← Chapters

ကြယ်ကိုးပွင့်ကို ဝင်ရောက်လာသည့် ထန်များ

Vol. 57 Ch. 790

ကြယ်ကိုးပွင့်ကို ဝင်ရောက်လာသည့် ထန်များ

Vol. 57 Ch. 790

“အဲ့ကောင်ကြီးက ဘာလုပ်နေတာလဲ...”

လူသောင်းပေါင်းများစွာ တင်နိုင်အောင် ကြီးမားသည့် ကောင်းကင်သင်္ဘောကြီး ထက်၌ ကျင့်ကြံသူ တစ်စု ရှိနေခဲ့၏။ သူတို့ကို ဦးဆောင်နေသူကတော့ ကောင်းကင် အစွန်းအထင်း အပါအဝင် အလင်းပြာဂြိုဟ်ထက်ရှိ လျှို့ဝှက်ခန်းမ ကိုးခု သခင်များပင်။ သူတို့အားလုံး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အော်ရာများက သေမျိုး အဆင့်ကို ကျော်လွန်နေကြောင်း ဖော်ပြနေ၏။

မေးခွန်းကို မေးလိုက်သူက အသက် နှစ်ဆယ်ကျော် ရုပ်ရည်ရှိသည့် ချောမော ခန့်ညားသော လူငယ် တစ်ဦးပင်။ ကျန်းမာ လန်းဆန်းသည့် အသားအရေနှင့် တောက်ပသည့် မျက်လုံးများက သူ၏ ငယ်ရွယ် နုပျိုမှုကို ဖော်ပြနေ၏။ သို့သော်လည်း... လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ ဆိုသည့် သူ၏အဆင့်အတန်းကတော့ အလွန်ပင် အထင်ကြီး ဖွယ်ရာ ကောင်းလှပေသည်။

ကောင်းကင် အစွန်းအထင်းက မျက်မှောင်ကြုတ်ကာ အောက်သို့သာ ငုံ့ကြည့်နေသည်။ သူ၏ အမူအရာက လေးပင်သော ဖိအားများဖြင့် ပြည့်နှက် နေ၏။ ဝိညာဥ် လမ်းလျှောက်သူ ခန်းမသို့ သူ သတင်းပို့ ထားခဲ့သည်မှာ နှစ်နာရီကျော် ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မည်သည့် တုန့်ပြန်မှုက ရောက်ရှိလာခဲ့ခြင်း မရှိသေးချေ။ အစွန်းရောက် ဝိညာဥ်ဘုံတွင် ဝိညာဥ်လမ်းလျှောက်သူ တံခါးပိတ် ကျင့်ကြံနေကြောင်း သူ ကြားသည့်တိုင်... ဤသည်ကလည်း တကယ့် ကပ်ဘေးကြီး ဖြစ်သည်။

မူလဇစ်မြစ် မသိရသည့် သားရဲ တစ်ကောင်မှာ အလင်းပြာပေါ်သို့ ဆင်းသက်လာခဲ့သည်။ ၎င်း ပိုင်ဆိုင်ထားသည့် ခွန်အားက ကျိန်းသေပင် လျှို့ဝှက် ကြယ်တာရာ အဆင့်ကို ကျော်လွန်နေသည်။ သူ့အမြှောက်များ၊ ဝင်္ကပါများပင်လျှင် ၎င်းကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

“အနားယူနေတာ ဖြစ်ချင် ဖြစ်မှာပေါ့... ကျုပ်တို့ ယဥ်ပါးအောင် ကြိုးစားကြည့်ရင်ရော...”

လျှို့ဝှက် ခန်းမ သခင် တစ်ယောက်က ဆိုလိုက်၏။

“ဒါဆို ခင်ဗျား သွားပြီး လုပ်ကြည့်ပါလား... ကျုပ်တို့ ကြည့်နေမယ်”

လူငယ် ခန်းမ သခင်က မျက်ခုံးကို ပင့်ရင်း တိုက်တွန်းလိုက်၏။ ထိုအခါ... စောစောက လျှို့ဝှက် ခန်းမသခင်၏ အကြည့်က စူးစူးရဲရဲပင် သူ့အပေါ် ကျရောက်လာသည်။

“ဒီသားရဲက ကျုပ်တို့ ယဥ်ပါးအောင် လုပ်လို့ ရတဲ့ အဆင့်မှာ ရှိမနေဘူး... အမှားတစ်ခုကတောင် အသက်ကို နှုတ်သွားတာမျိုး ဖြစ်နိုင်တယ်... ဘယ်သူမှ အနား မကပ်ကြနဲ့... အဲဒီကောင် ထွက်ပြေးသွားတာမျိုး မဖြစ်အောင် ပိုက်ကွန်ကိုသာ သေချာ ထိန်းသိမ်းထား...”

ကောင်းကင် အစွန်းအထင်းက အခြေအနေကို ဝင်ရောက် ထိန်းသိမ်းရန် ကြိုးပမ်းလိုက်၏။ သူ ပိုင်ဆိုင်ထားသည့် အဆင့်အတန်းနှင့် ခွန်အားတို့က အခြား ခန်းမ သခင်များထက် ပိုမမြင့်သည့် တိုင်အောင် ဝိညာဥ် လမ်းလျှောက်သူက ဂြိုဟ်ကာကွယ် စောင့်ရှောက်သူနှင့် ခေါင်းဆောင် ရာထူးကို ပေးထားရာ သူ့တွင် သြဇာအာဏာ တစ်ချို့တော့ ရှိပေသည်။

ခန်းမသခင် ရှစ်ယောက်မှာ ငြိမ်သက် သွားကြ၏။ သူတို့၏ စိတ်များကတော့ အနည်းငယ် ရှုပ်ထွေး နေသည်။ ထိုကဲ့သို့ အစွမ်းထက်သည့် ငှက်သားရဲ တစ်ကောင်က အလင်းပြာဂြိုဟ်ကို ဘာလာလုပ်သနည်း။ အကယ်၍ တောရိုင်း သတ္တဝါ တစ်ကောင်သာ ဆိုပါက အကျိုးဆက်များက မခန့်မှန်း နိုင်လောက်အောင်ပင်။

တစ်ခဏတာမျှ ဆက်လက် ဆွေးနွေးပြီးနောက် ခန်းမသခင်များမှာ ကိုယ်ပိုင် ကောင်းကင် သင်္ဘောများထံ ပြန်လည် ပျံသန်း သွားကြ၏။ သားရဲ ထင်တိုင်း မကြဲနိုင်အောင် သူတို့ စောင့်ကြည့်ရမည် ဖြစ်သည်။ အဆိုးဆုံး ဖြစ်လျှင်ပင်... ဂြိုဟ်မှ ထွက်ခွာသွားရုံသာ ရှိသည်။ မိသားစုနှင့် ချစ်ရသူများကို ဘေးကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း ထားခဲ့ပြီး ဖြစ်ရာ ထိုအရာက စိုးရိမ်စရာတော့ မရှိပါချေ။

နောက်ဆုံး၌... ကောင်းကင် အစွန်းအထင်း တစ်ယောက်တည်းသာလျှင် သူ့ကောင်းကင်သင်္ဘောဦး၌ ကျန်ရစ်ခဲ့၏။ သူ့မျက်လုံးများက အနည်းငယ် မည်းမှောင်နေကာ ထိတ်လန့်သည့် အငွေ့အသက်တို့နှင့် ပြည့်နှက် နေခဲ့ပေသည်။ သူက ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်လေ၏။

“ဒီငှက်နဲ့ ပတ်သက်ပြီး ငါ့ခံစားချက်တွေ သိပ်မကောင်းဘူး...”

...

ဟူး... ဟူး...

ထန်မျိုးနွယ်၏ သင်္ဘော ဆယ့်ငါးစင်းမှာ ကြယ်ကိုးကွင့် ကြယ်တာရာ နယ်မြေ၏ အပြင်ဘက် နယ်စက် တစ်နေရာတွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သင်္ဘောအားလုံးက တိုက်ခိုက်ရေး သင်္ဘောများဖြစ်ကာ အမြောက်များ၊ ဝင်္ကပါ အစီအရင်များ အပြည့်အစုံ တပ်ဆင်ထားပေသည်။ ၎င်းတို့မှာ ကောင်းကင် စစ်ပွဲအတွက် လက်နက်များ သဖွယ် ဖြစ်၏။

သို့သော်လည်း သူတို့မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေထဲကို ထိုးဖောက် ဝင်ရောက်ကြခြင်း မရှိသေးပဲ အမိန့်၊ ညွှန်ကြားချက် တစ်ခုခုကို စောင့်ဆိုင်း နေကြသည့်ပုံ ရသည်။

သင်္ဘောအုပ်စု၏ ထိပ်ဆုံးတွင်တော့ အနီရောင် ဆေးခြယ်ထားသည့် ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်း ရှိနေ၏။ ၎င်း၏ ကြီးမား ရှည်လျားလှသော ကိုယ်ထည်ကြီးထက်တွင်တော့ မီတာ တစ်ရာမျှ ကြီးမားသည့် စာလုံးကြီး တစ်ခုကို ရေးထွင်း ထားပေသည်။ ၎င်းက ဝိညာဥ် စွမ်းအင်တို့ဖြင့် တမြေ့မြေ့ လောင်မြိုက်နေကာ “ထန်” ဟု အဓိပ္ပာယ် ရပေသည်။

“ဘာလို့လဲ...”

အလွန် အားကောင်း၍ မြင့်မြတ် ထည်ဝါသည့် အသံတစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ပျံ့လွင့်လာ၏။ ထိုအသံအောက်၌ ဟင်းလင်းပြင် သင်္ဘောများပင်လျှင် တုန်ရီ ယိမ်းထိုးသွားကြ၏။

အသံက သဘာဝ အတိုင်း နက်ရှိုင်းသည့် ယောက်ျားသံ ဖြစ်ကာ စကားလုံး တစ်လုံးချင်းစီတိုင်းတွင် ခြိမ်းခြောက်လိုသည့် အရိပ်အငွေ့တို့ကို သယ်ဆောင် ထားပေသည်။

“...”

ထန်မျိုးနွယ်၏ သင်္ဘောများမှာ အဖြေပြန် မပေးပဲ မိနစ် အနည်းငယ်မျှ ကြာအောင် တိတ်ဆိတ်နေ၏။ အကယ်၍ သင်သာ ဘေးမှ လေ့လာနေသူ တစ်ယောက် ဆိုပါက ထန်ကလန်မှ ထိုအသံကို လျစ်လျူထားသည်ဟု ခံစားမိလိမ့်မည် ဖြစ်သည်။

“ဘာလို့လဲ...”

အသံပိုင်ရှင်က နောက်တစ်ကြိမ် မေးလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ၎င်းက မေးခွန်းတစ်ခုနှင့် မတူပဲ အမိန့်တစ်ခုနှင့်ပင် တူနေသည်။ အသံတွင် ပါဝင်နေသည့် စွမ်းအားက နောက်ထပ် အဆင့် တစ်ခု အထိ မြင့်သွားကာ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးမှာ စတင်၍ပင် လှုပ်ခါ လာခဲ့၏။

“တော်လောက်ပြီ...”

အင်ပါယာ လေထုနှင့် အတူ အသံ တစ်ခု ပျံ့လွင့်လာ၏။ ၎င်းက မိန်းကလေးသံ တစ်ခု ဖြစ်ကာ အလွန်အမင်း ထက်ရှပေသည်။

ဝှစ်...

အသံနှင့် အတူ ပုံရိပ်တစ်ခုမှာ ရုတ်ချည်းပင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ နယ်နိမိတ်မျဥ်းထက်တွင် ပေါ်လာခဲ့၏။

ပုံရိပ်က အလွန်တရာ လှပသည့် အမျိုးသမီး တစ်ယောက်ပင် ဖြစ်ကာ အနီရောင်နှင့် အနက်ရောင် ရောနှောသည့် ဗာမီလီယန် မီးငှက် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ရှည်လျားသော ဝတ်စုံက လေထု ကင်းမဲ့သည့် အမှောင် ဟင်းလင်းပြင်ထဲတွင် တဖျပ်ဖျပ် လွင့်ပါနေ၏။

အမျိုးသမီးက စကား မပြောပါချေ။ ထို့အစား အရာဝတ္ထု တစ်ခုကိုသာ ပစ်လွှတ်လိုက်၏။ ၎င်းက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို ထွင်းဖောက်နိုင်သည့် အလင်းစက်ဝန်း တစ်ခု အဖြစ် ပြန့်ကျဲသွားကာ ကြယ်တာရာ ကောင်းကင်၏ ပုံရိပ်ကို ရောင်ပြန်ဟပ် နေသည်။ တစ်ခဏ ကြာပြီးနောက် အရာဝတ္ထုမှာ ပြန်လည် ပျောက်ကွယ် သွားခဲ့၏။

“နှစ်ပတ်ပဲ...”

ယောက်ျားသံက ပြောလိုက်၏။ ဤတစ်ကြိမ်တွင်တော့ အသံတွင် ပါဝင်နေသည့် အလေးချိန်နှင့် ဖိအားတို့က အနည်းငယ် လျော့ပါး သွားခဲ့ပြီ ဖြစ်သည်။

အမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူမက အင်္ကျီလက်ကို တစ်ချက်ခါလိုက်ကာ သင်္ဘောထက်သို့ ပြန်လည် ရောက်ရှိသွားသည်။

“ဘိုးဘေးကြီး...”

သင်္ဘောထက်ရှိ ကျင့်ကြံသူ အားလုံးမှာ ဒူးထောက်ချကာ နှုတ်ဆက်လိုက်၏။ အမျိုးသမီးက အရိုအသေ ပေးနေသူများကို တစ်ချက်ပင် လှည့်မကြည့်ချေ။ ထို့အစား လောဘ အရိပ်အငွေ့ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကိုသာ လှမ်းကြည့်နေခဲ့၏။

“တကယ် မီးဖီးနစ်လား...”

“အားလုံးပဲ... ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေက အလင်းပြာဂြိုဟ်ကို သွားကြမယ်”

သူမ၏ အသံက ကြည်လင် ရှင်းလင်းစွာပင် အမှောင် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်ကျော်ကာ သင်္ဘော ဆယ့်ငါးစင်းလုံးကို ပျံ့နှံ့ သွား၏။

မကြာခင်မှာပင် ထန်မျိုးနွယ်၏ သင်္ဘော အုပ်စုကား ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ်ကို ဖြတ်ကျော်ကာ လျှင်မြန်စွာပင် ခရီးနှင့် နေကြပြီ ဖြစ်လေတော့သည်။

...

အကြွင်းမဲ့ စည်းစိမ် နယ်မြေ၊ မဟာမြင်း လောကဘုံ၌... တန်ခိုးရှင် ဥယျာ တစ်ခုနှင့် ဆင်တူသည့် လောကနိဗာန် နေရာ တစ်ခု ရှိနေခဲ့လေသည်။ ထိုနေရာ၌ ရေတံခွန်များက သက်တံများကို ဖော်ဆောင်လျှက် စီးကျ နေကာ စိမ်းလန်း စိုပြည်နေသော နတ်ဆေးပင်နှင့် သစ်ပင် ပန်းမာန်များက နေရာ အနှံ့ ပေါက်ရောက်နေသည်။ မြင့်မား ရှည်လျားလှသော တောင်စဥ်တောင်တန်းကြီးများမှာ ရေကန်ကို ဝန်းရံကာ ကာဆီးလျှက် ရှိနေ၏။

ထိုကဲ့သို့ နတ်တို့ ဖန်ဆင်းသည့် ဥယျာဥ်၌... ပုံရိပ် နှစ်ခုမှာ ငြိမ်သက်စွာပင် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြလေသည်။ တစ်ယောက်က အသက်အရွယ် အလွန် အိုမင်း ရင့်ရော်နေသည့် လူအိုကြီး ဖြစ်ကာ မီးခိုးရောင် ဆံပင်များမှာ လေပြည်လေညင်းနှင့် အတူ ပျံ့လွင့် နေ၏။ နောက်တစ်ယောက်ကတော့ ဟေဇယ်မျက်လုံးများနှင့် အလွန် လှပသည့် မိန်းမပျိုလေး ဖြစ်သည်။

သူတို့ကား မာ့ကျန်းနှင့် ရွှယ်ရီဖေးတို့ပင် ဖြစ်လေသည်။ သူတို့နှစ်ယောက်၏ မျက်လုံးများက အရှေ့ရှိ ကျားခုံပေါ်သို့ စူးစိုက် ကျရောက်နေခဲ့ကြ၏။ ရွှယ်ရီဖေးက ကျားစေ့ တစ်ခုကို ကောက်ယူကာ တစ်နေရာသို့ ရွှေ့လိုက်သည်။

မာ့ကျန်း၏ မျက်လုံးမျးထဲတွင် အံ့အားသင့်သည့် အငွေ့အသက် အချို့ ဖြစ်ပေါ်လာ၏။ ရှင်းလင်းစွာပင် ထိုအရာက ထင်မှတ်မထားသည့် တိုက်ကွက် တစ်ခု ဖြစ်သည်။ သူက အနည်းငယ် ကျားစေ့တစ်ခုကို ကောက်ကိုင်ကာ အားသာချက် ပြန်ယူဖို့ ပြင်လိုက်၏။ သို့သော်လည်း သူ ချက်ချင်းပင် လက်ကို ပြန်ရုတ် လိုက်၏။ သူ့နှလုံးသားက အနည်းငယ် တုန်ရီသွားကာ ရွှယ်ရီဖေးကို ကြည့်လိုက်သည်။ သူ ထောက်ချောက် မိသွားခဲ့ပြီ ဖြစ်သည်။

မာ့ကျန်း သက်ပြင်းတစ်ချက် ချလိုက်ရင်း ကျားစေ့ကို ပြန်ချလိုက်၏။ သူ၏ အမူအရာက အရှုံးပေးလိုက်ကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

“ဟူး... ခုနစ်ပွဲ ဆက်တိုက် ရှုံးတာပဲ... ဒီသတင်းသာ ပျံ့သွားရင် ကျုပ် ဂုဏ်သိက္ခာ ဘယ်မှာ သွားထားရတော့မှာလဲ... ကြည့်ရတာ ကျုပ်က အတော်လေး အိုမင်း နေပါပြီလေ”

ရွှယ်ရီဖေးက လှပစွာပင် ပြုံးလိုက်၏။ မာ့ကျန်းက သူမကို ငေးကြည့်လိုက်၏။ သူ၏ ရီဝေဝေ မျက်လုံးများထဲ၌ လေးစားသည့် အရိပ်အငွေ့ အချို့က နေရာယူနေသည်။

“ဒီလောက်တောင် ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်နေတာ ခင်ဗျား ဘယ်ကနေ သင်ခဲ့တာလဲ...”

ရွှယ်ရီဖေး၏ နှုတ်ခမ်းထက်ရှိ အပြုံးများက ပိုမို အသက်ဝင်လာ၏။ ငွေရောင် မျက်လုံးများနှင့် ချောမောသည့် ပုံရိပ်ကလေးက သူ့အာရုံဝယ် ထင်ထင်ရှားရှားပင် ပေါ်လာခဲ့သည်။

“သူ့ဆီကပေါ့...”

သူမက အဖြေပေးလိုက်လေ၏။ နန်းတွင်းတွင် နေစဥ် အခါကတည်းက ကျားကစားနည်းကို သူမ သင်ခဲ့ရသည်။ သို့သော်လည်း အမှန်တကယ် ကျွမ်းကျင်လာခဲ့သည်ကတော့ သူနှင့် လေ့ကျင့် ကစားစဥ် အခါကပင် ဖြစ်လေသည်။

အမှတ်တရများက သူမ စိတ်ကို ရစ်သိုင်း သွားခဲ့၏။ အနန္တ ဧကရာဇ်ဂြိုဟ်သို့ ရောက်ရှိပြီးနောက် သူမနှင့် ဝေ့ဝူယင်တို့မှာ အချိန် အများစုကို အတူတကွ ကုန်လွန်ခဲ့ကြသည်။ သူတို့ အတူတူ ကျားကစား ခဲ့ကြသည်။ ချစ်တင်းနှော ခဲ့ကြသည်။ ကျင့်ကြံခဲ့ကြသည်။

သို့သော်လည်း ဂိတ်တံခါးကို ဖြတ်သန်းကာ လျှို့ဝှက်ချက်များ ရှာဖွေရန် ဝင်ရောက်သွားသည့် အချိန်မှ စတင်၍ သူမ ဝေ့ဝူယင်ကို မတွေ့ မမြင်ခဲ့ရသည်မှာ ခုနစ်နှစ် တိုင်တိုင် ရှိခဲ့ပြီ ဖြစ်လေသည်။

ဝမ်...

ထိုအခိုက်တွင်ပင် မာ့ကျန်းမှာ ဝိညာဥ် ဆက်သွယ်မှု တစ်ခုကို လက်ခံ ရရှိလိုက်၏။ ထိုအရာကို လက်ခံပြီး နောက်တွင်တော့ သူ့အမူအရာက ပြောင်းလဲ သွားခဲ့လေသည်။

“မီးဖီးနစ် တစ်ကောင် ပေါ်လာတာလား...”

***

All Chapters