← Chapters

ပင်လယ်ပန်းပွား တာအိုလက်နက်

Vol. 43 Ch. 601

ပင်လယ်ပန်းပွား တာအိုလက်နက်

Vol. 43 Ch. 601

"ငါက ထန်တိုက်လင်ဝမ်းထဲက ကလေးရဲ့အဖေကွ။ မင်းတို့မှာ အခွင့်အရေးရှိတယ်လို့များ ထင်နေတာလား"

ယဲ့ချန်သည် ကောင်းရန်နှင့် ကျိရှန်းက ထန်တိုက်လင်အပေါ် ခံစားချက်များရှိနေကြောင်း ရိပ်မိလိုက်သည်။ သူ၏ဇနီးက အလွန်လှပသောကြောင့် သူက ပိုင်ဆိုင်ကြောင်းမဖော်ပြလျှင် ညံ့ရာကျပေလိမ့်မည်။ အကယ်၍ သူသာ ကောင်းရန်နှင့် ကျိရှန်း၏အတွေးများကို သိနိုင်လျှင် အထက်ပါအတိုင်း အော်ဟစ်မိပေလိမ့်မည်။

"လေလံအိမ်ကိုသွားပြီး ပင်လယ်ပန်းပွားရတနာအကြောင်း သွားကြည့်ကြတာပေါ့။ လင်အာက လိုချင်တယ်ဆိုရင် ငါက ဝယ်ပေးရမှာပေါ့"

ယဲ့ချန်က ထန်တိုက်လင်ကို တစ်ချက်ကြည့်၍ ပြောလိုက်သောအခါ ကောင်းရန်နှင့် ကျိရှန်းက နှာခေါင်းရှုံ့လိုက်ကြသည်။ သာမန်တာအိုလက်နက်တစ်ခုက အနည်းဆုံး ဆည်းဆာရွှေတစ်ဘီလီယံ တန်ကြေးရှိပြီး ပို၍စျေးကြီးလျှင် ဘီလီယံဆယ်ချီသောကြောင့် ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက် တတ်နိုင်သောအရာမျိုး မဟုတ်ပေ။

"မလိုတော့ပါဘူး။ ငါ့မှာ အိပ်မက်တိမ်ပိုးချည်နဲ့ ပင်လယ်နတ်ဘုရားလှံ ရှိနေပြီပဲ"

ထန်တိုက်လင်သည် ယဲ့ချန်က ယဲ့မျိုးနွယ်ကို ကယ်တင်ရဦးမည်ဟု သိထားသောကြောင့် ငြင်းဆန်လိုက်သည်။ တာအိုလက်နက်တစ်ခုဝယ်ရန် လိုအပ်သောပမာဏက ယဲ့မျိုးနွယ်ဝင်ရာထောင်ချီကို သေခြင်းတရားမှ ကယ်တင်နိုင်ပေသည်။ ထို့ကြောင့် သူမက ယဲ့ချန်ကို အကုန်အကျမများစေလိုခဲ့ပေ။ သို့သော် သူမ၏သဘောထားကြောင့် ယဲ့ချန်သည် ပင်လယ်ပန်းပွားကို ထန်တိုက်လင် အမှန်တကယ်လိုအပ်ကြောင်း နားလည်လိုက်သည်။ လက်ရှိတွင် သူက ငွေပြတ်နေပြီး လက်မောင်းကာအတွင်း၌ နှစ်ဘီလီယံသာရှိသော်လည်း ထိုရတနာကို မရရအောင် ဝယ်ယူရပေလိမ့်မည်။ ထန်တိုက်လင်သည် သူ့ရင်သွေး၏မိခင်ဖြစ်သော်လည်း ယခုအချိန်အထိ လက်ဆောင်တစ်ခုပင် ဝယ်မပေးဖူးခဲ့သောကြောင့် ပိုင်ဆိုင်သမျှရောင်းချရလျှင်ပင် အရယူပေးရန် ဆုံးဖြတ်လိုက်သည်။

ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်သည် လင်ယုထံမှငွေချေးရန် ဆုံးဖြတ်လိုက်သည်။ ထိုငွေကိုပြန်ဆပ်ရန်အတွက် နောက်မှအဖြေရှာနိုင်ပြီး ပြန်မပေးလျှင်လည်း လင်ယုက တစ်ခွန်းမှပြောမည် မဟုတ်ပေ။ လက်ရှိတွင် တော်ဝင်မျိုးနွယ်၏အကူအညီဖြင့် လင်မျိုးနွယ်၏စီးပွားရေးလုပ်ငန်းများက လေးငါးဆခန့်ကြီးမားလာပြီး နှစ်လဆိုသောအချိန်အတွင်း ဆည်းဆာရွှေဘီလံသုံးရာ ပိုင်ဆိုင်လာသည်အထိ လင်ယုက ချမ်းသာလာခဲ့သည်။ ထို့ကြောင့် ဘီလီယံဆယ်ဂဏန်းခန့်ချေးခြင်းကို သူက ကန့်ကွက်စရာ အကြောင်းမရှိပေ။

လင်ယု၏အိမ်ဝန်းအတွင်း တန်းဟိုင်သည် တခေါခါဟောက်ရင်း အိပ်စက်နေသည်။ တန်းဟိုင်မျိုးနွယ်၏ကျင့်စဥ်များက အိပ်စက်ရင်း ကျင့်ကြံနိုင်သည်။ ထိုအချိန်တွင် သူက ခြင်္သေ့ကြီးထံမှ သတင်းစကားတစ်ခုရလိုက်သောကြောင့် ချက်ချင်းထခုန်၍ လင်ယုရှိနေသော အခန်းထံ တဟုန်ထိုးပြေးသွားခဲ့သည်။

"လင်ယု အစ်ကိုကြီးက ပိုက်ဆံနည်းနည်း ချေးချင်နေတယ်"

တန်းဟိုင်က လင်မျိုးနွယ်၏စာရင်းများကို တွက်ချက်နေသော လင်ယုအား အသိပေးလိုက်သည်။

"ဘယ်လောက်လိုချင်တာလဲ"

"အနည်းဆုံး ဘီလီယံသုံးဆယ်လောက်။ ငါတို့မှာ ပိုက်ဆံ ဒီလောက်တောင်ရှိနေပြီလား"

"ဘီလီယံသုံးဆယ်က ဘာမှမဟုတ်ပါဘူးကွာ"

လင်ယုက တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ယဲ့ချန်၏ကျေးဇူးဖြင့် ကျိမျိုးနွယ်နှင့် စစ်ဧကရာဇ်များက လင်မျိုးနွယ်၏စီးပွားရေးကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့သောကြောင့် ဘီလီယံတစ်ရာဆိုလျှင်ပင် သူက ချက်ချင်းထုတ်ပေးလိုက်ပေလိမ့်မည်။ သူက ယဲ့ချန်အပေါ် သူ၏သစ္စာရှိမှုကိုပြသရန် အခွင့်အရေးမရခဲ့သောကြောင့် အချိန်ကျရောက်လာသောအခါ လက်လွှတ်မခံခဲ့ပေ။

"တန်းဟိုင် ဘဏ်ကို ချက်ချင်းသွားပြီး ဘီလီယံငါးဆယ်ကိုထုတ်ပြီး အစ်ကိုကြီးဆီ သွားပို့ပေးလိုက်။ ဒီပမာဏက မလုံလောက်သေးရင် ငါ့ကို ချက်ချင်းသတင်းပြန်ပို့"

လင်ယု၏စကားအဆုံးတွင် တန်းဟိုင်က သိုလှောင်အိတ်တစ်လုံးယူဆောင်၍ ချက်ချင်းထွက်ခွာသွားခဲ့သည်။ ဆည်းဆာရွှေဘီလီယံငါးဆယ်က အလွန်များပြားသောကြောင့် ပမာဏချင်းတူညီသည့် မိစ္ဆာရွှေငါးသန်းကို သူက ထုတ်ယူလိုက်သည်။

"ယဲ့ချန် ထားလိုက်ပါတော့"

ယဲ့ချန်က ပင်လယ်ပန်းပွားကိုဝယ်ရန် ကြံစည်နေသောအခါ ထန်တိုက်လင်က နားလည်မှုရှိစွာဖြင့် ငြင်းဆန်လိုက်သည်။ ၎င်းက သူမ၏ကျင့်ကြံခြင်းအတွက် အမှန်တကယ်အသုံးဝင်သော်လည်း ယဲ့မျိုးနွယ်ဝင်များကို ကယ်တင်ရာ၌ အသုံးပြုခြင်းက ပို၍သင့်တော်ပေသည်။

"ဒါက တာအိုလက်နက်လေးတစ်ခုပါ။ ဂိုဏ်းတူညီမအတွက် ငါတို့က ဝယ်ပေးလိုက်ပါမယ်"

ကောင်းရန်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။

"ငါက အမထန်တိုက်လင်ရဲ့အခန်းထဲမှာ ပင်လယ်မိစ္ဆာပန်းရဲ့ ပန်းချီပုံတွေကို မြင်ဖူးခဲ့တယ်။ သူမက ဒါကို အတော်လေးနှစ်သက်မယ် ထင်တယ်"

ကျိရွှယ်ကလည်း ဝင်ပြောလိုက်သည်။ သူမ၏စကားကိုကြားသောအခါ ကောင်းရန်၏မျက်လုံးများ တောက်ပသွားခဲ့သည်။ ပင်လယ်ပန်းပွားရတနာကို စစ်ပွဲဘုံတစ်ခု၏ မိစ္ဆာပင်လယ်အနက်ပိုင်းမှ ခူးယူလာသော ပင်လယ်မိစ္ဆာပန်းဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။ ၎င်းက မိစ္ဆာပင်လယ်အတွင်း ပေါက်ရောက်လေ့ရှိသော်လည်း မြင့်မြတ်သန့်စင်သော ရတနာတစ်ခုဖြစ်ကာ ရေချီကျင့်ကြံသူများအတွက် ထိပ်တန်းရတနာတစ်ခုဖြစ်သည်။ ၎င်းပန်းများက ကောင်းကင်မူလတိုက်ကြီးတွင် အရေအတွက်ထောင်ချီသာရှိပြီး အလွန်အစွမ်းထက်သောကြောင့် စျေးနှုန်းက မြင့်မားပြီး သာမန်လူများ မတတ်နိုင်ချေ။ အကယ်၍ သူကသာ ထန်တိုက်လင်အတွက် ဝယ်ပေးနိုင်လျှင် သူမ၏နှလုံးသားကို အပိုင်သိမ်းနိုင်မည်ဟု ကောင်းရန်က တွေးထင်နေသည်။

"သွားကြစို့။ ငါတို့က မဝယ်နိုင်ရင်တောင် တစ်ချက်လောက်သွားကြည့်တာက ပြဿနာမရှိပါဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ တန်းဟိုင်က သူ့အနီးတွင်ရှိနေကြောင်း အာရုံခံမိခဲ့သည်။

"တန်းဟိုင် မင်း ဘယ်လောက်ယူလာတာလဲ"

သူက စိတ်ချင်းဆက်သွယ်၍ မေးလိုက်ခြင်းဖြစ်သည်။

"ဘီလီယံငါးဆယ်ပါ အစ်ကိုကြီး။ မလောက်ဘူးဆိုရင် ထပ်သွားယူပေးပါ့မယ်"

တန်းဟိုင်က ရိုရိုသေသေ ပြန်ဖြေလိုက်၏။

"လုံလောက်တယ်။ လင်ယုက အတော်ရက်ရောနေတယ်"

ဘီလီယံသုံးဆယ်က လုံလောက်သော်လည်း လင်ယုက ငါးဆယ်အထိပေးလိုက်မည်ဟု ယဲ့ချန်က ထင်မထားပေ။ သူတို့အုပ်စုက တော်ဝင်မြို့တော်၏အကြီးဆုံး လေလံအိမ်သို့ ရောက်ရှိလာကြသည်။ ၎င်းကို တော်ဝင်မျိုးနွယ်နှင့် ကုန်သည်များ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်သောကြောင့် အရှားပါးဆုံးရတနာများကို ရောင်းချခြင်းဖြစ်သည်။ တော်ဝင်မြို့တော်သို့ ကျင့်ကြံသူများ ရောက်ရှိလာသည်နှင့်အမျှ ထိုလေလံအိမ်၏ဝင်ငွေက များစွာတိုးလာသောကြောင့် တော်ဝင်မျိုးနွယ်သည် အဖိုးတန်တာအိုလက်နက်များကို ထုတ်ရောင်းရန် လက်တွန့်မနေတော့ပေ။ လေလံခန်းမအတွင်း ဝင်ထွက်သွားလာနေသော ကျင့်ကြံသူများစွာအတွင်း ယဲ့ချန်တို့အဖွဲ့ ဝင်ရောက်လာကြသည်။ ဤနေရာသို့ဝင်ခွင့်ရသူများမှာ ချမ်းသာ၍ အစွမ်းထက်သူများဖြစ်သောကြောင့် အဖိုးတန်ရတနာများကိုသာ ရောင်းချပြီး ခင်းကျင်းပြသထားသည့် ရတနာများပင် ဆည်းဆာရွှေဘီလီယံချီ တန်ကြေးရှိလေသည်။

"ကျစ်ဟွာတော်ဝင်မြို့တော်က အဆင့်အတန်းရှိပေမယ့် ကြယ်ပင်လယ်ဒေသရဲ့မြို့တော်နဲ့ မယှဥ်နိုင်ဘူး။ ချမ်းသာကြွယ်ဝမှုမှာ ငါတို့ဒေသက တာအိုအိမ်တော်ပြီးရင် အချမ်းသာဆုံးဖြစ်တယ်။ နတ်တိုင်းပြည်တွေဆက်သတဲ့ လက်ဆောင်ပဏ္ဏာကတင် တစ်နှစ်ကို ဆည်းဆာရွှေ ထရီလီယံဆယ်ချီတယ်"

ကောင်းရန်က ဂုဏ်ယူစွာပြောလိုက်ပြီး သူ၏နောက်ခံအကြောင်း ယဲ့ချန်ကို ကြွားဝါ၍ ဖိအားပေးလိုခြင်းဖြစ်သည်။ ကြယ်ပင်လယ်ဒေသ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သောကြောင့် သာမန်ကျင့်ကြံသူများအပေါ် သူက မောက်မာနိုင်သော အစွမ်းရှိသည်။

"ကြယ်ပင်လယ်သိုင်းဒေသမှာ လူအရေအတွက် ဘယ်လောက်ရှိလဲ"

ငွေထရီလီယံဆယ်ချီက အံ့လောက်ဖွယ်ပမာဏဖြစ်သော်လည်း ယဲ့ချန်က မေးခွန်းထုတ်လိုက်သည်။

"အရေအတွက်သိန်းချီရှိပြီး အားလုံးက ကောင်းကင်မူလတိုက်ကြီးရဲ့ ပါရမီရှင်တွေဖြစ်ကြတယ်။ စစ်ဧကရာဇ်ဆယ်ယောက်အထိ ပိုင်ဆိုင်ထားလို့ သိုင်းဒေသကြီးတွေမှာ အရေအတွက်အများဆုံးပဲ"

ကောင်းရန်က ဂုဏ်ယူစွာ ဖြေလိုက်သည်။

"ဆယ်ယောက်က များလို့လားဟ"

ယဲ့ချန်က ဤသို့တွေးမိလိုက်သော်လည်း ထုတ်မပြောခဲ့ပေ။ ဤရက်များအတွင်း သူက စစ်ဧကရာဇ်ဆယ်ယောက်ကျော်၏ အထောက်အပံ့ကို ရယူနိုင်ခဲ့သောကြောင့် အဆန်းမဟုတ်တော့ပေ။

"နှစ်စဥ်ဝင်ငွေက ထရီလီယံချီပေမယ့် လူပေါင်းသိန်းချီကို ခွဲပေးလိုက်ရင် တစ်ယောက်ကို ဘယ်လောက်မှရမယ် မထင်ဘူး"

သူက စိတ်ရှုပ်သွားချင်ယောင်ဆောင်၍ မေးခွန်းထုတ်လိုက်သည်။ အကယ်၍ လူသိန်းချီကို ငွေထရီလီယံအား ခွဲဝေပေးလိုက်လျှင် တစ်ယောက်ကို သန်းတစ်ရာအထိရနိုင်သောကြောင့် ကောင်းရန်နှင့် ကျိရှန်းမှာ သူ့ကို ထရိုက်ချင်စိတ်ပေါက်လာသည်။ ထိုပမာဏက သာမန်ကျင့်ကြံသူတစ်ယောက်အတွက် အလွန်များပြားသည်။ ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ကောင်းကင်မူလတိုက်ကြီး၌ ခဲယဥ်းစွာရှင်သန်ရပြီး တစ်နှစ်လျှင် ဆည်းဆာရွှေဆယ်သန်းဝင်ငွေရှိပါက ကျေနပ်နေရပေလိမ့်မည်။ သူက သိုင်းဒေသကြီးတစ်ခုသို့ ဝင်ရောက်လိုက်လျှင် ထိုပမာဏကို အလုပ်လုပ်စရာမလိုဘဲ နှစ်စဥ် ရနေပေလိမ့်မည်။ ထန်တိုက်လင်ကဲ့သို့ အဖိုးတန်ပါရမီရှင်များကမူ လေ့ကျင့်ရေးအတွက် ဆည်းဆာရွှေသန်းဆယ်ချီမှ ရာချီအထိ ရတတ်ကြသည်။ ထို့အပြင် ထရီလီယံချီသောငွေက လက်ဆောင်ပဏ္ဏာဆက်ခြင်းမှဖြစ်ကာ ကြယ်ပင်လယ်သိုင်းဒေသ၏ နယ်မြေများနှင့် အခြားစီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများ မပါဝင်သေးပေ။ တာအိုအိမ်တော်နှင့် သိုင်းဒေသကြီး၁၆ခုက ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးရှိ စီးပွားရေးလုပ်ငန်းများ၏ သုံးဆယ်ရာခိုင်နှုန်းကို လက်ဝါးကြီးအုပ်ထားကြသည်။

တစ်ဖက်တွင် ယဲ့ချန်သည် နေ့စဥ်ဝင်ငွေအဖြစ် ဆည်းဆာရွှေနှစ်ဘီလီယံ ရရှိနေသည့်အပြင် လင်ယုကလည်း ပိုက်ဆံများစွာ ရှာဖွေနိုင်နေသည်။ သူက ဘီလီယံရာချီကို အလွယ်တကူထုတ်သုံးနိုင်နေသောကြောင့် ကြယ်ပင်လယ်သိုင်းဒေသမှ ပါရမီရှင်များ၏ဝင်ငွေကို အားကျစရာမလိုပေ။ ထန်တိုက်လင်က နှစ်တိုင်းသန်းရာချီနေသော်လည်း ကြယ်ပင်လယ်သိုင်းဒေသသည် သူမကဲ့သို့ ပါရမီရှင်များစွာကို ထောက်ပံ့ရပေလိမ့်မည်။

"ငါတို့လိုပါရမီရှင်တွေက နှစ်တိုင်းထောက်ပံ့ငွေအဖြစ် ဆည်းဆာရွှေဘီလီယံနှစ်ဆယ် ရကြတယ်။ ဆေးလုံးတွေဝယ်ပြီးရင်တောင် ငါအသုံးပြုဖို့အတွက် ဘီလီယံချီကျန်သေးတယ်"

ကောင်းရန်၏အမြင်တွင် ဘီလီယံနှစ်ဆယ်က ယဲ့ချန်အတွက် စိတ်ကူးပင်မယဥ်ဖူးသော ပမာဏဟု ထင်မြင်နေခဲ့သည်။ ချီပင်လယ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ယဲ့ချန်က ငွေပမာဏများစွာ ရှာဖွေနိုင်စွမ်းရှိမည် မဟုတ်ပေ။ ကောင်းရန်နှင့် ကျိရှန်းမှာ အလေးထားခံရသော ပါရမီရှင်များဖြစ်သည့်အတွက် ကိုယ့်ကိုကိုယ် အလွန်ဂုဏ်ယူနေကြသည်။

"ဘီလီယံနှစ်ဆယ်က များလို့လားကွာ"

ယဲ့ချန်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ ကျစ်ဟွာနတ်တိုင်းပြည်တစ်ခွင် ပျံ့နှံ့နေသော ယဲ့မျိုးနွယ်သည် ငွေချေးလုပ်ငန်း၊ အိမ်ရာရောင်းချခြင်းနှင့် ပါရမီရှင်များပေးပို့ခြင်းမှ နေ့စဥ်ဝင်ငွေအဖြစ် နှစ်ဘီလီယံရရှိနေသည်။ တစ်နှစ်အတွင်း သူက ဘီလီယံခုနစ်ရာကျော်သည်အထိ ပိုင်ဆိုင်လာပေလိမ့်မည်။ ငွေကြေးပိုင်ဆိုင်မှုအရာတွင် သူက သိုင်းဒေသကြီးများနှင့် မယှဥ်နိုင်သော်လည်း ကောင်းရန်ကဲ့သို့ တပည့်များကိုမူ ဂရုစိုက်စရာမလိုပေ။

ထန်တိုက်လင်သည် ယဲ့ချန်၏ဘေးတွင် သိမ်မွေ့စွာ ဝင်ထိုင်လိုက်သည်။ သူမက ယဲ့ချန်နှင့်အတူရှိနေချိန်တွင် စကားတစ်ခွန်းမှပြောရန် မလိုအပ်ဘဲ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုကို ခံစားနေရသည်။ သူမထံတွင် ရင်သွေးလေးရှိလာချိန်မှစတင်၍ စိတ်အခြေအနေက စတင်ပြောင်းလဲလာခဲ့သည်။

လေလံပွဲအတွင်း ရတနာအချို့လေလံတင်ပြီးနောက် ပင်လယ်ပန်းပွားရတနာ၏အလှည့် ကျရောက်လာခဲ့သည်။ လှပသိမ်မွေ့သော မိန်းကလေးတစ်ယောက်က လင်ပန်းတစ်ချပ်ပေါ်တွင် သန့်စင်သော အဖြူရောင်ပန်းတစ်ပွင့်ကို တင်ထားကာ စင်မြင့်ထက်သို့ သယ်ဆောင်လာခဲ့သည်။ ၎င်းက ကြာပန်းတစ်ပွင့်နှင့်ဆင်တူပြီး ကျောက်စိမ်းဖြူနှင့်တူညီသော ပွင့်ချပ်များက ကြည်လင်တောက်ပနေကာ အလင်းဖျော့ဖျော့ လွှမ်းခြုံနေသည်။

"နောက်ထပ်လေလံတင်မယ့်ရတနာကတော့ အဆင့်သုံးတာအိုရတနာ ပင်လယ်ပန်းပွား ဖြစ်ပါတယ်။ ဒီရတနာရဲ့ အဓိကပါဝင်တဲ့ ကုန်ကြမ်းက အဆင့်အမြင့်ဆုံး ပင်လယ်မိစ္ဆာပန်းဖြစ်ပါတယ်။ ဒီပန်းကို မိစ္ဆာပင်လယ်ထဲက ခူးယူလာတာဖြစ်ပေမယ့် မိစ္ဆာစွမ်းအင်တစ်စက်မှ မစွန်းထင်းနိုင်တဲ့ မြင့်မြတ်ရတနာတစ်ခု ဖြစ်ပါတယ်။ ပန်းပဲဆရာတွေက အထူးနည်းလမ်းတွေနဲ့ ပြုပြင်မွမ်းမံလိုက်တဲ့အခါမှာတော့ မိစ္ဆာပင်လယ်ပန်းဟာ ရေချီကျင့်ကြံသူတွေအတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်ကြံခြင်းကို ကူညီပေးနိုင်တဲ့ တာအိုရတနာတစ်ခု ဖြစ်လာပါတယ်"

လေလံစင်မြင့်ထက်ရှိ အမျိုးသမီးကြေညာသူ၏အသံက ခန်းမတစ်ခုလုံးသို့ ကြည်လင်ပြတ်သားစွာ ပျံ့နှံ့သွားလေသည်။

All Chapters