← Chapters

လွန်ခဲ့သည့် နှစ်ရက်

Vol. 57 Ch. 788

လွန်ခဲ့သည့် နှစ်ရက်

Vol. 57 Ch. 788

“ပိုင်လင်... မင်း ဒဏ်ရာ ရနေတာလား...”

ဝေ့ဝူယင်က မေးလိုက်၏။ ပိုင်လင်က ဖုံးကွယ်ရန် မကြိုးစားချေ။ ချက်ချင်းပင် ရှင်းပြလိုက်၏။

“အဲဒီ ခွေးမသားတွေက ကျွန်တော့်ကို ဒီဂြိုဟ်ကနေ ဖယ်ရှားပစ်ဖို့ ကြိုးစားခဲ့တာ...”

ပိုင်လင်က နှာတစ်ချက် မှုတ်ရင်း ပြောလိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးများက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်ကာ နှလုံးသား အတွင်းရှိ ဧဒင် အမှတ်အသားနှင့် ချိတ်ဆက်လိုက်သည်။ ချက်ချင်းပင် အသက်အင်အားများမှာ စီးထွက်လာကာ ပိုင်လင်၏ ခန္ဓာကိုယ် အတွင်း စီးဝင်သွား၏။ သူမ ရရှိထားသည့် ထိခိုက်မှုများက လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ် သွားသည်။ နိဗာန မီးတောက်များက ချက်ချင်းပင် ပြန်လည် အသက်ဝင်လာကာ ရွှေရောင် မျက်လုံးများမှာ တောက်ပ အားကောင်းသည့် အော်ရာများကို ထုတ်လွှတ် လာ၏။

ဂီး...

ပိုင်လင်က ပျော်ရွှင်စွာပင် အော်ဟစ်လိုက်၏။ ဝေ့ဝူယင်က ဖြူရော်စွာပင် ပြုံးလိုက်သည်။ မီးဖီးနစ် သွေးမျိုးဆက် သားရဲ တစ်ကောင် အနေဖြင့် ပိုင်လင် အတွက် ဒဏ်ရာ ရရှိဖို့မှာ အလွန်ပင် ခက်ခဲလှသည်။ သူမနှင့် တိုက်ခိုက်ခဲ့သူက အနည်းဆုံး သေမျိုးတစ်ပိုင်း အရှင် အဆင့်မှာ ရှိနေမှာ သေချာသည်။

“ဘာတွေ ဖြစ်တာလဲ ငါ့ကို ပြောပြတော့”

ပိုင်လင်၏ မျက်လုံးများမှာ ပြင်းထန်သည့် အကြမ်းဖက် လိုစိတ်များဖြင့် လောင်ကြွမ်းလာ၏။ အတန်ကြာပြီး နောက်မှ သူမက ပြန်လည် တည်ငြိမ်လာကာ အလုံးစုံကို ရှင်းပြလိုက်လေတော့သည်။

“သခင် ထွက်သွားတဲ့ အချိန်တုန်းက...”

...

လွန်ခဲ့သည့် နှစ်ရက်...

ဟူး... ဟူး...

ဆလင်ဒါ သဏ္ဌာန် အလင်းတန်း၏ သယ်ဆောင်မှုနှင့် အတူ ဝေ့ဝူယင်မှာ အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင်ကာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ပိုင်လင်မှာ မြေပြင်ပေါ်တွင် ရပ်ရင်း ကောင်းကင်ကို မော့ကြည့် နေမိခဲ့၏။ “ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ဖို့” နောက်ဆုံး အမှာစကားကို ဝေ့ဝူယင် ကြားပါစေဟု သူမ မျှော်လင့် လိုက်မိသည်။

ဂီး...

ပိုင်လင် ခပ်ဖျော့ဖျော့ အော်သံ တစ်ခုကို ထုတ်လွှတ်လိုက်မိ၏။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် ဝေ့ဝူယင် မည်သည့် အရပ်သို့ ထွက်ခွာသွားသည်ကို သူမ မသိခြင်းဖြစ်သည်။ အနန္တ ကုန်းမြေတိုက်ကြီး၌ ဆယ်နှစ်ကြာ ဝေးကွာခဲ့သည့်တိုင်အောင် ဝေ့ဝူယင် မည်သည့် နေရာ၌ ရှိနေသည်ကို သူမ အမြဲတမ်း သိနေခဲ့သည်။

ယခုတွင်မူကား...

စိုးရိမ် ပူပန်မှု၊ ဝမ်းနည်း ပူဆွေးမှုတို့က သူမ စိတ်အတွင်း တိုးဝင်လာခဲ့၏။ ဝေ့ဝူယင်၏ စွမ်းရည် အပေါ် ယုံကြည်ချက် အပြည့်အဝ ရှိသည့်တိုင်အောင် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ ကမ္ဘာကို သူမ ကြုံဆုံ ခဲ့ပြီး ဖြစ်သည်။ သေမျိုး အကန့်အသတ် အလွန် တည်ရှိမှုများနှင့် ထိပ်တိုက် ရင်ဆိုင်ရပါက ဝေ့ဝူယင် အတွက် အသက်ရှင်သန်ဖို့ မလွယ်ကူလှချေ။

လက်ရှိ သူမ လုပ်နိုင်သမျှက စောင့်ဆိုင်းဖို့သာ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ စောင့်ခဲ့သည်။ သို့သော်လည်း... သူမ မသိခဲ့သည့် အချက်ကား... အလင်းပြာဂြိုဟ်ထက်ရှိ အင်အားစု အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ခြင်းပင်။

လွန်ခဲ့သည့် မိနစ်ပိုင်း၌... ဝေ့ဝူယင်မှာ အချိန် အကန့်အသတ်ကြောင့် ဂြိုဟ်အကွာအကွယ် အစီအရင်ကို တိုက်ရိုက်ပင် ကျော်ဖြတ်ကာ အလင်းပြာဂြိုဟ်ထဲ ဝင်ရောက်ခဲ့သည်။ အားနည်းသည့် အင်အားစုများမှာ ထိုအခြင်းအရာကြောင့် ထိတ်လန့် တုန်လှုပ်သွားကြကာ အနီးအနားရှိ အင်အား အကြီးဆုံး ကောင်းကင် အစွန်းအထင်း လျှို့ဝှက်ခန်းမကို သတင်းများ ပေးပို့ ခဲ့ကြသည်။

သူတို့၏ တုန့်ပြန်မှုများက အလွန်ပင် မြန်ဆန်ခဲ့ကာ လျှို့ဝှက် ခန်းမ ခေါင်းဆောင်၊ ဂြိုဟ် ကာကွယ် စောင့်ရှောက်သူ လျှို့ဝှက်ကြယ်တာရာ အဆင့် ကိုယ်တိုင် ရောက်ရှိလာ၍ စုံစမ်းခဲ့သည်။ သူ ပိုင်လင်ကို လျှင်မြန်စွာပင် ရှာဖွေ တွေ့ရှိသွားခဲ့သည်။

ထို့နောက်တွင်... သူက လျှို့ဝှက် ဝိညာဥ် အဆင့် ကျင့်ကြံသူများကိုပင် ရင်ဆိုင်နိုင်သော လက်နက်များ တပ်ဆင်ထားသည့် ကြယ်သင်္ဘောနှင့် အတူ ရောက်ရှိလာကာ ပိုင်လင်ကို ဝန်းရံခဲ့သည်။ ပထမ၌ ခန်းမ ခေါင်းဆောင်မှာ ပိုင်လင်ကို မေးခွန်းများ မေးကာ သားရဲပိုင်ရှင်ကို ရှာဖွေဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း... ပိုင်လင်က တုန့်ပြန်ရန် အဖက်မတန်ဟန်ဖြင့် မျက်လုံးများကို မှိတ်၍ ဝပ်ကာသာ နေခဲ့၏။ အကြိမ်ကြိမ် အခါခါ ကျရှုံးပြီး နောက်တွင်တော့ ခန်းမ ခေါင်းဆောင်မှာ သားရဲ ပိုင်ရှင်ကို အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဆွဲထုတ်ရန် ဆုံးဖြတ်ခဲ့တော့သည်။

“သားရဲကို မီးရှို့လိုက်ကြစမ်း...”

ခန်းမ ခေါင်းဆောင် ကောင်းကင်အစွန်းအထင်းက အမိန့်ပေးလိုက်၏။ ချက်ချင်းပင် ကြယ်သင်္ဘောများထက်ရှိ လျှို့ဝှက်အဆင့် အမြှောက်ကြီးများမှာ အပြာရောင် အလင်းတန်းများကို ပစ်လွှတ်လိုက်ကြတော့သည်။

ရှူး... ရှူး...

အမြှောက်ဆံများမှာ အလင်းထက် အဆပေါင်း များစွာ မြန်သော နှုန်းဖြင့် ပတ်ဝန်းကျင်ကို ထိုးခွဲသွားကြကာ အလင်းပြာများမှာ လောကအနှံ့ စွန်းထင်း သွား၏။

ပိုင်လင်၏ တုန့်ပြန်မှုကတော့ ရိုးရှင်းလှပေသည်။ သူမက အတောင်ပံများကို ဖြန့်ကျက်ကာ ထိုအရာများကို တိုက်ရိုက်ပင် ရိုက်ထုတ်လိုက်၏။ ထို့နောက် သူမက မျက်လုံးများကို ပြန်လည် မှိတ်ကာ ဝေ့ဝူယင်ကိုသာ ဆက်လက် စောင့်ဆိုင်း နေခဲ့လေသည်။

ဘုန်း... ဘုန်း...

အမြှောက်ဆံများက အနီးအနားရှိ တောများ၊ တောင်များ မြို့များ၊ ရွာများဆီသို့ ကျဆင်းသွားကာ မိုင်ပေါင်း ရာချီသည့် ပေါက်ကွဲမှုများကို ဖြစ်ပေါ်သွားစေခဲ့၏။

ထိုအခြင်းအရာက သင်္ဘောသားများနှင့် ကောင်းကင် အစွန်းအထင်းတို့ကို ထိတ်လန့် တုန်လှုပ် သွားစေခဲ့၏။ တန်ခိုးရှင် အဆင့် သားရဲ... ကောင်းကင် အစွန်းအထင်း၏ မျက်နှာက အချိန်နှင့် အမျှ ပိုမို၍ အကျည်းတန် လာခဲ့၏။ သားရဲ တစ်ကောင် ပင်လျှင် သူ့ ကိုင်တွယ်နိုင်စွမ်းကို ကျော်လွန်နေလေရာ ပိုင်ရှင်က ပိုမို ကြောက်ဖို့ ကောင်းမှာ သေချာသည်။

ကောင်းကင် အစွန်းအထင်းမှာ သူ့ လွှမ်းမိုးမှုနှင့် အချုပ်အချာ အာဏာတို့ကို ထိပါးမှာ စိုးရိမ် လာလေရာ ချက်ချင်း လက်ငင်းပင်... ဂြိုဟ် အုပ်စိုးသူ ဝိညာဥ် လမ်းလျှောက်သူ ခန်းမ ထံသို့ တိုက်ရိုက် သတင်းပို့တော့၏။ ထိုအရာကပင် အဖြစ်အပျက်များကို ပိုမို၍ ရှုပ်ထွေး စေခဲ့ကာ အလင်းပြာ တစ်ခုလုံး ပျက်သုဥ်းခြင်းဆီသို့ ဦးတည် စေခဲ့ခြင်းပင် ဖြစ်လေသည်။

...

အနုစိတ်ခြင်းနှင့် စနစ်ကျခြင်း...

ထိုအရာက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ တည်ဆောက်မှုကို အပြီးပြည့်စုံဆုံး ရည်ညွှန်းနိုင်သည့် စကားလုံး နှစ်ခုပင် ဖြစ်လေသည်။ ရှန့်ထို ခန်းမ အရေအတွက် ဖြစ်စေ၊ နေကြယ်များဖြစ်စေ၊ အချိန်နှင့် ပြက္ခဒိန်များ ကျော်ဖြတ်မှုကို ဖြစ်စေ... ထိုအဖွဲ့အစည်းတွင် ”၉” ဟူသည့် ဂဏန်းကို သူတို့က စံထားကာ အသုံးပြု ကြသည်။

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် “ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေ၊ ဝိညာဥ်ကျဆင်းခြင်း နယ်မြေ၊ ဝိညာဥ် ဖန်တီးခြင်း နယ်မြေ၊ ဝိညာဥ် ပေါက်ကွဲခြင်း နယ်မြေ၊ ဝိညာဥ် ဖျက်ဆီးခြင်း နယ်မြေ၊ ဝိညာဥ်ဉာဏ်အလင်း နယ်မြေ၊ ဝိညာဥ်ထစ်ချုန်း နယ်မြေ၊ ဝိညာဥ်သိုင်း ဝိညာဥ် နယ်မြေနှင့် ဝိညာဥ်ရှန့်ထို နယ်မြေ”ဟူသည့် အဓိက နယ်မြေကြီး ကိုးခုကို အုပ်စိုးနေသည့် ခေါင်းဆောင် အဖွဲ့ ကိုးခု ရှိပေသည်။

ထိုခေါင်းဆောင် အဖွဲ့ကြီးများကို ရှန့်ထို ခန်းမများ ဟုကာ တစ်ဖွဲ့လျှင် မြေကြီး ရှန့်ထို တစ်ယောက်ကျကို ပိုင်ဆိုင် ထားကြပေသည်။ ကြယ်တာရာ နယ်မြေ၏ လူမှု အဖွဲ့အစည်း တစ်ခုလုံးကို အလွှာ ကိုးခု ခွဲခြားထားကာ တစ်လွှာချင်းစီကို အသီးသီးသော ခန်းမများက အုပ်ချုပ်ကြသည်။ ခန်းမများကို မြင့်ရာမှ နိမ့်ရာသို့ စီပြရလျှင်... ရှန့်ထိုခန်းမ၊ အရှင်သခင်ခန်းမ၊ ဝိညာဥ်ခန်းမ၊ လျှို့ဝှက်ခန်းမ၊ ကြယ်တာရာခန်းမ၊ အချိန်ခန်းမ၊ လောကခန်းမ၊ သေမျိုးခန်းမနှင့် မူလခန်းမတို့ ဟူ၍ပင်။

ရှန့်ထို ခန်းမ တစ်ခု ဦးစီးသည့် အဓိက နယ်မြေကြီး တစ်ခုတွင် ဒေသ ကိုးခု ပါဝင်ကာ အရှင်သခင် ခန်းမ ကိုးခုက ဦးစီးသည်။ အရှင်သခင် ခန်းမ တစ်ခုချင်းစီကို သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကျစီက တာဝန်ယူ အုပ်ချုပ် ထား၏။

ယင်းဒေသတစ်ခုချင်းစီတွင်လည်း တဖန် ဝိညာဥ်ခန်းမများ အုပ်စိုးသည့် ဂြိုဟ်ကိုးလုံးစီ ပါဝင်နေ၏။ ဝိညာဥ် ခန်းမများကိုတော့ လျှို့ဝှက်ဝိညာဥ် အဆင့် ကျင့်ကြံသူများက တာဝန်ယူ ရ၏။ လျှို့ဝှက်ခန်းမ၊ ကြယ်တာရာခန်းမ၊ အချိန်ခန်းမ၊ လောကခန်းမ၊ သေမျိုးခန်းမနှင့် မူလခန်းမတို့ကိုလည်း အလားတူပင်... “ကိုး” ဂဏန်းကို စံထားကာ ဆက်လက် ခွဲခြားထားသည်။

မည်သူမဆို... ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ ဖွဲ့စည်းပုံကို အတွင်းကျကျ လေ့လာမိပါက အလွန်ပင် အံ့အားသင့်ကာ အထင်ကြီး မိလိမ့်မည် ဖြစ်သည်။ သူတို့က မဟာစက်ဝန်း ကြယ်ကွင်းပြင်ကြီး တစ်ခုလုံးတွင် အဆုံးမဲ့ ကောင်းကင်နောက် ဒုတိယမြောက် အင်အား အကြီးဆုံး အင်အားစု ဖြစ်နေသည်မှာ အံ့သြစရာ မရှိပါချေ။

အလင်းပြာဂြိုဟ်မှာ ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေကြီး အတွင်းတွင် တည်ရှိကာ အမတေတုန်ခါခြင်း ဒေသပိုင် ဂြိုဟ်ကိုးလုံးထဲတွင် တစ်ခု အပါအဝင် ဖြစ်ပေသည်။ ၎င်းကို ဝိညာဥ် လမ်းလျှောက်သူ ခန်းမက ကွပ်ကဲထားကာ လျှို့ဝှက်ခန်းမ ကိုးခုက ဂြိုဟ်အနှံ့ ဖြန့်ကျက်ထားသည်။ ထိုလျှို့ဝှက်ခန်းမ ကိုးခု အနက် တစ်ခုကတော့ ကောင်းကင် အစွန်းအထင်း ခန်းမပင် ဖြစ်လေသည်။

ထိုနေ့တွင်တော့... ဝိညာဥ် လမ်းလျှောက်သူ ခန်းမမှာ ကောင်းကင် အစွန်းအထင်း ခန်းမထံမှ ဂြိုဟ်ဝင်္ကပါထဲ တိုက်ရိုက် ချိုးဖျက်ကာ ဝင်ရောက်လာသည့် ငှက်ကြီးတစ်ကောင် အကြောင်း သတင်းစကားကို လက်ခံ ရရှိခဲ့လေ၏။

***

All Chapters