍ သုံးခွက်ဆက်တိုက် သောက်ချလိုက်ပြီး မောက်မာမှုအားလုံးကို ခဝါချကာ အလွန်နှိမ့်ချသော အမူအရာမျိုး ပြောင်းလဲသွားခဲ့သည်။

"လင်ယုက ကျုပ်ညီလေးဖြစ်တဲ့အတွက် အနာဂတ်မှာ မင်းသားက သူ့ကို ကြည့်ရှုပေးပါဦး"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။

"လင်ယုက ကျုပ်ရဲ့ ယောက်ဖတော်လည်းဖြစ်ပါတယ်။ အခုကစလို့ မိသားစုတွေဖြစ်သွားပြီဆိုတော့ အကောင်းဆုံး ကူညီပေးမှာပါ"

ကျိကျောက်ရှက ကတိပေးလိုက်သည်။

"ယောက်ဖတော်ကို တစ်ခွက်လောက် ဂုဏ်ပြုပါရစေ"

ဘေးတွင်ထိုင်နေသော လင်ယုကလည်း သူ၏သေရည်ခွက်ကိုမြှောက်ကာ သောက်လိုက်သည်။ ထို့နောက် သခင်လေးများက ရှေ့တက်လာကာ သေရည်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုလိုက်ကြသည်။ သူတို့က ယဲ့ချန်နှင့် တိုက်ရိုက်ပတ်သက်ရန် အခွင့်အရေးမရှိသော်လည်း လင်ယုမှတဆင့် ပြောဆိုဆက်သွယ်နိုင်သည်။ ထိုအချိန်တွင် လင်ယုက လူတိုင်း၏အာရုံစိုက်ရာဖြစ်နေစဥ် လင်ချန်းနှင့် လင်ရှုက လျစ်လျူရှုထားခံနေရသည်။ သူတို့က လင်မျိုးနွယ်၏ သခင်လေးများဖြစ်သော်လည်း ကြောက်မက်ဖွယ် ယဲ့မျိုးနွယ်ခေါင်းဆောင်နှင့် အိမ်ရှေ့မင်းသား၏ အထောက်အပံ့ရှိသော လင်ယုနှင့် ရန်မီးမပွားလိုသောကြောင့် မည်သူမှ ဂရုမစိုက်တော့ပေ။

"ဒီခွေးကောင်က တကယ်ကံကောင်းလွန်းတယ်"

လင်ချန်းနှင့် လင်ရှုသည် ခန်းမအတွင်းမှ တိတ်တဆိတ်ထွက်ခွာလာကြပြီး လင်ယု၏ကျောပြင်ကို မုန်းတီးစွာစိုက်ကြည့်ရင်း စိတ်ထဲမှ ကျိန်ဆဲနေကြသည်။

"အစ်ကိုကြီး ကျုပ်တို့ ဘာလုပ်ကြမလဲ"

သူတို့က အချင်းချင်းဆန့်ကျင်နေကြဖြစ်သော်လည်း ဘုံရန်သူကို ရင်ဆိုင်ရန် တစ်ဖက်တည်း ဖြစ်သွားခဲ့ကြသည်။

"ပြန်ရောက်မှ ပြောကြတာပေါ့"

လင်ချန်းက လင်ရှု၏အမေးကို ဖြေလိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူတို့အတွက် အားကိုးရာမှာ မိဘများသာရှိသောကြောင့် စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားကြရသည်။ ညစာစားပွဲကို ညနက်သည်အထိ ကျင်းပခဲ့ပြီးနောက် လူတိုင်းက အလျှိုလျှိုထွက်ခွာသွားကြသည်။ စစ်ဧကရာဇ်များသည် ကျစ်ဟွာတော်ဝင်မြို့တော်တွင် လမ်းကြောင်းတည်ဆောက်ရေးကို ကာကွယ်ရမည်ဖြစ်သောကြောင့် အချိန်တစ်ခုအထိ နေထိုင်ရပေလိမ့်မည်။ ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်သည် တာအိုအိမ်တော်၏ အမှုထမ်းများကို ဦးဆောင်ပြီး မီးဝိညာဥ်ကြယ်မှတဆင့် ခရမ်းရောင်အလင်းကြယ်ထံ လမ်းကြောင်းတစ်ခုတည်ဆောက်ရန် လုပ်ငန်းများကို စတင်လိုက်ကြသည်။ မိန်းမပျိုရောင်ယွမ်ကမူ ညစာစားပွဲမပြီးခင် ထူးဆန်းစွာ ပျောက်ကွယ်သွားပြီး မည်သူမှ သတိမထားမိခဲ့ကြပေ။

ယဲ့ချန်၊ လင်ယုနှင့် လင်ယွမ်သည် လင်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာကြပြီး ကျိကျောက်ရှနှင့် အထက်တန်းစားမျိုးနွယ်ကြီးများက ယဥ်ကျေးစွာဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။

"နှင်းဧကရာဇ် မိန်းမပျိုရောင်ယွမ်ရဲ့ နောက်ခံကို သိပါသလား"

လင်ယွမ်၏အိမ်တော်သို့ ရောက်သောအခါ ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ရောင်ယွမ်အကြောင်း စုံစမ်းလိုက်သည်။

"ငါလည်း မသိဘူး"

လင်ယွမ်သည် ရောင်ယွမ်လည်း သုညပိုင်ရှင်ဖြစ်သည်ဟူသော အချက်ကို ဖုံးကွယ်ထားမည်ဟု ကတိပေးထားသောကြောင့် ခေါင်းယမ်းလိုက်သည်။

"ဘာသတင်းမှ မရှိဘူးလား"

"သူမက နတ်အစေခံတစ်ယောက်ရဲ့သမီးဆိုတဲ့ ကောလဟာလတွေရှိပေမယ့် မသေချာဘူး။ မင်း တကယ်သိချင်တယ်ဆိုရင်တော့ နတ်ဧကရာဇ်တစ်ယောက်ပဲ ဖြေပေးနိုင်လိမ့်မယ်"

"နတ်ဧကရာဇ်ကို မေးရမှာလား"

ယဲ့ချန်က ဆွံ့အသွားခဲ့သည်။ သူ၏လက်ရှိအနေအထားဖြင့် တာအိုအိမ်တော်သခင်ဖြစ်သော နတ်ဧကရာဇ်ကို တွေ့နိုင်ခွင့်မရှိပေ။ ရောင်ယွမ်၏နောက်ခံနှင့် စိတ်အတွင်းရှိ ဓားပျံကို တုံ့ပြန်လာစေနိုင်သည့် အကြောင်းအရင်းကို သူက အလွန်သိချင်နေခဲ့သော်လည်း မျိုသိပ်ထားရုံသာတတ်နိုင်သည်။ လင်ယွမ်က တစ်ခုခုသိထားနိုင်သော်လည်း ပြောချင်စိတ်ရှိဟန်မတူသောကြောင့် သူက ထပ်မမေးတော့ပေ။

"နှင်းဧကရာဇ် တစ်ခုလောက် အကူအညီတောင်းပါရစေ။ လင်ယုကို လင်မျိုးနွယ်ခေါင်းဆောင်နေရာပေးဖို့ သုံးရက်အတွင်း ဖြစ်နိုင်ပါ့မလား"

ယဲ့ချန်သည် လင်ယုကို မျိုးနွယ်ခေါင်းဆောင်နေရာသို့ တင်ပေးမထားလျှင် လင်ရှောင်းကျယ်ဘက်မှ အောက်တန်းကျစွာ လုပ်ကြံနိုင်သောကြောင့် လင်ယွမ်ကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"လင်ယုက မျိုးနွယ်ခေါင်းဆောင်ဖြစ်လာဖို့ ဘာပြဿနာမှမရှိဘူး။ မင်းသမီးက သူ့ကိုလက်ထပ်ပြီး ငါက သူ့ကိုခွင့်ပြုချက်ပေးလိုက်ရင် ဘယ်သူမှမငြင်းရဲဘူး။ ဒါပေမယ့် မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရင် သေချာပေါက် စိတ်အေးလက်အေးနေနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မမေ့နဲ့"

လင်ယွမ်က ယဲ့ချန်ကို တစ်ချက်ကြည့်၍ ဖြေလိုက်သည်။

"ကျုပ် နားလည်ပါတယ်"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ငါက မင်းသမီးနဲ့လက်ထပ်ဖို့ မပြောနဲ့၊ လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်လာမှာတောင် မဟုတ်ဘူး"

လင်ယုက ယဲ့ချန်ကို စိတ်ပါလက်ပါ ကျေးဇူးတင်လိုက်သည်။ လင်ယုက သူ့အပေါ် သစ္စာရှိသူဖြစ်သောကြောင့် ယဲ့ချန်က မည်သည်မှပြောမနေတော့ဘဲ တစ်ချက်ပြုံးပြလိုက်သည်။

"မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရင် မင်း သတိထားရမယ်။ လင်ရှောင်းကျယ်က သူသေကိုယ်သေတိုက်ခိုက်ဖို့ ကြိုးစားလာနိုင်တယ်"

သူက လင်ယုကို သတိပေးလိုက်၏။

အချိန်တစ်ရက် ကုန်ဆုံးသွားပြီး ဖြာကျနေသော နေအလင်းရောင်များအောက်တွင် စည်းကမ်းထိန်းခန်းမ၏ရှေ့ရှိ ရင်ပြင်တွင် လင်မျိုးနွယ်ဝင်အားလုံး ရောက်ရှိနေကြသည်။ လွန်ခဲ့သောညတွင် လင်ယွမ်က သူတို့အားလုံးကို စုစည်း၍ မျိုးနွယ်အစည်းအဝေးတစ်ခုကျင်းပရန် အမိန့်ပေးခဲ့သည်။ လူတိုင်းက လင်ယွမ်၏ရည်ရွယ်ချက်ကို နားလည်ထားပြီး လင်မျိုးနွယ်၏ အစွမ်းထက်သူအားလုံး ရောက်ရှိနေကြသည်။ အချို့က လေးလေးနက်နက်စဥ်းစားနေပြီး အချို့က စိတ်ဓာတ်ကျနေ၍ အချို့မှာ ပျော်ရွှင်နေသောကြောင့် မျက်နှာထားကိုယ်စီနှင့်ဖြစ်သည်။ လွန်ခဲ့သော အစည်းအဝေးတွင် လင်ရှောင်းကျယ်သည် လင်ယုကို မြေအောက်ရေခဲထောင်အတွင်း ဖမ်းချုပ်ရန် ကြိုးစားခဲ့ကြောင်းကို အားလုံးက မေ့မရကြပေ။ ထိုအချိန်တွင် လင်ယုက အဆုံးသတ်ပြီဟု သူတို့ကထင်ထားကြသော်လည်း နှစ်လအတွင်း အခြေအနေများစွာ ပြောင်းလဲသွား၏။ လင်ရှောင်းကျယ်က မျိုးနွယ်ခေါင်းဆောင်ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီး လင်ယုက မျိုးနွယ်ခေါင်းဆောင်ဖြစ်ရန် ရေပန်းအစားဆုံး ဆက်ခံသူဖြစ်လာသည်။ သူက တော်ဝင်သမက်တော်ပင်ဖြစ်လာသောကြောင့် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။

လင်ယုကို အတိတ်တွင် စော်ကားခဲ့ဖူးသော လင်ကုန်းနှင့် နောက်လိုက်များမှာ အလွန်အမင်းစိတ်ဓာတ်ကျနေသည်။ သူတို့၏ဘဝက ပြန်လည်မြင့်တက်လာရန် အခွင့်အရေး လုံးဝမရှိတော့ပေ။ လင်ယုက သူတို့ကိုခွင့်လွှတ်ရန် မျှော်လင့်နေကြသော်လည်း ဤကိစ္စဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။ တစ်ဖက်လူက သူတို့ကိုသတ်ရန်ပင် ကြိုးစားလာနိုင်သည်။ လင်ရှောင်းကျယ်၏မျက်နှာက အလွန်အမင်းမည်းနက်နေပြီး မျက်လုံးများက အေးစက်တင်းမာနေကာ မည်သူမှ သူ၏အတွေးများကို မခန့်မှန်းကြပေ။

ယာယီမျိုးနွယ်ခေါင်းဆောင်ဖြစ်သော လင်ရှောင်ဖန်း၊ မျိုးနွယ်ခွဲခေါင်းဆောင်များနှင့် စည်းကမ်းထိန်းအကြီးအကဲများက ရှေ့ဆုံးတွင် နေရာယူထားပြီး နှင်းဧကရာဇ်ကို စောင့်မျှော်နေကြသည်။ လင်မျိုးနွယ်ဝင်ပေါင်းသုံးထောင်ကျော် ရောက်ရှိနေသောကြောင့် လင်ယုကို အပြစ်ပေးစဥ်ကထက် ပို၍များပြားနေခဲ့သည်။ လူစုံသောအခါ လင်ယွမ်သည် ဘေးတစ်ဖက်တစ်ချက်တွင် လင်ယုနှင့် ယဲ့ချန်ခြံရံ၍ ကြွချီလာခဲ့ပြီး လူတိုင်း၏အာရုံစိုက်ရာ ဖြစ်နေခဲ့သည်။

"ငါက မင်းတို့အားလုံးကို ဆင့်ခေါ်လိုက်တာဟာ ကိစ္စတစ်ခုကို ကြေညာစရာရှိလို့ဖြစ်တယ်"

လင်ယွမ်က ရင်ပြင်ရှေ့ရှိ ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး လင်မျိုးနွယ်ဝင်များကိုဝေ့ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။ ခံစားချက်မဲ့သော မျက်နှာနှင့် ယဲ့ချန်ကရပ်နေပြီး လင်ယုသည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း မျက်နှာထားက အလွန်တည်ငြိမ်နေသည်။ ရင်ပြင်တွင်ခစားနေရသော လင်ရှောင်းကျယ်၏မျက်လုံးများတွင် လူသတ်လိုစိတ်များ ထင်ဟပ်နေသည်။ နှစ်လအကြာက သူသည် လင်ယုကို မျိုးနွယ်ခေါင်းဆောင်နေရာမှ ငုံ့ကြည့်နိုင်ခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်း အရာအားလုံးပြောင်းလဲသွားခြင်းကို လက်မခံနိုင်ပေ။ ထိုအချိန်တွင် ရှေ့ဆုံး၌ မတ်တပ်ရပ်နေသော လင်ရှောင်ဖန်းက ရုတ်တရက် ဒူးတစ်ဖက်ထောက်ချလိုက်၏။

"လေးစားရပါသော နှင်းဧကရာဇ်အရှင် ကျုပ်ရဲ့ရဲတင်းမှုကို ခွင့်လွှတ်ပေးတော်မူပါ။ ကျုပ်တို့မှာ အရှင့်ကို တင်ပြစရာရှိပါတယ်"

သူက အခြားလူများ ဤအခွင့်အရေးကို လုယူသွားမည်အား စိုးရိမ်နေသောကြောင့် လက်ဦးမှုယူကာ ရိုရိုသေသေ လျှောက်တင်လိုက်ခြင်းဖြစ်သည်။

"ပြောစရာရှိတာ ပြောပါ"

လင်ယွမ်က ခွင့်ပြုပေးလိုက်သည်။

"လင်ယုက ငယ်ရွယ်ပေမယ့် ထူးချွန်ထက်မြက်ပြီး ဘုရင်ရဲ့ အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။ သူက တော်ဝင်သမက်တော်အဖြစ် ရွေးချယ်ခံရခြင်းဟာ နှစ်ပေါင်းရာချီအတွင်း လင်မျိုးနွယ်အတွက် ဂုဏ်အယူရဆုံးဖြစ်ရပ်ပါပဲ။ ဒါကြောင့် လင်မျိုးနွယ်အတွက် ခေါင်းဆောင်သစ်အဖြစ် လင်ယုကိုရွေးချယ်ပေးဖို့ ကျုပ်က အတင့်ရဲစွာနဲ့ တောင်းဆိုပါရစေ။ လင်မျိုးနွယ်ခေါင်းဆောင်က တော်ဝင်သမက်တော်ဖြစ်နေတဲ့အတွက် လင်မျိုးနွယ် ဂုဏ်တက်ရမှာဖြစ်ပါတယ်"

လင်ရှောင်ဖန်းက ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။

"ယာယီခေါင်းဆောင်ပြောတာ မှန်ပါတယ်"

"ကျွန်တော်မျိုးတို့အားလုံးက လင်ယုကို ခေါင်းဆောင်အဖြစ် လက်ခံပါတယ်"

မျိုးနွယ်ခွဲခေါင်းဆောင်များနှင့် စည်းကမ်းထိန်းအကြီးအကဲများကလည်း ဒူးတစ်ဖက်ထောက်၍ အော်ဟစ်လိုက်ကြသည်။ လင်ယုသည် လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရန် ရာနှုန်းပြည့်သေချာနေသောကြောင့် သူတို့က သစ္စာရှိမှုကိုပြသရန် ဆုံးဖြတ်လိုက်ကြ၏။

"မင်းတို့အားလုံးက ဒီလိုထင်ကြသလား"

လင်ယွမ်သည် လင်မျိုးနွယ်တွင် လင်ရှောင်းကျယ်၏အာဏာကို ဖယ်ရှားရန် လွယ်ကူမည်ဟု ထင်မထားသော်လည်း လက်ရှိအခြေအနေအရ သူကိုယ်တိုင်ဝင်ပါရန်ပင် မလိုအပ်တော့ပေ။ ဘုံလုံတစ်လှည့် ငါးဖျံတစ်လှည့်၊ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ဟူသော ဆိုရိုးများအတိုင်း အရာရာက ပြောင်းလဲသွားချေပြီ။

လင်ရှောင်းကျယ်၏ဘေးတွင် ရပ်နေသော လင်ချန်းနှင့် လင်ရှုမှာ အလွန်မကျေမနပ်ဖြစ်နေကြသည်။ လင်ယုကို မျိုးနွယ်ခေါင်းဆောင်အဖြစ် သူတို့အားလုံးက လက်မခံနိုင်ကြပေ။ လက်ရှိတွင် လင်ရှောင်းကျယ်သည် အခြေအနေကိုပြောင်းလဲနိုင်သော စွမ်းအားမျိုး ရှိမနေခဲ့ပေ။

"လင်ယုကို လင်မျိုးနွယ်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်။ နောက်တစ်ရက်မှာ ခေါင်းဆောင်နေရာပေးအပ်ခြင်း အခမ်းအနားကို ကျင်းပမယ်။ လင်ရှောင်ဖန်းကို စည်းကမ်းထိန်းခန်းမရဲ့ မဟာအကြီးအကဲအဖြစ် တာဝန်ပေးပြီး တော်ဝင်မင်္ဂလာပွဲကျင်းပဖို့ ဆောင်ရွက်ရမယ်။ ဘယ်သူ ကန့်ကွက်ချင်သလဲ"

လင်ယွမ်က အမိန့်ချမှတ်လိုက်သည်။

"ကန့်ကွက်စရာမရှိပါဘူး အရှင်"

လင်မျိုးနွယ်ဝင်အများစုက တခဲနက် ထောက်ခံလိုက်ကြသည်။

"အရှင် ကျုပ်က ဒီကိစ္စကိုမကန့်ကွက်လိုပေမယ့် ပြောစရာတစ်ခု ရှိပါတယ်"

လင်ရှောင်းကျယ်က အံကြိတ်၍ ရုတ်တရက် ဒူးတစ်ဖက်ထောက်ကာ အော်ဟစ်လိုက်ခြင်းဖြစ်သည်။

"မင်းက ဘာပြောချင်လို့လဲ"

လင်ယွမ်က အေးစက်စက် ပြန်မေးလိုက်သည်။

"ဒီနှစ်တွေအတွင်းမှာ ကျုပ်က လင်မျိုးနွယ်အတွက် အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အရှင်က ကျုပ်ကို တန်းဟွာနတ်တိုင်းပြည်မှာရှိတဲ့ လင်မျိုးနွယ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခွင့်ပေးအပ်စေလိုပါတယ်။ ဒါဆိုရင် ကျုပ် နောင်တမရဘဲ ထွက်သွားပေးပါမယ်"

လင်ရှောင်းကျယ်က ကိုယ့်ကိုကိုယ်နှိမ့်ချ၍ အလွန်ရိုးသားသော မျက်နှာထားဖြင့် တောင်းဆိုလိုက်လေသည်။

All Chapters