မိခင်
Vol. 43 Ch. 598
ပုံမှန်ဆိုလျှင် လူသားများနှင့် သားရဲများ၌သာ အသိဉာဏ်ဖြစ်ပေါ်လာပြီး သစ်ပင်ပန်းမန်များ၌ အသိစိတ်မရှိပေ။ သို့သော် ရောင်ယွမ်ကမူ ချွင်းချက်တစ်ခု ဖြစ်နေခဲ့သည်။ သူမက တစ်စုံတစ်ခုနှင့် ဆက်သွယ်နေသောကြောင့် တင်းကျပ်စွာပိတ်ထားသော မျက်လုံးများတွင် မျက်တောင်ကော့လေးများက လှုပ်ခတ်နေသည်။
"ရောင်ယွမ် ငါ့ကို အပြစ်တင်မှာလား"
သိမ်မွေ့ညှင်သာသော အမျိုးသမီးအသံတစ်ခုက သူမ၏စိတ်အတွင်း ဝင်ရောက်လာသည်။ ထိုအသံက အဝေးမှလာရောက်ရိုက်ခတ်ခြင်း ဖြစ်သောကြောင့် တိုးလျနေသော်လည်း ဖော်ပြမရနိုင်သော မေတ္တာမျိုး ပါဝင်နေသည်။
"သမီးက ဘာကြောင့်အပြစ်တင်ရမှာလဲ"
သူမက ပါးစပ်ဖြင့် ပြောစရာမလိုအပ်ဘဲ စိတ်အတွင်းမှ ဖြေလိုက်ခြင်းဖြစ်ကာ တစ်ဖက်လူသည် သူမ၏အတွေးများကို သေချာပေါက်သိနေပေလိမ့်မည်။
"တျန်းယွမ်က စီမုကို ယဲ့ချန်ဆီ ပေးအပ်လိုက်တယ်"
"သမီးက အမေ့ကို အပြစ်မတင်ရက်ပါဘူး။ အမေ့ကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ် အသိဉာဏ်ဖြစ်ပေါ်လာပြီး လူသားတစ်ယောက်အသွင် ဖြစ်လာနိုင်ပါ့မလဲ"
ရောင်ယွမ်၏မျက်နှာထက်တွင် အေးချမ်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အင်မော်တယ်သစ်ခွပန်းတစ်ပွင့်အနေဖြင့် တစ်ရက်တာ လူသားဖြစ်ခွင့်ရလျှင်ပင် သူမက ကျေနပ်နေပေလိမ့်မည်။
"ဒါဆိုရင် တော်သေးတာပေါ့ကွယ်။ ငါက ကောင်းကင်နတ်ဆိုးအရှိန်အဝါတွေကို အာရုံခံမိနေတယ်။ သေချာပေါက် သတိထားရမယ်နော်"
ထို့နောက် စကားသံက ဖြည်းဖြည်းချင်း ဝေးကွာသွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ အချိန်ခဏအကြာတွင် ရောင်ယွမ်၏မျက်လုံး ပွင့်လာပြီးနောက် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံလိုက်သောအခါ တည်ငြိမ်အေးချမ်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမ၏ခြံဝန်းနှင့် မနီးမဝေးတွင် ရှိနေသော နောက်ထပ်ခြံဝန်းတစ်ခုအတွင်း၌ ဧကရာဇ်ယုနှင့်ဧကရာဇ်ချင်သည် ခန်းမတစ်ခုအတွင်း ထိုင်နေခဲ့သည်။ ဧကရာဇ်ချင်၏လက်ထဲတွင် ကြယ်သလင်းကျောက်တစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းက တောက်ပနေသော်လည်း မည်သည့်ပုံရိပ်မှရှိမနေခဲ့ပေ။
"ဆရာ့ကို သတင်းပို့ပါတယ်။ ခရမ်းရောင်အလင်းကြယ်လမ်းကြောင်း တည်ဆောက်မှုက တစ်ဝက်လောက်ပြီးနေပါပြီ။ ဒါပေမယ့် ရန်သူတွေ ရုတ်တရက်တိုက်ခိုက်လာလို့ အစိတ်အပိုင်းအချို့ ထိခိုက်သွားရပါတယ်။ ကံကောင်းတာက စစ်ဧကရာဇ်တွေအားလုံး စည်းစည်းလုံးလုံးနဲ့ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တည်ဆောက်ရေးက ကြန့်ကြာသွားနိုင်ပြီး နောက်ထပ်တစ်လလောက် အချိန်ထပ်လိုနိုင်ပါတယ်"
ဧကရာဇ်ချင်က လေးလေးစားစားနှင့် ပြောလိုက်သည်။
"တိုက်ခိုက်ခံရတာလား။ ဘာဖြစ်ဖြစ် မင်းတို့ကြန့်ကြာနေလို့တော့ မရဘူးကွယ်။ ငါးလအတွင်းပြီးအောင် တည်ဆောက်ရမယ်။ ဆရာက နောက်ထပ်အမှုထမ်းတွေ ပို့ပေးလိုက်မယ်"
ကြယ်သလင်းကျောက်ထံမှ တည်ငြိမ်သော အသံတစ်ခု ပြန်လည်ထွက်ပေါ်လာသည်။ ဧကရာဇ်နှစ်ယောက်လုံးသည် နတ်ဧကရာဇ်က လမ်းကြောင်းတည်ဆောက်ရေးကို ငါးလအတွင်း အမြန်အပြီးသတ်စေချင်နေသောကြောင့် စိတ်ရှုပ်သွားကြသည်။ ကောင်းကင်မူလကြယ်နှင့် ခရမ်းရောင်အလင်းကြယ်က ထိတွေ့မှုမရှိသည်မှာ နှစ်ပေါင်းထောင်ချီနေပြီ ဖြစ်သောကြောင့် တစ်လခန့်ပို၍နောက်ကျခြင်းက ပြဿနာမရှိနိုင်ပေ။ သို့သော်လည်း သူတို့က ဆရာဖြစ်သူ၏ဆုံးဖြတ်ချက်ကို ပြန်လှန်မေးခွန်းမထုတ်ရဲပေ။ နတ်ဧကရာဇ်သည် အေးချမ်း၍ နှိမ့်ချတတ်သော လူတစ်ယောက်ဖြစ်သော်လည်း တာအိုအိမ်တော်သခင်နှင့် နတ်အစေခံဆယ်ယောက်ပြီးလျှင် အစွမ်းအထက်ဆုံးဟူသော ဂုဏ်ပုဒ်များကြောင့် သူတို့က မလေးမစားမလုပ်ရဲပေ။
"ဟုတ်ကဲ့ပါ ဆရာ"
နှစ်ယောက်လုံးက ပြိုင်တူခေါင်းညိတ်၍ ဖြေလိုက်သည်။
"ရောင်ယွမ်လေးရော ဘယ်လိုနေလဲ"
နတ်ဧကရာဇ်က ရောင်ယွမ်အကြောင်း မေးသောအခါ တည်ငြိမ်သောလေသံမှာ အနည်းငယ်ပို၍ ညှင်သာလာခဲ့သည်။
"သူမက လူတစ်ယောက်ကို စိတ်ဝင်စားနေပါတယ်။ သူက ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် ရောင်ယွမ်လိုမျိုး သုညပိုင်ရှင်တစ်ယောက်ပါ"
ဧကရာဇ်ချင်က ဖြေလိုက်သည်။
"သူကလည်း သုညပိုင်ရှင်တစ်ယောက်လား။ အရှေ့ပိုင်းတိုက်ကြီးက လူငယ်လေးဖြစ်မယ်ထင်တယ်။ မင်းတို့နှစ်ယောက်က အတော်ညံ့သကွာ၊ ရောင်ယွမ်နဲ့ ဒီလောက်အကြာကြီးအတူရှိနေတာတောင် တစ်ယောက်မှ သူ့အချစ်ကို မရယူနိုင်ကြဘူး။ ချီပင်လယ်အဆင့် ကလေးတစ်ယောက်က ကျော်တက်သွားတာ ခံရတယ်လို့ကွာ"
နတ်ဧကရာဇ်က သာမန်ကိစ္စတစ်ခုကို ပြောသကဲ့သို့ အပြုံးဖြင့် စနောက်လိုက်ခြင်းဖြစ်ပြီး သူ၏လေသံတွင် အပြစ်တင်သောအရိပ်အယောင် မရှိချေ။ သို့သော်လည်း သူ၏တပည့်နှစ်ယောက်မှာ ရှက်စိတ်ကြောင့် မျက်နှာများ မည်းနက်သွားကြသည်။
"ဆရာတူအစ်ကိုက အတော်ရိုးသားတာပဲ။ ဒီကိစ္စမျိုးကိုတောင် ဆရာ့ကို အသိပေးရဲတယ်"
ဧကရာဇ်ယုက သက်ပြင်းတစ်ချက်ချ၍ ဧကရာဇ်ချင်ကို တစ်ချက်ကြည့်လိုက်သည်။
"ရောင်ယွမ်က သူ့ကို ဒီအတိုင်းစိတ်ဝင်စားတာမျိုးပါ။ ယောကျ်ားနဲ့ မိန်းမကြားက အချစ်မျိုး မဟုတ်ပါဘူး"
ဧကရာဇ်ချင်က ငြင်းဆန်လိုက်သည်။ နတ်ဧကရာဇ်သည် ရောင်ယွမ်ကိုလက်ထပ်နိုင်သူအား တာအိုအိမ်တော်သခင်နေရာကို လက်လွှဲပေးမည်ဟု ကတိပေးထားသည်။ သူတို့အမြင်တွင် ရောင်ယွမ်က နတ်ဧကရာဇ်၏သမီးအရင်းကဲ့သို့ သဘောထားခံရသူဖြစ်သည်။ သူတို့က သူမ၏အချစ်ကို ရယူလိုသော်လည်း မည်မျှကြိုးစားပါစေ၊ တစ်ဖက်မှစိတ်မဝင်စားသောအခါ လမ်းပျောက်နေကြပြီဖြစ်သည်။ အတိတ်တွင် သူမသည် မည်သည့်ယောကျ်ားကိုမှ စိတ်ဝင်စားဟန်မပြခဲ့သောကြောင့် သူမ၏အကျင့်စရိုက်ဖြစ်နိုင်ကြောင်း သူတို့က ခန့်မှန်းထားကြသည်။ သို့သော် ယဲ့ချန်ထွက်ပေါ်လာမှုက သူတို့၏စိတ်ထဲတွင် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကြီးမားလာခဲ့သည်။ သူတို့၏စိတ်ထဲတွင် တာအိုအိမ်တော်သခင်ရာထူးအတွက် လမ်း၌ရှိသမျှဆူးငြှောင့်များကို ရှင်းလင်းပစ်ရန် တီးတိုးပြောနေသော အသံတစ်ခု ရှိနေသည်။ သို့သော်လည်း သူတို့က မည်သည့်အခွင့်အရေးမှ ရှိပုံမရချေ။
ထို့နောက် ဧကရာဇ်နှစ်ယောက်၏ကြီးကြပ်မှုဖြင့် တာအိုအိမ်တော်၏အမှုထမ်းများက ခရမ်းရောင်အလင်းကြယ်လမ်းကြောင်းကို ငါးလအတွင်း အပြီးတည်ဆောက်ရန် အရှိန်မြှင့်လုပ်ဆောင်နေကြသည်။ ကုန်ကြမ်းပစ္စည်းများအတွက် ကျိဟောင်တန်းက လိုအပ်သမျှကို အကြီးအကျယ် ထောက်ပံ့ပေးခဲ့သည်။
လင်မျိုးနွယ်၏အိမ်တော်အတွင်း၌ အရာရာက ပုံမှန်လည်ပတ်နေသည်။
"ယဲ့ချန် မင်းရဲ့ခန္ဓာကိုယ်က ထူးခြားနေတယ်။ ငါက မင်းအတွက် ကျင့်ကြံခြင်းကို လမ်းညွှန်ပေးပြီးနောက်မှာ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ပမာဏနည်းနည်း တိုးလာတယ်"
ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို အမှတ်တမဲ့စစ်ဆေးမိလိုက်သော လင်ယွမ်က အံ့သြစရာအဖြစ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက ကျင့်ကြံသူတစ်ယောက်၏ပါရမီနှင့် တိုက်ရိုက်အချိုးကျသော်လည်း နတ်အရင်းအမြစ်ဆေးကဲ့သို့ အဖိုးတန်ဆေးများကို အသုံးမပြုလျှင် တိုးတက်လာရန် မဖြစ်နိုင်ပေ။ သို့သော်လည်း နှင်းဧကရာဇ်၏ပေါင်းစပ်နှုန်းက အမှန်တကယ် တိုးတက်လာခဲ့သည်။ သူက ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် တိုက်ရိုက်ထိတွေ့မှုမရှိသောကြောင့် တိုးတက်မှုက ပမာဏအနည်းငယ်သာဖြစ်သော်လည်း ငွေပမာဏများစွာ ကုန်ကျမည့်အရေးကို ချွေတာလိုက်နိုင်သည်။
"သုညပိုင်ရှင်တွေဟာ ပတ်ဝန်းကျင်က ကျင့်ကြံသူတွေရဲ့ပေါင်းစပ်နှုန်းကို မြှင့်တင်ပေးနိုင်တယ်လို့ ရောင်ယွမ် ပြောဖူးတယ်။ ဒါက ကျုပ်တို့ရဲ့ အထူးစွမ်းရည်ဖြစ်နိုင်တယ်"
ဤကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့်မရှင်းပြလိုသောကြောင့် ယဲ့ချန်က ရိုးရိုးရှင်းရှင်းသာ ဖြေလိုက်သည်။
"ဒါဆိုရင် သုညပိုင်ရှင်တွေက သာမန်ကျင့်ကြံသူတွေနဲ့ အမှန်တကယ်ကွဲပြားတယ်။ ဖြစ်နိုင်တာက မင်းရဲ့ဝိညာဥ်အသိစိတ်ကရော ရုပ်ခန္ဓာလိုမျိုး စွမ်းဆောင်နိုင်လား။ ဒါကြောင့်များ ပေါင်းစပ်နှုန်းက သုညဖြစ်နေတာလား"
သို့သော်လည်း အကင်းပါးသော လင်ယွမ်က ခဏတာစဥ်းစားပြီးနောက် အနည်းငယ် ရိပ်စားမိလိုက်သည်။
"ဒီကိစ္စကို နောက်မှဆက်ပြီး စုံစမ်းကြတာပေါ့။ ဒီကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးက ခင်ဗျားအတွက်ပါ နှင်းဧကရာဇ်"
ယဲ့ချန်က စကားလမ်းကြောင်း ချက်ချင်းပြောင်းပစ်၍ ကြယ်မြို့ဟောင်းမှရရှိလာသော နတ်သစ်သီးကို လင်ယွမ်အတွက် လက်ဆောင်ပေးလိုက်သည်။ သူ၏လက်ထဲတွင် အရေအတွက်သုံးရာအထိ ရှိသောကြောင့် တစ်လုံးတလေပေးလိုက်ခြင်းက ပြဿနာမရှိပေ။ ထို့အပြင် ရှင်းဟွမ်သည် သစ်သီးအကြောင်း လင်ယွမ်မှတဆင့် သူ့ကို သိစေခဲ့သောကြောင့် အနာဂတ်တွင် လင်ယွမ်က အရေးပါသော ဇာတ်ကောင်တစ်ယောက် ဖြစ်လာနိုင်သည်။
"ငါ့အတွက်လား။ ဒါက ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးနော်။ မင်း သေချာလို့လား"
လင်ယွမ်က အံ့သြသွားဟန်ဖြင့် ယဲ့ချန်ကို မေးခွန်းထုတ်လိုက်သည်။
"သေချာပါတယ်။ ကျုပ်အတွက် နည်းနည်းရှိပါတယ်။ ဒီလက်ဆောင်ကို လက်ခံလိုက်ပါဗျာ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် လက်ခံလိုက်ပါ့မယ်။ မင်းအပေါ်မှာ ငါ အကြွေးတစ်ခုတင်သွားပြီ။ ငါ့ရဲ့ကိုယ်ကျင့်တရားကို မထိခိုက်စေဘူးဆိုရင် အနာဂတ်မှာ မင်း ဘာအကူအညီပဲတောင်းဆိုတောင်းဆို ငါ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး"
လင်ယွမ်က လေးနက်စွာစဥ်းစားပြီးနောက် နတ်သစ်သီးကို လက်ခံလိုက်သည်။
"နှင်းဧကရာဇ်က အားနာလွန်းနေပါပြီ"
ရှင်းဟိုင်ကြယ်၏ ကောင်းကင်ဘုံငယ်အတွင်းရှိ ရေပြင်အတွင်း၌ ဖြစ်သည်။ ယဲ့ချန်သုံးယောက်တွင် တစ်ယောက်က ကျစ်ဟွာတော်ဝင်မြို့တော်၌ရှိနေပြီး ဒုတိယတစ်ယောက်က ရန်ယွင်မြို့၌နေထိုင်ကာ ယဲ့မျိုးနွယ်၏အရေးကိစ္စများကို စီမံလျက်ရှိသည်။ နောက်ဆုံးတစ်ယောက်က ရှင်းဟိုင်ကြယ်၏ ပင်လယ်အနက်ပိုင်းတွင် ကျင့်ကြံရန် ရောက်ရှိလာခဲ့သည်။ သူက ဒုတိယယဲ့ချန်ထံမှ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးတစ်လုံး တောင်းယူလာကာ ဤနေရာ၌ စုပ်ယူရန် ဆုံးဖြတ်ထားသည်။ ရှင်းဟိုင်ကြယ်၏ ကောင်းကင်ဘုံငယ်အတွင်း ဝင်ကြေးအဖြစ် ဆည်းဆာရွှေတစ်သိန်းပေးဆောင်လျှင် သုံးရက်အထိနေနိုင်ပြီး ဆယ်သန်းအထိပေးလျှင် နေထိုင်ခွင့်အချိန်က အကန့်အသတ်မရှိပေ။ ဤနေရာရှိ အရိုးကွဲလောက်သော အအေးဓာတ်က ရေခဲချီကျင့်ကြံရန်အတွက် သင့်တော်သောကြောင့် ကျင့်ကြံရန်အတွက် အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ တတိယယဲ့ချန်က အရေးကိစ္စကြီးကြီးမားမား မရှိလျှင် ရှင်းဟိုင်ကြယ်၌ နေထိုင်ကျင့်ကြံရန် စီစဥ်ထားသည်။
အချိန်ကြာမြင့်လာသည်နှင့်အမျှ လမ်းကြောင်းဆောက်လုပ်မှုက ပြီးစီးလုနီးပါးဖြစ်လာသောကြောင့် ကျစ်ဟွာတော်ဝင်မြို့က အရင်ကထက် ပို၍စည်ကားလာပြီး နေရာဒေသအသီးသီးမှ ကျင့်ကြံသူများ ရောက်ရှိလာကြသည်။ ကြယ်ဝိညာဥ်တစ်ခုရှိနေသော ကြယ်အသစ်တစ်ခု ရှာတွေ့ခြင်းက အံ့လောက်စရာသတင်းဖြစ်သောကြောင့် ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးက ပြီးစီးခါနီးလမ်းကြောင်းထံ အာရုံစိုက်နေကြသည်။ တဖွဲဖွဲရောက်ရှိလာသော ကျင့်ကြံသူများကြောင့် တော်ဝင်မြို့တော်၌ စီးပွားရေးလုပ်ငန်းများ တိုးတက်လာကာ ကောင်းကင်မူလတိုက်ကြီး၏ စီးပွားရေးအဖွဲ့အစည်းများက လေလံပွဲအချို့ကျင်းပရန် ပြင်ဆင်နေကြသည်။ လေလံပွဲများတွင် တာအိုလက်နက်၊ မြေအဆင့်နှင့် ကောင်းကင်အဆင့် နတ်ဆိုးချပ်ဝတ်၊ ဆေးပင်အမျိုးမျိုးစသည့် ကျင့်ကြံခြင်း အထောက်အကူပြုရတနာများ ရောင်းချပေလိမ့်မည်။ ခရမ်းရောင်အလင်းကြယ်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသူများတွင် ရွှမ်အဆင့်များမှစတင်၍ စစ်ဧကရာဇ်အဆင့်များအထိ ပါဝင်နေကြသည်။ သူတို့အားလုံးက နေရာအသစ်ကိုမစူးစမ်းခင် ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန် လိုအပ်နေသောအခါ စီးပွားရေးအဖွဲ့ကြီးများက ဤအခွင့်အလမ်းကို လက်လွှတ်မခံခဲ့ကြပေ။
ကျစ်ဟွာတော်ဝင်မြို့တော်သို့ ရောက်ရှိလာသော ကျင့်ကြံသူများကြားတွင် သူတော်စင်သစ်သီးများက ကျော်ကြားလာသောကြောင့် လင်ယုမှာ ဝမ်းသာလုံးဆို့နေခဲ့သည်။ ၎င်းနှင့် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးက နတ်သစ်သီးများဖြစ်ကြသော်လည်း လုံးဝကွဲပြားနေသည်။ သူတော်စင်သစ်သီး၏ အရင်းအမြစ်ကို လင်ယွမ်က တျန်းယုစစ်ပွဲဘုံတွင် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး သာမန်အဆင့်များကို ဆည်းဆာရွှေသိန်းချီ ပေါက်စျေးရှိသည်။ ရွှမ်အဆင့်များဆိုလျှင် သန်းချီတန်ပြီး အဆင့်အမြင့်ဆုံး သွေးမီးတောက်အဆင့်ဆိုလျှင် သန်းရာချီဖြင့်ပင် ရောင်းချနိုင်သည်။ လက်ရှိတွင် စျေးကွက်လိုအပ်ချက်ပမာဏက ကြီးမားနေသောအခါ ၎င်း၏စျေးနှုန်းက သုံးဆယ်ရာခိုင်နှုန်းအထိ တိုးလာသောကြောင့် လင်မျိုးနွယ်သည် အကျိုးအမြတ်များစွာ ရှာဖွေနိုင်ခဲ့သည်။
စီမုသံလိုက်အိမ်မြှောင်က စတင်လှုပ်ရှားလာသောကြောင့် ခရမ်းရောင်အလင်းကြယ်လမ်းကြောင်း ပြီးစီးသွားချိန်တွင် ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာမည်ဟု ယဲ့ချန်က ခံစားနေရသည်။ သို့သော်လည်း သူက အနာဂတ်ကို ခန့်မှန်းရန်အတွက် ၎င်းကိုအသုံးပြုရန် အစီအစဥ်မရှိပေ။ သူက အသုံးဝင်မည့် ရတနာတစ်ခုခု တွေ့လိုတွေငြား လေလံအိမ်များသို့ သွားရောက်ခဲ့လေသည်။