ဆန်းကြယ်သော ဝိညာဥ်များ
Vol. 43 Ch. 603
ယဲ့ချန်သည် ပင်လယ်ပန်းပွားကို ဝယ်ယူရန်အတွက် ငွေများစွာသုံးခဲ့သောကြောင့် ကောင်းရန်နှင့် ကျိရှန်းမှာ ယုံကြည်မှုများ စတင်ပျောက်ကွယ်လာသည်။ ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်က အလွန်ချမ်းသာနေသောကြောင့် သူတို့က ယဲ့ချန်၏သရုပ်မှန်ကို ခန့်မှန်းတွေးတောနေကြသည်။ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် အများဆုံး ဆည်းဆာရွှေတစ်သန်းသာ ပိုင်ဆိုင်နိုင်သော်လည်း ယဲ့ချန်က ဘီလီယံသုံးဆယ်ကျော်ကို အသုံးပြုရာ၌ မျက်တောင်တစ်ချက်မခတ်ခဲ့ပေ။ ထို့အပြင် ယဲ့ချန်ထံ ပိုက်ဆံလာပေးသည့်သားရဲမှာ သမင်တစ်ကောင်နှင့် ဆင်တူသော်လည်း ဒဏ္ဍာရီလာ တန်းဟိုင်ကောင်းကင်သားရဲ ဖြစ်နေခဲ့သည်။ ချမ်းသာမှုနှင့် နတ်သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားသော ယဲ့ချန်၏နောက်ခံက ပို၍ဆန်းကျယ်လာခဲ့သည်။ လက်ရှိတွင် သူတို့က ယဲ့ချန်နှင့် ထန်တိုက်လင်ကြားတွင် ဆက်ဆံရေးတစ်ခုရှိနေကြောင်း ရိပ်မိနေသဖြင့် အခွင့်အရေးမရှိတော့ပေ။
မိန်းမပျိုနှစ်ယောက်ကမူ ယဲ့ချန်ကို လျှို့ဝှက်စွာ ခိုးကြည့်နေကြသော်လည်း တစ်ဖက်လူက အဖက်ပင်မလုပ်သောကြောင့် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ယဲ့ချန်က သူတို့၏သဘောထားကို သတိထားမိသော်လည်း ဘေးတွင် ပြိုင်ဘက်ကင်းအလှပိုင်ရှင် ထန်တိုက်လင်ရှိနေသောကြောင့် သာမန်မိန်းမများကို စိတ်ဝင်စားစရာ အကြောင်းမရှိပေ။
"လင်အာ မင်းတို့က ဘာကြောင့် ကျစ်ဟွာနတ်တိုင်းပြည်ကို လာကြတာလဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ခရမ်းရောင်အလင်းကြယ်လမ်းကြောင်း ဆောက်လုပ်မှုက ပြီးခါနီးပြီလို့ ကြားတယ်။ ငါတို့က တစ်ချက်လောက် လာကြည့်တာပါ။ အခွင့်အရေးရှိရင် ခရမ်းရောင်အလင်းကြယ်ကိုသွားပြီး စူးစမ်းချင်တယ်"
ကျိရွှယ်က ဝင်ဖြေလိုက်ခြင်းဖြစ်သည်။ သူမ၏စကားကြောင့် ယဲ့ချန်သည် ကိုယ်ဝန်ဆောင်ထားရသော ထန်တိုက်လင်အတွက် စိုးရိမ်သွားခဲ့သည်။ ထိုနေရာက အမျိုးအမည်မသိရသော အန္တရာယ်များ ပြည့်နှက်နေနိုင်သည်။
"ငါက ကောင်းကင်ဘုံတွေထဲကို မသွားပါဘူး"
ယဲ့ချန်၏စိုးရိမ်စိတ်ကို ရိပ်စားမိလိုက်သောအခါ ထန်တိုက်လင်က သူ့ကို တစ်ချက်ကြည့်၍ ကတိပေးလိုက်သည်။
"ဒါဆိုရင် ကောင်းတာပေါ့"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ မိခင်လောင်းတစ်ယောက်ဖြစ်လာသော ထန်တိုက်လင်က ရင်သွေးကို ထိခိုက်စေမည့် အလုပ်မျိုးအား သေချာပေါက် စွန့်စားမည်မဟုတ်ပေ။ သူမ၏ကတိစကားကြောင့် ယဲ့ချန်က စိတ်သက်သာရာရသွားသည်။
"ဂိုဏ်းတူညီမက ကောင်းကင်ဘုံငယ်ထဲကို မသွားချင်ဘူးဆိုရင် ငါတို့လည်း မသွားတော့ပါဘူး"
ကောင်းရန်က ထောက်ခံလိုက်ခြင်းဖြစ်သည်။ သူက အကြောင်းအရင်းကို မသိထားသော်လည်း ထန်တိုက်လင်သည် သူမ၏အသက်နှင့်ရင်း၍ မစွန့်စားလိုဟု မှတ်ယူလိုက်သည်။ ကြယ်ပင်လယ်သိုင်းဒေသတွင် သူမကို မည်သူမှ တွန်းအားပေး၍မရချေ။ ဤကား ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သော ပါရမီရှင်တစ်ယောက်ဖြစ်ရခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ သူမက လက်ရှိတွင် တာအိုနတ်အဆင့်သို့ မရောက်သေးသော်လည်း အာဏာအချို့ပိုင်ဆိုင်ထားကာ စစ်ဧကရာဇ်များအောက်သာ အနည်းငယ်နိမ့်ကျသည်။
ထန်တိုက်လင်သည် သူမ၏လက်ထဲရှိ ရတနာကို ခေါင်းငုံ့၍ ကြည့်နေခဲ့သည်။ ညာလက်ကိုယမ်းလိုက်သောအခါ အနည်းငယ်ဖူးငုံနေသော ပင်လယ်ပန်းပွားက ပွင့်အာလာကာ သာမန်မျက်လုံးဖြင့် မြင်နိုင်သော အခြေအနေမျိုး၌ ညှင်သာသော စွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ သူမ၏ကိုယ်တွင်းသို့ နွေးထွေးသော စွမ်းအင်များ စီးဝင်သွားသည်ကို ယဲ့ချန်ပင် အာရုံခံနိုင်ခဲ့သည်။ အကြောင်းအရင်းအချို့ကြောင့် ပင်လယ်ပန်းပွား၏စွမ်းအားများက ယဲ့ချန်၏ကိုယ်တွင်းရှိ ရေချီများကို လှုပ်ခတ်သွားစေခဲ့သည်။ သူက ရုတ်တရက်အတွေးပေါက်သွားပြီး ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးထံ သူ၏အသိစိတ်ကို ပို့ဆောင်လိုက်သည်။ ရေကြယ်ပေါ်တွင် ရေဝိညာဥ်များပြည့်နှက်နေကာ အဆက်မပြတ်သွားလာနေကြပြီး ယဲ့ချန်၏အရှိန်အဝါကို ရသောအခါ ဝမ်းမြောက်ဝမ်းသာဖြင့် ခုန်ပေါက်နေကြသည်။
ယဲ့ချန်က ရေဝိညာဥ်တစ်ခုကို ဒန်တန်အတွင်းမှထုတ်ယူ၍ ညာလက်ညှိုးတွင် ပေါင်းစပ်လိုက်၏။ ရေဝိညာဥ်တွင် အလွန်သန့်စင်သော ရေချီများကြွယ်ဝနေပြီး သူက ထန်တိုက်လင်ကိုင်ထားသော ပင်လယ်ပန်းပွား၏ပွင့်ချပ်ကို ညာလက်ညှိုးဖြင့် ထိလိုက်သည်။ ရေချီများက ၎င်းအတွင်း ဝင်ရောက်သွားကာ ဖြည်းဖြည်းချင်းပေါင်းစပ်သွားခဲ့ပြီး ထန်တိုက်လင်မှလွဲလျှင် မည်သူမှ ယဲ့ချန်၏လုပ်ရပ်ကို သတိမထားမိခဲ့ပေ။ ရေဝိညာဥ်နှင့် ပေါင်းစပ်ခံလိုက်ရသည်နှင့်တပြိုင်နက် ပင်လယ်ပန်းပွားက ချက်ချင်းတောက်ပလာပြီး နူးညံ့သော အလင်းရောင်များထုတ်ဖော်ကာ ရေချီများက မူလထက် ငါးဆကျော် ပို၍သန့်စင်လာခဲ့သည်။ ထိုစွမ်းအင်များက ထန်တိုက်လင်၏ကိုယ်တွင်းသို့ ဝင်ရောက်လာသောအခါ ယဲ့ချန်ကို သူမက တအံ့တသြကြည့်လိုက်မိသည်။ ယဲ့ချန် မည်သို့လုပ်လိုက်ကြောင်း သူမက နားမလည်ဘဲ ယဲ့ချန်၏လက်ညှိုးဖြင့် ထိလိုက်ရုံနှင့် ပင်လယ်ပန်းပွား၏ရေချီများ ပို၍သန့်စင်လာကြောင်း ခံစားမိလိုက်သည်။ ၎င်းရတနာက အသက်စွမ်းအားများ ပို၍ပြည့်နှက်လာခဲ့သည်။ ၎င်း၏အကျိုးသက်ရောက်မှုက ငါးဆကျော်သည်အထိ ရုတ်တရက်တိုးတက်လာခဲ့ပြီး ၎င်း၏အားဖြည့်ပေးမှုအောက်တွင် သူမ၏ကိုယ်တွင်း၌ ပြောင်းလဲမှုအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
ယဲ့ချန် မည်သို့လုပ်လိုက်ကြောင်း မသိသော်လည်း ထန်တိုက်လင်သည် ယဲ့ချန်၏စွမ်းရည်မျိုးစုံကို မြင်ဖူးထားသောကြောင့် အသားကျနေပြီဖြစ်သည်။ ယဲ့ချန်ကို အထင်သေးသူမှာ အရူးတစ်ယောက်သာဖြစ်ပြီး သူ၏ပေါင်းစပ်နှုန်းက သုညဖြစ်နေလျှင်ပင် အနှေးနှင့်အမြန် အစွမ်းထက်လာပေလိမ့်မည်။ ယဲ့ချန်ကိုယ်တိုင်ပင် သူ၏ရေဝိညာဥ်တစ်ခုက ပင်လယ်ပန်းပွားတွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်မထားပေ။
ကောင်းရန်နှင့် ကျိရှန်း၏အကြည့်များက ပင်လယ်ပန်းပွားထံ ပြိုင်တူကျရောက်လာပြီး အံ့သြသွားကြသည်။ ၎င်းထုတ်လွှတ်နေသော အရှိန်အဝါအရ အဆင့်သုံးတာအိုရတနာတစ်ခုထက် ပို၍သာလွန်နေ ခဲ့သည်။ သူတို့သိထားသော အချက်များအရ ပင်လယ်မိစ္ဆာပန်း၏ အဆင့်အမြင့်ဆုံးသည်ပင် အဆင့်သုံးတာအိုရတနာသာ ဖြစ်နိုင်သော်လည်း လက်ရှိ၌ ထူးဆန်းစွာ ကျော်လွန်နေခဲ့သည်။ လေလံအိမ်တော်က ၎င်းသည် တာအိုအဆင့်သုံးလက်နက်အဖြစ် သတ်မှတ်ထားခြင်းကို သူတို့က အဖြေထုတ်မရသဖြင့် စိတ်ရှုပ်သွားကြသည်။ သို့သော် သူတို့မသိသည်မှာ လေလံတင်စဥ်က ၎င်းသည် အဆင့်သုံးတာအိုရတနာတစ်ခုဖြစ်သော်လည်း ယဲ့ချန်၏စွမ်းရည်ကြောင့် ကျော်လွန်သွားခြင်းဖြစ်သည်။ သူ၏ကိုယ်တွင်းရှိ ရေဝိညာဥ်တစ်ခုတည်းကပင် ၎င်းကို ငါးဆခန့် ပို၍အစွမ်းထက်လာနိုင်သည်အထိ အလွန်အစွမ်းထက်နေခဲ့သည်။ သူ၏ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးပေါ်တွင် မရေမတွက်နိုင်သော ဝိညာဥ်များ ဆက်တိုက်သွားလာ လှုပ်ရှားနေကြသည်။
သူမ၏ကိုယ်တွင်းမှ ပြောင်းလဲမှုများကြောင့် ထန်တိုက်လင်သည် ဝမ်းဗိုက်ကို လက်ဖြင့် ကြင်နာစွာ ပွတ်သပ်လိုက်သည်။ သူမက ယဲ့ချန်ကို ကြည့်လိုက်သောအခါ မျက်ဝန်းများတွင် ချစ်ခြင်းမေတ္တာရိပ်များ ယှက်သန်းနေသည်။ ထန်တိုက်လင်၏သဘောထားက ယဲ့ချန်အပေါ် မတူကွဲပြားနေသောအခါ ကောင်းရန်၏စိတ်ထဲတွင် မနာလိုမှုများ မီးကဲ့သို့ တောက်လောင်လာသည်။ သူက ယဲ့ချန်ကို ထန်တိုက်လင်ဘေးမှ မောင်းထုတ်ရန် မအောင့်အီးနိုင်တော့ပေ။ အမြဲတစေအေးစက်စက်ဖြစ်နေသော ထန်တိုက်လင်သည် ယဲ့ချန်နှင့်အတွေ့တွင် အခြားလူတစ်ယောက်ပမာ ပြောင်းလဲသွားခြင်းကို သူက နားလည်နိုင်စွမ်းမရှိချေ။
"လင်အာ ငါတို့က စစ်ဧကရာဇ်တွေကို သွားတွေ့ရဦးမယ်မလား။ သခင်လေးယဲ့ကို နှုတ်ဆက်ချိန်တန်ပြီ ထင်တယ်"
ကောင်းရန်က မတ်တပ်ထရပ်၍ ထန်တိုက်လင်ကို တိုက်တွန်းလိုက်သည်။ သူက ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်ရင်း ဂိုဏ်းတူညီမအစား လင်အာဟု တမင်သက်သက် သုံးနှုန်းလိုက်သည်။
"စစ်ဧကရာဇ်တွေကိုသွားတွေ့ဖို့ ဒီလောက်အလျင်လိုစရာ လိုနေလို့လား။ အခုမှ ငါတို့က ကျစ်ဟွာတော်ဝင်မြို့ကိုရောက်တာ မဟုတ်ဘူးလား"
ထန်တိုက်လင်က မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းရန်၏အခေါ်အဝေါ်ကို မနှစ်မြို့ဟန်ဖြင့် လေသံတင်းတင်းနှင့် ပြန်ပြောလိုက်သည်။ ယဲ့ချန်နှင့် ပြန်လည်တွေ့ဆုံရန် မလွယ်သောကြောင့် သူမက အချိန်ခဏအတွင်း မခွဲခွာလိုပေ။
"ကောင်းရန်ပြောတာ မှန်တယ်။ စစ်ဧကရာဇ်တွေက ငါတို့လာမယ်ဆိုတာကို သိထားပြီးပြီ။ ငါတို့က သူတို့ကို မလေးမစားလုပ်ရင် မယဥ်ကျေးရာကျလိမ့်မယ်"
ယဲ့ချန်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကောင်းရန်နည်းတူ သတ်မှတ်ထားသော ကျိရှန်းက ဝင်ပြောလိုက်ခြင်းဖြစ်သည်။ သူနှင့် ကောင်းရန်က အချင်းချင်းမတည့်သော်လည်း ယဲ့ချန်ကိုရင်ဆိုင်ရာ၌ ယာယီပူးပေါင်းရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
"လင်အာ လုပ်စရာရှိတာ အရင်လုပ်လိုက်ပါ။ ငါက လောလောဆယ် လင်အိမ်တော်မှာရှိတယ်။ ကြိုက်တဲ့အချိန် လာတွေ့လို့ရပါတယ်"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ထန်တိုက်လင်အခက်မတွေ့စေရန် ဆုံးဖြတ်ပေးလိုက်သည်။ သူမက ကျစ်ဟွာတော်ဝင်မြို့တော်၌ အချိန်ခဏတာ နေထိုင်ဦးမည်ဖြစ်သောကြောင့် အနာဂတ်၌ပြန်တွေ့ရန် အခွင့်အရေးများစွာ ရှိပေသည်။ ထို့အပြင် သူက ကြယ်ကိုးလုံးပေါ်ရှိ ဝိညာဥ်များအကြောင်း ဆက်လက်စူးစမ်းလိုနေခဲ့သည်။ ထို့နောက် သူက မကောင်းသောအကြံများကို လက်မလျှော့သေးသည့် ကောင်းရန်နှင့် ကျိရှန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏အမြင်တွင် ထိုနှစ်ယောက်က ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ ထန်တိုက်လင်၏ ကိုယ်ကျင့်တရားကို သူက သေချာစွာသိထားသောကြောင့် အလေးအနက်မထားဘဲ ထိုနှစ်ယောက်ကိုသာ သင်ခန်းစာပေးရန် လိုအပ်ပေလိမ့်မည်။
"ကောင်းပြီ"
ထန်တိုက်လင်က တစ်ချက်ပြုံး၍ ယဲ့ချန်ကို ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ကွဲပြားသော ဆက်ဆံပုံကြောင့် ကောင်းရန်နှင့် ကျိရှန်းမှာ ဒေါသူပုန်ထနေပြီး ယဲ့ချန်ကို ဓားဖြင့် ထထိုးချင်စိတ်များ တဖွားဖွားပေါ်ပေါက်နေသည်။
"ဒီကောင်က လင်မျိုးနွယ်အိမ်တော်မှာ နေတယ်ဆိုတော့ ဘယ်လိုဆက်ဆံရေးမျိုးလဲ"
သူတို့က ယဲ့ချန်၏စကားအပေါ် အခြေခံ၍ သုံးသပ်လိုက်ကြသည်။ လင်မျိုးနွယ်သည် ကျစ်ဟွာနတ်တိုင်းပြည်၏ အဓိကမျိုးနွယ်ကြီးသုံးခုအနက် တစ်ခုဖြစ်ကာ စစ်ဧကရာဇ်တစ်ယောက်၏နောက်ခံရှိသောကြောင့် အထင်သေး၍မရပေ။ ထို့အပြင် ကျိမျိုးနွယ်နှင့် လင်မျိုးနွယ်ကြားတွင် လက်ထပ်ပွဲတစ်ခုကျင်းပခဲ့သောကြောင့် စီးပွားရေးလုပ်ငန်းများ ပို၍ကျယ်ပြန့်ကြီးမားလာသည်။ ချမ်းသာသော မျိုးနွယ်ကြီးများ၏အင်အားက သိုင်းဒေသကြီးများနှင့် မယှဥ်သာသော်လည်း စီးပွားရေးအရ ဆက်ဆံမှုများစွာ ရှိနေသည်။ ထို့အပြင် သူတို့သွားရောက် အရိုအသေပေးရမည့် လူစာရင်းတွင် လင်မျိုးနွယ်၏ နှင်းဧကရာဇ်လည်း အပါအဝင်ဖြစ်သည်။
"မင်းက လင်အိမ်တော်မှာ နေထိုင်နေမယ်လို့ မထင်ထားဘူး။ ငါတို့က သိပ်မကြာခင် နှင်းဧကရာဇ်ကို လာတွေ့မှာဆိုတော့ မင်းနဲ့ပြန်တွေ့ဖို့ သိပ်မကြာလောက်ပါဘူး"
ကောင်းရန်က လှောင်ပြုံးပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အမြင်တွင် ယဲ့ချန်က လင်မျိုးနွယ်နှင့် မည်သို့ပတ်သက်နေပါစေ၊ ချီပင်လယ်အဆင့်ကျင့်ကြံသူ ဖြစ်သောကြောင့် လင်ယွမ်နှင့်ရင်းနှီးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့က လင်ယွမ်ကို အရိုအသေပေးရန်သွားလျှင် ယဲ့ချန်က ထွက်ပေါ်လာရန် အရည်အချင်းမမီနိုင်ပေ။
"ဒါဆိုရင် သိပ်မကြာခင် ပြန်ဆုံကြတာပေါ့"
ယဲ့ချန်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ ထိုလူစုကိုနှုတ်ဆက်ပြီးနောက် သူက ထန်တိုက်လင်၏ကျောပြင်ကို ငေးကြည့်ကာ လင်မျိုးနွယ်ထံ ပြန်လာခဲ့သည်။ ဤအတောအတွင်း သူက လင်ယွမ်၏အိမ်တော်အတွင်း နေထိုင်တည်းခိုခဲ့သည်။ ထိုအိမ်တော်က အလွန်ကျယ်ဝန်းပြီး သီးခြားခြံဝန်းများရှိသောကြောင့် သူ့ကို နေရာတစ်ခု သီးသန့်စီစဥ်ပေးထားသည်။ နေ့တိုင်း သန့်ရှင်းရေးလုပ်ရန် တာဝန်ရှိသော အိမ်စေများမှလွဲလျှင် မည်သူမှမလာကြသောကြောင့် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်သည်။ အိမ်စေများကလည်း ယဲ့ချန်၏ခွင့်ပြုချက်မရှိလျှင် ခြံဝန်းအတွင်း ဝင်ရောက်ခွင့်မရှိပေ။
လေလံအိမ်မှ ပြန်ရောက်လာပြီးနောက် ယဲ့ချန်သည် ဒန်တန်အတွင်းရှိ ဝိညာဥ်သဏ္ဍာန်များအကြောင်း စူးစမ်းရန် အလုပ်ရှုပ်နေခဲ့သည်။ ကြယ်ကိုးလုံးမှဖြစ်ပေါ်လာသော ဝိညာဥ်များက အလွန်ဆန်းကျယ်သောကြောင့် သူက အဖြေထုတ်ရန် မစောင့်နိုင်တော့ပေ။ သူ၏ဒန်တန်အတွင်းမှ ထွက်ပေါ်လာသော မြေဝိညာဥ်တစ်ခုက အသက်မဲ့ကျောက်တုံးတစ်ခုကို အသိဉာဏ်တစ်ခု ပိုင်ဆိုင်ထားသော ကျောက်လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားစေသည်ကို သူကိုယ်တိုင် မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရသည်။ ဤဝိညာဥ်များ၏စွမ်းအားက အသက်ဓာတ်ကို ဖန်တီးနိုင်စွမ်း ရှိနေပုံရလေသည်။