ဝေ့ဝူယင်
Vol. 57 Ch. 786
“ကောင်းပြီလေ...”
ခရာတို၏ ကြေညာမှုကို လက်ခံရန် ဝေ့ဝူယင် နည်းနည်းလေးမျှ တုန့်ဆိုင်းခြင်း မရှိပါချေ။ ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားက သဘာဝ ဝင်္ကပါကို ဆုံးရှုံးသွား၍ နောက်နောင် ရင်းမြစ်များကို ထပ်မံ မထုတ်လုပ် နိုင်တော့ဘူး ဆိုလျှင်ပင် သူ ဂရုမစိုက်ချေ။ သူ့တွင် အချိန် ကန့်သတ်ချက် ရှိပေသည်။
ကောင်းကင်တာအိုက ရည်ရွယ်ထားသည့် အရာထက် အဆတစ်ရာမျှ ပိုမို၍ ရယူနိုင်မည် ဆိုလျှင်ပင် သူ ထိုအရာကို မတုန့်မဆိုင်း လက်ခံလိုက်မည် ဖြစ်သည်။ ဝေ့ဝူယင် ရယ်မောလိုက်၏။ ကောင်းကင်တာအိုက သူ့ကို ထိုရတနာလောက်မျှနှင့် ကျေနပ်စေချင်သည်လား။ တကယ် သောက်ရူးပင်။
စိတ်ထဲမှ တွက်ချက်မှု တစ်ချို့ ပြုလုပ်ရင်း ဝေ့ဝူယင်၏ အမူအရာက ပိုမို၍ တည်ငြိမ်လာခဲ့၏။ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ တုန့်ပြန်မှု အားလုံးကို ချေဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ၎င်း၏ အမြုတေကို ဖျက်ဆီးရန် ဖြစ်သည်။
အမြုတေကို ရှာဖွေခြင်းမှာ အခြားလူများ အတွက် ခက်ခဲသော အလုပ် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း... ဝေ့ဝူယင် အတွက်တော့ အင်မတန် လွယ်ကူပေသည်။
ဝိညာဥ်အစီအရင်... ကောင်းကင်နှင့် အမှန်တရား မျက်လုံး...
ဝေ့ဝူယင် ချက်ချင်းပင် သူ့ အစွမ်း အထက်ဆုံးသော ဝိညာဥ် အစီအရင်ကို ဖော်ထုတ်လိုက်၏။ အခြား အာရုံခံ အစီအရင်များနှင့် ခြားနားစွာပင် ၎င်းမှာ မျက်လုံးကိုသာ အခြေခံသည်။
ဘုန်း...
ဂြိုဟ်ထံမှ အေးစက်စက် အော်ရာများ ပေါက်ကွဲ ထွက်ပေါ်လာသော်လည်း ဆေဘာနှလုံးသားနှင့် ဒြပ်စပ် နှလုံးသားတို့ အားဖြည့်အားထည့် သူ့အမြင်အာရုံကို နည်းနည်းလေးမျှ ပိတ်ပင် တားဆီးနိုင်စွမ်း မရှိပါချေ။ အကြည့်တစ်ချက်ဖြင့်ပင်... ကီလိုမီတာ သုံးထောင် ကျယ်ပြန့်သည့် ဂြိုဟ်၏ ဖွဲ့စည်း တည်ဆောက်ပုံ တစ်ခုလုံးကို ဝေ့ဝူယင် တွေ့မြင် လိုက်ရပြီ ဖြစ်သည်။
အေးစက်စက် အပြုံးနှင့် အတူ သူ အောက်သို့ ခုန်ချလိုက်၏။ သူက ရေကူးသမား တစ်ယောက် ကဲ့သို့ ခန္ဓာကိုယ်ကို အောက်စိုက်ထားကာ လက်နှစ်ဖက်ကို လှံသဖွယ် ရှေ့သို့ ဆန့်ထုတ်ထား၏။
မိုင်ပေါင်းများစွာ အကွာ နေရာတစ်ခု၌ ကြယ်သင်္ဘော တစ်စင်းမှာ အမှောင် အာကာသ အတွင်း ဖြည်းညင်းစွာ မြောလွင့်လျှက် ရှိပေသည်။
“အဲဒါက ဘာကြီးလဲ...”
လျူရှောင်ခွန်းက ဝေ့ဝူယင်၏ ပုံရိပ်ကို လက်ညိုးထိုးရင်း မေးလိုက်သည်။ သူ၏ အသံက လျူပိုင်လီနှင့် လျူမူလန်တို့ နှစ်ယောက်၏ အာရုံများကို ဆွဲဆောင် သွား၏။
သူတို့က ရှေ့ဆင့်နောက်ဆင့်ပင် အမှောင်ဟင်းလင်းပြင်ထဲမှ မီးခိုးရောင် ပုံရိပ်ကို လှမ်းကြည့် လိုက်ကြသည်။ အမြင်အာရုံကို အစီအရင်၊ ကျင့်စဥ်များဖြင့် မြှင့်တင်လိုက်ကြသည်တိုင် သူတို့ ပုံရိပ်၏ အသေးစိတ် အချက်အလက်များကို သေသေချာချာ မမြင်ရပါချေ။
“အတောင်ပံပါ သားရဲ တစ်ကောင်ကောင် ဖြစ်မယ်...”
လျူပိုင်လီမှာ ကြည့်နေရင်းပင် ပုံရိပ်က အတောင်ပံများအား ဖြန့်ကျက်လာသည်ကို သတိထားမိလိုက်၏။ ၎င်းတို့က တစ်ဖက်လျှင် မီတာ သုံးဆယ် အထိ ကျယ်ပြန့်ကာ လင်းနို့ အတောင်ပံနှင့် နည်းနည်း ဆင်တူပေသည်။
သူတို့ ကြည့်နေစဥ်မှာပင် သားရဲ ကဲ့သို့ ပုံရိပ်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားထက်သို့ ကျဆင်းသွားကာ အတွင်းပိုင်းသို့ တိုးဝင်လျှက် တိတ်တဆိတ် ပျောက်ကွယ် သွားခဲ့တော့၏။
“ဘယ်လိုကြီးတုန်း...”
လင်းမူလန်က မေးလိုက်၏။ လျှို့ရှောင်ခွန်း ကဲ့သို့ပင် သူမ နှလုံးသားမှာလည်း မသေချာ မရေရာခြင်းများနှင့် ပြည့်နှက်လာသည်။
စက္ကန့်များက တရွေ့ရွေ့ ဖြတ်ကျော်သွား၏။ အချိန် တစ်နာရီ ကုန်လွန် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဘာမှ ဖြစ်မလာခဲ့ချေ။ ထိုအခါတွင်မှ သူတို့ အနည်းငယ် စိတ်အေးသွား၏။
“ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားက အဲဒီ သားရဲရဲ့ ဘုံဗိမာန် ထင်တယ်”
လျူရှောင်ခွန်းက မှတ်ချက်ချလိုက်၏။ လျူမူလန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ ထိုအရာက လုံးဝ ဖြစ်နိုင်ချေ ရှိသည်။
သို့သော်လည်း... အခြားတစ်ဖက်၌ လျူပိုင်လီကတော့ မသေချာ မရေရာမှုကို ခံစားနေရဆဲ ဖြစ်သည်။ သူ့ နှလုံးသားက အန္တရာယ် ကြုံတွေ့ရတော့မည့် ခံစားချက်မျိုးဖြင့် လေးပင်နေ၏။ သို့သော်လည်း... သူက မည်သည့် မှတ်ချက်မှ ဝင်မပေးပါချေ။
လျူပိုင်လီ သူ့မွေးစား မြေးကလေး လျူမင် အကြောင်း တွေးလိုက်မိ၏။ ထိုကလေးမှာ အလွန် ပါရမီ ထူးချွန်ကာ သက်တူရွယ်တူ လူငယ်မျိုးဆက် အများစုထက် အလားအလာ ပိုမို မြင့်မားသည်။
ပိုမို၍ ချီးကျူးစရာ ကောင်းတာ တစ်ခုက ထိုကလေးမှာ ကျင့်ကြံ၍ မရသည့် အမှိုက်တစ်ယောက် ဘဝမှ နေ၍ လျူကလန်နှင့် ကောင်းကင်ဆုတ်ဖြဲခြင်းဂိုဏ်း၏ အနာဂတ် ခေါင်းဆောင် တစ်ယောက် ဖြစ်သည် အထိ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့ ရည်မှန်းချက်များနှင့် ထိုးထွင်း သိမြင်မှုတို့က လူငယ် တစ်ယောက် အတွက် အလွန် ထူးချွန်လွန်းလှပေသည်။
တစ်ခါတုန်းက လျူမင်မှာ ရတနာ တစ်ခုကို ဤဂြိုဟ်သိမ်ဂြိုဟ်မွှားမှ နေ၍ ရရှိခဲ့ဖူးသည်။ လျူပိုင်လီ အတွေးများကို လျှင်လျှင်မြန်မြန်ပင် အဆုံးသတ်ကာ ပြောလိုက်၏။
“ငါတို့ ဒီသတ္တဝါကြီးကို အရင် ရင်ဆိုင်ကြတာပေါ့... ဂြိုဟ်ပေါ်မှာ ရှိတဲ့ စူးစမ်းလေ့လာရေး အဖွဲ့က အဲဒီကောင်ကြီး ဘယ်နေရာမှာ ခိုအောင်း နေတယ် ဆိုတာ...”
ဘုန်း...
လျူပိုင်လီ အမိန့်ပေး နေစဥ်မှာပင် ဂြိုဟ်ဂြိုဟ်မွှားထံမှ အလွန်တရာ ပြင်းထန်လှသည့် ပေါက်ကွဲမှု တစ်ခု ထွက်ပေါ်လာ၏။ ကြယ်သင်္ဘောမှာ လှိုင်းလုံးထက်မှ လှေငယ်တစ်စင်းလို လွန့်လွန့်လူး သွားသည်။ လျူပိုင်လီမှာ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းရန် ကြယ်တာရာ အင်အားကိုပင် အသုံးပြု လိုက်ရ၏။ သူ့မျက်လုံးများကတော့ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားသည်။ မည်သည့် အရာများဖြစ်နေသနည်း။
“မဟာ အကြီးအကဲတို့... ဂြိုဟ်သိမ်ဂြိုဟ်မွှားက ပြောင်းလဲနေပြီ”
အသက်ရှူသံများ မြန်ဆန်၍ ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက်နေသည့် အရေးပေါ် အသံတစ်ခုမှာ မဟာ အကြီးအကဲများ၏ ဆက်သွယ်ရေး သလင်းကျောက်များမှ နေ၍ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ ထိုအသံ ပိုင်ရှင်မှာ ပြေးရင်းလွှားရင်း သတင်းပို့နေကြောင်း ထင်ရှားပေသည်။ သူက စူးစမ်း လေ့လာရေး အဖွဲ့ ခေါင်းဆောင်များထဲမှ တစ်ယောက်ပင်။
“ပြောင်းလဲတယ် ဟုတ်လား... ဘာပြောင်းတာလဲ...”
လျူပိုင်လီက ချက်ချင်း ပြန်လည် အသံပို့လိုက်၏။ သို့သော်လည်း... စက္ကန့် အနည်းငယ် ကြာသည် အထိ ဘာ တုန့်ပြန်မှုမှ ရောက်မလာပါချေ။ ဂြိုဟ်သိမ်ဂြိုဟ်မွှားထံမှ တုန်ခါမှုနှင့် ပေါက်ကွဲမှုများက ပိုမို၍ ပြင်းထန်လာသည်ကိုသာ သူတို့ သတိထားမိလိုက်သည်။ သတင်းကို စောင့်ဆိုင်းရင်း လျူပိုင်လီတို့ တစ်သိုက် ပိုမို၍ စိတ်လှုပ်ရှား လာခဲ့တော့၏။
“ဂြိုဟ်... ဂြိုဟ်သိမ်ဂြိုဟ်မွှားက ပြိုကျနေပြီ... ကယ်ပါဦး... ကယ်ကြပါဦး”
စူးစမ်း လေ့လာရေး အဖွဲ့ ခေါင်းဆောင်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ သွေးရူးသွေးတန်း ဖြစ်နေသည်ကို ထောက်ချင့်ခြင်းအားဖြင့် သူ၏ ကြောက်ရွံ့ ထိတ်လန့်မှုက မခန့်မှန်းနိုင်သည့် အဆင့်တစ်ခုကို ရောက်နေကြောင်း ထင်ရှားလှသည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှားထက်၌...
စူးစမ်း လေ့လာရေး အဖွဲ့ ခေါင်းဆောင်မှာ သူ့တွင် အစွမ်း ရှိသမျှ ခွန်အားကို သုံးကာ အန္တရာယ်နှင့် ပျက်စီး ပြိုကွဲမှုများကို ရှောင်တိမ်း ပြေးလွှား နေခဲ့၏။ ဟင်းလင်းပြင် လမ်းလျှောက်ခြင်း သံချပ်ကာများဖြင့် အမှောင် ဟင်းလင်းပြင် အတွင်း ထွက်ပြေး၍ အသက်ရှင်သန်ရန် ကြိုးပမ်း နိုင်သည့်တိုင် သူတို့၏ ကြယ်တာရာ အင်အားက ကန့်သတ်ခံထားရသည်။ ကျင့်ကြံခြင်း အခြေခံကို လက်တစ်ဖျစ်စာမျှပင် မသုံးနိုင်သလို မန်နာများကို ထိန်းချုပ်နိုင်စွမ်းလည်း မရှိရာ သူတို့ ပျံပင် မပျံ နိုင်ကြချေ။
ထိုအခိုက်၌ သူတို့ လုပ်နိုင်သမျှက သေမျိုးများ ကဲ့သို့ ပြေးရန်သာ ဖြစ်ပေသည်။ ဂြိုဟ်သိမ်ဂြိုဟ်က ကြောက်မက်ဖွယ် ကောင်းအောင် ပြောင်းလဲ နေ၏။ မြေပြန့်လွင်ပြင်က ချက်ချင်း ချွန်ထက်လာ၍ တောင်တစ်ခု ဖြစ်သွားတတ်သလို အဆုံးမဲ့ နက်ရှိုင်းသည့် ချောက်ကြီး အဖြစ်လည်း ပြောင်းလဲ သွားတတ်သည်။ ထိုအခါ သူ လုပ်နိုင်သမျှက နောက်သို့ ပြန်လှည့်ကာ ထွက်ပြေးခြင်း ဖြစ်သည်။
သူ ပြေးရင်းလွှားရင်း စူးစမ်းလေ့လာရေး အဖွဲ့ဝင် လူရွယ် တစ်ယောက်နှင့် တွေ့ဆုံ ခဲ့သေးသည်။ သူ သွားရောက် ပူးပေါင်းဖို့ ဟန်ပြင်နေစဥ်မှာပင် ကျောက်တုံး အပိုင်းအစ တစ်ခုက ထိတ်လန့်ဖွယ် အရှိန်နှုန်းဖြင့် လူရွယ်၏ သံချပ်ကာကို ထိုးဖောက် သွားသည်။ လူရွယ်မှာ ထိုထိုးဖောက်မှုကြောင့် ချင်ချင်း မသေပါချေ။ သို့သော်လည်း... ပေါက်ပြဲသွားသည့် သံချပ်ကာမှ နေ၍ မသန့်စင်သည့် လျှို့ဝှက် အမတေများမှာ သူ့ခန္ဓာကိုယ် အတွင်း တဟုန်ထိုး တိုးဝင် လာခဲ့၏။
လူရွယ်မှာ အော်ဟစ် မြည်တမ်းရင်းပင် သေဆုံး သွားခဲ့ရသည်။ ထိုအရာက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် သေခြင်းတရားမျိုးပင်။ ထိုမြင်ကွင်းက အဖွဲ့ ခေါင်းဆောင်ကို ချွေးစေးများနှင့် ပြည့်နှက် သွားစေခဲ့၏။
ဟင်းလင်းပြင် လမ်းလျှောက်ခြင်း သံချပ်ကာမှာ အလွန်ပင် မာကြောကာ အကြမ်းခံသည့် စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ လောကသခင် အဆင့် တစ်ယောက်ပင် ၎င်း၏ အကာအကွယ်အလွှာကို ထိုးဖောက်ဖို့ ခက်ခဲပေလိမ့်မည် ဖြစ်သည်။ သို့တိုင်အောင် ကျပန်း ထွက်ပေါ်လာသည့် ကျောက်တုံး တစ်ခုမှာ ၎င်းကို စက္ကူတစ်စ ကဲ့သို့ ထိုးခွဲ သွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ဖြစ်ပေါ်နေသည့် လက္ခဏာများ အရ ဂြိုဟ်သိမ်ဂြိုဟ်မွှားက မကြာခင် ပေါက်ကွဲတော့မှာ သေချာလှပေသည်။ သို့သော်လည်း... လေ့လာရေး အဖွဲ့ ခေါင်းဆောင်မှာ ထိုကဲ့သို့ သတင်း မပို့ဝံ့ချေ။ အဖြစ်မှန်ကို သိသွားပါက ထိုကြယ်သင်္ဘောမှာ နောက်သို့ ဆုတ်ခွာ ထွက်ပြေးသွားမှာ သေချာပေသည်။ ထို့ကြောင့်ပင် သူ့အသက်ကို ကယ်နိုးနိုး မျှော်လင့်ချက်ဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားက ပြောင်းလဲနေသည်ဟု သတင်း ပို့ခဲ့ခြင်း ဖြစ်သည်။
သူသာလျှင် မက... အခြား စူးမ်း လေ့လာရေး အဖွဲ့ဝင်များမှာလည်း အလားတူပင် အတွေးများ ရှိကြေပေသည်။ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သူတို့ သိသလို ဖြစ်ပေါ်လာမည့် အကျိုးဆက်ကိုလည်း သူတို့ သိကြပေသည်။ သူတို့ အားလုံး အသံများ ပို့လွှတ်ကြသည့်တိုင် အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြခြင်းမျိုးကိုတော့ မလုပ်ခဲ့ကြပါချေ။
ကြယ်သင်္ဘောထက်တွင်တော့ မဟာ အကြီးအကဲ သုံးယောက်မှာ အနည်းငယ် စဥ်းစားရ ခက်နေခဲ့၏။ အပြောင်းအလဲ... နောက်ပြီး ပြိုကျမှု... မည်သည့် အရာက ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ပြိုကျ စေသနည်း။ ဟင်းလင်ပြင် သားရဲက အပြင်လူများကို မလိုလားသောကြောင့် ပတ်ဝန်းကျင် အခြေအနေများကို ပြောင်းလဲ ပစ်သလော။
စူးစမ်းလေ့လာရေး အဖွဲ့၏ လွဲမှားသော သတင်း ပေးပို့ချက်များကြောင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားက မကြာခင် ပေါက်ကွဲ သွားတော့မည်ဟု သူတို့ မထင်မိပါချေ။
“ကျွန်မတို့ အရင်ဆုံး လေ့လာရေး အဖွဲ့တွေကို ကယ်ရအောင်...”
လျူမူလန်က အကြံပြုလိုက်၏။ ထိုအဖွဲ့ထဲမှ အချို့အဝက်မှာ သူမထံမှ ဆင်းသက်လာသည့် တိုက်ရိုက် မျိုးဆက်များ ဖြစ်ကြပေသည်။
လျူရှောင်ခွန်းက မျက်မှောင်ကြုတ် လိုက်၏။
“ကယ်မှာလား... ဒါပေမဲ့...”
ဘုန်း...
သူ့စကား အဆုံးမသတ်ခင်မှာပင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး တစ်ခု ထွက်ပေါ်လာ၏။ အားလုံး၏ အမူအရာများက ချက်ချင်းပင် ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက်သွားသည်။
အမှောင် ဟင်းလင်းပြင်မှာ ပုံမှန် လေထုတစ်ခုနှင့် ခြားနားလေရာ သာမန် အသံများကို ထုတ်လွှင့်ပေးစွမ်း မရှိချေ။ ပထမ တစ်ကြိမ် သူတို့ ကြားလိုက်ရသည့် အသံမှာ ကြယ်သင်္ဘော၏ အမျိုးမျိုးသော ဝင်္ကပါများမှ ဖမ်းပေးသည့် အသံသာ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ခြားနားစွာပင် အသံကို သူတို့ ကိုယ်တိုင် နားများဖြင့် ဆတ်ဆတ် ကြားလိုက်ရခြင်း ဖြစ်သည်။
အသံမှာ သူတို့ ကြယ်သင်္ဘော၏ အကာအကွယ် အပြင်ဘက်မှ တိုက်ရိုက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သင်္ဘောထက်ရှိ အကြီးအကဲများနှင့် သင်္ဘောသားများမှာ အသံလာရာကို ကြည့်လိုက်ကြ၏။ ပြင်းထန်သည့် ဝိညာဥ် ဖိအားက သူတို့ အပေါ်သို့ စီးမိုးကာ ပြုတ်ကျလာသည်။
ထို့နောက် လုံးဝ မယုံကြည်နိုင်သည့် သတ္တဝါဆန်း တစ်ကောင်ကို သူတို့ တွေ့လိုက်ကြရလေတော့သည်။
နဂါး...
၎င်းက အရှည် မီတာ တစ်ထောင်ခန့် ရှိကာ အဆုံးမဲ့ ကြီးကျယ် မြင့်မြတ်မှု အော်ရာကို သယ်ဆောင် ထား၏။ ၎င်း၏ မီးခိုးရောင် အကြေးခွံများနှင့် ငွေရောင် မျက်လုံးများကတော့ ဟင်းလင်းပြင် တစ်ခုလုံးကို ချုပ်ကိုင်ကာ လွှမ်းမိုးထားပုံ ပေါ်သည်။ ၎င်း၏ သွားများကတော့ ဓားများလို ချွန်ထင်နေကာ မည်သည့် အရာကို မဆို ကိုက်ဖြတ် နိုင်စွမ်း ရှိပုံ ပေါ်သည်။
သူတို့ ကြည့်နေစဥ်မှာပင် နဂါးက ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက် လေတော့၏။
“ဂါး...”
***