← Chapters

ဝိညာဥ် လမ်းလျှောက်သူ ခန်းမ

Vol. 57 Ch. 789

ဝိညာဥ် လမ်းလျှောက်သူ ခန်းမ

Vol. 57 Ch. 789

ဝိညာဥ် လမ်းလျှောက်သူ ခန်းမ...

ဝိညာဥ်လမ်းလျှောက်သူ ခန်းမမှာ ဂြိုဟ်ပေါ်၌ တိုက်ရိုက် တည်ရှိနေသည် မဟုတ်ချေ။ ဂြိုဟ်ရံလ ကိုးခု အနက် တစ်ခုတွင် သီးခြား တည်ရှိနေသည့် လောကနယ်မြေတစ်ခုမှ နေ၍ လှမ်း၍ အုပ်ချုပ်နေခြင်းဖြစ်သည်။ ထိုလောကနယ်မြေမှာ ကျင့်ကြံခြင်း အတွက် ပိုမို သင့်တော်သည့် ပတ်ဝန်းကျင် တစ်ခု ဖြစ်ကာ သာမန် ပြင်ပ ကိစ္စများကို ကိုင်တွယ်ရန် အတွက် တမန်တော်ယု ကဲ့သို့ လျှို့ဝှက် ကြယ်တာရာ အဆင့်များကို စေလွှတ်လေ့ ရှိသည်။

(မှတ်ချက်... တမန်တော်ယုမှာ လင်းမင်နှင့် လင်းရှန်းရှဲ့တို့ ထံသို့ ဝိညာဥ် လမ်းလျှောက်သူ ကိုယ်စား အကြွေးသွားရောက် တောင်းခံခဲ့သူပင်။)

ဝိညာဥ် ခန်းမ အများစုမှာ များသောအားဖြင့် ဂြိုဟ်၏ အရေးကိစ္စများကို ဝင်ရောက် ကိုင်တွယ်လေ့ မရှိချေ။ သူတို့က နယ်မြေခံ အဖွဲ့အစည်းများကိုသာ အုပ်ချုပ်ခွင့် အာဏာကို လွှဲအပ်ထားလေ့ ရှိသည်။ အလားတူပင် ဝိညာဥ် လမ်းလျှောက်သူ ခန်းမမှာလည်း သူတို့၏ သြဇာအာဏာကို ကောင်းကင် အစွန်းအထင်း ခန်းမထံသို့ ပေးအပ်ထားသည်။

ထိုအရာက ဂြိုဟ်ထက်ရှိ လျှို့ဝှက်ခန်းမများ အကြားတွင် သြဇာအာဏာ မတူညီရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ သို့သော်လည်း... သူတို့မှာ ကိုယ်ပိုင် နယ်မြေများထဲတွင်တော့ သီခြား လွတ်လပ်ခွင့်များ ရှိကြပေသည်။

ဝိညာဥ်လမ်းလျှောက်သူ ခန်းမ အခြေစိုက်သည့် လောကနယ်မြေကို အစွန်းရောက် ဝိညာဥ်ဘုံဟု ခေါ်၏။ ၎င်းက အကြမ်းဖျဥ်းအားဖြင့် အနန္တကုန်းမြေတိုက်ကြီးလောက်သာ ရှိပေသည်။ အခြား နယ်မြေများနှင့် နှိုင်းယှဥ်လျှင် သေးငယ်သည်ဟု ဆိုနိုင်သည့်တိုင် လူဦးရေ သန်းရာချီ နေထိုင်နိုင်သည် အထိတော့ ကျယ်ပြန့်ဆဲ ဖြစ်သည်။

အစွန်းရောက် ဝိညာဥ်ဘုံ၏ အလယ်ဗဟို တည့်တည့်တွင်တော့ အဇူရာ မဟာ နန်းတော်ကြီး တစ်ခု တည်ရှိ၏။ ၎င်း၏ တံတိုင်းထက်၌ စပါးအုံးမြွေများ ကဲ့သို့ စွမ်းအင်များမှာ ရစ်ခွေနေ၏။ ၎င်းတို့က ဟိုမှသည် ကူးလူး ရွေ့လျား နေကြလေရာ ငါးကလေးများအလား ထင်မှတ်မှားရသည်။

နန်းတော်ကြီး အတွင်းရှိ အလွန် ကြီးမားသော သတ္တုတံခါး တစ်ချက် အပြင်ဘက်တွင်တော့ လူသုံးယောက်မှာ မတ်တပ်ရပ် နေကြ၏။ သူတို့၏ မျက်လုံးများက အမျိုးမျိုးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ တစ်ခါတစ်ရံ သူတို့က စိတ်ရှုပ်ထွေးစွာဖြင့် တံခါးကို လှမ်းကာ ကြည့်နေခဲ့ကြ၏။

ထိုပုဂ္ဂိုလ် သုံးယောက် အနက် တစ်ယောက်မှာ မီးခိုးရောင်နှင့် အပြာရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် အသက်လတ် လူကြီး တစ်ယောက်ပင် ဖြစ်သည်။ သူက ရှည်လျားသော မီးခိုးရောင် ဆံပင်များကို နောက်တွင် စုကာ ချည်နှောင်ထား၏။ ထိုပုဂ္ဂိုလ်မှာ အရှင် ဝိညာဥ် လမ်းလျှောက်သူ၏ လက်အောက်ငယ်သား တမန်တော်ယုမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

အခြား နှစ်ယောက်ကတော့ မိန်းမများ ဖြစ်ကြသည်။ တစ်ယောက်က နန်းတွင်း ဝတ်စုံကို ဝတ်ဆင်ထားကာ သဘာဝ အတိုင်း ဖြူရော်သည့် အသားအရေနှင့် အပြာရောင် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ သူမက အနက်ရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားကာ အတော် လှပသူကလေး ဖြစ်သည်။ သို့သော်လည်း သူမ၏ အပြာရောင် မျက်ဝန်းများကတော့ မြင်ရသူတိုင်းကို အေးစိမ့်စိမ့် ခံစားချက် တစ်မျိုး ဖြစ်ပေါ်စေ၏။

အခြား တစ်ယောက်ကတော့ ရွက်ကြမ်းရေကြို ရုပ်ရည်နှင့် အသက်လတ် မိန်းမကြီး ဖြစ်သည်။ သူမက ခေတ်အမှီဆုံး ဝတ်စုံကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုကို လှစ်ဟာ ပြသထား၏။ သူမက နီညိုရောင် မျက်ဝန်းများနှင့် ရွှေဝါရောင် ဆံပင်တို့ကို ပိုင်ဆိုင်ထား၏။

ဘုန်း...

“အား...”

ဆက်တိုက်ဆိုသလိုပင် တံခါးနောက်ဖက်မှ ပေါက်ကွဲသံ တစ်ခုနှင့် စူးစူးရှရှ မိန်းကလေးအော်သံ တစ်ခုကို ကြားလိုက်ရ၏။

တမန်တော်ယုနှင့် မိန်းမကြီးတို့၏ ခန္ဓာကိုယ်များက တဆတ်ဆတ် တုန်ရီသွားသည်။ သူတို့၏ အမူအရာများက စိုးရိမ် ပူပန်မှုနှင့် မျှော်လင့်ချက်တို့ အပါအဝင် အမျိုးမျိုးသော ခံစားချက်များနှင့် ရောနှော ပြည့်နှက် သွား၏။ သို့သော်လည်း အပြာရောင် မျက်ဝန်း ပိုင်ရှင် မိန်းကလေးကတော့ အရာ အားလုံးကို လျစ်လျူကာ ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်ပေသည်။

အသက်လတ် မိန်းမကြီးမှာ အတွေးများကို ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့လေရာ အခြား နှစ်ယောက်ဖက်ကို လှည့်ကာ မေးလိုက်၏။

“ခန်းမသခင် အောင်မြင်လိမ့်မယ်လို့ နင်တို့ ထင်လား...”

“စောင့်ကြည့်တာပေါ့...”

အပြာရောင် မျက်ဝန်းပိုင်ရှင် မိန်းကလေးက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ သူမ၏ လေသံက စိတ်ခံစားမှု အငွေ့အသက်တို့ ကင်းမဲ့နေသည်။

တမန်တော်ယုက အသက်ကို ဖြည်းညင်းစွာ ရှူသွင်း ရှူထုတ် လုပ်လိုက်ရင်း နှလုံးသားထဲ၌ လေးလံမှုများကို ဖြေလျှော့ရန် ကြိုးပမ်းလိုက်သည်။ တစ်ခဏ ကြာပြီးနောက်မှ သူက စကားပြောရန် ဆုံးဖြတ်လိုက်၏။

“ခန်းမ သခင်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ရှိတဲ့ ထိပ်တန်း မြေကြီးရှန့်ထို တစ်ယောက်ရဲ့ အကူအညီကို ရထားတာ... မင်းတို့ သိကြမှာပေါ့ ဒြပ်စင် ကာကွယ်သူ ဟန်ယုဟိုင်လေ... သူက ခန်းမ သခင်ကို ကူညီပြီး လျှို့ဝှက်မူလ အရည်ကို သန့်စင် ပေးခဲ့တာ...”

“နောက်ပြီးသေမျိုးတစ်ပိုင်း အရှင် နှစ်ယောက်၊ ထန်ကလန်က နှစ်ယောက်နဲ့ ရွှေရောင် အသက်နန်းတော်က တစ်ယောက်တို့ကလည်း ခန်းမသခင် အတွက် ရုပ်ခန္ဓာနဲ့ လျှို့ဝှက် ရည်ရွယ်ချက်တို့ကို ပေါင်းစပ်ဖို့ လွယ်ကူအောင် လျှို့ဝှက် ပေါင်းစပ်ခြင်း ဝင်္ကပါကို ပူးပေါင်း အသက်သွင်း ပေးထားကြသေးတယ်...”

“ဒီလောက်တောင် ပြင်ဆင်ထားတာပဲ သူ အောင်မြင်မှာပါ... ကျိန်းသေ အောင်မြင်လိမ့်မယ်”

တမန်တော်ယု၏ စကားလုံးများက မိန်းမကြီးထက် သူ့ကိုယ်သူ ပိုမို၍ နှစ်သိမ့်နေဟန် ရ၏။ သို့သော်လည်း သွေးကြောများ ထောင်ထသည် အထိ တင်းတင်းဆုပ်ထားသည့် သူ့လက်သီးများက သူ မည်မျှ စိုးရိမ်နေကြောင်း ဖော်ပြနေပေသည်။

ခန်းမသခင်၏ အောင်မြင်မှုက အလွန်ပင် အရေးကြီးလှ၏။ သူမက ထိုတတိယ အဆင့် အတွက် နှစ်ပေါင်း နှစ်ထောင်ကျော် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ပြောရလျှင်...သူမမှာ သူတို့ မွေးမလာခင်ကတည်းက ပြင်ဆင်မှုကို စတင် နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမ အောင်မြင်ဖို့ သူတို့ မျှော်လင့်မိပေသည်။

ပေါက်ကွဲသံများနှင့် အော်ဟစ်သံများကို သူတို့ အဆက်မပြတ်ပင် ကြားနေရ၏။ အကယ်၍ အကာအကွယ် အစီအရင်များကြောင့်သာ မဟုတ်ပါက နန်းတော် တစ်ခုလုံးပင် ပြိုကျ ပျက်စီးသွားလောက်ပြီ ဖြစ်သည်။ ထိုဖြစ်စဥ်မှာ တစ်နာရီခန့် ကြာအောင် အဆက်မပြတ်ပင် ဆက်လက် ဖြစ်ပွား နေခဲ့၏။ တံခါး အပြင်ဘက်တွင်တော့ အချိန်နှင့် အမျှ လျှို့ဝှက် ကြယ်တာရာ အဆင့်များ၏ အမူအရာများက ပိုမို၍ လေးနက် လာခဲ့လေသည်။

ဝမ်...

ရုတ်တရက် အသက်လတ် မိန်းမကြီးမှာ ဝိညာဥ် ဆက်သွယ်မှု တစ်ခုကို လက်ခံ ရရှိလိုက်၏။ ပျံ့လွင့်နေသည့် အာရုံများက ထိုအပေါ်တွင် စုစည်း သွားသည်။

တမန်တော်ယုနှင့် မိန်းကလေးတို့ထံမှ စူးစမ်းသည့် အကြည့်များကြောင့် မိန်းမကြီးက တောင်းပန်သည့် အပြုံး တစ်ခု ပြုံးပြလိုက်သည်။ ယခုလို အရေးကြီးသည့် အချိန်အခါမျိုးတွင် ဆက်သွယ်မှု မပြုလုပ်ရန် သူမ လက်အောက်ငယ်သားများကို မှာကြားထားပြီး ဖြစ်သည်။ သို့သော်လည်း... သူတို့က လိုက်နာခြင်း မရှိခဲ့ချေ။ အပြင်ကို ရောက်မှ ကောင်းကောင်းကြီး ပညာပေးရမည်ဟု သူမ စိတ်ထဲတွင် တေးထားလိုက်၏။

သို့သော်လည်း... စာကို ဖတ်ပြီးသည့် နောက်တွင်တော့ မိန်းကလေး၏ အမူအရာက သဘာဝ မကျစွာ ပြောင်းလဲ သွားခဲ့တော့သည်။ သူမက တမန်တော်ယုဘက်ကို လှည့်လိုက်ရင်း...

“ရွှေရောင်နဲ့ အဖြူရောင် ရောနှောထားတဲ့ အမွေး အတောင်တွေနဲ့ ငှက်သားရဲ တစ်ကောင် အကြောင်း ရှင် ကြားဖူးတာ ရှိလား... သူ့မှာ ရွှေသွေးရောင် မီးတောက်တွေလည်း ရှိတယ်လို့ ပြောတယ်”

တမန်တော်ယုက မျက်မှောင်ကြုတ် လိုက်သည်။ တစ်ခဏမျှ စဥ်းစားပြီးနောက် လွန်ခဲ့သည့် နှစ်ဝက်ခန့်က ထွက်ပေါ်ခဲ့သည့် သတင်းတစ်ပုဒ်ကို ပြန်လည် သတိရလိုက်မိသည်။

“မီးဖီးနစ်...”

သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုစဥ်အခါက အမှောင် အာကာသ အတွင်း လှည်ပတ်သွားလာ နေသည့် လျှို့ဝှက် ကြယ်တာရာ အဆင့် အချို့မှာ ပျံသန်းနေသည့် မီးငှက် တစ်ကောင်ကို တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။ တမန်တော်ယု သတင်း နှစ်ခုကို ဆက်စပ် ကြည့်လိုက်၏။

ရွှေသွေးရောင် မီးတောက်၊ မီတာပေါင်း နှစ်သောင်းနှစ်ထောင် ကြီးမားသည့် ခန္ဓာကိုယ်...လွဲချော်ဖို့ မဖြစ်နိုင်သလောက်ပင်။

သတင်း ရင်းမြစ် အချို့ အရဆိုလျှင် အစစ်အမှန် မွေးဖွားခြင်း ကိုင်းခွဲ တစ်ခုမှာ မီးဖီးနစ် တစ်ကောင်၏ သုတ်သင် ရှင်းလင်းခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။ များစွာသော အင်အားစုများမှာ ထိုသတင်းနောက်ကို လိုက်ရန် ကြိုးပမ်း ခဲ့ကြသော်လည်း ဘာအစအနကိုမှ ရှာမတွေ့ခဲ့ပါချေ။

ဘယ်လိုပဲ ဖြစ်ဖြစ်... ၎င်း၏ လက်ချက်ဖြင့် အစစ်အမှန် မွေးဖွားခြင်း၏ အရိပ်ဥ တစ်ခု ဖျက်ဆီး ခံလိုက်သည်ကတော့ တကယ်ပင် ဖြစ်သည်။ ကောလဟလ အချို့ အရဆိုလျှင်... အစစ်အမှန် မွေးဖွားခြင်းမှာ ထိုဖီးနစ်ငှက်ကို ဖမ်းဆီးရန် အတွက် အမိန့်ပင် ထုတ်ထားပြီးပြီဟု သိရသည်။ သူတို့က အလွန် လျှို့ဝှက်စွာ လှုပ်ရှားတတ်သည့် မြေအောက် အဖွဲ့အစည်းကြီး ဖြစ်လေရာ ထိုကောလဟလကို အတည်ပြုရန်တော့ ခက်ခဲလှသည်။

များစွာသော ကျွမ်းကျင်သူများကတော့ ထိုဖီးနစ်ငှက်မှာ လျှို့ဝှက် ဝိညာဥ် အဆင့်တွင် ရှိလိမ့်မည်ဟု ခန့်မှန်း ခဲ့ကြသည်။ တမန်တော်ယုမှာ တွေးရင်း တွေးရင်း ပိုမို၍ စိတ်လှုပ်ရှား လာခဲ့၏။ တစ်ခါတုန်းက အရှင် ဝိညာဥ် လမ်းလျှောက်သူမှာ မီးတောက်များ ထုတ်လွှတ်နိုင်သည့် ငှက်တစ်ကောင် အကြောင်း ပြောခဲ့ဖူးသည်။ သူမ၏ အဆိုအရဆိုလျှင်... ထိုငှက်၏ နိဗာန မီးတောက်များနှင့် သွေးမျိုးဆက်တို့မှာ ကျင့်ကြံခြင်း အတွက် အလွန်ပင် အကျိုးရှိကာ သွေးမျိုးဆက် စွမ်းရည်များကိုပင် တိုးမြှင့် ပေးနိုင်သည်ဟု ဆိုသည်။

လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် အနေဖြင့် နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းရန် သက်တမ်း ၈၀၀ အသက်အင်အားကို စုဆောင်းရန် သူ့အတွက် လိုအပ်နေပေသေးသည်။ သို့သော်လည်း... ပြောရတာက လွယ်သလောက် လုပ်ရတာက ခက်ခဲလွန်းလှသည်။

“ဘာလို့လဲ... မင်း သတင်း တစ်ခုခု ရထားလို့လား”

တမန်တော်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ ထိုသားရဲကို ရှာနေကြခြင်း ဖြစ်သည်။ အကယ်၍ သူ ၎င်းကို ဖမ်းဆီးနိုင်ခဲ့ပါက...

“အား...”

တံခါး၏ တစ်ဖက်မှ အလွန်ပြင်းထန်သည့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။ ရှင်းလင်းစွာပင် မင်းမှာ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

တမန်တော်ယုတို့ သုံးယောက်မှာ တိတ်ဆိတ်သွားကာ တံခါးကို စူးစိုက် ကြည့်နေလိုက်ကြ၏။ အချိန် တစ်ခဏ ကြာပြီးနောက် ပေါက်ကွဲသံများက တိတ်ဆိတ်သွားကာ လျှို့ဝှက် စွမ်းအင် လှိုင်းများမှာ ငြိမ်သက်သွားသည်။

တမန်တော်ယုမှာ လည်ချောင်းများ ခြောက်ကပ်နေရာ တံတွေးကို အခါခါ မြိုချ နေမိ၏။ သူ မသိစိတ်ဖြင့် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ တံခါးဝကို စိုက်ကြည့်နေသည့် သူ့မျက်လုံးများက မျက်တောင် တစ်ချက်မျှပင် မခပ်ချေ။ အောင်မြင်သွားသည်လား။ ကျရှုံးသွားသည်လား။

ဝိညာဥ် လမ်းလျှောက်သူ၏ အောင်မြင်မှု၊ ကျရှုံးမှုက သူမ တစ်ယောက်တည်း အတွက်သာ အရေးပါသည် မဟုတ်ချေ။ သူ့ အတွက်လည်း အလွန်တရာမှပင် အရေးကြီးပေသည်။

ခန်းမသခင်၏ တရားဝင် တပည့် တစ်ယောက် အနေဖြင့် သူမသာ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို တက်လှမ်း သွားနိုင်ပါက ပိုမို များပြားသည့် အစွမ်းများကို ပိုင်ဆိုင်လာလိမ့်မည် ဖြစ်သည်။ ထိုအခါ... သူမက သူ့အတွက် လိုအပ်သည့် အသက်အင်အားများကို သန့်စင်ကောင်း သန့်စင်ပေးနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင်... လျှို့ဝှက် အာဏာရှင် အဆင့်နှစ်ကို ခြေချရန် သူ့အတွက် နောက်တစ်ကြိမ် အခွင့်အရေး ရရှိနိုင်ပေလိမ့်မည် ဖြစ်သည်။

ခန်းမသခင်၏ အောင်မြင်မှုက သူ့အနာဂတ်နှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။ သို့ဖြစ်လေရာ တမန်တော်ယု မည်ကဲ့သို့ စိတ်မပူပဲ နေနိုင်ပါမည်နည်း။ မျက်လုံးပြာပြာနှင့် မိန်းကလေး၏ အမူအရာ ပင်လျှင် တဖြည်းဖြည်း ပြောင်းလဲလာကာ မျှော်လင့်ချက် အလင်း တစ်ချို့နှင့် အစားထိုး လာခဲ့၏။

ချပ်... ချပ်... ချပ်...

အချိန် တစ်နာရီ ထပ်မံ ကုန်လွန် သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက်...

ကျွီ...

သတ္တုတံခါးမှာ ပွင့်လာခဲ့၏။ အားလုံး၏ မျက်လုံးများက ထိုလှုပ်ရှားမှု နောက်ကွယ်ရှိ ပုံရိပ်ထံ မတုန့်မဆိုင်းပင် ကျရောက်သွားသည်။

ဝှစ်...

ပွင့်ဟနေသည့် တံခါးရွက် နှစ်ခုကြားမှ နေ၍ လှပသော မိန်ကလေး တစ်ယောက် ထွက်ပေါ်လာခဲ့၏။ သူမက သွေးနီရောင် ဖောက်သည့် အနက်ရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားကာ ဗာမီလီယန် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ ရင်ဘတ်ထက်တွင်တော့ “ထန်” ဆိုသည့် ရွှေရောင် စကားလုံးကို ရေးထိုးထားသည်။ သူမ၏ နဖူးထက်တွင်တော့ ချွေးစ အချို့ ရှိနေခဲ့၏။

စိုးရိမ် ပူပန်စွာ စောင့်ဆိုင်းနေသည့် တမန်တော်ယုတို့ သုံးယောက်ကို ကြည့်ရင်း မိန်းကလေးက လှပစွာ ပြုံးလိုက်သည်။

“မင်းတို့ရဲ့ ဆရာသခင် ဝိညာဥ် လမ်းလျှောက်သူက မင်းတို့ကို တွေ့ချင်တယ် တဲ့”

စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်ရာ တမန်တော်ယု၏ မျက်လုံးများမှာ ဝမ်းသာမှု၊ ပျော်ရွှင်မှုတို့နှင့် တလက်လက် တောက်ပ သွားခဲ့တော့၏။ သူက အလျှင်အမြန်ပင် ဦးညွှတ်ကာ ဝမ်းပမ်းတသာဖြင့် ပြောလိုက်တော့သည်။

“ကျေးဇူးတင်ပါတယ်... အရှင် သွေးမီးတောက်...”

များမကြာခင်မှာပင်... သူတို့ သုံးယောက်မှာ အရှင် သွေးမီးတောက်ကို အရိုအသေ ပေးကာ ခန်းမ အတွင်းသို့ အသီးသီး ဝင်ရောက် သွားကြပြီ ဖြစ်သည်။

အားလုံး ပျောက်ကွယ်သွားပြီး နောက်၌ သွေးမီးတောက်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်း သွားခဲ့၏။ ဟင်းလင်းပြင် လက်စွပ်ကို တစ်ချက် လှမ်းကြည့်ရင်း သူမ၏ မျက်လုံးများက လောဘ အရိပ်အယောင်များဖြင့် တောက်ပသွားသည်။

“မီးဖီးနစ်က ဒီကို ရောက်နေတာလား...”

သူမက မတုန့်မဆိုင်းပင် ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ သူမ၏ ထန်ကလန်ဆီ သတင်း ပေးပို့ လိုက်သည်။ ပြီးသည်နှင့် သူမက အခန်းအတွင်း ပြန်ဝင်ကာ တံခါးကို ပြန်လည် ပိတ်လိုက်တော့၏။

ထန်ကလန်တွင်တော့... ဟင်းလင်းပြင် သင်္ဘောများမှာ ဟင်းလင်းပြင် ဂိတ်တံခါးများကို ဖြတ်သန်းကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ နယ်နိမိတ်ဆီ ရောက်ရှိ လာနေခဲ့ပြီ ဖြစ်သည်။ မည်မျှပင် ကုန်ကျ စေကာမူ သူတို့မှာ အပူတပြင်းပင် ချီတက် လာနေခဲ့လေ၏။

***

All Chapters