တာအိုလက်နက်များကို အဆင့်မြှင့်တင်ခြင်း
Vol. 43 Ch. 604
ရောင်ယွမ်သည် တူညီသော စွမ်းရည်မျိုး ပိုင်ဆိုင်ထားသော်လည်း သူမက သစ်သားစွမ်းအင်တစ်မျိုးကိုသာ ပိုင်ဆိုင်ထားစဥ် ယဲ့ချန်၌ စွမ်းအင်ကိုးမျိုးလုံး ပိုင်ဆိုင်ထားသည်။ သူက ရေဝိညာဥ်တစ်ကောင်ဖြင့် အဆင့်သုံး တာအိုရတနာတစ်ခုဖြစ်သော ပင်လယ်ပင်ပွားကို မူလအဆင့်ထက် ကျော်လွန်အောင် မွမ်းမံနိုင်ခဲ့သည်။ ဤရလဒ်ကြောင့် သူက အလွန်ထိတ်လန့်သွားပြီး ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်က အမှန်တကယ်ထူးခြားဆန်းကြယ်ကြောင်း လက်ခံလိုက်ရသည်။ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က သူ့ကို အခြားလူများထက် ပို၍အလေးပေးနေသော အကြောင်းအရင်းတွင် ဤကျင့်စဥ်လည်း ပါဝင်နိုင်နေသည်။ သူက ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူသာဖြစ်သော်လည်း သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီများက ဆက်တိုက်သိပ်သည်းလာနေပြီး ခွန်အားအရာတွင် ရွှမ်အဆင့်တစ်အောက် မနိမ့်ပေ။
ရောင်ယွမ်ပြောထားသကဲ့သို့ သုညပိုင်ရှင်များသည် ကျင့်ကြံရာတွင် ပေါင်းစပ်နှုန်းမြင့်သူများလောက် မမြန်သော်လည်း အုတ်မြစ်ခိုင်မာသောကြောင့် နောက်ဆုံးတွင် အစွမ်းအထက်ဆုံးအဆင့်သို့ ရောက်သည်အထိ အဆင့်တက်နိုင်သည်။ သုညပိုင်ရှင်များကြားတွင် ကြယ်သခင်များနှင့်ယှဥ်နိုင်သော ကျင့်ကြံသူမျိုး ပေါ်ထွက်ခဲ့ဖူးသည်။ လူပေါင်းဘီလီယံရာချီတွင် ကြယ်သခင်အချို့ မွေးဖွားလာကာ ထိုအထဲတွင် သုညပိုင်ရှင်အရေအတွက်က ငါးယောက်သာ ထွက်ပေါ်လာဖူးသည်။ အတိတ်မှသုံးယောက်တွင် တစ်ယောက်က ကြယ်သခင်အဆင့်မျိုးရောက်ခဲ့ပြီး ကျန်နှစ်ယောက်ကလည်း အစွမ်းထက်သူများဖြစ်ကြသည်။ ထိုကျင့်ကြံသူများက နာမည်အရင်းနှင့် သရုပ်မှန်ကို ဖုံးကွယ်ထားသောကြောင့် မည်သူမှ သူတို့အကြောင်း မသိထားခဲ့ကြပေ။
ယဲ့ချန်သည် ကိုယ်တွင်းရှိ ကြယ်ကိုးလုံးထက်မှ မရေမတွက်နိုင်သော ဝိညာဥ်များ၏ပျော်ရွှင်မှုကို အာရုံခံနိုင်နေသည်။ သူတို့၏ခံစားချက်များက အလွန်ရိုးရှင်းပြီး ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကိုသာ ထုတ်ပြနိုင်သည်။ သူက ဝိညာဥ်များကိုစောင့်ကြည့်နေရင်း အတွေးတစ်ချက် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်မူလကြယ်ကဲ့သို့ ကြယ်များထက်တွင် ပထမဆုံးဖြစ်တည်လာချိန်၌ ဝိညာဥ်များသာ မွေးဖွားလာခဲ့သည်။ သက်ရှိသတ္တဝါများက နောက်ပိုင်းမှ အသိဉာဏ်ဖြစ်ထွန်းလာခြင်းဖြစ်ကာ မွေးဖွားလာကြ၏။ ကြယ်ကိုးလုံးတွင်လည်း ဤဆင့်ကဲတိုးတက်မှုမျိုး ဖြစ်ပေါ်လာနိုင်သည်။ ဤအတွေးကြောင့် သူက ဝမ်းသာသွားသော်လည်း ခန့်မှန်းချက်သက်သက်သာ ဖြစ်လေသည်။
ထို့နောက် ယဲ့ချန်သည် သူ၏အကြံကို လက်တွေ့အကောင်အထည်ဖော်ရန် မိစ္ဆာဝံပုလွေဆေဘာနှင့် ဧကရာဇ်မင်၏ခါးပတ်ကို စားပွဲတစ်ခုပေါ်သို့ တင်ထားလိုက်သည်။ သူက ဆေဘာကို ပထမဆုံးကောက်ယူလိုက်ပြီး ၎င်းတွင် သတ္တုနှင့် မီးဟူ၍ ချီနှစ်မျိုး ပိုင်ဆိုင်ထားသည်။ သူက ဒန်တန်အတွင်းမှ သတ္တုဝိညာဥ်တစ်ခုနှင့် မီးဝိညာဥ်တစ်ခုကို ဆင့်ခေါ်လိုက်သောအခါ ၎င်းတို့သည် ယဲ့ချန်၏လက်ချောင်းထိပ်တွင် ပျော်ရွှင်နေသော ကလေးများပမာ မြူးထူးလှုပ်ရှားနေကြသည်။ ၎င်းတို့က ကမ္ဘာအသစ်ကို စူးစမ်းနေဟန်ဖြင့် ပုံသဏ္ဍာန်များ ဆက်တိုက်ပြောင်းလဲ၍ တုန်ခါနေကြသည်။ ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ဆေဘာက ဆက်တိုက်တုန်လာလာပြီး ယဲ့ချန်၏လက်အတွင်းမှ ထွက်ပြေးရန် ကြိုးစားလာသည်။
"မင်း ဘာလုပ်နေတာလဲ"
မိစ္ဆာဝံပုလွေဘိုးဘေး၏ ပုံရိပ်က ယဲ့ချန်၏လက်ချောင်းထိပ်မှ ဝိညာဥ်နှစ်ခုကို ကြောက်အားလန့်အားကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။
"ဝံပုလွေလေး ငါက ဒီဝိညာဥ်တွေနဲ့ တာအိုလက်နက်တစ်ခုကို အဆင့်မြှင့်တင်နိုင်ခဲ့တယ်။ မင်း ကြောက်စရာ မလိုပါဘူး"
ယဲ့ချန်က အပြုံးတစ်ချက် ဖြေလိုက်သည်။ နှစ်ပေါင်းများစွာ အသက်ရှင်သန်လာသော ဝံပုလွေဘိုးဘေးက သူ၏ပါးစပ်ဖျားတွင် ဝံပုလွေလေး ဖြစ်သွားခဲ့ရသည်။ သူက အတတ်နိုင်ဆုံး ပြုံးပြထားသော်လည်း ဝံပုလွေဘိုးဘေး၏အမြင်တွင် ကြောက်စရာအကောင်းဆုံး အပြုံးဖြစ်နေခဲ့သည်။ သူက တိရှုံး၏လက်နက်စည်းဖြင့် ဖိနှိပ်ခံလိုက်ရချိန်မှစတင်၍ ထွက်ပြေးရန် နည်းလမ်းကို အမြဲမပြတ် ရှာဖွေနေခဲ့သည်။ သူက ယဲ့ချန်ကို အပိုင်းပိုင်းအစစလုပ်လိုသော ဒေါသကို ထိန်းချုပ်၍ ခွန်အားကို ဖြည်းဖြည်းချင်း ကျင့်ကြံခဲ့သည်။ သို့သော်လည်း တစ်ဖက်လူ၏ကျင့်ကြံဆင့် မြင့်တက်လာမှုကြောင့် သူက လက်လျှော့လုနီးပါးဖြစ်ခဲ့ရကာ အချိန်ကြာလာသည်နှင့်အမျှ လွတ်မြောက်ရန် မျှော်လင့်ချက်အလင်းက မှိန်ဖျော့လာခဲ့သည်။ အချိန်ကြာမြင့်သည်အထိ ယဲ့ချန်က သူ့ကို လျစ်လျူရှုထားသောအခါ လက်နက်စည်းကို အတွင်းမှ ဖြည်းဖြည်းချင်း ဖျက်ဆီးနိုင်လာခဲ့သောကြောင့် သတင်းကောင်းဖြစ်သည်။ သို့သော်လည်း ယနေ့တွင် ယဲ့ချန်က ဆေဘာကို ရုတ်တရက်ထုတ်ယူ၍ အမျိုးအမည်မသိရသော အရာနှစ်ခုဖြင့် ပေါင်းစပ်ရန် ကြံစည်နေသောအခါ ရင်ထိတ်သွားခဲ့သည်။
"မလာနဲ့။ မလာနဲ့ အဝေးကိုသွားစမ်း"
ဝိညာဥ်နှစ်ခုကြောင့် ကြောက်စိတ်ကို ခံစားနေရသည့် ဝံပုလွေဘိုးဘေးသည် ၎င်းတို့က အနီးသို့ချဥ်းကပ်လာသောအခါ အလွန်ကြောက်လန့်သွားခဲ့သည်။ ဆေဘာသည်လည်း ဆက်တိုက်တုန်ခါနေပြီး ယဲ့ချန်၏လက်အတွင်းမှ လွတ်မြောက်စေရန် ရုန်းကန်နေသည်။
"မခုခံနဲ့။ ငါ ညှင်ညှင်သာသာလေး လုပ်မှာပါ"
ယဲ့ချန်က ချီပင်လယ်ကိုထုတ်ဖော်၍ ဆေဘာကို ဖိနှိပ်လိုက်သည်။ လိပ်ပြာလက်နက်တစ်ခုက အစွမ်းထက်သော်လည်း လက်နက်သာဖြစ်သောကြောင့် ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မယှဥ်နိုင်ပေ။
"ငါ မင်းကို သတ်ပစ်မယ်"
ဝံပုလွေဘိုးဘေးက ရူးသွပ်သွားဟန်ဖြင့် ဆေဘာအတွင်းမှ ဝံပုလွေအသွင်နှင့်ထွက်ပေါ်လာကာ ယဲ့ချန်ကို ခုန်အုပ်လိုက်သည်။ သို့သော်လည်း သူက ထွက်ပြေးရန်ပင် မတတ်နိုင်သောအခါ တိုက်ခိုက်ရန် ပို၍မဖြစ်နိုင်ပေ။ ယဲ့ချန်က ညွှန်ပြလိုက်သောအခါ ဝိညာဥ်နှစ်ခုက ဝံပုလွေဘိုးဘေးထံ ပျံသန်းသွားပြီး လက်ချောင်းထိပ်မှ ထွက်ခွာသွားသည်နှင့်တပြိုင်နက် စွမ်းအင်များ ထွက်ပေါ်လာသည်။
"ဘုန်း"
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာကာ ဝိညာဥ်နှစ်ခုက ဝံပုလွေဘိုးဘေး၏ခန္ဓာကိုယ်ကို ထိမှန်သွားကြသည်။ သူ၏ပုံရိပ်က လေထဲတွင် တွန့်လိမ်သွားပြီး နာကျင်စွာအော်ဟစ်လိုက်သော်လည်း ဝိညာဥ်နှစ်ခုက သူ၏ကိုယ်တွင်းသို့ ပေါင်းစပ်သွားကြ၍ သွေးဆာရက်စက်သော အရှိန်အဝါက သန့်စင်ခံလိုက်ရသည်။ အချိန်ခဏအကြာတွင် ၎င်းတို့က မိစ္ဆာဝံပုလွေဘိုးဘေးနှင့် အပြည့်အဝပေါင်းစည်းသွားကာ သွေးနီရောင်မီးတောက်များ တောက်လောင်လာ၍ သူ၏ခွန်အားက များစွာတိုးတက်လာသည်။ ဝိညာဥ်နှစ်ခုနှင့်ပေါင်းစပ်ပြီးနောက် သူ၏ခွန်အားက တိုးတက်လာသော်လည်း ယဲ့ချန်၏ထိန်းချုပ်မှုအတွင်းသာ ရှိနေသည်။ မိစ္ဆာဝံပုလွေဘိုးဘေး၏အတွေးများကို ဝိညာဥ်နှစ်ခုက ထိန်းချုပ်နိုင်နေပြီး ၎င်းတို့သည် ယဲ့ချန်၏ဒန်တန်အတွင်း မွေးဖွားလာခြင်းဖြစ်သောကြောင့် သူက အလုံးစုံ ထိန်းချုပ်ထားနိုင်သည်။ ပေါင်းစပ်မှုပြီးဆုံးသွားချိန်တွင် မိစ္ဆာဝံပုလွေဘိုးဘေးက ယဲ့ချန်ကို စိုက်ကြည့်လာသော်လည်း မျက်လုံးများအတွင်း၌ ရိုင်းစိုင်းသော အရိပ်အယောင်များ ပျောက်ကွယ်နေသည်။
မိစ္ဆာဝံပုလွေဆေဘာသည် မူလက အဆင့်တစ် တာအိုလက်နက်တစ်ခုနှင့် အစွမ်းချင်းတူညီသော်လည်း ဝိညာဥ်နှစ်ခုဖြင့်ပေါင်းစပ်ပြီးနောက် အဆင့်သုံးသို့ မြင့်တက်သွားခဲ့သည်။ ဝိညာဥ်နှစ်ခုဖြင့်ပေါင်းစပ်ပြီး ရတနာကို အဆင့်နှစ်ဆင့် မြှင့်တင်နိုင်သောအခါ ယဲ့ချန်က စိတ်လှုပ်ရှားနေသည်။ သူက နောက်ထပ်ဝိညာဥ်တစ်ခုကိုဆင့်ခေါ်၍ ဆေဘာအတွင်း ထပ်မံပေါင်းစပ်လိုသော်လည်း ၎င်းက လက်မခံတော့ပေ။ ဖြစ်နိုင်သည်မှာ ပေါင်းစပ်နိုင်သောအရေအတွက်က အကန့်အသတ်ရှိပြီး သာမန်လက်နက်များဆိုလျှင် အကန့်အသတ်ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။
တာအိုလက်နက်များတွင် သာမန်နှင့် အဆင့်လွန်ဟူ၍ ကွဲပြားပြီး သာမန်လက်နက်များ၌ လက်နက်ဝိညာဥ်မရှိဘဲ အဆင့်လွန်လက်နက်များတွင် အစွမ်းထက်လက်နက်ဝိညာဥ်များ ပိုင်ဆိုင်ထားသည်။ ထို့အပြင် အခွင့်အရေးတစ်ခုရှိလျှင် ၎င်းတို့က အဆင့်ထပ်တက်နိုင်စွမ်း ရှိသည်။
"သခင်"
မိစ္ဆာဝံပုလွေဘိုးဘေးက နှိမ့်ချရိုးကျိုးစွာဖြင့် ယဲ့ချန်ကို အရိုအသေပေးလိုက်သည်။ လက်ရှိတွင် ဆေဘာက သူ၏ထိန်းချုပ်မှုအောက် အလုံးစုံကျရောက်သွားပြီး ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ဝိညာဥ်များနှင့်ပေါင်းစပ်ပြီးနောက် ၎င်းက သူ့အပေါ် အလွန်အမင်း သစ္စာရှိလာခဲ့သည်။
ထို့နောက် သူက ဝိညာဥ်များဆင့်ခေါ်၍ ဧကရာဇ်မင်၏ခါးပတ်အပေါ် စမ်းသပ်လိုက်သည်။ ၎င်းက မူလတွင် လက်နက်ဝိညာဥ်မရှိသော သာမန်အဆင့်ဖြစ်သော်လည်း မိစ္ဆာဝံပုလွေဆေဘာနှင့် ကွဲပြားသည်။ သစ်သားဝိညာဥ်နှင့် မီးဝိညာဥ်ကို ပေါင်းစပ်ပြီးနောက် ၎င်းအတွင်း ရတနာဝိညာဥ်တစ်ခု ဖြည်းညှင်းစွာဖြစ်ပေါ်လာကြောင်း သူက အာရုံခံမိလိုက်သည်။ အမှန်တကယ်၌ တစ်ခုထက်ပိုပြီး ရတနာဝိညာဥ်နှစ်ခုက ဖြည်းညှင်းစွာဖြင့် ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။ ၎င်း၏အစွမ်းကို ယဲ့ချန်ကိုယ်တိုင်ပင် ရာနှုန်းပြည့်ထုတ်ဖော်နိုင်ခြင်း မရှိပေ။ ရတနာဝိညာဥ်နှစ်ခု ပြိုင်တူမွေးဖွားလာခြင်းကြောင့် သူက ၎င်း၏အသုံးဝင်ပုံကို အနာဂတ်၌ ဆက်လက်ရှာဖွေရမည့်ပုံ ပေါ်နေသည်။
"အစ်ကိုကြီး မင်းညွှန်ကြားထားတဲ့အတိုင်း အဆင့်တစ် တာအိုလက်နက်ငါးခု ဝယ်လာပြီ"
ယဲ့ချန်က ဝိညာဥ်များ၏အသုံးဝင်ပုံကို လေ့လာနေစဥ် လင်ယုရောက်ရှိလာကာ တာအိုလက်နက်ငါးခုကို စားပွဲပေါ်တင်ပေးလိုက်သည်။ ၎င်းတို့ကိုဝယ်ယူရန် ဆည်းဆာရွှေဘီလီယံသုံးဆယ်ကျော် အသုံးပြုခဲ့ရသော်လည်း ယဲ့ချန်လိုအပ်သည်ဆိုလျှင် သူက မေးခွန်းထုတ်နေမည် မဟုတ်ပေ။
"သိပြီ"
ယဲ့ချန်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး တာအိုလက်နက်တစ်ခုကိုကောက်ယူ၍ လေ့လာလိုက်သည်။ သူက အပြင်မှ ကမန်းကတန်းပြန်ရောက်လာပြီး အဆင့်တစ်တာအိုလက်နက်များ ဝယ်ပေးရန် စေခိုင်းခဲ့သောကြောင့် လင်ယုက နားမလည်နိုင်ဖြစ်နေရသည်။ ထိုလက်နက်ငါးခုလုံးက မတူညီသော သဘာဝကိုယ်စီ ပိုင်ဆိုင်ထားသောကြောင့် ယဲ့ချန်၏ရည်ရွယ်ချက်က ခန့်မှန်းရ အလွန်ခက်ခဲနေသည်။
ယဲ့ချန်သည် ဝိညာဥ်နှစ်ခုကို တာအိုလက်နက်အတွင်း ပေါင်းစပ်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသဖြင့် မျက်မှောင်ကြုတ်လိုက်၏။ ၎င်းက အများဆုံး ဝိညာဥ်တစ်ခုကိုသာ လက်ခံနိုင်ပြီး ပို၍အဆင့်မြင့်သော မိစ္ဆာဝံပုလွေဆေဘာနှင့် ဧကရာဇ်မင်၏ခါးပတ်ကဲ့သို့ တာအိုလက်နက်များကသာ ဝိညာဥ်နှစ်ခုဖြင့် တပြိုင်နက် ပေါင်းစပ်နိုင်စွမ်းရှိသည်။ ဝိညာဥ်နှင့်ပေါင်းစပ်ပြီးနောက် အဆင့်တစ်တာအိုလက်နက် ခရမ်းရောင်ဓားရှည်က ရုတ်တရက် အဖြူရောင်တောက်ပလာသည်။ အလင်းတန်းတစ်ချက်နှင့်အတူ ဓားသွားက အေးစက်စက် လင်းလက်နေသည်။ သူက ၎င်း၏ပြောင်းလဲမှုများကို ဆက်တိုက်လေ့လာနေပြီး လင်ယု၏အမြင်တွင် ဤဖြစ်ရပ်က အလွန်ဆန်းကြယ်နေ၏။ ဓားရှည်ကို ယဲ့ချန်သည် လက်ဖြင့်ထိလိုက်ရုံနှင့် စကားနှင့်ဖော်ပြမရနိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသောကြောင့် လင်ယုက မျက်လုံးများ ပြူးကျယ်လာသည်။ ၎င်းက အဆင့်တစ်ဟူသော ကန့်သတ်ချက်ကို ကျော်လွန်သွားကာ အဆင့်နှစ် တာအိုလက်နက်တစ်ခု ဖြစ်လာခဲ့သည်။ အမျိုးအမည်တူသော လက်နက်ချင်းပင်ဖြစ်သော်လည်း အဆင့်နှစ် တာအိုလက်နက်တစ်ခု၏တန်ဖိုးက အဆင့်တစ်ထက် များစွာပိုသည်။
"ဟမ်"
လင်ယုသည် စကားအချို့ပြောရန် ပြင်လိုက်စဥ် ဓားရှည်၌ လက်နက်ဝိညာဥ်တစ်ခု မွေးဖွားလာသောကြောင့် ဆွံ့အသွားခဲ့သည်။ သူက ယဲ့ချန်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေကာ မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
ကောင်းကင်မူလတိုက်ကြီးရှိ ပန်းပဲဆရာများတွင် အမျိုးအစားနှစ်ခု ရှိခဲ့ဖူးသည်။ ပထမတစ်မျိုးတွင် ပန်းပဲဆရာများသည် တာအိုလက်နက်များ၌ လက်နက်ဝိညာဥ်များ ပေါင်းစပ်နိုင်စွမ်းရှိသော်လည်း အနိမ့်ဆုံး တာအိုနတ်အဆင့်ရှိသော လူသားတစ်ယောက်၊ မှော်သားရဲတစ်ကောင်နှင့် ကောင်းကင်သားရဲတစ်ကောင် သို့မဟုတ် အဆင့်ချင်းတူညီသည့် သက်ရှိသတ္တဝါတစ်ကောင်ကောင်ကို စတေးရသည်။ သူတို့က တာအိုလက်နက်တစ်ခုဖန်တီးရန် တာအိုနတ်အဆင့်ကျင့်ကြံသူ သို့မဟုတ် စစ်ဧကရာဇ်တစ်ယောက်က သေပေးရသည်။ ထို့ကြောင့် အချိန်ကြာလာသောအခါ ထိုနည်းပညာက ဖြည်းဖြည်းချင်းတိမ်ကော ပျောက်ကွယ်သွားခဲ့ပြီး ဒုတိယအမျိုးအစားက ဖြည်းဖြည်းချင်း နေရာရလာခဲ့သည်။ သူတို့ပြုလုပ်ထားသော တာအိုလက်နက်များတွင် လက်နက်ဝိညာဥ်မရှိဘဲ လက်နက်ဝိညာဥ်ရှိသော လက်နက်များအောက် နိမ့်ကျသော်လည်း သွန်းလုပ်ရန်နှင့် အသုံးပြုရန် မည်သည့်ပြဿနာမှ မရှိချေ။
ယဲ့ချန်သည် လက်နက်ဝိညာဥ်မရှိသည့် အဆင့်တစ် တာအိုလက်နက်တစ်ခုကို လက်နက်ဝိညာဥ်ရှိသော အဆင့်နှစ် တာအိုလက်နက်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ ဤကား တုန်လှုပ်စရာကောင်းသော တွေ့ရှိချက် ဖြစ်လေသည်။