ရင်သွေးအတွက်
Vol. 43 Ch. 602
ကောင်းရန်ရော ကျိရှန်းပါ ပင်လယ်ပန်းပွားက တာအိုအဆင့်သုံး ရတနာဖြစ်ကြောင်း ကြားလိုက်ရသောအခါ မျက်နှာပျက်သွားကြသည်။ မူလတွင် သူတို့တွေးထားသည်မှာ ၎င်းက အဆင့်တစ် တာအိုရတနာဖြစ်သောကြောင့် စျေးနှုန်းက ဆည်းဆာရွှေငါးဘီလီထက် ပိုများစရာအကြောင်း မရှိပေ။ သို့သော် ၎င်းက အဆင့်သုံးဖြစ်နေသောအခါ စျေးနှုန်းအနည်းဆုံး ဆည်းဆာရွှေဘီလီယံနှစ်ဆယ်အောက် နိမ့်မည်မဟုတ်ပေ။ သူတို့က ထိုပမာဏကို လက်ဆောင်တစ်ခုအတွက် အသုံးပြုရန် ခေါင်းကိုက်နေကြသည်။
"ဒီရတနာက ရေချီကျင့်ကြံခြင်းအတွက် အကောင်းဆုံးကူညီပေးနိုင်တယ်ဆိုတာကို လူတိုင်း သိထားလောက်ပါပြီ။ ဒါက အသုံးပြုသူကို ပိုပြီးလှပလာစေရုံသာမက ကိုယ်ဝန်သည်တစ်ယောက်အတွက်လည်း အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်ပါတယ်။ ဝမ်းကြာတိုက်ထဲက ရင်သွေးလေးမွေးဖွားပြီးရင် ပါရမီကောင်းမွန်ဖို့အတွက် အာမခံပါတယ်။ ရင်သွေးလေးက မမွေးဖွားခင် ယန်သန္ဓေသားအခြေအနေမှာ ရှိမယ်ဆိုတာကို အားလုံး သိကြပါလိမ့်မယ်။ သူ့ကို ပင်လယ်ပန်းပွားရတနာနဲ့ အာဟာရဓာတ်တွေ ပေးပို့မယ်ဆိုရင် အသက်ဓာတ်ကို ပိုမိုသန်စွမ်းလာစေနိုင်ပါတယ်"
လေလံပွဲတင်ဆက်သူက ပင်လယ်ပန်းပွားအကြောင်း ဆက်တိုက်ကြော်ငြာနေသည်။ ဤစကားလုံးများကို ကြားလိုက်ရသောအခါ ယဲ့ချန်မှာ အလွန်အံ့သြသွားပြီး ထန်တိုက်လင်ကို လှမ်းကြည့်လိုက်သောအခါ ရှက်သွေးဖြာနေသည်ကို မြင်လိုက်ရ၏။ အပေါ်ယံတွင် အမြဲတမ်းအေးစက်ကာ ခံစားချက်မဲ့နေတတ်သော သူမက ပို၍လှပနေပြီး သိမ်မွေ့ညှင်သာနေခဲ့သည်။ ယဲ့ချန်သည် သူမ၏မိခင်မေတ္တာကို ခံစားလိုက်ရသောကြောင့် စိတ်ထိခိုက်သွားရသည်။ သူမက ပင်လယ်ပန်းပွားရတနာကို လိုချင်နေသော အကြောင်းအရင်းမှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သူတို့၏ရင်သွေးလေးအတွက် ဖြစ်နေခဲ့သည်။
"ငါ့ကလေးနဲ့ လင်အာအတွက် ဒီရတနာကို ရအောင်ဝယ်မယ်"
ယဲ့ချန်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။ ကောင်းရန်တို့လူစုသည်လည်း ထန်တိုက်လင်၏အမူအရာကို သတိမထားမိခဲ့ကြပေ။ အကယ်၍ သူမက ယဲ့ချန်၏ရင်သွေးကို လွယ်ထားကြောင်းသိလျှင် အံ့သြလွန်းသဖြင့် သူတို့က ရူးသွပ်သွားနိုင်သည်။ ယဲ့ချန်၏စိတ်ထဲတွင် အရင်ကမ္ဘာမှ ဇာတ်လမ်းတစ်ခုကို ပြန်လည်အမှတ်ရလိုက်သည်။ ဖခင်တစ်ယောက်က သူ့သမီးအတွက် သမက်ရွေးချယ်ရာတွင် လူချမ်းသာတစ်ယောက်နှင့် အာဏာရှင်တစ်ယောက်ကို ကျော်လွန်၍ သူ့သမီး၏ဝမ်းဗိုက်အတွင်း ရှိနေသော မြေး၏ဖခင်ကိုသာ ရွေးချယ်ခဲ့သည်။ ပိုက်ဆံနှင့် အာဏာက ဒုတိယဖြစ်ပြီး သံယောဇဥ်ကသာ ပထမဦးစားပေးဖြစ်သည်။
"လင်အာက ငါ့ရင်သွေးလေးကို လွယ်ထားရတယ်။ ဒါကိုတောင် မင်းတို့က ငါ့မိန်းမကို လုယူနိုင်မယ် ထင်နေတာလား"
အဆင့်သုံး တာအိုလက်နက်တစ်ခုက ခန်းမတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။
"ခုနစ်ဘီလီယံ"
"ရှစ်ဘီလီယံ"
"ကိုးဘီလီယံ"
စျေးနှုန်းက ဆယ်ဘီလီယံအထက်သို့ ချက်ချင်းရောက်ရှိလာကာ ဆက်လက်မြင့်တက်နေသောကြောင့် ထိုရတနာအပေါ် လိုချင်နေသူ များစွာရှိကြောင်း သိနိုင်သည်။
"၁၂ဘီလီယံခွဲ"
ကျိရှန်းက လေလံဆွဲလိုက်ခြင်းဖြစ်သည်။
"ဆယ့်လေးဘီလီယံ"
ရှေ့ဆုံးတန်းတွင် နေရာယူထားသော လူချမ်းသာတစ်ယောက်က စျေးကို မြှင့်လိုက်၏။ ကျိရွှယ်သည် ကျိရှန်းကို ဆက်၍လေလံမဆွဲရန် အကြည့်ဖြင့် သတိပေးလိုက်သည်။ ငွေဆယ့်လေးဘီလီယံက သူမ၏အစ်ကိုဖြစ်သူကို ရှိသမျှရောင်းချရကိန်း စိုက်သွားစေနိုင်သည်။
"ဆယ့်ငါးဘီလီယံ"
ကောင်းရန်က လေလံဝင်ဆွဲလိုက်၏။ သူ၏မျိုးနွယ်က ကျိရှန်း၏မျိုးနွယ်ထက် ချမ်းသာသောကြောင့် ဤစျေးကို ဝယ်နိုင်စွမ်းရှိနေသည်။
"ဆယ့်ခြောက်ဘီလီယံ"
"ဆယ့်ခုနစ်ဘီလီယံ"
ပင်လယ်ပန်းပွား၏လေလံစျေးက ဆက်တိုက်မြင့်တက်နေပြီး ကောင်းရန်က ဆယ့်ခုနစ်ဘီလီယံအထိ ပေးလိုက်သော်လည်း ဘီလီယံနှစ်ဆယ်အထိ ပေးသူများ ထွက်ပေါ်လာကြသည်။ လက်ရှိအခြေအနေတွင် ၎င်း၏စျေးကနှ စ်ဆယ့်ငါးဘီလီယံအထိ ရောက်သွားနိုင်သောကြောင့် သူမတတ်နိုင်သည်ဖြစ်ရာ နောက်ဆုတ်ပေးလိုက်ရသည်။
"ဂိုဏ်းတူညီမ ဒီစျေးက အရမ်းမြင့်လွန်းနေတယ်။ ငါတို့သိုင်းဒေသကိုပြန်ရောက်ရင် ပင်လယ်မိစ္ဆာပန်းတစ်ပွင့် ရှာပေးပါ့မယ်"
ကောင်းရန်က မျက်နှာပူပူနှင့် ပြောလိုက်သည်။
"ဂိုဏ်းတူအစ်ကိုက ဒီလောက်အားနာစရာ မလိုဘူး။ ရှင်တို့နှစ်ယောက်က လက်ဆောင်ပေးရင်တောင် ငါ လက်မခံနိုင်ဘူး"
ယဲ့ချန်အထင်လွဲမည်ကို စိုးရိမ်သောကြောင့် ထန်တိုက်လင်၏လေသံက အလွန်အမင်းအေးစက် တင်းမာနေသည်။ သူမက ကောင်းရန်နှင့် ကျိရှန်းကို မျက်နှာသာလုံးဝမပေးခဲ့ပေ။ သူမ၏ရှေ့မှောက်တွင် ချမ်းသာကြောင်း လေကြီးခဲ့သော ကောင်းရန်နှင့် ကျိရှန်းမှာ စိတ်ဓာတ်ကျနေကြသည်။ တာအိုအဆင့်သုံးရတနာတစ်ခုက ဤမျှစျေးကြီးနေမည်ဟု သူတို့က မျှော်လင့်မထားကြပေ။ သူတို့က အရှက်ရသွားသောကြောင့် မျက်နှာများနီရဲနေသည်။ သို့သော်လည်း သာမန်လူများမတတ်နိုင်သော ငွေပမာဏကို တွေးမိလိုက်သောကြောင့် အနည်းငယ် စိတ်သက်သာရာရသွားကြသည်။ သူတို့၏အတွေးတွင် ထန်တိုက်လင်ကို အဖိုးတန်ရတနာများကို ဂရုမစိုက်သူတစ်ယောက်အဖြစ် မှတ်ယူလိုက်ကြသည်။
"မင်းတို့နှစ်ယောက်က ဆက်ပြီးလေလံမဆွဲတော့ဘူးလား"
ယဲ့ချန်က မီးလောင်ရာလေပင့်၍ စကားဖြင့် ထိုးနှက်လိုက်သည်။
"အဆင့်သုံးတာအိုရတနာတစ်ခုအတွက် ငွေနှစ်ဆယ့်ငါးဘီလီယံက များလွန်းနေတယ်"
ကျိရှန်းက ခေါင်းယမ်းလိုက်သည်။
"မှန်တယ်။ ဒီစျေးက များလွန်းတယ်"
ကောင်းရန်က ထောက်ခံလိုက်သည်။
"အရင်ကလေလံပွဲတွေမှာ အဆင့်သုံးတာအိုရတနာတစ်ခုရဲ့ စျေးနှုန်းက ၂၅ဘီလီယံအောက် ရောက်တာမျိုး ကြားဖူးလို့လား"
ယဲ့ချန်က တစ်လုံးချင်း မေးလိုက်သည်။ ထိုအချိန်တွင် ကောင်းရန်နှင့် ကျိရှန်းသည် ယဲ့ချန်ကို အရှင်လတ်လတ်ဝါးစားလိုနေကြသည်။ ထန်တိုက်လင်၏အမူအရာက တည်ငြိမ်နေဆဲဖြစ်သောကြောင့် သူမ မကျေမနပ်မဖြစ်ရန်သာ စိတ်ထဲမှ မျှော်လင့်နေကြရသည်။
"မင်းတို့က ပိုက်ဆံမရှိရင်လည်း ငါ့ကို လေလံဆက်ဆွဲခွင့်ပြုပါ"
ထိုအချိန်၌ ပင်လယ်ပန်းပွား၏စျေးနှုန်းက ၂၆ဘီလီယံခွဲအထိရောက်ရှိနေပြီး လေလံဝင်ပြိုင်သော အရေအတွက်က နည်းပါးလာခဲ့သည်။ လေလံကြေးက များလွန်းနေပြီဖြစ်သောကြောင့် တစ်ကြိမ်တိုးလိုက်တိုင်း သန်းရာချီသာ မြင့်တက်လာတော့သည်။
"၂၈ဘီလီယံ ပေးမယ်"
ယဲ့ချန်၏အသံ ထွက်ပေါ်လာသောအခါ ထန်တိုက်လင်ပင် အံ့သြသွားခဲ့သည်။ သူက ကောင်းကင်မူလတိုက်ကြီးသို့ ရောက်လာသည်မှာ တစ်နှစ်ဆိုသော အချိန်မျှသာရှိသောကြောင့် ဤပမာဏအထိ ချမ်းသာနေမည်ဟု မျှော်လင့်မထားပေ။ ကျိရွှယ်သည်လည်း အံ့သြမင်သက်နေခဲ့သည်။ ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ယဲ့ချန်က သာမန်လူတစ်ယောက်နှင့်တူသော်လည်း ငွေ၂၈ဘီလီယံအထိ ထုတ်သုံးနိုင်နေသည်။ သူမက ယဲ့ချန်ကိုစိုက်ကြည့်လိုက်ပြီး ကျားသားစားရန် ဝက်ယောင်ဆောင်နေသူလားဟု အတွေးနက်နေခဲ့သည်။ ကောင်းရန်နှင့် ကျိရှန်းလည်း ထိတ်လန့်နေကြသည်။ တော်ဝင်မျိုးနွယ်၏လေလံအိမ်၌ မည်သူမှ လိမ်လည်နိုင်စွမ်းမရှိသောကြောင့် ယဲ့ချန်က အမှန်တကယ်ချမ်းသာနေပုံရသည်။
"၂၈ဘီလီယံခွဲ"
တစ်စုံတစ်ယောက်က ယဲ့ချန်နှင့် ယှဥ်ပြိုင်လာသည်။
"ဘီလီယံသုံးဆယ်"
ယဲ့ချန်က လေလံကြေးကို ချက်ချင်းတိုးမြှင့်လိုက်သည်။ ဆည်းဆာရွှေဘီလီယံသုံးဆယ်ကို တစ်ချက်တည်းထုတ်သုံးနိုင်သော လူချမ်းသာမျိုးကို မြင်တွေ့နိုင်ရန် ခဲယဥ်းသောကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ သူ၏လေလံကြေးတိုးမြှင့်ပုံက အလွန်ပြင်းထန်ပြီး တစ်ဘီလီယံခွဲကို တစ်ကြိမ်တည်း မြှင့်ပစ်လိုက်ခြင်းဖြစ်သည်။ ကျိရွှယ်နှင့် ကျန်မိန်းမပျို၏မျက်လုံးများက တောက်ပနေပြီး ယဲ့ချန်ကို ခိုးကြည့်နေကြသည်။ ကောင်းကင်မူလတိုက်ကြီးတွင် ချမ်းသာမှုက အဆင့်အတန်းကိုကိုယ်စားပြု၍ တစ်ယောက်ယောက်ကသာ သူတို့အတွက် ဤပမာဏအထိ အသုံးပြုမည်ဆိုလျှင် ရင်ခွင်အတွင်း ပစ်ဝင်သွားရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။ တစ်ဖက်လူက ချီပင်လယ်အဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် ပိုက်ဆံရှိနေသရွေ့ ကိစ္စမရှိချေ။
"မိတ်ဆွေ ဖြစ်ကြရအောင်"
ဤစကားမျိုးပြောမထွက်မိစေရန် သူတို့က အိန္ဒြေဖြင့် မနည်းထိန်းချုပ်ထားရသည်။
"ယဲ့ချန် မဝယ်ပါနဲ့တော့နော်။ ဒီငွေလောက်ဆိုရင် နင့်လူတွေအများကြီးကို ကယ်လို့ရတယ်"
ထန်တိုက်လင်က ယဲ့ချန်ကို ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်၍ တားမြစ်လိုက်ခြင်းဖြစ်သည်။
"ပိုက်ဆံက ပြန်ရှာလို့ရပါတယ်။ ငါ့ရင်သွေးလေးနဲ့ မင်းအတွက် ဒီရတနာကို သေချာပေါက်ဝယ်ပေးမယ်။ စိတ်ချပါ ငါ့အတွက် ဆည်းဆာရွှေသုံးဆယ်ဘီလီယံလောက်က ကိစ္စကြီး မဟုတ်ပါဘူး"
ယဲ့ချန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။ သူ၏စကားကြောင့် ထန်တိုက်လင်က စိတ်အေးသွားသောအမူအရာဖြင့် တစ်ချက်ပြုံးလိုက်သည်။ ယဲ့ချန်သည် သူတို့၏ရင်သွေးလေးကို အလွန်ဂရုစိုက်သောကြောင့် ကျေနပ်သွားခဲ့သည်။ ပိုက်ဆံအတွက်မူ သူမက မည်သည့်အချိန်ကမှ အလေးထားဖူးသည် မဟုတ်ချေ။
"သုံးဆယ်ဘီလီယံခွဲ"
"သုံးဆယ့်နှစ်ဘီလီယံ"
တစ်စုံတစ်ယောက်က ယဲ့ချန်ကို ယှဥ်ပြိုင်လိုသော်လည်း သူက ချက်ချင်းစျေးမြှင့်ပေးလိုက်၏။ ထိုအချိန်တွင် ကောင်းရန်နှင့် ကျိရှန်းမှာ အရှက်ရကာ စိတ်ဓာတ်ကျနေပြီဖြစ်သည်။ ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဆည်းဆာရွှေဘီလီယံသုံးဆယ်ကျော်အထိ ပိုင်ဆိုင်နေခြင်းမှာ သူတို့အမြင်၌ အဓိပ္ပါယ်မရှိချေ။
"၃၂ဘီလီယံ ထပ်တိုးချင်သူများ ရှိပါသလားရှင်"
"တစ်ကြိမ်"
"နှစ်ကြိမ်"
"သုံးကြိမ် ပင်လယ်ပန်းပွားရတနာကို ဆည်းဆာရွှေ၃၂ဘီလီယံနဲ့ ရောင်းချပေးလိုက်ပါပြီ"
လေလံပွဲတင်ဆက်သူက တူဖြင့် စားပွဲကိုထုကာ ကြေညာလိုက်သည်။
"အနာဂတ်မှာ မင်းတို့က ငါ့ဇနီးကို ပိုးပန်းချင်သေးလား ကြည့်ရသေးတာပေါ့"
"ဘယ်သူမှ လေလံထပ်မဆွဲတော့ဘူးလား။ ငါက ဘီလီယံလေးဆယ်လောက်အထိ သုံးရမယ် ထင်ထားတာ"
ယဲ့ချန်က ကောင်းရန်နှင့်ကျိရှန်းကို တစ်ချက်ကြည့်၍ အထက်စီးမှပြောလိုက်ခြင်းဖြစ်သည်။ သူတို့ကို လူပုံအလယ်တွင် စကားဖြင့် တိုက်ခိုက်လိုက်သောကြောင့် မျက်နှာများမည်းနက်သွားကြသည်။ သူတို့က ထန်တိုက်လင်ရှေ့တွင် ကြွားဝါလိုခဲ့ပြီး ယဲ့ချန်ကို ငွေကြေးဖြင့် ဖိအားပေးခဲ့ကြသည်။ သို့သော်လည်း ယဲ့ချန်က တစ်ချိန်လုံး အားနည်းချင်ယောင်ဆောင်နေမည်ဟု မျှော်လင့်မထားပေ။ တန်းဟိုင်က ယဲ့ချန်၏အမိန့်ဖြင့် ကျသင့်ငွေကို ပေးချေလိုက်သောအခါ လေလံအိမ်တော်၏ဝန်ထမ်းများက ပင်လယ်ပန်းပွားရတနာကို သယ်ဆောင်လာခဲ့ကြသည်။
"မင်းက ဒီရတနာကို ဝယ်နိုင်ရင်တောင် ဂိုဏ်းတူညီမလေးက လက်ခံမှာမဟုတ်ဘူး"
ကောင်းရန်က စိတ်ထဲမှ လှောင်ပြောင်နေခဲ့သည်။
"လင်အာ ဒီတာအိုရတနာကို မင်းအတွက် လက်ဆောင်ပေးမယ်"
ယဲ့ချန်သည် ပင်လယ်ပန်းပွားထံမှ မြင့်မြတ်နွေးထွေးသော စွမ်းအင်ကို ခံစားလိုက်ရသဖြင့် အဆင့်သုံးတာအိုရတနာတစ်ခုက အမှန်တကယ်ထူးခြားကြောင်း သိလိုက်သည်။
"ကျေးဇူးတင်ပါတယ်နော်"
ထန်တိုက်လက်က လှပစွာပြုံး၍ ယဲ့ချန်ကမ်းပေးလာသော ပန်းပွင့်သဏ္ဍာန်ရတနာကို လက်ခံလိုက်သည်။
"ဂိုဏ်းတူညီမလေးက ရတနာကို ဂရုစိုက်မဘူး မဟုတ်ဘူးလား။ ဘာလို့ ချစ်စရာကောင်းအောင်ပြုံးပြီး လက်ခံလိုက်ရတာလဲ"
ကောင်းရန်နှင့် ကျိရှန်းသည် စိတ်ထဲမှ အဆက်မပြတ် အော်ဟစ်နေကြသည်။ အကယ်၍ ဤရတနာက သူမ၏နှလုံးသားကို လှုပ်ခတ်စေနိုင်စွမ်းရှိလျှင် သူတို့၏ပိုင်ဆိုင်မှုအားလုံး ရောင်းချ၍ ဝယ်ယူရန် ထိုက်တန်ပေသည်။ အနာဂတ်တွင် သူတို့က သွားလေရာ၌ ပိုက်ဆံများများယူလာရန် သင်ခန်းစာတစ်ခု ရသွားကြသည်။ သို့သော် သူတို့မသိသည်မှာ လက်ဆောင်ပေးသူက ယဲ့ချန်မဟုတ်လျှင် ထိုလက်ဆောင်က မည်မျှအဖိုးတန်ပါစေ၊ ထန်တိုက်လင်က လုံးဝလက်ခံမည်မဟုတ်ပေ။ သူမနှင့် ယဲ့ချန်က အကြင်လင်မယားဖြစ်သောကြောင့် ငြင်းပယ်စရာမရှိသည့်အပြင် ပင်လယ်ပန်းပွားက သူတို့၏ရင်သွေးလေးအတွက် လွန်စွာကောင်းမွန်နေခဲ့လေသည်။