အင်မော်တယ်စီရန်းသစ်ခွ
Vol. 43 Ch. 597
"ဒီလောက်အများကြီး ပြောပြပြီးပြီဆိုတော့ မင်းအနေနဲ့ တစ်ယောက်ယောက်သာ ဒီသစ်ပင်အကြောင်း သိသွားရင် လုယူနိုင်ဖို့ ဘာမဆိုလုပ်မယ်ဆိုတာကို နားလည်လောက်ပါပြီ။ ကံကောင်းတာက လူအများကြီး မသိထားဘူး။ ပြောရရင် ငါတောင်မှ အကြောင်းတိုက်ဆိုင်လို့ မတော်တဆသိလိုက်ရတာပဲ"
လင်ယွမ်က စိုးရိမ်စွာ သတိပေးလိုက်သည်။
"အကြောင်းတိုက်ဆိုင်တာလား။ ဖြစ်နိုင်တာက ရှင်းဟွမ်ရဲ့လက်ချက်များလား။ သူက ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးအကြောင်း ငါ့ကို နှင်းဧကရာဇ်ကတဆင့် သိစေချင်တာလား။ ကြည့်ရတာ ရှင်းဟွမ်က သူ့ကို ယုံကြည်ထိုက်တဲ့လူတစ်ယောက်လို့ သတ်မှတ်ထားပုံရတယ်"
"ဒီသစ်သီးကိုရော ဘယ်လိုကိုင်တွယ်သင့်သလဲ နှင်းဧကရာဇ်"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် လင်ယွမ်ထံ အကြံတောင်းလိုက်၏။
"ဒီလိုနတ်သစ်သီးမျိုးတွေ ဖြစ်ပေါ်လာဖို့အတွက် နှစ်ပေါင်းသောင်းချီ လိုအပ်တယ်။ ကြယ်သခင်ရှင်းရဲ့လက်ထက်က နတ်သစ်ပင်ဟာ အသီးမသီးခင် ဖျက်ဆီးခံလိုက်ရတယ်။ ဒါက နှစ်ပေါင်းစွာ ကြာမြင့်နေခဲ့ပြီ။ မင်းရဲ့နတ်သစ်ပင်မှာ အသီးတွေပေါ်လာပြီဆိုရင် မြန်မြန်သိမ်းဆည်းထားသင့်တယ်။ ဘယ်လိုသုံးမလဲဆိုတာကတော့ မင်းအပေါ်မှာ မူတည်တယ်"
လင်ယွမ်က လေးနက်စွာ အဖြေပေးလိုက်သည်။
"နတ်သစ်ပင်က အသီးသီးဖို့ ဒီလောက်ကြာတယ်လား။ ဒါဆိုရင် ဒီသစ်သီးက ဘယ်ကထွက်လာတာများလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ အမှတ်တမဲ့ ရေရွတ်လိုက်မိသည်။
"ဒါက မင်းပိုင်ဆိုင်ထားတဲ့ သစ်ပင်က မဟုတ်ဘူးလား"
လင်ယွမ်က တအံ့တသြဖြစ်သွားခဲ့သည်။
"ဒါကို ကျောက်စိမ်းနန်းတော်ရဲ့ အထပ်တစ်ထပ်မှာ တွေ့လာရတာပါ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ယဲ့တောင်ကြားရှိ နတ်သစ်ပင်အပြင် အခြားနေရာ၌ နောက်ထပ်နတ်သစ်ပင်တစ်ပင် ရှိနေနိုင်သည်။
"ငါလည်း မသိဘူး"
လင်ယွမ်က ခေါင်းယမ်းလိုက်သည်။
"ဒါဆိုရင် ဒီအသီးက ဘယ်ကရောက်လာတာလဲ။ ဖြစ်နိုင်တာက လျှို့ဝှက်ချက်တွေ ရှိပုံရတယ်"
ယဲ့ချန်သည် အနည်းငယ် စိတ်ရှုပ်ထွေးခဲ့သည်။ လင်ယွမ်၏စကားအရ ပထမဆုံးအနေဖြင့် သူက နတ်သစ်ပင်၏အသီးများအားလုံးကို ခူးဆွတ်၍ သိမ်းဆည်းပြီးမှ အချိန်ကျလာလျှင် မည်သို့အသုံးရပြုမည်ကို စီမံရပေလိမ့်မည်။
ရန်ယွင်မြို့တော်ရှိ ယဲ့ချန်၏နယ်မြေအတွင်း၌ ခန်းမတစ်ခုအတွင်း ဒုတိယယဲ့ချန်ကိုယ်ပွားသည် ယဲ့ပင်း၏သတင်းပို့ချက်ကို နားထောင်နေသည်။
"လက်ရှိမှာ ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်တဲ့ အဖွဲ့ဝင်သုံးယောက်၊ ခြောက်ဆယ်နဲ့ခုနစ်ဆယ်ကြားက နှစ်ဆယ့်တစ်ယောက်နဲ့ ငါးဆယ်အထက်က ၁၃၂ယောက် ရှိပါတယ်"
ကောင်းကင်မူလတိုက်သို့ ပြောင်းရွှေ့လာသူတိုင်း၏ ကြယ်ဝိညာဥ်ကို စမ်းသပ်ရန် ယဲ့ပင်းက တာဝန်ယူထားသည်။ ဤကား အလွန်ကြီးမားသော အင်အားတစ်ခုဖြစ်ပြီး သူတို့က အပြည့်အဝ အစွမ်းမထက်သေးသော်လည်း တိုက်ကြီးတစ်ခုလုံး၌ စစ်ဧကရာဇ် အယောက်တစ်ရာကျော်သာ ရှိပေသည်။
"ဒါ့အပြင်ပေါ င်းစပ်နှုန်းလေးဆယ်နဲ့ ငါးဆယ်ကြားက ခုနစ်ထောင်ကျော်၊ သုံးဆယ်နဲ့လေးဆယ်ကြားက အယောက်သုံးသောင်းကျော် ရှိပါတယ်"
ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၏ အရေးကြီးပုံကို သိလာသောအခါ ယဲ့ပင်းလည်း ဝမ်းသာနေခဲ့သည်။ ကောင်းကင်မူလတိုက်ရှိ ကျင့်ကြံသူများအတွက် ဤပမာဏက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ယဲ့မျိုးနွယ်က ဧရာမအင်အားစုကြီးတစ်ခုအဖြစ် စတင်ကြီးထွားလာနေခဲ့သည်။
"ယဲ့ပင်း ငါ အခုချက်ချင်း ယဲ့တောင်ကြားကို ပြန်ရမယ်"
ထိုအချိန်တွင် ယဲ့ချန်သည် ကျစ်ဟွာတော်ဝင်မြို့ရှိ ယဲ့ချန်ထံမှ သတင်းစကားကို ရလိုက်သောကြောင့် ချက်ချင်းထရပ်လိုက်သည်။ ထို့နောက် သူက ဆည်းဆာရွှေများကို ယူဆောင်၍ အရှေ့ပိုင်းတိုက်ကြီးထံ ဦးတည်လိုက်သည်။ နာရီအနည်းငယ်အကြာတွင် သူက ယဲ့တောင်ကြားအတွင်းရှိ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်အောက်၌ မတ်တပ်ရပ်နေပြီး သစ်သီးများကို မော့ကြည့်နေခဲ့သည်။ ၎င်း၏သစ်ရွက်များက အစိမ်းရင့်ရောင်တောက်ပနေကာ သလင်းကျောက်များကဲ့သို့ ကြည်လင်နေပြီး ယဲ့တောင်ကြားတစ်ခွင်သို့ မွှေးပျံ့သောရနံ့တစ်ခု ထုတ်လွှတ်ပေးနေသည်။ သစ်သီးအရေအတွက်က ရာချီပြီး တစ်လုံးချင်းစီက ဆန်းကျယ်သော စွမ်းအားများ ပိုင်ဆိုင်ထားသဖြင့် ကောင်းကင်ထက်မှကြယ်များကဲ့သို့ လင်းလက်တောက်ပနေသည်။ သူက ညာလက်ကိုယမ်း၍ ချီစွမ်းအင်အချို့ကို ထုတ်ဖော်လိုက်သောအခါ သစ်သီးများသည် တဖြုတ်ဖြုတ်ကြွေကျလာကာ သိုလှောင်အိတ်အတွင်း အလင်းတန်းများပမာ လှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။ သူက ရေတွက်ကြည့်လိုက်သောအခါ သစ်သီးပေါင်းသုံးရာဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏နောက်လိုက်များတွင် ၎င်းတို့ကိုစုပ်ယူ၍ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို အသက်သွင်းနိုင်သူ မည်မျှထွက်ပေါ်လာနိုင်မည်နည်းဟု အတွေးနက်နေသည်။ လင်ယွမ်၏စကားအရ လူတိုင်းက ဒဏ္ဍာရီလာနတ်ခန္ဓာကို အသက်သွင်းနိုင်သည်မဟုတ်ဘဲ ကံတရားအပေါ် မူတည်နေသည်။ ရှင်းဟွမ်သည် သူ့ကို ဤနတ်သစ်သီးများ ရည်ရွယ်ချက်ရှိရှိ ပေးအပ်လိုက်ကြောင်း ခံစားနေရသည်။
ရှင်းဟွမ်သည် ယဲ့မျိုးနွယ်ဝင်များကို သူ၏ကာကွယ်သူများအဖြစ် လေ့ကျင့်ပေးလိုနေကြောင်း သိသာသည်။ ကြယ်သခင်ရှင်း၏ခေတ်တွင် စစ်ဧကရာဇ်ပေါင်းသုံးထောင်ကျော်နှင့် နတ်အစေခံ တစ်ရာကျော်ရှိခဲ့သောကြောင့် လက်ရှိအချိန်၌ သူ့ကိုယ်သူကာကွယ်ရန် အင်အားစုများ တည်ထောင်လိုနေသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အခြားလူများ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို မြှင့်တင်ပေးနိုင်သော်လည်း တစ်စုံတစ်ယောက်မှ သူ၏ကံတရားကို ထိန်းချုပ်နေခြင်းအား လက်မခံနိုင်ပေ။ အကယ်၍ ကောင်းကင်နတ်ဆိုးများသာ ကောင်းကင်မူလကြယ်ကို ကျူးကျော်လာလျှင် ယဲ့မျိုးနွယ်ကို ကာကွယ်ရန်အတွက် သူကိုယ်တိုင် တိုက်ခိုက်ရပေဦးမည်။ သူက သုညပိုင်ရှင်တစ်ယောက် ဖြစ်နေသောကြောင့် ရှင်းဟွမ်မှ ကံကြမ္မာကို ထိန်းချုပ်မည်အား ကြောက်စရာမလိုပေ။ လက်ရှိအချိန်၌ သူက ကောင်းကင်မူလကြယ်၏ရှင်းဟွမ်ဖြင့် မဟာမိတ်ဖွဲ့ထားရန် လိုအပ်နေသည်။
ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးအားလုံးကို ယဲ့ချန်က သိမ်းယူလိုက်သောအခါ ၎င်းက လျင်မြန်စွာ ညှိုးခြောက်လာ၏။ အစိမ်းရောင်သစ်ရွက်များက ခြောက်သွေ့သွားကာ သစ်ကိုင်များလည်း ကျိုးကျသွား၍ သစ်ပင်တစ်ခုလုံး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့သည်။ ယဲ့ချန်သည် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင် အချိန်တိုအတွင်း ကြီးထွားလာခြင်းနှင့် သေဆုံးသွားခြင်းကို မျက်မြင်တွေ့ခဲ့ရသဖြင့် သဘာဝ၏ထူးဆန်းမှုကို အံ့သြနေခဲ့သည်။ မြေပြင်တွင်လဲကျနေသော သစ်ပင်ကြီးက ဖြည်းဖြည်းချင်းကျုံ့ဝင်လာကာ အနက်ရောင်သစ်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက လေလံပွဲတွင် ယဲ့ချန်ဝယ်ယူခဲ့သော တူညီသည့်အရွယ်အစားအထိ ကျုံ့ဝင်သွားကာ မီးကျွမ်းခံထားရသကဲ့သို့ အနံ့တစ်မျိုး ထွက်ပေါ်နေသည်။ သို့သော် ကွာခြားသည်မှာ သူက မည်မျှကြိုးစား၍ အာရုံခံပါစေ၊ ထိုသစ်တုံးထံမှ မည်သည့်သစ်သားချီကိုမှ မခံစားမိတော့ပေ။ ၎င်းက အသက်စွမ်းအားများ အားလုံးကုန်ဆုံးသွားပုံပေါ်သည်။
လင်ယွမ်၏စကားများအရ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်သည် စကြဝဠာအတွင်းမှ ကြယ်စွမ်းအားများကို စုပ်ယူပြီး သစ်သားချီအဖြစ် ပြောင်းလဲတတ်သည်။ ၎င်းက လိုအပ်သော စွမ်းအင်ပမာဏတစ်ခုအထိရောက်မှသာ သစ်သီးများ ထုတ်လုပ်ပေးနိုင်သည်။ လက်ရှိတွင် ၎င်းက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသောအခါ ကြယ်စွမ်းအင်များ စုပ်ယူရန်အတွက် နှစ်သောင်းချီ လိုအပ်ပေလိမ့်မည်။
"ချန်အာ ဝိညာဥ်သစ်ပင်က ဘာလို့ရုတ်တရက်သေသွားရတာလဲ"
ယဲ့ချန်နှင့်အတူ ယဲ့တောင်ကြားအတွင်းရှိနေသော ယဲ့ကျန့်တန်းသည် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင် ညှိုးခြောက်သွားသည့် ဖြစ်စဥ်ကို အစအဆုံးတွေ့မြင်ခဲ့ရသည်။ ၎င်းလဲကျသွားပြီးနောက် ယဲ့တောင်ကြားအတွင်းရှိ မွှေးရနံ့ကလည်း လျင်မြန်စွာ ပျောက်ကွယ်လာခဲ့သည်။
"အဖေ မျိုးနွယ်ဝင်တိုင်းကို ဒီသစ်ပင်အကြောင်း လျှို့ဝှက်ထားပေးဖို့ သတိပေးလိုက်ပါဦး။ ဒီသစ်သီးငါးလုံးက ဘိုးဘိုးကြီးနဲ့ ဦးလေးနှစ်ယောက်အတွက်ပါ။ ဒါတွေကို သန့်စင်စုပ်ယူဖို့အတွက် ကောင်းကင်ချီကို အသုံးပြုရမယ်။ ဒါပေမယ့် ဒီကိစ္စကို အပြင်လူတွေမသိအောင် သတိထားပေးပါ"
ယဲ့ချန်က ဂရုတစိုက် သတိပေးလိုက်သည်။ သူက ယဲ့ကျန့်တန်းကို ဝိညာဥ်သစ်ပင်၏သရုပ်မှန်အကြောင်း ဖုံးကွယ်ထားခဲ့သည်။ ဤလျှို့ဝှက်ကိစ္စမျိုးကို မသိခြင်းက ပို၍အန္တရာယ်ကင်းလုံခြုံနိုင်ပေသည်။ ယဲ့ချန်၏အမူအရာ လေးနက်ပုံကြောင့် ယဲ့ကျန့်တန်းလည်း ဤကိစ္စက ပေါ့သေးသေးမဟုတ်ကြောင်း နားလည်လိုက်သည်။
"ကောင်းပြီ"
သူက လုပ်ရမည့်ကိစ္စကို သဘောပေါက်သွားသဖြင့် ခေါင်းညိတ်ပြလိုက်၏။
"အဖေတို့အားလုံးကို ကောင်းကင်မူလတိုက်ကြီးဆီ အမြန်ဆုံးခေါ်နိုင်အောင် ကြိုးစားပါ့မယ်"
"ငါတို့က ဒီလောက်အလျင်မလိုပါဘူးကွာ။ ကြယ်ခန်းမရဲ့တပည့်တွေကိုသာ ဦးစားပေးလိုက်ပါ"
ယဲ့ကျန့်တန်းက တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ ကောင်းကင်မူလတိုက်ကြီးမှ အရှေ့ပိုင်းတိုက်ကြီးသို့ ပြန်ရောက်လာသူများမှာ ဝိညာဥ်သားရဲကပ်ဘေးကို ဝင်ရောက်နှောင့်ယှက်ခြင်းမပြုရဟု တာအိုအိမ်တော်က ဥပဒေသတ်မှတ်ထားသောကြောင့် ယဲ့ချန်က ဝင်ရောက်စွက်ဖက်၍မရပေ။ သို့သော်လည်း ယဲ့မျိုးနွယ်ဝင်များအပြင် ကြယ်ခန်းမ၏ အဖွဲ့ဝင်အရေအတွက်က ကယ်တင်ရန် များစွာကျန်ရစ်နေသည်။ သူက လူကောင်းတစ်ယောက်ဖြစ်သော်လည်း နောက်ဆုံးတွင် ရွေးချယ်စရာမရှိလျှင် ယဲ့ကျန့်တန်းနှင့်ဆွေမျိုးများကို ဦးစွာကယ်တင်ရပေလိမ့်မည်။ တစ်ခါတရံတွင် လူဟူသည်က ချစ်မြတ်နိုးသူများအတွက်ဆိုလျှင် တစ်ကိုယ်ကောင်းဆန်တတ်သည် မဟုတ်ပါလော။ သို့သော် ဤအချက်ကို ယဲ့ချန်အတွက် ရွေးချယ်စရာ လုံးဝမရှိသောအခြေအနေမှ ဆောင်ရွက်ပေလိမ့်မည်။
ထို့နောက် သူက ယဲ့ကျန့်တန်းတို့ကို နှုတ်ဆက်၍ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးများကို သယ်ဆောင်ကာ ရန်ယွင်မြို့တော်သို့ ပြန်ရောက်လာခဲ့သည်။ သူကိုယ်တိုင်အတွက် စမ်းသပ်ရန် တစ်လုံးယူထားလိုက်သကဲ့သို့ ယဲ့ပင်းနှင့် လူယုံများအတွက်လည်း တစ်လုံးစီ ခွဲဝေပေးလိုက်သည်။ သူက ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များအပေါ် ဝိညာဥ်အသိစိတ်ဖြင့် လွှမ်းမိုးထားနိုင်သောကြောင့် သူတို့၏သစ္စာတရားအပေါ် ရာနှုန်းပြည့် ယုံကြည်ပေသည်။
"ယဲ့ပင်း ငါတို့ရဲ့ပိုင်ဆိုင်မှုကို ရှင်းပြပါဦး"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"လောလောဆယ် ကျွန်တော်တို့မှာ ဆည်းဆာရွှေ ဆယ်ဘီလီယံရှိပါတယ်။ အပြင်လောကကိုထွက်ပြီး အလုပ်လုပ်နေတဲ့ မျိုးနွယ်ဝင်တွေက နေ့တိုင်း သန်းငါးရာ ပေးပို့နေကြပါတယ်။ နယ်မြေရဲ့နေ့စဥ်ဝင်ငွေက သန်းနှစ်ရာကျော်ပြီး စစ်ဧကရာဇ်တွေအတွက် ပါရမီရှင်တပည့်တွေပေးပို့တာကလည်း အရင်ကလောက်မများတော့ပေမယ့် တစ်နေ့ကို တစ်ဘီလီယံလောက်တော့ ရနေပါတယ်။ ပြောရရင် ကျွန်တော်တို့က တစ်ရက်ကို စုစုပေါင်း ဆည်းဆာရွှေနှစ်ဘီလီယံနီးပါး ဝင်ငွေရှိပါတယ်"
ယဲ့ပင်းက စာရင်းများကို တွက်ချက်၍ အသေးစိတ်ဖြေကြားလိုက်သည်။ တစ်ရက်လျှင် ဤပမာဏဝင်ရောက်နေသဖြင့် လူပေါင်းနှစ်ရာကျော်ကို နေ့စဥ်ကယ်တင်နိုင်သဖြင့် တစ်လလျှင် လူခြောက်ထောင်ကျော် ကယ်ဆယ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ကြယ်ခန်းမ၏ များပြားသော အရေအတွက်နှင့်ယှဥ်လျှင် ဤငွေပမာဏက များစွာမလုံလောက်ပေ။
"ယဲ့ပင်း အခုက ငါတို့လက်တံတွေဖြန့်ကျက်ဖို့ အချိန်ရောက်ပြီ။ နောက်ထပ်မျိုးနွယ်ဝင်တွေကို အပြင်ထွက်ခွင့်ပေးလိုက်ပါ"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ညွှန်ကြားလိုက်သည်။ ရှင်းဟွမ်သည် ကိုယ်ထင်ပြခြင်းမရှိသော်လည်း အမှောင်ထဲမှ စောင့်ကြည့်နေသောကြောင့် ယဲ့မျိုးနွယ်ကို ကာကွယ်ပေးပေလိမ့်မည်။ သူက လူများစွာကယ်တင်လိုလျှင် ငွေထပ်ရှာရန် လိုအပ်သောကြောင့် ဤသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကျစ်ဟွာနတ်တိုင်းပြည် တော်ဝင်မြို့တော်အပြင်ဘက်ရှိ ခြံဝန်းတစ်ခုက တိတ်ဆိတ်နေသည်။ ကျိဟောင်တန်းသည် ဧကရာဇ်ယု၊ ဧကရာဇ်ချင်နှင့် ရောင်ယွမ်အတွက် ခြံဝန်းကိုယ်စီ စီစဥ်ပေးခဲ့သည်။ ဧကရာဇ်နှစ်ယောက်က အတူတကွနေထိုင်ကြသော်လည်း ရောင်ယွမ်က သီးခြားနေထိုင်ခဲ့သည်။ ရောင်ယွမ်၏ခြံဝန်းအတွင်း သစ်ပင်ပန်းမန်များ ဝေဝေဆာဆာပေါက်ရောက်နေသော်လည်း အလွန်အမင်းတိတ်ဆိတ်နေပြီး လူသူလေးပါးရှိသည့် အရိပ်အယောင် လုံးဝမရှိပေ။
သစ်တောအတွင်းရှိ မြင့်မားသော ကျောက်တုံးတစ်ခုနောက်တွင် သစ်ခွပန်းတစ်ခု လှပစွာ ဖူးပွင့်လာသည်။ ၎င်း၏ရိုးတံနှင့် အရွက်များက အစိမ်းရင့်ရောင်တောက်ပနေပြီး ကျောက်စိမ်းဖြင့်ထုလုပ်ထားသကဲ့သို့ ထင်မှတ်ရသည်။ အဖြူရောင်ပန်းလေးနှစ်ပွင့်က သန့်ရှင်းစင်ကြယ်စွာဖြင့် ပွင့်လန်းနေကာ လေထဲတွင် ယိမ်းနွဲ့နေသည်။ ထို့နောက် ၎င်း၏ပတ်လည်တွင် မြူခိုးများရစ်သိုင်းလာပြီးနောက် ပုံရိပ်တစ်ခုက ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။ ထိုပုံရိပ်က သေးသွယ်ပိန်ပါးသော ပြိုင်ဘက်ကင်းအလှလေးဖြစ်သည့် ရောင်ယွမ်ပင်ဖြစ်သည်။ ရောင်ယွမ်မှာ လူသားတစ်ယောက်မဟုတ်ဘဲ သူမ၏အစစ်အမှန်အသွင်က အင်မော်တယ်စီရန်းသစ်ခွဖြစ်နေကြောင်း အခြားလူများမြင်လိုက်ရလျှင် သေချာပေါက် ထိတ်လန့်အံ့သြသွားပေလိမ့်မည်။