← Chapters

ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ

Vol. 43 Ch. 596

ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ

Vol. 43 Ch. 596

ကောင်းကင်မူလကြယ်ပေါ်တွင် ရှင်းဟွမ်မွေးဖွားလာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး နောက်တက်မည့် ကြယ်သခင် မည်သူဖြစ်မည်ကို မည်သူမှ မပြောနိုင်ကြပေ။ ကြယ်ဝိညာဥ်အချင်းချင်းက မဟာမိတ်များဖြစ်သောကြောင့် ရှင်းဟွမ်က ခရမ်းရောင်အလင်းကြယ်၏ ရှင်းဟွမ်အကြောင်း သိချင်နေပုံပေါ်သည်။ ယဲ့ချန်သည် ရောင်ယွမ်ကို ကြယ်မြို့ဟောင်းမှရလာသော သစ်သီးနှင့် ငွေရောင်ချပ်ဝတ်အကြောင်း မေးရန်တွေးနေစဥ် လက်မောင်းကာအတွင်းရှိ စီမုက ငြင်းဆန်လိုဟန်ဖြင့် ရုတ်တရက်တောက်ပလာသောကြောင့် မေးခွန်းကို ပြန်လည်မျိုချလိုက်ရ၏။

"နင့်မှာ မေးခွန်းတွေရှိရင် ငါ့ကို အချိန်တိုင်း လာမေးနိုင်တယ်"

ရောင်ယွမ်က တစ်ခုခုကို အာရုံခံမိဟန်ဖြင့် နောက်သို့ခေါင်းစောင်းကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် သူမက လေထဲတွင် မျောလွင့်သွားပြီး သစ်တော၏အဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ ရောင်ယွမ် ထွက်ခွာသွားပြီးနောက် ယဲ့ချန်က စီမုကို ထုတ်ကြည့်လိုက်ရင်း ၎င်း၏နောက်ကွယ်ရှိ ကြယ်ဝိညာဥ်အပေါ် စိုးရွံ့စိတ်များ ဖြစ်ပေါ်လာသည်။ ခန့်မှန်းမရနိုင်သော လမ်းကြောင်းတွင် သူ၏ကျင့်ကြံဆင့်က အားနည်းနေသည်ဟု ခံစားလိုက်ရပြီး အစွမ်းထက်ကျင့်ကြံသူများကို ရင်ဆိုင်ရလျှင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ကံကောင်းစွာဖြင့် ကောင်းကင်မူလကြယ်က လုံခြုံနေဆဲဖြစ်၍ ကောင်းကင်ဘုံများနှင့် စစ်ပွဲဘုံများအတွင်း မဝင်သရွေ့ လုံခြုံပေလိမ့်မည်။ သို့သော် အမှန်တကယ်၌ မည်သည့်နေရာမှ လုံခြုံသည်ဟု မဆိုနိုင်ပေ။ ရှေးဟောင်းတန်းယွမ်မြို့တော်က ကောင်းကင်နတ်ဆိုးများ၏ တိုက်ခိုက်မှုကို နေ့တိုင်းရင်ဆိုင်နေရပြီး မည်သည့်အချိန်တွင် ကျရှုံးသွားမည်ကို ခန့်မှန်းမရပေ။ အကယ်၍ ကျရှုံးသွားလျှင် ကောင်းကင်မူလကြယ်ကို စောင့်ဆိုင်းနေသည်မှာ ပျက်သုဥ်းခြင်းသာ ဖြစ်ပေလိမ့်မည်။

"နောက်တက်မယ့်ကြယ်သခင်က ဘယ်သူလဲ။ နန်းကုန်းဇီလား ဒါမှမဟုတ် ပေါင်းစပ်နှုန်းမြင့်တဲ့ ပါရမီရှင်တွေလား"

ယဲ့ချန်သည် ကြယ်သခင်ဖြစ်လာရန်အတွက် ဝင်ပြိုင်ခွင့်မရှိသောကြောင့် ဖြစ်နိုင်လျှင် သူ၏မျိုးနွယ်ဝင်တစ်ယောက်ယောက်ကို ထိုရာထူးအတွက် ဝင်ရောက်ယှဥ်ပြိုင်စေလိုခဲ့သည်။ သို့သော်လည်း ပေါင်းစပ်နှုန်း၇၅အထက်ရှိသူများသာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိပြီး အလွန်နည်းပါးသော လူနည်းစုသာလျှင် ထိုလိုအပ်ချက်ကို ပြည့်မီသောကြောင့် အလွန်တရာခက်ခဲပေသည်။ သူက မျိုးနွယ်ဝင်များ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို ထိုအခြေအနေအထိ တိုးမြှင့်ပေးနိုင်လားဟု မသေချာပေ။ သူ၏ကိုယ်တွင်းရှိ ကြယ်ကိုးလုံးသည် အကြီးဆုံးသော အကူအညီဖြစ်ကာ ၎င်းတို့အကြောင်း သေချာမသိရသော်လည်း စိတ်ကူးမရနိုင်သော စွမ်းအားမျိုးရှိနေသည်ဟု ခံစားနေရသည်။

တစ်ရက်တာကျင့်ကြံပြီးနောက် ယဲ့ချန်သည် နတ်ကိုယ်ပွားကျင့်စဥ် အဆင့်နှစ်ကို အောင်မြင်သွားခဲ့ပြီးနောက် တတိယမြောက်ကိုယ်ပွားကို ဖန်တီးကာ ရန်ယွင်မြို့တော်ထံ စေလွှတ်လိုက်သည်။ ထို့နောက် သူက လင်မျိုးနွယ်၏ပင်မအိမ်တော်ထံ ဦးတည်ထွက်ခွာလာခဲ့သည်။ လင်မျိုးနွယ်နှင့် ကျိမျိုးနွယ်၏ လက်ထပ်ပွဲအတွက် လက်ဖွဲ့များပေးအပ်ရန် အထက်တန်းစားများစွာ ရောက်ရှိလာသောကြောင့် ဝင်ပေါက်ထွက်ပေါက်များတွင် ပျားပန်းခတ်မျှ စည်ကားနေသည်။ လှပကာကျက်သရေရှိသော မင်းသမီးကျိဇီရွှမ်းက လင်ယုနှင့် အတူရှိနေခဲ့သည်။

ယဲ့ချန်သည် လင်ယွမ်၏အိမ်တော်ရှိ ခန်းမအတွင်း ရောက်ရှိလာကာ ကြယ်မြို့ဟောင်းမှရလာသော သစ်သီးကိုထုတ်ယူ၍ ဂရုတစိုက် စစ်ဆေးလိုက်သည်။ သို့သော်လည်း ၎င်း၏ထူးခြားချက်ကို သူက ယခုအထိ ရှာမတွေ့သေးပေ။ အကယ်၍ စီမုကိုပိုင်ဆိုင်ရခြင်းက ရှင်းဟွမ်၏သဘောထားသာဆိုလျှင် ၎င်းနှင့်လည်း ပတ်သက်နေရပေလိမ့်မည်။ မူလတွင် သူက ရောင်ယွမ်ကို ၎င်းအကြောင်း မေးမြန်းလိုသော်လည်း စီမု၏တုံ့ပြန်မှုကြောင့် မမေးဖြစ်ခဲ့ချေ။ ရှင်းဟွမ်က ရောင်ယွမ်ကို မသိစေလိုသည်မှာ ထင်ရှားနေသောကြောင့် သူ၏ကိုယ်ပိုင်သဘောထားများ ရှိပေလိမ့်မည်။ ယဲ့ချန်က သစ်သီးကို စစ်ဆေးနေစဥ် လင်ယုနှင့် လင်ယွမ်တို့ခန်းမအတွင်း ဝင်ရောက်လာကြသည်။

"အစ်ကိုကြီးက ဘာတွေကြည့်နေတာလဲ"

လင်ယုက သစ်သီးကိုစိုက်ကြည့်၍ စပ်စုလိုက်သည်။ ၎င်းက သလင်းကျောက်ဖြင့် ထုလုပ်ထားသကဲ့သို့ ကြည်လင်နေပြီး ပန်းရောင်သန်းနေကာ လူတိုင်းကိုသွားရေကျစေနိုင်သော ရနံ့မျိုး ထွက်ပေါ်နေသည်။ ၎င်းက သူတော်စင်သစ်သီးတစ်မျိုးဖြစ်နိုင်ပြီး လင်ယုက တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ငါလည်း မသိဘူး။ နှင်းဧကရာဇ်ရော ဒီသစ်သီးအကြောင်း သိထားသလားခင်ဗျာ"

ယဲ့ချန်က ခေါင်းယမ်း၍ လင်ယွမ်ထံ လှမ်းကြည့်လိုက်သည်။

"ဒါက သူတော်စင်သစ်သီးမဟုတ်ဘူး ။ငါ သေချာစဥ်းစားမှရမယ်။ ဒီသစ်သီးအကြောင်း မင်း ဘယ်လိုရလာတယ်ဆိုတာနဲ့ ဘယ်ကတွေ့လာတယ်ဆိုတာကို ပြောပြဦး"

လင်ယွမ်က သစ်သီးကို လေးနက်စွာစိုက်ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။

"ကျုပ်က ထူးဆန်းတဲ့ သစ်ခြောက်အပိုင်းအစတစ်ခုကို မတော်တဆရှာတွေ့ခဲ့တယ်။ ဒါက ခြောက်သွေ့ပြီး သေနေတယ်ထင်ရပေမယ့် သစ်သားချီတွေကို စုပ်ယူနေတယ်။ ကျုပ်က သစ်သားချီပမာဏအများကြီး ထောက်ပံ့ပေးလိုက်တဲ့အခါ ထူးထူးဆန်းဆန်း အံ့သြသွားခဲ့တယ်။ ဒီသစ်သားအပိုင်းအစကနေ အချိန်တိုအတွင်း မီတာဒါဇင်ချီမြင့်တဲ့ သစ်ပင်ကြီးတစ်ပင် ပေါက်လာခဲ့တယ်။ နောက်ပိုင်းမှာ သစ်သီးတွေ ဖြစ်ပေါ်လာခဲ့တယ်"

ယဲ့ချန်က ယဲ့တောင်ကြားအတွင်း စိုက်ပျိုးထားသော သစ်ပင်၏ပင်စည်၊ သစ်ရွက်နှင့် သစ်သီးများအကြောင်း အသေးစိတ် ပြောပြလိုက်သည်။

"တကယ့်ကို ဒီသစ်ပင်လား။ ဒါက စစ်ပွဲအတွင်းမှာ ပျက်စီးသွားပြီလို့ ထင်နေတာကွာ။ အပိုင်းအစတစ်ခု ကျန်ရစ်နေမယ်လို့ ထင်မထားဘူး"

လင်ယွမ်၏ တည်ငြိမ်အေးစက်သော မျက်နှာထက်တွင် ထိတ်လန့်အံ့သြသော အရိပ်အယောင်တစ်ခုဖြစ်ပေါ်လာကာ ခပ်တိုးတိုးပြောလိုက်သည်။

"ဒါက ဘယ်လိုအမျိုးအစားမျိုးလဲ"

ယဲ့ချန်က ထိုသစ်ပင်အကြောင်း စပ်စုလိုနေသည်။ နှင်းဧကရာဇ်၏ အမူအရာအရ သူက တစ်ခုခုသိထားပုံပေါ်သည်။

"ဒီအကြောင်းကို ငါတို့နှစ်ယောက်ပဲ သိထားရလိမ့်မယ်။ မဟုတ်ရင် ပြဿနာအကြီးအကျယ် တက်သွားလိမ့်မယ်။ လင်ယု ခဏလောက် အပြင်ထွက်ပေးပါဦး"

ကံကောင်းသည်မှာ ယဲ့ချန်က သူ့ကို မေးလာသောကြောင့် လင်ယွမ်သည် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သို့မဟုတ်လျှင် အကျိုးဆက်များက ပြင်းထန်လာနိုင်သောကြောင့် လင်ယွမ်က လင်ယုကို နှင်ထုတ်လိုက်သည်။

"ဟုတ်ကဲ့ ဦးလေး"

နှင်းဧကရာဇ်၏စကားကို ကြားသောအခါ လင်ယုက ချက်ချင်းခေါင်းညိတ်လိုက်သည်။

"လင်ယု ရှိနေလို့ရပါတယ်။ အဆင်ပြေတယ်"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။

"လင်ယုကို သိစေချင်တာ သေချာလား"

လင်ယွမ်က လေးနက်စွာ မေးလိုက်၏။

"အဆင်ပြေပါတယ်။ ကျုပ်တို့က တစ်ဖက်တည်းပါ"

ယဲ့ချန်က သေချာကြောင်း ခေါင်းညိတ်ပြသည်။

"ငါ အပြင်ထွက်လိုက်ပါမယ် အစ်ကိုကြီး။ လျှို့ဝှက်ချက်ကို သေချာပေါက်ထိန်းသိမ်းပေးနိုင်ပေမယ့် မသိသင့်တာကို မသိတာ ကောင်းပါတယ်ဗျာ"

လင်ယုက ယဲ့ချန်၏သဘောထားကြောင့် ကျေးဇူးတင်မိသော်လည်း နှင်းဧကရာဇ်၏လေးနက်မှုကြောင့် ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ တစ်ခါတရံတွင် သိခွင့်မရှိသည်များကို မသိထားခြင်းက အကောင်းဆုံးဖြစ်သည်ဟု အကင်းပါးသော လင်ယုက နားလည်ထားပေသည်။

"ယဲ့ချန် ကိစ္စတွေက မင်းထင်ထားတာထက် ပိုပြီးရှုပ်ထွေးတယ်။ ဒီသစ်ပင်အကြောင်းကို အခြားစစ်ဧကရာဇ်တွေဆီကနေ ငါ ကြားထားတယ်။ ဒါက ကြယ်သခင်ရှင်းရဲ့ခေတ်မှာ ဖြစ်ပျက်ခဲ့တာမို့ ငါတို့ကလေးအရွယ်က ဖြစ်တယ်"

လင်ယွမ်၏မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။ သူ၏သတိထားမှုကြောင့် ဝိညာဥ်သစ်ပင်၏ သရုပ်မှန်အကြောင်း ယဲ့ချန်က ပို၍စိတ်ဝင်စားလာခဲ့သည်။

"အဆုံးမဲ့စကြဝဠာမှာ လူသားမျိုးနွယ်နဲ့ သားရဲမျိုးနွယ်က အတူတကွနေထိုင်ပေမယ့် အစွမ်းအထက်ဆုံး မဟုတ်ဘူး။ ကြယ်ဝိညာဥ်တွေနဲ့ ကောင်းကင်နတ်ဆိုးတွေအပြင် ဟင်းလင်းပြင်မျိုးနွယ်၊ အရိပ်သရဲမျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်နဲ့ ကောင်းကင်မိစ္ဆာမျိုးနွယ်လိုမျိုး အစွမ်းထက်မျိုးနွယ်တွေလည်း ရှိကြတယ်"

လင်ယွမ်က အလေးအနက်စဥ်းစားရင်း ယဲ့ချန်မသိထားသော အကြောင်းအရာများကို တစ်လုံးချင်း ပြောလိုက်သည်။ စကြဝဠာကြီးက သူထင်ထားသည်ထက် ပို၍ရှုပ်ထွေးနေပြီး မျိုးနွယ်ပေါင်းများစွာ ရှိနေမည်ဟု မျှော်လင့်မထားပေ။

"စကြဝဠာထဲမှာ မျိုးနွယ်ပေါင်းများစွာကို အဆင့်သုံးဆင့်ခွဲခြားထားပြီး အဆင့်တစ်က စကြဝဠာနဲ့အတူ စတင်ဖြစ်ပေါ်လာတဲ့အတွက် အစွမ်းအထက်ဆုံးဖြစ်တယ်။ ကြယ်ဝိညာဥ်မျိုးနွယ်နဲ့ ဟင်းလင်းပြင်မျိုးနွယ်စသဖြင့် အဆင့်တစ်မျိုးနွယ် ကိုးခုဖြစ်တယ်။ အဆင့်နှစ်ကတော့ စကြဝဠာဆင့်ကဲတိုးတက်လာချိန်မှာ မွေးဖွားလာကြတယ်။ ကောင်းကင်နတ်ဆိုးတွေနဲ့ အရိပ်သရဲတွေအပါအဝင် မျိုးနွယ်ပေါင်းသုံးထောင်ကျော်ရှိပေမယ့် အချို့မျိုးနွယ်တွေက အဆင့်တစ်မျိုးနွယ်တွေထက်တောင် ပိုအစွမ်းထက်နိုင်ချေရှိတယ်။ အဆင့်သုံးမျိုးနွယ်တွေကတော့ ငါတို့လိုမျိုး လူသားမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေဖြစ်ကြတယ်။ ငါတို့ကို အဆင့်တစ်မျိုးနွယ်တွေက ဖန်တီးထားတာဖြစ်ပြီး သူတို့ကိုကျော်လွန်နိုင်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ဖို့ဆိုတာက အလွန်တရာခက်ခဲတယ်။ ငါတို့လို အဆင့်သုံးမျိုးနွယ်တွေကတော့ စကြဝဠာထဲမှာ မရေမတွက်နိုင်အောင် ပျံ့နှံနေတယ်"

လင်ယွမ်က သက်ပြင်းတစ်ချက်ချ၍ အသေးစိတ်ပြောပြနေသည်။

"ဒါတွေက ဒီသစ်သီးနဲ့ ဘယ်လိုများသက်ဆိုင်နေတာလဲ"

စကြဝဠာအတွင်း လူသားမျိုးနွယ်၏အဆင့်က ဤမျှနိမ့်ကျနေမည်ဟု ယဲ့ချန်က မျှော်လင့်မထားပေ။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူက အဓိကအကြောင်းအရာကို ဆက်မေးလိုက်သည်။

"ကြယ်သခင်ရှင်းရဲ့ခေတ်မှာ သူက သစ်စေ့တစ်ခုရခဲ့ပြီး ဒါကိုစိုက်ပျိုးလိုက်ပြီးတော့ နတ်သစ်ပင်တစ်ခု မွေးဖွားလာတယ်။ ပြောရရင် ဒါက စကြဝဠာရဲ့အစတည်းက တည်ရှိနေတဲ့ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်ဖြစ်နေပြီး စကြဝဠာတစ်ခုလုံးမှာ အရေအတွက်ထောင်ချီပဲရှိလို့ အဖိုးအတန်ဆုံးရတနာတွေထဲက တစ်ခုဖြစ်တယ်။ ဒါပေမယ့် ငါတို့က ဒီနတ်သစ်ပင်ကို ရလိုက်ချိန်ကစတင်လို့ ကောင်းကင်မူလကြယ်က ငြိမ်းချမ်းမှု ပျောက်ကွယ်သွားတာပဲ"

လင်ယွမ်၏ တောက်ပအေးစက်သော မျက်လုံးများက မှိန်ကျသွားပြီး ခပ်လေးလေးလေသံနှင့် ဆက်ပြောလိုက်သည်။ မတော်တဆရရှိခဲ့သော သစ်သားအပိုင်းအစက အဆုံးမဲ့စကြဝဠာအတွင်း အရေအတွက်ထောင်ချီသာရှိသော အဖိုးတန်ရှေးဟောင်းရတနာဖြစ်နေသောကြောင့် ယဲ့ချန်က စိတ်လှုပ်ရှားနေသည်။ သို့သော်လည်း လင်ယွမ်၏စကားများကြောင့် သူ၏စိတ်က တည်ငြိမ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ အားနည်းသူတစ်ယောက်အတွက် ရတနာတစ်ခုရလိုက်ခြင်းက အန္တရာယ်ကို လက်ယပ်ဖိတ်ခေါ်ခြင်းနှင့် တူညီနေသောကြောင့် သူက လင်ယွမ်ဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။

"ဘာကြောင့်မှန်းမသိပေမယ့် ကောင်းကင်မူလကြယ်မှာ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်ရှိတယ်ဆိုတဲ့ သတင်းက ပြန့်သွားတယ်။ စကြဝဠာထဲမှာ သွားလာနေတဲ့ ကျင့်ကြံသူတွေက ငါတို့ကို အပြင်းအထန်တိုက်ခိုက်လာပြီး နတ်သစ်ပင်ကို လုယူချင်ခဲ့ကြတယ်။ ဒါကိုကာကွယ်ဖို့အတွက် ကြယ်သခင်ရှင်းက နတ်အစေခံအားလုံးနဲ့ စစ်ဧကရာဇ်တွေကို စုစည်းပြီး ရန်သူတွေကို တွန်းလှန်ခဲ့ရတယ်။ အတိတ်တုန်းက ငါတို့ကြယ်ပေါ်မှာ စစ်ဧကရာဇ်သုံးထောင်ကျော်နဲ့ နတ်အစေခံရာချီရှိပေမယ့် စစ်ပွဲအပြီးမှာ ကောင်းကင်မူလကြယ်ရဲ့အင်အားက အလွန်လျော့နည်းသွားခဲ့တယ်"

လင်ယွမ်၏စကားများကြောင့် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်၏ အရေးကြီးမှုကို သိလိုက်ရသော ယဲ့ချန်က တုန်လှုပ်သွားခဲ့သည်။ ရှင်းဟွမ်က ၎င်းအကြောင်း ရောင်ယွမ်ကိုမသိစေလိုခြင်းက သဘာဝကျပေသည်။ သို့သော် ၎င်းက သူ့ကိုရွေးချယ်လိုက်သော အကြောင်းအရင်းကိုမူ စဥ်းစားမရပေ။ ထို့ကြောင့် သူကိုယ်တိုင်မသိထားဘဲ ရှင်းဟွမ်သာ သိထားသော တစ်စုံတစ်ခုကြောင့် ဖြစ်နိုင်သည်။

"ဒီသစ်သီးကို တိုက်ရိုက်စားလိုက်လို့ ရလား"

ယဲ့ချန်သည် ယဲ့တောင်ကြားအတွင်းရှိ သစ်သီးများပြည့်နှက်နေသော သစ်ပင်အကြောင်း တွေးမိ၍ လင်ယွမ်ထံ စုံစမ်းလိုက်သည်။

"တိုက်ရိုက်စားလို့မဖြစ်ဘူး။ မင်းက စားချင်ရင်တောင် ဒါကို ကိုက်လို့မရဘူး။ ဒါပေမယ့် ဒီသစ်သီးက အဖိုးတန်ရတနာတစ်ခုဖြစ်လို့ ချီပမာဏအများအပြား လိုအပ်တယ်။ လူတိုင်းက တစ်သက်မှာ ဒါကို တစ်ကြိမ်သာ အသုံးပြုနိုင်တယ်။ မင်းက အသုံးပြုပြီးရင် စကြဝဠာထဲမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်သွားလိမ့်မယ်။ ဒါကတော့ မင်းရဲ့ကံအပေါ်မှာ မူတည်နေတယ်"

ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာအကြောင်း ယဲ့ချန်က မသိထားသော်လည်း သေချာပေါက် အစွမ်းထက်ပေလိမ့်မည်။ လူသားမျိုးနွယ်က အဆင့်သုံးဖြစ်သော်လည်း ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာက အဆင့်တစ်မျိုးနွယ်များ၏ ခန္ဓာကိုယ်နှင့် အစွမ်းချင်း တူညီလေသည်။

All Chapters