← Chapters

ယဲ့လော့၏သတင်း

Vol. 43 Ch. 599

ယဲ့လော့၏သတင်း

Vol. 43 Ch. 599

တော်ဝင်မြို့တော်၏ လမ်းမများထက်တွင် ပျားပန်းခတ်မျှစည်ကားနေပြီး ဝတ်စားဆင်ယင်ပုံမျိုးစုံနှင့် ကျင့်ကြံသူများစွာကို တွေ့နိုင်သည်။ သူတို့၏အဝတ်အစားများက သက်ဆိုင်ရာအင်အားစုများ၊ သိုင်းဒေသကြီးများ ၊ကုန်သည်အဖွဲ့များ စသည်တို့ကို ကိုယ်စားပြုပြီး တာအိုအိမ်တော်မှ အမှုထမ်းများလည်း ပါဝင်နေသည်။ ယဲ့ချန်သည် လမ်းပေါ်သို့ ထွက်လာခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးတွင် စစ်ဧကရာဇ်အရေအတွက်က အလွန်နည်းပါးသော်လည်း ရွှမ်အဆင့်နှင့် တာအိုနတ်အဆင့်များက အလွန်ပေါများနေသည်။ သူက ရွှမ်အဆင့်သို့ရောက်တော့မည်ဟု ခံစားနေရပြီး အဆင့်နှစ်နတ်မူလဆေးတစ်လုံးကို အသုံးပြုလိုက်လျှင် ပို၍မြန်ဆန်လာနိုင်သောကြောင့် လေလံအိမ်များထံ ထွက်လာခြင်းဖြစ်သည်။ ငွေရေးကြေးရေးအတွက် လက်ရှိ၌ သူက ပူပန်နေစရာမလိုပေ။ ထိုအချိန်တွင် သူက လမ်းပေါ်ရှိ လူတစ်စုကို မြင်လိုက်သောအခါ ရင်းနှီးသောမျက်နှာအချို့ကို တွေ့လိုက်ရသည်။

ယဲ့ချန်သည် မြေဝိဇ္ဇာအဆင့်သို့ ရောက်ပြီးချိန်မှစတင်၍ မြင်ရုံဖြင့်မှတ်မိနိုင်သော ဉာဏ်ရည်မျိုး ပိုင်ဆိုင်လာသောကြောင့် ထိုအုပ်စုထဲရှိ လူတစ်ယောက်ကို ချက်ချင်းအမှတ်ရလိုက်သည်။ ထိုလူက အလယ်အင်ပါယာ ယဲ့မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး ယဲ့ကျန်းကျောက်ဟု ခေါ်တွင်သည်။ မီးတောက်နီဂိုဏ်းတွင် သူက ထိုလူကို သင်ခန်းစာပေးခဲ့ဖူးသည်။ အတိတ်တွင် ဝိညာဥ်သားရဲကပ်ဘေးစတင်လာချိန်တွင် သူက မီးတောက်နီဂိုဏ်း၏ ဆန်းကျယ်လကန့်သတ်နယ်မြေသို့ သွားရောက်ကာ ယဲ့လော့ကို ရှာဖွေ့ခဲ့သော်လည်း မတွေ့ခဲ့ရပေ။ ထိုနေရာ၌ တိုက်ခိုက်ထားသော ခြေရာလက်ရာများမရှိသော်လည်း အလယ်အင်ပါယာယဲ့မျိုးနွယ်တစ်ခုလုံးက လေထဲတွင် ကွယ်ပျောက်သွားသကဲ့သို့ ထင်မှတ်ရသည်။ သူက ချီပင်လယ်အဆင့်ဖြင့် အရှေ့ပိုင်းတိုက်ကြီးသို့ ပြန်ရောက်လာသောအခါ နေရာတိုင်းကို လိုက်လံရှာဖွေခဲ့သော်လည်း အကြောင်းမထူးပေ။ ထို့ကြောင့် ဖြစ်နိုင်ချေမှာ သူတို့က လျှို့ဝှက်နယ်မြေတစ်ခုတွင် ပုန်းအောင်နေခြင်း သို့မဟုတ် ကောင်းကင်မူလတိုက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော်လည်း သူ၏ခန့်မှန်းချက်သက်သက်သာ ဖြစ်သောကြောင့် ယဲ့လောကို လွမ်းဆွတ်သတိရရင်း မကောင်းသောအတွေးများ ဖြစ်ပေါ်လာတတ်သည်။ ထို့ကြောင့် သူက ဤအကြောင်းကိုမေ့ထားကာ အကောင်းမြင်ရန် ကြိုးစားခဲ့ရသည်။ လက်ရှိတွင် သူက ယဲ့ကျန်ကျောက်နှင့် အလယ်အင်ပါယာယဲ့မျိုးနွယ်ဝင်များကို တွေ့လိုက်ရသောအခါ ယဲ့လော့လည်း ကောင်းကင်မူလတိုက်ကြီးသို့ရောက်နေရန် သေချာသောကြောင့် စိတ်အေးသွားခဲ့သည်။ ဆန်းကျယ်လကန့်သတ်နယ်မြေအတွင်း၌ ဆန်းကျယ်သော ကျင့်ကြံသူတစ်ယောက်ရှိနေပြီး မီးတောက်နီဂိုဏ်း၏ဘိုးဘေး ဖြစ်နိုင်သည်။ ယဲ့လော့နှင့် အခြားလူများကို ဤနေရာသို့ခေါ်ဆောင်လာသူမှာ သေချာပေါက် ထိုဘိုးဘေး ဖြစ်ပေလိမ့်မည်။

"ဟေ့ ရပ်ကြပါဦး"

ယဲ့ချန်သည် ယဲ့လော့၏လက်ရှိအခြေအနေကို သိလိုသောကြောင့် ထိုလူစုကို တားမြစ်လိုက်သည်။

"မင်းပါလား"

ယဲ့ကျန်းကျောက်သည် ယဲ့ချန်ကို မြင်လိုက်သောအခါ မျက်နှာတစ်ခုလုံး မည်းနက်သွားခဲ့သည်။ တစ်ဖက်လူက သူ့ကို လူပုံအလယ်တွင် ပါးရိုက်ခဲ့သောအဖြစ်ကို မေ့မရသေးပေ။ ဤကား သူ၏ဘဝတွင် ရှက်စရာအကောင်းဆုံး ဖြစ်ရပ်ဖြစ်နေသဖြင့် ယဲ့ချန်က မီးတောက်နီဂိုဏ်းကို ကယ်တင်ပေးခဲ့သော်လည်း အလွန်မုန်းတီးနေခဲ့သည်။ သူ၏အမြင်၌ ယဲ့ချန်သည် အရှေ့ပိုင်းတိုက်ကြီးတွင် သေဆုံးသွားနိုင်သည်ဟု ထင်ထားသော်လည်း ကောင်းကင်မူလတိုက်ကြီးသို့ ရောက်နေမည်ဟု မျှော်လင့်မထားပေ။ သို့သော် ယဲ့ကျန်းကျောက်မှလွဲလျှင် အခြားယဲ့မျိုးနွယ်ဝင်များက ဝမ်းသာနေကြသည်။

"သခင်လေးယဲ့ အဆင်ပြေပါရဲ့လား"

သူတို့က ယဲ့ချန်ကိုဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။ ယဲ့ကျန်းကျောက်က ယဲ့ချန်ကို ရန်ငြှိုးထားသော်လည်း မီးတောက်နီဂိုဏ်းကို မုန်တိုင်းသခင်လက်ထဲမှ ကယ်တင်ပေးခဲ့သော ကျေးဇူးရှင်အပေါ် သူတို့က ကျေးဇူးမမေ့ကြပေ။ ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ ယဲ့ကျန်းကျောက်၏သဘောထားကို ရိပ်စားမိသော်လည်း လျစ်လျူရှုထားလိုက်သည်။ ကောင်းကင်မူလတိုက်ကြီးသို့ ရောက်ရှိလာပြီးနောက် ထိုလူများက ဆေးလုံးများ သုံးစွဲခဲ့ပုံပေါ်ပြီး ထူးကဲအဆင့်သို့ ရောက်ရှိနေကြသည်။ သို့သော်လည်း သူ့အတွက် ယဲ့ကျန်းကျောက်က အလေးအနက်ထားရမည့် လူမျိုး မဟုတ်ပေ။

"လော့အာ ဘယ်မှာလဲ။ မင်းတို့ရော ဒီမှာအဆင်ပြေကြရဲ့လား"

သူက အသိချင်ဆုံးသော အကြောင်းအရာကို အလောတကြီး မေးလိုက်သည်။

"သခင်မလေးက အဆင်ပြေပါတယ်။ သူမရဲ့ပေါင်းစပ်နှုန်းက ခုနစ်ကျော်ပြီး လောလောဆယ်တော့ အထွတ်အမြတ်လသိုင်းဒေသကြီးမှာ ကျင့်ကြံနေပါတယ်။ သူမကလည်း သခင်လေးကို တွေ့ချင်နေပါတယ်။ ဘိုးဘေးက သခင်လေးလည်း ကောင်းကင်မူလတိုက်ကြီးကို ရောက်နေပြီဆိုတာကို သတင်းပေးခဲ့လို့ လိုက်မရှာခဲ့တာပါ"

မီးတောက်နီဂိုဏ်းဝင်တစ်ယောက်က ရိုရိုသေသေ ပြန်ဖြေလိုက်သည်။

"လော့အာ အဆင်ပြေတယ်လို့ ကြားရတာ ဝမ်းသာပါတယ်။ သူမရှိနေတဲ့ သိုင်းဒေသကြီးကို ငါ သွားတွေ့ဦးမယ်"

ယဲ့ချန်က ကျေနပ်စွာ ပြုံးလိုက်သည်။ ယဲ့လော့သည် သူနှင့်ငယ်စဥ်တည်းက အတူတကွကြီးပြင်းလာသူဖြစ်သောကြောင့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း မြင့်မားနေမည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။

"အထွတ်အမြတ်လသိုင်းဒေသကို သွားမယ် ဟုတ်လား။ မင်းလိုကောင်က ဘယ်လိုလုပ် ဝင်ခွင့်ရှိမှာလဲ။ သခင်မလေးက ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်နေပြီဆိုတော့ သူမကိုပိုးပန်းနေတဲ့ ပါရမီရှင်တွေ အများကြီးရှိနေပြီ"

ယဲ့ချန်၏စကားကို ကြားသောအခါ ယဲ့ကျန်းကျောက်က အထင်အမြင်သေးသော လေသံမျိုးနှင့် ဖြတ်ပြောလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ယဲ့ချန်သည် သူ့ကို အကြည့်စူးစူးဖြင့် စိုက်ကြည့်လိုက်ပြီး ကြယ်ကိုးလုံးက လည်ပတ်လာသောအခါ ထိုလူမှာ သားရဲကြီးတစ်ကောင်၏အကြည့်မျိုးကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက နေရာတွင် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံးအေးခဲသွားကာ နောက်သို့အမှတ်တမဲ့ ခြေလှမ်းများစွာ ဆုတ်လိုက်မိသည်။ အကယ်၍ ကောင်းကင်မူလတိုက်ကြီး၏ ဥပဒေအကြောင်းကို မသိထားလျှင် ဤအကြည့်တစ်ချက်ကြောင့်ပင် သူက ခွေးပြေးဝက်ပြေး ထွက်ပြေးမိပေလိမ့်မည်။

"မင်းတို့နဲ့တွေ့ရတာ ဝမ်းသာတယ်ကွာ။ ဒါတွေကို လက်ဆောင်အဖြစ်ယူလိုက်ပါ။ လော့အာဆီကို ငါ့သတင်းစကား ပို့ပေးပါ။ ငါက သူမကို အရမ်းသတိနေရတယ်။ အချိန်ရရင် ကျစ်ဟွာနတ်တိုင်းပြည် ရန်ယွင်မြို့မှာ ငါ့ကိုလာရှာဖို့ မှာလိုက်ပါ"

ယဲ့ချန်က သူတော်စင်သစ်သီးငါးလုံးကို ထုတ်ယူ၍ ယဲ့ကျောက်ကျန်းမှလွဲပြီး ကျန်လူများကို လက်ဆောင်ပေးလိုက်သည်။

"ကျုပ်တို့က ဘယ်လိုလုပ်လက်ခံရဲမှာလဲ"

မီးတောက်နီဂိုဏ်းဝင်ငါးယောက်က ပျာပျာသလဲ ငြင်းဆန်လိုက်ကြသည်။

"ယူလိုက်ကြပါ။ ငါ့စကားကို ပြောပေးဖို့တော့ မမေ့ပါနဲ့။ ငါလုပ်စရာလေးရှိလို့ သွားနှင့်ပြီ"

ယဲ့ချန်က ခေါင်းယမ်း၍ သစ်သီးများကို အတင်းအကြပ်ပေးအပ်ကာ လှည့်ထွက်သွားခဲ့သည်။ ယဲ့လော့လုံခြုံသည်ဟု ကြားလိုက်ရသောအခါ သူ၏ရင်ထဲတွင် တစ်ဆို့နေသော စိုးရိမ်စိတ်များ ပျောက်ကွယ်သွားသဖြင့် ခြေလှမ်းများ သွက်လက်ပေါ့ပါးနေသည်။

"ဒီသစ်သီးတွေက ဘာတွေများလဲ"

မီးတောက်နီဂိုဏ်းဝင်တစ်ယောက်က လက်ထဲတွင်ရှိနေသော သူတော်စင်သစ်သီးကို စူးစမ်းလိုက်သည်။

"ဒီကောင်က ဘယ်လိုရတနာမျိုး ပေးနိုင်မှာမို့လို့လဲ။ သာမန်သစ်သီးတစ်လုံး နေမှာပေါ့"

ယဲ့ကျန်းကျောက်က နှာခေါင်းရှုံ့၍ ကဲ့ရဲ့လိုက်သည်။ ယဲ့ချန်၏ခွန်အားဖြင့် ကောင်းကင်မူလတိုက်ကြီးသို့ ရောက်လာသည်မှာ အချိန်တိုတောင်းနိုင်သောကြောင့် ရတနာကောင်းများပေးနိုင်လျှင် အလွန်ထူးဆန်းနေပေလိမ့်မည်။

"ပါးစပ်ပိတ်စမ်း။ ငါ ဒီသစ်သီးတွေကို တစ်နေရာရာမှာ မြင်ဖူးတယ်။ အခုမှသတိရတယ်။ အထက်တန်းစားတွေရဲ့ စားသောက်ဆိုင်မှာ ဒါမျိုးမြင်ဖူးပြီး သူတော်စင်သစ်သီးလို့ ခေါ်တယ်။ တကယ်သူတော်စင်သစ်သီးတွေပါလား"

မီးတောက်နီဂိုဏ်းဝင်တစ်ယောက်က သူ့ကို ရုတ်တရက် အော်ငေါက်လိုက်သည်။ သူတို့က ထူးကဲအဆင့်များသာဖြစ်သောကြောင့် လေလံပွဲများသို့ တက်ရောက်ခွင့်မရှိသောကြောင့် ဤရတနာမျိုးကို ချက်ချင်းမသိနိုင်ကြပေ။ သူ၏မျက်လုံးများက တောက်ပနေပြီး လက်ထဲမှသစ်သီးကို မြှောက်ပြ၍ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"သာမန်သူတော်စင်သစ်သီးဆိုရင်တောင်မှ ဆည်းဆာရွှေသိန်းချီ တန်တယ် မဟုတ်လား"

ယဲ့ချန်ကို ဤမျှချမ်းသာမည်ဟု ထင်မထားသော ယဲ့ကျန်းကျောက်က ရင်ထိတ်သွားခဲ့သည်။ သူတို့က ဆေးလုံးများစွာ အသုံးပြုခဲ့သော်လည်း သာမန်ဆေးလုံးများသာဖြစ်ပြီး သူတော်စင်သစ်သီးကဲ့သို့ အဖိုးတန်ရတနာမျိုးကို လက်လှမ်းမမီပေ။

"သေချာတယ်။ အထက်တန်းစားတွေပြောပုံအရဆိုရင် ဒါတွေက ရွှမ်အဆင့် သူတော်စင်သစ်သီးတွေဖြစ်တယ်"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မီးတောက်နီဂိုဏ်းဝင်များက မယုံနိုင်ဟန်ဖြင့် မျက်လုံးများ အဆမတန်ပြူးကျယ်လာသည်။

"ရွှမ်အဆင့်သူတော်စင်သစ်သီးတစ်လုံးက အနည်းဆုံးတစ်သန်းတန်ပြီး ပိုပြီးအရည်အသွေးကောင်းမယ်ဆိုရင် ဆယ်သန်းလောက်အထိ ပေးဝယ်ရတယ်"

သူတို့က သူတော်စင်သစ်သီးကို တစ်ခါမှမမြင်ဖူးသော်လည်း အလွန်စျေးကြီးကြောင်း ကြားဖူးနားဝရှိထားကြသည်။ ယဲ့ချန်၏လက်မောင်းကာအတွင်း၌ လင်ယုပေးထားသော သူတော်စင်သစ်သီးများ တောင်ပုံရာပုံရှိနေသည်။ စျေးကွက်အတွင်း ၎င်းတို့က ရှားပါးနေသော်လည်း လင်မျိုးနွယ်၏ စီးပွားရေးရွှေ့ကွက်တစ်ခုသာဖြစ်ပြီး စျေးနှုန်းမြင့်တက်လာစေရန် ကြံစည်ထားခြင်းဖြစ်သည်။ ကျန်တစ်ဖက်တွင် ယဲ့ချန်နှင့် လင်ယု၌ စားမကုန်လောက်သော အရေအတွက်တစ်ခုအထိ ပိုင်ဆိုင်ထားသည်။ ရွှမ်အဆင့်သူတော်စင်သစ်သီးငါးလုံးက ယဲ့ချန်အတွက် မပြောပလောက်သော်လည်း မီးတောက်နီဂိုဏ်းဝင်များအတွက်တု န်လှုပ်သွားစေမည့် အဖိုးတန်ရတနာမျိုးဖြစ်သည်။

"ဒါက ရွှမ်အဆင့်ဆိုတာ သေချာတယ်။ မင်းတို့မယုံရင် ဂိုဏ်းချုပ်ကို သွားမေးကြမယ်"

မီးတောက်နီဂိုဏ်းဝင်တစ်ယောက်က ဤသစ်သီးကို ယဲ့ကုန်းထံ အတည်ပြုခိုင်းရန် မစောင့်နိုင်တော့ပေ။ သူတို့ငါးယောက်က သစ်သီးတစ်လုံးစီရခဲ့သောကြောင့် အလွန်ပျော်ရွှင်နေပြီး မြေပြင်သို့ လွတ်ကျသွားမည်စိုးသဖြင့် ဂရုတစိုက်သယ်ဆောင်ထားကြသည်။ ကောင်းကင်မူလတိုက်ကြီးသို့ရောက်ပြီးနောက် ဘိုးဘေး၏နယ်မြေအတွင်း အလုပ်လုပ်ခဲ့သော်လည်း ဆည်းဆာရွှေသောင်းဂဏန်းသာ စုဆောင်းထားနိုင်ခဲ့သည်။ ထို့ကြောင့် သန်းချီအဖိုးတန်သော ရတနာမျိုးက သူတို့အတွက် အဖိုးမဖြတ်နိုင်ပေ။

ကျစ်ဟွာတော်ဝင်မြို့တော်၏ ဆင်ခြေဖုံးတစ်နေရာရှိ တည်းခိုခန်းတစ်ခုအတွင်း ယဲ့ကုန်းနှင့်နောက်လိုက်အချို့ တည်းခိုနေကြသည်။ ယဲ့လော့မှ ငွေများ နေ့တိုင်း ပေးပို့နေသောကြောင့်မဟုတ်လျှင် သူတို့က တည်းခိုခအတွက် ပေးချေရန် ပိုက်ဆံမရှိချေ။

"မင်းတို့ ဒါတွေကို ဘယ်ကရတာလဲ။ တကယ့်ကို ရွှမ်အဆင့် သူတော်စင်သစ်သီးတွေပဲ"

ယဲ့ကုန်းသည် မီးတောက်နီဂိုဏ်းဝင်များ ယူဆောင်လာသော သူတော်စင်သစ်သီးများကို သေချာစွာစစ်ဆေးပြီးနောက် အသံများပင် တုန်ယင်လာသည်။

"ဂိုဏ်းချုပ် ဒါတွေကို သခင်လေးယဲ့က လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။ သူ့ကို လမ်းပေါ်မှာ အမှတ်မထင်တွေ့ခဲ့ရပြီး သခင်မလေးအကြောင်းမေးလို့ အကြောင်းစုံပြောပြခဲ့ပါတယ်။ သူက သခင်မလေးဆီကို သတင်းစကားပို့ပေးဖို့ အကူအညီတောင်းခဲ့ပြီး ဒါတွေကို လက်ဆောင်ပေးလိုက်ပါတယ်။ ရွှမ်အဆင့် သူတော်စင်သစ်သီးတွေဖြစ်နေမယ်လို့တော့ မထင်ထားပါဘူး"

မီးတောက်နီဂိုဏ်းဝင်တစ်ယောက်က ဝမ်းသာအားရဖြစ်နေသော မျက်နှာဖြင့် အကြောင်းစုံ ရှင်းပြလိုက်သည်။

"သူက ဒီအတိုင်း လက်ဆောင်ပေးလိုက်တာလား။ ယဲ့ချန်ကလည်း ကောင်းကင်မူလတိုက်ကြီးကိုရောက်တာ အချိန်မကြာသေးလောက်ဘူး။ သူက ဒီလောက်တောင် ချမ်းသာနေပြီလား"

ယဲ့ကုန်းတို့လူစုသည် ကောင်းကင်မူလတိုက်ကြီးသို့ ရောက်လာချိန်မှစတင်၍ ဆင်းရဲကြပ်တည်းစွာ နေထိုင်ခဲ့ရသည်။ အကယ်၍ ယဲ့လော့သာ သူတို့အတွက် ဆည်းဆာရွှေများကို နေ့စဥ်ထောက်ပံ့ပေးနေခြင်းမရှိလျှင် အသက်ရှင်နေထိုင်ရန်ပင် အလွန်ခက်ခဲသွားနိုင်သည်။ ယဲ့လော့ကို အခက်မတွေ့စေလိုသောကြောင့် ယဲ့ကုန်းမှာ ငွေကိစ္စကို ဖြေရှင်းနိုင်ရန် အမြဲမပြတ်စဥ်းစား တွက်ချက်နေရသည်။

"တချို့လူတွေက ဘယ်နေရာရောက်ရောက် သာမန်လူမဟုတ်ဘူးပဲ"

ယဲ့ကုန်းသည် သူတော်စင်သစ်သီးငါးလုံးကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ယဲ့ချန်နှင့်ယဲ့လော့ ပြန်ဆုံမည့်အရေးအတွက် ဝမ်းသာနေခဲ့လေသည်။

All Chapters