← Chapters

တာအိုလက်နက် ကုန်သွယ်ခြင်း

Vol. 43 Ch. 605

တာအိုလက်နက် ကုန်သွယ်ခြင်း

Vol. 43 Ch. 605

"အစ်ကိုကြီး ဘယ်လိုပန်းပဲပညာရပ်မျိုးကို အသုံးပြုလိုက်တာလဲ။ အံ့သြစရာကောင်းလိုက်တာ"

လင်ယုသည် အံ့သြမှုကို ထိန်းချုပ်မထားနိုင်တော့သဖြင့် တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။ သူ၏အမြင်တွင် ယဲ့ချန်က ဓားရှည်ကို လက်ဖြင့်ပွတ်သပ်လိုက်ခြင်းကို အလွန်ဆန်းကျယ်သော ပန်းပဲပညာတစ်ခုဟု ထင်မြင်နေခဲ့သည်။

"ဟား ဟား ဒါပေါ့ကွာ။ ဒါက ပန်းပဲပညာရပ်တစ်ခုပဲ"

ယဲ့ချန်က တစ်ချက်ရယ်လိုက်ပြီးနောက် ခဏအကြာတွင် ခေါင်းညိတ်ပြလိုက်သည်။ သူက ဤအစွမ်းကို ပန်းပဲပညာ၏နာမည်ဖြင့် ဖုံးကွယ်ထားရပေလိမ့်မည်။ သို့မဟုတ်လျှင် အခြားလူများ၏ အာရုံစိုက်ခြင်းခံရလျှင် ပြဿနာများပေလိမ့်မည်။

"လင်ယု ဒီဓားကို မင်းဘယ်လောက်ပေးပြီး ဝယ်ခဲ့ရတာလဲ"

"ဆည်းဆာရွှေသုံးဘီလီယံ"

"လက်ရှိအခြေအနေနဲ့ ပြန်ရောင်းရင်ရော ဘယ်လောက်ရမလဲ"

ယဲ့ချန်က အဆင့်နှစ်တာအိုလက်နက်ကို မြှောက်ပြ၍ မေးလိုက်သည်။

"လက်နက်ဝိညာဥ်တစ်ခုရှိတဲ့ အဆင့်နှစ်တာအိုလက်နက်က အနည်းဆုံး ၁၅ဘီလီယံတော့ ရလိမ့်မယ်"

လင်ယုက စိတ်လှုပ်ရှားစွာ ဖြေလိုက်သည်။ ယဲ့ချန်က ဤမျှအဖိုးတန်သော ပန်းပဲပညာကို တတ်မြောက်နေမည်ဟု ထင်မထားခဲ့ပေ။ မျက်တောင်တစ်ခတ်အတွင်း ယဲ့ချန်က အဆင့်တစ် တာအိုလက်နက်၏တန်ဖိုးကို ငါးဆအထိ မြင့်တက်သွားစေသည်။ ၎င်းတို့က အလွန်ရှားပါးပြီး ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး၌ များစွာမရှိပေ။ လူအရေအတွက်သောင်းချီတွင် တစ်ခုနှစ်ခုသာတွေ့နိုင်ပြီး အထက်တန်းစားအနည်းစုသာ ပိုင်ဆိုင်ထားကြ၏။ သို့သော်လည်း တာအိုလက်နက်တစ်ခုကို ငွေပေါင်းများစွာ ပေးဝယ်လိုနေသူ များစွာရှိသည်။ ကောင်းကင်ဘုံများနှင့် စစ်ပွဲဘုံများသို့ အမဲလိုက်ထွက်သည်ဖြစ်စေ၊ ရှေးဟောင်းတျန်းယွမ်မြို့တော်သို့ စစ်တိုက်ရန် ထွက်ခွာရသည်ဖြစ်စေ အစွမ်းထက်လက်နက်တစ်ခု ပိုင်ဆိုင်ထားခြင်းက အသက်ရှင်သန်နိုင်စွမ်းကို မြင့်မားလာစေနိုင်သည်။ လက်နက်ဝိညာဥ်တစ်ခုရှိနေသော အဆင့်နှစ်တာအိုလက်နက်တစ်ခုကို ငွေဆယ့်ငါးဘီလီယံပေး၍ ဝယ်ချင်သူများ ရှားပါးနေမည်မဟုတ်ပေ။

"အစ်ကိုကြီးပြောချင်တာက ဒီဓားရှည်ကို ပြန်ရောင်းမှာလား။ ပြန်ရောင်းဖို့ကတော့ ပြဿနာမဟုတ်ဘူး။ ကျစ်ဟွာနတ်တိုင်းပြည်မှာ ရောင်းလို့မရရင်တောင် ကျန်တဲ့နတ်တိုင်းပြည်တွေ၊ တာအိုအိမ်တော်နဲ့ သိုင်းဒေသကြီးတွေဆီကို ရောင်းချနိုင်တယ်။ ရှေးဟောင်းတျန်းယွမ်မြို့တော်ကိုတောင် ရောင်းပေးနိုင်တယ်။ ဒါပေမယ့် လက်နက်အရေအတွက်အတွက် ဝိညာဥ်တွေ လိုအပ်တယ်မလား"

လင်ယုက ခဏတာစဥ်းစား၍ မေးမြန်းလိုက်သည်။ ယဲ့ချန်သည် တာအိုလက်နက်အတွင်း လက်နက်ဝိညာဥ်တစ်ခု ဖြစ်ပေါ်လာစေရန် တာအိုနတ်အဆင့်ရှိ သတ္တဝါတစ်ကောင်ကို သတ်ရမည်ဟု သူက ထင်နေခြင်းဖြစ်သည်။ အကယ်၍ တာအိုလက်နက်များရောင်းချမည်ဆိုလျှင် တာအိုနတ်အဆင့်နှင့် အထက်သတ္တဝါမျိုးစုံကို သတ်ဖြတ်ရန် လိုအပ်နိုင်သည်။

"ဒီကိစ္စကိုတော့ မင်း စိတ်ပူစရာမလိုဘူး။ ငါ ကိုင်တွယ်နိုင်ပါတယ်။ မင်းသာ ငါ့အတွက် တာအိုလက်နက်တွေ ပြင်ဆင်ပေးထားမယ်ဆိုရင် ဒီလိုအဆင့်မြှင့်တင်ထားတဲ့ အရေအတွက်ကို မင်း စိတ်ကြိုက်ရနိုင်တယ်"

ကြယ်ကိုးလုံးပေါ်တွင် မရေမတွက်နိုင်သော ဝိညာဥ်များရှိနေသဖြင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ ထို့အပြင် ဓားပျံကလည်း ကြယ်ကိုးလုံးအတွက် စွမ်းအင်များထောက်ပံ့ပေးနေသောကြောင့် ဝိညာဥ်အသစ်များ ဆက်တိုက်မွေးဖွားလာနေသောအခါ အရေအတွက်တစ်ခု အသုံးပြုလျှင်ပင် ကျင့်ကြံခြင်းကို မထိခိုက်စေနိုင်ပေ။

"လိုအပ်သလောက် ရနိုင်တာလား"

လင်ယု၏မျက်လုံးများတွင် အလင်းရောင်များ တောက်ပလာသည်။ နှစ်စဥ်နှစ်တိုင်း ပန်းပဲမျိုးနွယ်များမှရောင်းချသော လက်နက်အရေအတွက်က အကန့်အသတ်ရှိပြီး အများစုက အဆင့်မမြင့်ကြပေ။ ရှေးဟောင်းတျန်းယွမ်မြို့တော်မှ စစ်ပွဲကြောင့် လက်နက်ပျက်စီးနှုန်းကလည်း မြင့်မားနေသည်။ တာအိုလက်နက်၏အဆင့်က မြင့်လေလေ စျေးကြီးလေလေဖြစ်သော်လည်း စျေးကွက်သာရှိပြီး ကုန်ပစ္စည်းပြတ်လပ်နေသည်။ အကယ်၍ သူကသာ လက်နက်ကုန်သွယ်ရေးကို ဆုပ်ကိုင်နိုင်လျှင် ရရှိလာမည့် အကျိုးအမြတ်က သေချာပေါက် အလွန်များပေလိမ့်မည်။ ဤအကြောင်းကို တွေးမိသောအခါ သူက ထိန်းချုပ်မရအောင် ပျော်ရွှင်နေခဲ့သည်။

"ဒါတွေကို အရင်သွားရောင်းပြီးရင် လက်နက်တွေ ထပ်ရှာလာခဲ့ဦး"

ယဲ့ချန်က စကားပြောနေရင်း ကျန်အဆင့်တစ် တာအိုလက်နက်လေးခုကို ကောက်ကိုင်၍ ဝိညာဥ်တစ်ခုစီ ပေါင်းစပ်ပေးလိုက်သောအခါ ခဏအကြာတွင် ၎င်းတို့အားလုံးက လက်နက်ဝိညာဥ်ရှိ အဆင့်နှစ်တာအိုလက်နက်များ ဖြစ်လာကြသည်။ နောက်ဆုံးတွင် လိုသလောက်ရနိုင်သည်ဟူသော ယဲ့ချန်၏စကားကို လင်ယုက နားလည်သွားပြီဖြစ်သည်။ သူက လက်နက်များကို အဆင့်မြှင့်တင်ရာတွင် မည်သည်မှလုပ်စရာမလိုအပ်ဘဲ ညာလက်ဖြင့် တစ်ချက်ထိလိုက်ရုံသာ ဖြစ်သည်။ လင်ယုသည် ယဲ့ချန်၏ညာလက်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေပြီး ယဲ့ချန်၏လုပ်ရပ်တိုင်းက သူ့ကို အလွန်အမင်းထိတ်လန့် အံ့သြစေခဲ့သည်။ ယဲ့ချန်၏ညာလက်က ဖန်ဆင်းရှင်၏လက် ဖြစ်နေနိုင်သည်။

"ငါ အခု သွားလုပ်လိုက်မယ်"

လင်ယုသည် ယဲ့ချန်ကို အချိန်ကြာမြင့်စွာ ငေးကြည့်နေရာမှ သတိပြန်ဝင်လာသောအခါ အလျင်အမြန် ခေါင်းညိတ်လိုက်၏။ လင်မျိုးနွယ်သည် ကျစ်ဟွာတော်ဝင်မြို့၏ မျိုးနွယ်ကြီးခြောက်ခုအနက် တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာတည်ရှိလာသောကြောင့် အုတ်မြစ်အခြေခံ ခိုင်မာသည်။ သို့သော်လည်း သူတို့၏ပိုင်ဆိုင်မှုစုစုပေါင်းက ဘီလီယံရာချီရှိပြီး စီးပွားရေးကောင်းမွန်လာသောအခါ အမွေအနှစ်အဖြစ် တာအိုလက်နက်အချို့ ဝယ်ယူစုဆောင်းထားနိုင်ခဲ့သည်။ လင်မျိုးနွယ်၏ ဘဏ္ဍာတိုက်ထဲတွင် ရတနာအချို့ရှိနေပြီး အခြားမျိုးနွယ်ကြီးများသည်လည်း မျိုးနွယ်ရတနာအဖြစ် တာအိုလက်နက်များ ဝယ်ယူထားတတ်ကြသည်။ သို့သော်လည်း သာမန်အခြေအနေမျိုးတွင် ဆည်းဆာရွှေဘီလီယံဆယ်ချီ အဖိုးတန်သော အဆင့်နှစ်နှင့် အဆင့်သုံး လက်နက်များကို ဝယ်ယူခြင်းမရှိပေ။ အကယ်၍ ၎င်းတို့ကိုသာ များစွာဝယ်ယူထားလျှင် မျိုးနွယ်၏ဘဏ္ဍာရေးကို ထိခိုက်စေနိုင်သည်။

ကောင်းကင်မူလတိုက်ကြီး၏ နတ်တိုင်းပြည်များ၊ တာအိုအိမ်တော်၊ အထက်တန်းစားမျိုးနွယ်များနှင့် သိုင်းဒေသကြီးများမှ ကျင့်ကြံသူများစွာက အနာဂတ်တွင် သူ၏ဖောက်သည်များ ဖြစ်လာနိုင်ကြောင်း လင်ယုက ပျော်ရွှင်စွာ တွေးမိလိုက်သည်။ လက်နက်ကုန်သွယ်ရေးဖြင့် ပိုက်ဆံရှာခြင်းက ပြိုင်ဘက်ကင်းလောက်အောင် မြန်မြန်ဆန်ဆန် ကြီးပွားလာနိုင်သည်။ ဤလုပ်ငန်းကြောင့် လင်မျိုးနွယ်သည် ကျစ်ဟွာနတ်တိုင်းပြည် မဆိုထားနှင့်၊ ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး၌ မျိုးနွယ်ကြီးတစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ၎င်းက မည်မျှအစွမ်းထက်ပါစေ ၊ယဲ့မျိုးနွယ်ကို ကျော်လွန်ရဲမည်မဟုတ်ပေ။ လင်မျိုးနွယ်အတွက် ယဲ့မျိုးနွယ်၏ နောက်လိုက်မျိုးနွယ်တစ်ခုအဖြစ် ရပ်တည်နိုင်လျှင်ပင် လုံလောက်နေပြီဖြစ်သည်။

လင်ယုက ပျော်ရွှင်စွာဖြင့် အလျင်အမြန်ထွက်ခွာသွားကာ ဝိညာဥ်မရှိသော တာအိုလက်နက်များစွာ ဝယ်ယူ၍ ယဲ့ချန်ထံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ယဲ့ချန်၏အဆင့်မြှင့်တင်သော လုပ်ငန်းစဉ်အပြီး၌ သူက ၎င်းတို့ကို လေလံအိမ်တော်များထံ ရောင်းချခဲ့သဖြင့် လက်ရှိတွင် ကျစ်ဟွာနတ်တိုင်းပြည်၌ လက်နက်ကုန်သွယ်ရေးလုပ်ငန်း စတင်အသက်ဝင်လာသည်။ သာမန်လက်နက်တစ်ခုကို ဆည်းဆာရွှေ ဆယ်ဘီလီယံနှင့် နှစ်ဆယ်ကြား ရောင်းချနိုင်ပြီး ပို၍အဆင့်မြင့်လျှင် ခြောက်ဆယ်ဘီလီယံအထိ ရနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင်များသော အမြတ်ငွေပမာဏက လင်ယုကို ကြောင်အသွားစေခဲ့သည်။ လက်နက်ကုန်သွယ်ရေးကြောင့် တစ်ရက်အတွင်း သူက ဆည်းဆာရွှေဘီလီယံရာချီ ရှာဖွေနိုင်ခဲ့ပြီး နှစ်ရက်သုံးရက်အတွင်း လင်မျိုးနွယ်၏ပိုင်ဆိုင်မှုကို ကျော်လွန်သွားခဲ့သည်။

ယဲ့ချန်သည် လက်နက်ကုန်သွယ်ရေး၏ အမြတ်ငွေ ရှစ်ဆယ်ရာခိုင်နှုန်းကိုယူပြီး လင်ယုက နှစ်ဆယ်ရာခိုင်နှုန်းသာ ရသော်လည်း အလွန်များသောအမြတ်ငွေကြောင့် လင်မျိုးနွယ်၏ အဓိကလုပ်ငန်း ဖြစ်လာခဲ့သည်။ ယဲ့ချန်၏လက်မောင်းကာအတွင်းရှိ ငွေပမာဏက ဘီလီယံငါးရာကျော်သည်အထိ တိုးလာပြီး လင်ယုသည်လည်း ဘီလီယံတစ်ရာကျော် ရရှိခဲ့သည်။ အဓိကသော့ချက်မှာ ဤလုပ်ငန်းက အနာဂတ်၌ ဝင်ငွေအမြဲမပြတ်ရစေနိုင်သော လုပ်ငန်းမျိုးဖြစ်သည်။ လက်ရှိတွင် ၎င်းက ကျစ်ဟွာနတ်တိုင်းပြည်၌သာ လည်ပတ်နိုင်နေသော်လည်း ကောင်းကင်မူလတိုက်ကြီးတစ်ခွင် ဖြန့်ကျက်နိုင်လျှင် သူတို့၏အမြတ်ငွေက သိုင်းဒေသကြီးများထက်ပင် ကျော်လွန်သွားနိုင်သည်။

ကောင်းကင်မူလတိုက်ကြီးတွင် ရောင်းချနေသော အမြတ်ငွေအားလုံး၏ တစ်ဆယ်ရာခိုင်နှုန်းကိုရလျှင်ပင် များလှသော ပမာဏတစ်ခုဖြစ်သည်။ ထိုလ၏အဆုံးတွင် လင်ယုသည် လင်မျိုးနွယ်ကို အထောက်အပံ့များပေးအပ်ခဲ့သည်။ သာမန်မျိုးနွယ်ဝင်များသည်ပင် ဆည်းဆာရွှေသန်းချီနှင့် ဆေးလုံးများစွာရခဲ့သောကြောင့် မျိုးနွယ်ခွဲခေါင်းဆောင်များနှင့် အကြီးအကဲများဆိုလျှင် ဖော်ပြရန်ပင် မလိုအပ်ချေ။ လင်ရှောင်းကျယ်သည် လင်မျိုးနွယ်ဝင်များကို မည်သည့်အကျိုးအမြတ်မှ ခွဲဝေမပေးဖူးသောကြောင့် လင်ယု၏လုပ်ရပ်က မျိုးနွယ်အတွင်း သူ၏အာဏာကို တည်ငြိမ်သွားစေခဲ့သည်။

လင်ယုသည် လက်နက်ကုန်သွယ်ရေးကို ဆက်လက်ဖြန့်ကျက်ရန်အတွက် ကုန်သည်ရေးအဖွဲ့ကြီးများနှင့် ဆက်သွယ်ခဲ့သည်။ လေလံအိမ်များမှတဆင့် တာအိုလက်နက်ရောင်းချခြင်းက ပိုက်ဆံဝင်ရန် နှေးကွေးသောကြောင့် အစွမ်းကုန်ကြိုးစားရပေလိမ့်မည်။ သူ၏ညွှန်ကြားချက်ဖြင့် လင်မျိုးနွယ်သည် ပန်းပဲဆရာမျိုးနွယ်တစ်ခုဖြင့် မဟာမိတ်အဖြစ်ပူးပေါင်းကာ လက်နက်များ စတင်ရောင်းချမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ ထို့နောက် သူတို့က တာအိုလက်နက်ပမာဏများစွာကို ထုတ်ပြလိုက်သောအခါ ကုန်သည်အဖွဲ့များစွာက လာရောက်ဆက်သွယ်ခဲ့ကြသည်။ သူတို့က လင်မျိုးနွယ်နှင့်ပူးပေါင်းထားသည်မှာ မည်သည့်မျိုးနွယ်ဖြစ်ကြောင်း ခန့်မှန်းနေကြသော်လည်း အဖြေမရပေ။ ကောင်းကင်မူလတိုက်ကြီး၌ ပန်းပဲဆရာမျိုးနွယ်ငါးခုသာရှိပြီး အားလုံးက သီးခြားနေထိုင်၍ အပြင်ကမ္ဘာသို့ဆက်သွယ်ကာ အလုပ်လုပ်ခြင်း ရှားပါးလှသည်။ ထိုမျိုးနွယ်များက ပိုက်ဆံပြတ်လပ်ခြင်းမရှိသောကြောင့် ရောင်းချသော လက်နက်ပမာဏကို သေးငယ်သည်အထိ ထိန်းချုပ်ထားကြသည်။

သို့သော်လည်း ရှေးဟောင်းတျန်းယွမ်မြို့တော်မှ စစ်ပွဲကြောင့် တာအိုလက်နက်များက ဆက်တိုက်ပျက်စီးနေပြီး ထုတ်လုပ်နှုန်းက အလွန်နည်းပါးနေသည်။ လင်ယုက လက်နက်ကုန်သွယ်ရေးကို အရေအတွက်များများဖြင့် စတင်လာသောအခါ အင်အားစုတိုင်း၏အာရုံကို ဆွဲဆောင်နိုင်လိုက်သည်။ လက်နက်ကုန်သွယ်ရေးကို စတင်ပြီးနောက် လင်မျိုးနွယ်၏အဆင့်အတန်းက ရုတ်တရက်မြင့်တက်သွားကာ တော်ဝင်မျိုးနွယ်ကိုပင် ကျော်တက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် မျိုးနွယ်နှစ်ခုကြားတွင် ရွှေလမ်းငွေလမ်းဖောက်လုပ်ထားကာ လင်ယုနှင့် ကျိဇီရွှမ်းက အချင်းချင်းနှစ်သက်ကြသည်။ လင်ယုကသာ ဘုရင်နေရာကို လိုချင်သည်ဆိုလျှင် ကျိမျိုးနွယ်ကိုဖယ်ရှားရန်မှာ အလွန်တရာ လွယ်ကူပေလိမ့်မည်။

လင်ယု၊ ယဲ့ချန်နှင့် လင်ယွမ်က ခန်းမတစ်ခုအတွင်း စကားစမြည်ပြောနေကြသည်။

"ယဲ့ချန် အနာဂတ်မှာ ကျစ်ဟွာနတ်တိုင်းပြည်လိုနေရာမျိုးက မင်းရဲ့ယဲ့မျိုးနွယ်ကို ထိန်းမထားနိုင်လောက်တော့ဘူး"

လင်ယွမ်က ချီးကျူးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်၏ရွှေ့ကွက်တိုင်းက ကောင်းကင်မူလတိုက်ကြီးကို လှုပ်ခတ်စေခဲ့သည်။ ယဲ့မျိုးနွယ်တွင် ပါရမီရှင်များစွာရှိသည့်အပြင် ငွေရေးကြေးရေးကလည်း အနာဂတ်တွင် သေချာပေါက် ကြောက်စရာကောင်းလောက်အောင် တိုးတက်လာပေလိမ့်မည်။ ၎င်းက သိုင်းဒေသကြီးများကိုပင် ကျော်လွန်သော တည်ရှိမှုမျိုး ဖြစ်ပေါ်လာနိုင်သည်။

"အစ်ကိုကြီးက ဒီနတ်တိုင်းပြည်သေးသေးလေးကို ဂရုစိုက်မှာ မဟုတ်ပါဘူး"

လင်ယုက တစ်ချက်ပြုံး၍ ဝင်ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်၏နောက်လိုက် ဖြစ်လာပြီးနောက် သူက ယခင်နှင့်စာလျှင် အမြင်ကျယ်လာပြီဖြစ်သည်။ ထိုအချိန်တွင် ခန်းမအတွင်းသို့ အစေခံတစ်ယောက်က အလျင်အမြန် ရောက်ရှိလာခဲ့သည်။

"နှင်းဧကရာဇ် မျိုးနွယ်ခေါင်းဆောင် ကြယ်ပင်လယ်သိုင်းဒေသရဲ့ ပါရမီရှင်တွေဖြစ်တဲ့ ကောင်းရန်၊ ကျိရှန်း၊ ထန်တိုက်လင် စသူတွေ ရောက်လာကြပါတယ်"

အစေခံက ရိုရိုသေသေ တင်ပြလိုက်သည်။

"ကြယ်ပင်လယ်သိုင်းဒေသလား"

လင်ယုက စိတ်တိုသွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ လက်ရှိတွင် လက်နက်ကုန်သွယ်ရေးကြောင့် လင်အိမ်တော်သို့ ကုန်သည်အဖွဲ့များ၊ နတ်တိုင်းပြည်များ၊ သိုင်းဒေသကြီးများနှင့် တာအိုအိမ်တော်မှ ဧည့်သည်များစွာ လာရောက်နေကြသည်။ များစွာသောကျင့်ကြံသူများကို ဧည့်ခံရသည့်အလုပ်အား သူက ပျင်းရိနေပြီဖြစ်သည်။ အတိတ်မှလင်ယုသာဆိုလျှင် ကြယ်ပင်လယ်သိုင်းဒေသ၏ ပါရမီရှင်များရောက်လာပါက အလွန်ဝမ်းသာနေပေလိမ့်မည်။ သို့သော်လည်း သူက အမြင်ပိုကျယ်လာသောအခါ သာမန်ကိစ္စတစ်ခုထက် ပို၍အလေးအနက်မထားတော့ပေ။ သို့သော်လည်း လူမှုရေးအရ သူက ဧည့်သည်များကို မောင်းထုတ်ရန် မသင့်တော်ပေ။

"သူတို့ကို စောင့်ခိုင်းထားလိုက်ပါ။ နှင်းဧကရာဇ်နဲ့ ငါက မကြာခင်ရောက်လာမယ်လို့ ပြောလိုက်"

လင်ယုက အစေခံကို အမိန့်ပေးလိုက်သည်။

"ငါရော အတူလိုက်ခဲ့မယ်"

ယဲ့ချန်က ရုတ်တရက် တောင်းဆိုလိုက်သည်။

"ဒါက မသင့်တော်ဘူးထင်တယ်။ အစ်ကိုကြီးက သာမန်ဧည့်သည်တွေလောက်ကို အလေးထားစရာမလိုဘူး"

လင်ယုက ခဏတာစဥ်းစား၍ အကြံပေးလိုက်သည်။

"ထန်တိုက်လင်က ငါ့ဇနီးလေ။ ကျန်တဲ့နှစ်ယောက်ကိုလည်း ငါ မြင်ဖူးပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။

"မရီးရောက်လာတာလား။ ငါက သူမကို အပြင်မှာ စောင့်ခိုင်းလိုက်မိတယ် ။မဖြစ်သေးပါဘူး။ အခုချက်ချင်း အပြင်ထွက်ပြီး ကြိုဆိုရမှာပေါ့"

ယဲ့ချန်၏စကားကို ကြားသောအခါ လင်ယုက ချက်ချင်းထရပ်လိုက်သည်။ သူ၏အမူအရာကြောင့် လင်ယွမ်ရော ယဲ့ချန်ပါ အတူတကွရယ်မောလိုက်ပြီး ဧည့်ခန်းဆောင်သို့ သုံးယောက်သား ထွက်ခွာလာကြသည်။

All Chapters