← Chapters

ရှင်းဟွမ် သို့ ကြယ်ဝိညာဥ်၏ လျှို့ဝှက်ချက်များ

Vol. 43 Ch. 595

ရှင်းဟွမ် သို့ ကြယ်ဝိညာဥ်၏ လျှို့ဝှက်ချက်များ

Vol. 43 Ch. 595

ယဲ့ချန်သည် မျက်မှောင်ကြုတ်၍ အံကြိတ်ထားမိလိုက်သည်။ သူ၏လျှို့ဝှက်ချက်များကို မည်သူမှမသိစေချင်သော်လည်း သုညပိုင်ရှင်တစ်ယောက်ဖြစ်သော ရောင်ယွမ်မှ သိသွားမည်ဟု မျှော်လင့်မထားပေ။

"မစိုးရိမ်ပါနဲ့။ ဒီကိစ္စကို လောလောဆယ်မှာ လျှို့ဝှက်ထားပေးပါမယ်။ လူသိရှင်ကြားဖြစ်သွားရင် အကျိုးဆက်တွေက အရမ်းဆိုးဝါးသွားနိုင်တယ်"

ရောင်ယွမ်က တစ်ချက်ပြုံး၍ ကတိပေးလိုက်သည်။ သူမဘက်မှ လိမ်စရာအကြောင်းမရှိကြောင်း ယဲ့ချန်က အကဲခတ်လိုက်မိသည်။

"နောက်ထပ်ပြောစရာ ရှိသေးတယ်။ သုညပိုင်ရှင်တစ်ယောက်ရဲ့ ကျင့်ကြံနှုန်းက သူများတွေအောက် နှေးကွေးပေမယ့် မကောင်းတာတော့ မဟုတ်ဘူး။ ငါတို့က ကျင့်ကြံဆင့်အတားအဆီးကို ပိုပြီးလွယ်လွယ် ချိုးဖျက်နိုင်တယ်။ နောက်ဆုံးမှာ လူတိုင်းစိတ်ကူးယဥ်နေရတဲ့ အဆင့်အထိ ရောက်သွားလိမ့်မယ်"

ရောင်ယွမ်က ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။

"မင်းက ဘာကြောင့် ငါ့ကို ဒီလောက်အများကြီး ပြောနေရတာလဲ"

"နင့်ကိုယ်နင်အကြောင်း ပိုသိထားရင် ပိုပြီးကာကွယ်နိုင်တာပေါ့။ ပြီးရင် ပေါင်းစပ်နှုန်းသုညအကြောင်း နောက်ထပ်လေ့လာကြည့်ရမယ်။ နောက်ထပ်လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ငါက အနာဂတ်ကို ခန့်မှန်းနိုင်တဲ့အစွမ်းမျိုးရှိပြီး ကပ်ဘေးတွေ၊ ကောင်းကင်နတ်ဆိုးတွေလိုမျိုး အန္တရာယ်တွေကို ကြိုသိနိုင်တယ်။ ငါ့ကြောင့်သာမဟုတ်ရင် ကောင်းကင်မူလတိုက်ကြီး ပျက်စီးသွားတာကြာပြီ။ ခရမ်းရောင်အလင်းကြယ်ပေါ်မှာ ငါတို့အတွက် အဖြေအချို့ စောင့်ကြိုနေမယ်လို့ ခံစားနေရတယ်"

ရောင်ယွမ်က ခဏတာတိတ်ဆိတ်သွားပြီးနောက် အဖြေပေးလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး ကြယ်ဝိညာဥ်တစ်ကောင် မွေးဖွားလာသော ထိုကြယ်အကြောင်း စိတ်ဝင်စားစပြုလာသည်။

"နင့်ကို အဲ့ဒီမှာတွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ လျှို့ဝှက်ချက်တွေ့ရင် ငါ့ကိုလည်း ပြောပါ။ တစ်ကိုယ်တော်ရှာဖွေတာထက် နှစ်ယောက်ရှာဖွေတာက ပိုပြီးမြန်တယ်မဟုတ်လား။ နင်ကျင့်ကြံနေတာကို မနှောင့်ယှက်တော့ပါဘူး"

ရောင်ယွမ်က ယဲ့ချန်ကို လေးနက်စွာစိုက်ကြည့်၍ လက်တစ်ဖက်ဝှေ့ယမ်းပြကာ လှည့်ထွက်လိုက်သည်။ ယဲ့ချန်သည် ရောင်ယွမ်၏နောက်ကျောကို စိုက်ကြည့်နေရင်း ဓားပျံသာမက လက်မောင်းကာအတွင်းရှိ စီမုထံမှ တုံ့ပြန်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူမထံတွင် နောက်ထပ်လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။

"နင့်ကို ပြောစရာတစ်ခု ရှိတယ်"

သူက ရောင်ယွမ်ကို ရုတ်တရက်တားမြစ်လိုက်သည်။

"ဘာများလဲ"

ရောင်ယွမ်၏ခြေလှမ်းများ ရပ်တန့်သွားကာ ယဲ့ချန်ထံ ပြန်လှည့်လာခဲ့သည်။

"ငါ့မှာ ဘာမှန်းမသိတဲ့ ရတနာတစ်ခုရှိတယ်။ ဒါကို နင်ကူညီပြီး လေ့လာပေးပါဦး"

ယဲ့ချန်က စီမူကို လက်ဝါးပေါ်တွင် တင်ထားလိုက်ပြီး ၎င်းနှင့်ရောင်ယွမ်ကြားတွင် ဆက်သွယ်မှုအချို့ ရှိနေကြောင်း အာရုံခံမိလိုက်သည်။ ရောင်ယွမ်သည် အနာဂတ်ကို ခံစားသိရှိနိုင်ပြီး စီမုသည်လည်း ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်နိုင်ကြောင်း တျန်းယွမ်က သူ့ကို ပြောပြထားသည်။ စီမူက အနည်းငယ်တောက်ပလာပြီး ညွှန်တံက နှောင့်ယှက်ခံလိုက်ရပုံဖြင့် မည်သည့်ဦးတည်ချက်ကိုမှ မပြနိုင်တော့ဘဲ တရစပ်လည်ပတ်နေသည်။

"ကြယ်ဝိညာဥ်မဟာတာအိုလက်နက် စီမုသံလိုက်အိမ်မြှောင်။ နင် ဒီရတနာကို ဘယ်လိုရထားတာလဲ"

ရောင်ယွမ်က ယဲ့ချန်ကို တအံ့တသြဖြင့် မေးလိုက်သည်။

"ဒီအကြောင်းကတော့မ င်းသိစရာ မလိုဘူး"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ စီမုနှင့် ရောင်ယွမ်က တစ်ခုခုပတ်သက်နေကြောင်း သူ ခံစားလိုက်ရသော်လည်း ထုတ်ယူလိုက်သောအခါ ၎င်းနှင့်သူမကြားတွင် ပြင်းထန်သော တွန်းကန်အားတစ်ခုရှိနေကြောင်း သိလိုက်ရသည်။ ဤကား ကံကြမ္မာ၏အချက်ပြမှုတစ်ခုဖြစ်ပြီး စီမုနှင့်ရောင်ယွမ်က အတူတကွမရှိနိုင်ကြောင်း ပြသနေသည်။

"ဒီလိုရတနာမျိုးမှာ ကြယ်ဝိညာဥ်ရဲ့ အစိတ်အပိုင်းတစ်ခုပါဝင်နေတဲ့အတွက် သာမန်တာအိုလက်နက်တွေထက် ပိုပြီးသန်မာတယ်။ ကောင်းကင်မူလကြယ်ပေါ်မှာ ကြယ်ဝိညာဥ် မဟာတာအိုလက်နက် ခြောက်ခုရှိတယ်။ နင်ပိုင်ဆိုင်ထားတဲ့ စီမုမှာ တိုက်ခိုက်ရေးစွမ်းအားမရှိပေမယ့် ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်ပြီး အချိန်နဲ့ လေဟာနယ်ကို ခြယ်လှယ်နိုင်တယ်"

ရောင်ယွမ်က နာကျင်နေဟန်ဖြင့် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သူမသည်လည်း စီမု၏ပြင်းထန်သော တွန်းကန်မှုကို ခံစားနေရသဖြင့် စိတ်တွင် နာကျင်မှုများ ဖြစ်ပေါ်လာသည်။ သူမ၏အမူအရာကြောင့် ယဲ့ချန်က စီမုကို ပြန်သိမ်းလိုက်သည်။ သူတို့ကြားတွင် အချင်းချင်းပြင်းထန်စွာ တွန်းကန်နေသော အကြောင်းအရင်းကို သူက မစဥ်းစားတတ်ပေ။

"စီမုနဲ့ ငါက ဆန့်ကျင်နေရတဲ့အကြောင်းအရင်းကို နင်သိချင်နေမယ် ထင်တယ်။ ငါတို့မှာ တူညီတဲ့ကံကြမ္မာမျိုးပိုင်ဆိုင်ထားပြီး တစ်ချိန်တည်း တစ်နေရာတည်းမှာ အတူတူရှိနေရင် အချင်းချင်းနှောင့်ယှက်ကြတယ်။ တာအိုလက်နက်တစ်ခုက ပိုင်ရှင်ကို အလိုလိုရွေးချယ်တယ်။ တစ်နည်းပြောရရင် စီမုက နင့်ကို သခင်အဖြစ် ရွေးချယ်လိုက်ပြီးပြီ"

ယဲ့ချန်က စီမုကို ပြန်လည်သိမ်းယူလိုက်သောအခါ ရောင်ယွမ်၏စိတ်အတွင်းမှ နာကျင်မှု ပျောက်ကွယ်သွားခဲ့သည်။ သူမက ခဏတာစဥ်းစား၍ ရှင်းပြလိုက်သည်။

"မတူညီတဲ့ ကံကြမ္မာတွေလား"

ယဲ့ချန်က ဉာဏ်အလင်းပွင့်သော ခံစားချက်မျိုး ဖြစ်ပေါ်လာသော်လည်း အပြည့်အဝ နားမလည်လိုက်သောကြောင့် စိတ်ရှုပ်ထွေးနေသည်။

"ကံကြမ္မာကြောင့်ဆိုတော့ ငါလည်း အတိအကျမရှင်းပြတတ်ဘူး။ သေချာတာ တစ်ခုတော့ရှိတယ်။ နောက်ဆုံးမှာ နင်ဖြစ်ဖြစ် ငါဖြစ်ဖြစ် တစ်ယောက်သေရလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ငါ နင့်ကို မသတ်ပါဘူး။ နောက်ဆုံးမှာ တစ်ယောက်သေရမယ်ဆိုပေမယ့် ကံကြမ္မာအလိုတော်အရပဲ။ ငါတို့က အတင်းအကြပ်ပြောင်းလဲမယ်ဆိုရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်။ ဘာဖြစ်ဖြစ် စီမုကို သေချာသိမ်းထားပါ။ အချိန်ကျလာရင် သူ့အစွမ်းကို နင် ကောင်းကောင်းသိရလိမ့်မယ်"

ရောင်ယွမ်သည် စိတ်လက်ပေါ့ပါးစွာဖြင့် တခစ်ခစ်ရယ်မော၍ ရှင်းပြလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်က နားလည်စပြုလာသည်။ အရာအားလုံးတွင် ကိုယ်ပိုင်ကံတရားရှိပြီး လူတိုင်းက အဆုံးတွင် စကြဝဠာအတွင်း၌ ဖုန်မှုန့်များပမာ ပျောက်ကွယ်သွားရပေလိမ့်မည်။ မည်မျှကြီးကျယ်ခမ်းနားသော ဘဝမျိုးကို ပိုင်ဆိုင်ထားသူဖြစ်ပါစေ၊ သဲလွန်စမရှိ ပျောက်ကွယ်သွားနိုင်ချေရှိသည်။ ကံကြမ္မာကိုဆန့်ကျင်နိုင်သူမှာ လူနည်းစုသာဖြစ်၍ အများစုက ၎င်း၏ကြိုးဆွဲရာအတိုင်း လိုက်လံကပြနေကြရသည်။ ရှင်းဟွမ်ခေါ် ကြယ်ဝိညာဥ်မျိုးနွယ်၏ ကြိုးဆွဲမှုအောက်တွင် ပို၍သန်မာသော ကံကြမ္မာကို ပိုင်ဆိုင်ထားသူက ဆက်လက်ရှင်သန်ရပေလိမ့်မည်။ ၎င်းတို့က ကောင်းကင်တာအို၏ရွေးချယ်မှုဖြစ်ပြီး ရှည်လျားလှသော သမိုင်းကြောင်းကြီးအောက်တွင် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် မွေးဖွားလာကြသည်။

"ငါတို့ရဲ့ကံကြမ္မာက ရှင်းဟွမ်နဲ့ဆက်နွယ်နေပြီး တစ်နည်းပြောရရင် သူထိန်းချုပ်တာကို ခံနေရတာပဲ။ ဒါပေမယ့် သူက လူတစ်ယောက်ရဲ့ကံကြမ္မာကို အလုံးစုံ မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့် အဆုံးမဲ့စကြဝဠာမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ် ထွက်ပေါ်လာတာပဲ။ ကောင်းကင်မူလရဲ့ ရှင်းဟွမ်က ကြယ်ပေါ်မှာရှိသူတိုင်းရဲ့ ကံကြမ္မာကို စွက်ဖက်နိုင်ပြီး အချို့ကို ကာကွယ်သူအဖြစ်ရွေးချယ်ပြီး မျက်နှာသာပေးခဲ့တယ်။ သူ့ရဲ့ဆုံးဖြတ်ချက်က ကောင်းကင်အလိုတော်ဖြစ်တယ်"

ရောင်ယွမ်၏စကားကြောင့် ယဲ့ချန်သည် သူ၏ကံကြမ္မာကို ရှင်းဟွမ်မှ ဝင်ရောက်စွက်ဖက်နိုင်နေခြင်းကို မကျေမနပ်ဖြစ်သွားခဲ့သည်။

"သုညပိုင်ရှင်တွေက သူ့ထိန်းချုပ်မှုအောက်ကနေ အလုံးစုံလွတ်မြောက်နိုင်တဲ့အတွက် ကြယ်သခင် ဖြစ်မလာနိုင်ဘူး။ ငါတို့က ကြယ်သခင်လိုမျိုး အဆင့်တစ်ခုရောက်အောင် ကျင့်ကြံနိုင်ပေမယ့် ကြယ်သခင်ရဲ့နောက်လိုက်တွေသာ ဖြစ်ရလိမ့်မယ်"

ရောင်ယွမ်က ယဲ့ချန်၏မကျေနပ်မှုကို ရိပ်စားမိဟန်ဖြင့် တစ်ချက်ပြုံးလိုက်သည်။ သုညပိုင်ရှင်များသည် ရှင်းဟွမ်၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်သောကြောင့် တစ်ယောက်က ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားခြင်းမှာ အဆန်းမဟုတ်ပေ။ ပထမဆုံးအကြိမ်အနေဖြင့် ယဲ့ချန်က ဤလောကအကြောင်း ကောင်းကောင်းနားလည်သွားခဲ့သည်။

"ဒါကို လက်ခံတာ လက်မခံတာကတော့ နင့်ရွေးချယ်မှုပေါ့။ အနည်းဆုံးတော့ နင့်မှာ ရွေးချယ်ခွင့်ရှိပါသေးတယ်။ ဒါပေမယ့် ငါ့ကိုတော့ ရှင်းဟွမ်က ထိန်းချုပ်ထားနိုင်နေပြီ။ ငါက သူ့ရဲ့အလိုတော်ကို လက်ခံလိုက်ပြီးပြီ"

ရောင်ယွမ်က ယဲ့ချန်ကိုသတိပေး၍ ပခုံးတွန့်ပြလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်သည် ရှင်းဟွမ်များအပေါ် စတင်၍ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ကျောက်စိမ်းမျှော်စင်၏သခင်အဖြစ် တျန်းယွမ်က သူ့ကိုရွေးချယ်ခဲ့ပြီးနောက် ခြောက်ထပ်တွင် စီမုကို ရှာတွေ့ခဲ့သည်။ တျန်းယွမ်သည် ရှင်းဟွမ်က ယဲ့ချန်ကို ကြယ်သခင်အဖြစ် ရွေးချယ်ထားကြောင်း အထင်မှားခဲ့သဖြင့် ဤသို့ဆုံးဖြတ်ခဲ့ပုံရသည်။ သို့သော် ကံမကောင်းစွာဖြင့် သူက သုညပိုင်ရှင်ဖြစ်ကြောင်း သိလိုက်ရသောအခါ တျန်းယွမ်က ချက်ချင်းမျက်နှာပျက်သွားကြသည်။ သူက ယဲ့ချန်ကို ဆက်ခံသူအဖြစ်မှ ထုတ်ပယ်လိုက်ပြီးနောက် စီမုကိုလက်လွှဲပြောင်းကာ ပေးအပ်ခဲ့သည်။ အကယ်၍ သူကသာ ၎င်းကိုအသုံးပြုလိုက်လျှင် ရှင်းဟွမ်၏ထိန်းချုပ်မှုအောက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားပေလိမ့်မည်။

ကောင်းကင်မူလကြယ်ပေါ်ရှိ ကျင့်ကြံသူတိုင်းက ကြယ်သခင်ဖြစ်စေ၊ နတ်အစေခံများဖြစ်စေ အစွမ်းအထက်ဆုံးမဟုတ်ဘဲ ရှင်းဟွမ်ကသာ ဘုရားသခင်ဖြစ်သည်။ ကြယ်သခင်နှင့် နတ်အစေခံများမှာ ၎င်း၏ရွေးချယ်ခံရသူများသာ ဖြစ်သည်။ စီမု၏အစွမ်းကို ယဲ့ချန်က အလွယ်တကူအသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။ သူက ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးချင်သူဖြစ်ပြီး ရှင်းဟွမ်၏ထိန်းချုပ်မှုကို လက်မခံနိုင်ပေ။

"မင်းက ဒီအချက်ကို လက်ခံလိုက်ပြီဆိုရင် ဘာကြောင့် ငါ့ကို ပြောပြရတာလဲ"

ယဲ့ချန်က ရောင်ယွမ်ကို စိုက်ကြည့်လိုက်သည်။ ကြောက်စရာအကောင်းဆုံးအချက်က သူမ၏ခွန်အားမဟုတ်ဘဲ ရှင်းဟွမ်၏ အနီးကပ်လူယုံဖြစ်နေခြင်းပင်။ သူမ၏အဆင့်အတန်းက အလွန်ထူးခြားနေရခြင်းမှာ မထူးဆန်းတော့ပေ။

"ရှင်းပါတယ်။ နင့်မှာ စီမုရထားတာကို ငါ မကျေနပ်ဘူး။ ဒါက မဟာတာအိုလက်နက်ခြောက်မျိုးထဲက တစ်ခုဖြစ်တယ်။ ရှင်းဟွမ်က နင့်ကို တကယ်ဂရုစိုက်ပြီး လိုချင်နေတယ်ဆိုတော့ နင်သာ လက်ခံလိုက်ရင် ငါက ဘေးလူဖြစ်သွားလိမ့်မယ်"

ရောင်ယွမ်က ပွင့်လင်းစွာ ဖြေလိုက်သည်။

"မင်းက အကုန်သိနေတယ်ဆိုရင် ခရမ်းရောင်အလင်းကြယ်ပေါ်မှာ ဘာသွားလုပ်ဦးမှာလဲ"

ယဲ့ချန်က ဇဝေဇဝါဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"သုညပိုင်ရှင်တွေက တကယ်မရိုးရှင်းဘူး။ ရှင်းဟွမ်ကိုယ်တိုင်တောင် ငါတို့ရဲ့ထူးခြားချက် အကုန်လုံးကို မသိထားဘူး"

ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းသုညက ဤမျှရှုပ်ထွေးနက်နဲမည်ဟု ယဲ့ချန်က မျှော်လင့်မထားပေ။ သို့သော်လည်း ရှင်းဟွမ်သာ သူ့ကို ရန်လိုမည်ဆိုလျှင် ရောင်ယွမ်က ဤအကြောင်းများကို ထုတ်ပြောခွင့်ရှိမည်မဟုတ်ပေ။ ရှင်းဟွမ်ကို အညံ့ခံသည်ဖြစ်စေ၊ တွန်းလှန်သည်ဖြစ်စေ ရွေးချယ်မှုက သူ၏လက်အတွင်း ရှိနေသည်။ အကယ်၍ ၎င်းကသာ သူ့ကို တစ်ခုခုလုပ်ချင်လျှင် ချီပင်လယ်အဆင့်ခွန်အားဖြင့် ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ကောင်းကင်မူလကြယ်ပေါ်တွင် နေထိုင်သူများနှင့် ရှင်းဟွမ်က အချင်းချင်းမှီခိုနေကြရပြီး ကောင်းကင်နတ်ဆိုးဟူသော ဘုံရန်သူကို အတူတူရင်ဆိုင်နေကြသည်။

ကြယ်ဝိညာဥ်များက အသိဉာဏ်ရှိသော မျိုးနွယ်တစ်ခုဖြစ်ပြီး ကောင်းကင်မူလကြယ်၏ရှင်းဟွမ်က နှစ်သန်းဆယ်ချီနေထိုင်လာကာ ကျင့်ကြံခြင်းလောက၏ အနိမ့်အမြင့်များစွာကို တွေ့မြင်ခဲ့ရသည်။ ၎င်းက ကောင်းကင်တာအိုအကြောင်း များစွာနားလည်ထားနိုင်သည်။ ယဲ့ချန်က ပေါင်းစပ်နှုန်းငါးဆယ်အထက်ရှိသော ပါရမီရှင်များစွာ ဖန်တီးပေးခဲ့သောကြောင့် ၎င်းကို တစ်ဖက်လှည့်ဖြင့် ကူညီပေးသကဲ့သို့ တူညီနေသည်။ ဤကိစ္စက ရှင်းဟွမ်အတွက် အန္တရာယ်မရှိရုံသာမက အကျိုးပင် ရှိပေသည်။

ရှင်းဟွမ်သည် သူတော်စင်တစ်ဦးကဲ့သို့ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ၎င်းက ဆုံးဖြတ်နိုင်သော အရာများစွာရှိသော်လည်း အချို့ကိုမူ မထိန်းချုပ်နိုင်ပေ။ ထို့အပြင် ၎င်းက တိုက်ခိုက်ရေးစွမ်းအားမရှိသောကြောင့် အဆုံးမဲ့စကြဝဠာအတွင်း ကျိုင်းကောင်များပမာ ပေါများလှသော ကောင်းကင်နတ်ဆိုးများကို ရင်မဆိုင်နိုင်ပေ။

All Chapters