ဖီးနစ်နှင့် ဗာမီလီယန် (၂)
Vol. 57 Ch. 792
အကြွင်းမဲ့ စည်းစိမ် နယ်မြေ၊ မဟာမြင်းဘုံ...
ရွှယ်ရီဖေးနှင့် မာ့ကျန်းတို့မှာ မျက်နှာချင်းဆိုင်လျှက် ထိုင်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း နှစ်ယောက် စလုံး၏ အမူအရာများက အနည်းငယ် ရှုပ်ထွေးနေ၏။
“နောက်ကျသွားပြီဆိုတာက ဘာကို ပြောတာလဲ...”
ရွှယ်ရီဖေးက စိတ်ပူစွာဖြင့် မေးလိုက်၏။ အကြောင်းပြချက် ရေရေရာရာ မရှိသည့်တိုင် အချိန်ကြာလာသည်နှင့် အမျှ ထိုအရာက ဝေ့ဝူယင်၏ ဖီးနစ် ဖြစ်နိုင်ကြောင်း သူမ ပိုမို၍ ခံစားလာရသည်။ သူမ၏ နှလုံးသားက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်လာ၏။ အကယ်၍ ဝေ့ဝူယင် ထိုနေရာတွင် ရှိနေပါက မည်ကဲ့သို့ လုပ်မည်နည်း။
“အသေးစိတ်ကိုတော့ မာ့ဆုကျင်းက မပြောဘူး... ဒါပေမဲ့ ကြည့်ရတာ ထန်မျိုးနွယ်က...”
လူအိုကြီးမာ့ကျန်းက သူ့စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်သည်။ သူ့အမူအရာကတော့ ပိုမို၍ သုန်မှုန် လာခဲ့၏။
“ထန်မျိုးနွယ်က မီးဖီးနစ်ကို ဘာလို့ လိုချင်တာလဲ...”
ရွှယ်ရီဖေးက မေးလိုက်၏။ သူမ ကြားဖူးသလောက် ဆိုလျှင် ထန်မျိုးနွယ်နှင့် အင်ပါယာ ကလန်တို့တို့ အကြားတွင် နက်ရှိုင်းသည့် ဆက်ဆံရေးများရှိသည်။ အဆုံးမဲ့ ကောင်းကင်တွင် ခြောက်နှစ်ခန့် နေထိုင်ခဲ့ပြီး နောက်တွင် တန်ခိုးရှင် အင်အားစုကြီး ဆယ့်ခြောက်ခု အကြောင်း သူမ အတော်လေး လေ့လာခဲ့ပြီး ဖြစ်သည်။
ထန်မျိုးနွယ်မှ သမီးပျို များစွာမှာ အင်ပါယာ ကလန် အတွင်းပိုင်းတွင် အဆင့်မြင့် အဖွဲ့ဝင်များ၏ ဇနီးများ၊ ကိုယ်လုပ်တော်များ အဖြစ် စိမ့်ဝင် နေပေသည်။ သူတို့ထဲမှ အချို့ဆိုလျှင် မင်းသားများနှင့်ပင် လက်ဆက် ထားနိုင်ကြသည်။
အရေးအကြီးဆုံးကတော့ ထန်မျိုးနွယ်၏ တိုက်ရိုက် မျိုးဆက် တစ်ယောက်မှာ အဆုံးမဲ့ ကောင်းကင် အင်ပါယာနှင့် တရားဝင် လက်ထပ်၍ ချစ်လှစွာသော မင်းသားလေး တစ်ပါးကိုပါ မွေးဖွား သန့်စင် ပေးထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ မျိုးနွယ် နှစ်ခု အကြားရှိ ပတ်သက် ဆက်နွယ်မှုက သာမန် အဆင့်ထက် အများကြီး ပိုမို နက်ရှိုင်းသည်ဟု ပြောကြခြင်းဖြစ်သည်။
မာ့ကျန်းမှာ ရွှယ်ရီဖေး၏ မေးခွန်းကြောင့် မျက်မှောင်ကြုတ် လိုက်မိ၏။
“ဟိုးအရင်တုန်းက ဖီးနစ်နဲ့ နဂါးတွေဟာ ဒီနေ့ခေတ်လောက် မရှားသေးဘူး... နဂါးငွေ့တန်း ကြယ်ကွင်းပြင် ဆိုရင် နဂါးတွေ ကြီးစိုးခဲ့တဲ့ နေရာပေါ့... အဲဒီလိုပဲ သားရဲတွေ ကြီးစိုးတဲ့ အခြား ကြယ်ကွင်းပြင်တွေလည်း ရှိသေးတယ်... ဖီးနစ်တွေတောင် သူတို့ ကိုယ်ပိုင် ကြယ်ကွင်းပြင်ကို ကြီးစိုးခဲ့ဖူးတယ် ပြောတယ်...”
“ရှေးဟောင်း မှတ်တမ်း တစ်ချို့ အရဆိုရင် သားရဲတွေ ကြားမှာ စစ်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့တယ် တဲ့... အဲဒီမှာတင် သားရဲမျိုးနွယ်ရဲ့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းလောက် ပျောက်ကွယ် သွားခဲ့ရတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း သိန်းချီလောက်က မှတ်တမ်းဆိုတော့ တကယ် ဟုတ်လား၊ မဟုတ်လား ကျုပ်လည်း သေချာ မပြောတတ်ဘူး... သေချာတာ တစ်ခုကတော့ ဒီဘက်ခေတ်မှာ အဆင့်မြင့် သားရဲ မျိုးနွယ်တွေ တော်တော် ရှားသွားတာပဲ”
“ကြားရသလောက် ဆိုရင် ကျုပ်တို့ ကြယ်ကွင်းပြင်ကိုတောင် ရှေးဟောင်း မျိုးနွယ် တစ်ခုက အုပ်စိုးခဲ့တာတဲ့... ဒီနေ့ခေတ် အထိ သူတို့ မျိုးနွယ် တစ်ချို့ ကျန်နေသေးတယ်လို့ ကြားရပေမဲ့ သွေးမျိုးဆက်ကတော့ မသန့်စင် လောက်တော့ဘူး... မှတ်တမ်းတင်ထားသလောက် ဆိုရင် အဲဒီ မျိုးနွယ်က အရမ်းကို ကြီးမားတဲ့ ဘီလူးကြီးတွေလိုပဲ တဲ့... ဒါပေမဲ့ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ကတော့ လူသားတွေနဲ့ တူတယ် ပြောတယ်...”
“ထန်ကလန်ကို စပြီး ဖွဲ့စည်းခဲ့တဲ့ နှစ်သောင်းဂဏန်းလောက်က ဆိုရင် သူတို့ဆီမှာ အရမ်းကို အစွမ်းထက်တဲ့ ပါရမီရှင် တစ်ဦး ရှိခဲ့ဖူးတယ်... အဲဒီ ပါရမီရှင်က ရှေးဟောင်း မျိုးနွယ်တွေဆီကနေ အစွမ်းထက် ကျင့်စဥ် တစ်ခုကို ရခဲ့တယ် တဲ့လေ...”
"အဲဒီ ကျင့်စဥ်ကို အမွှာ မီးတောက် လောင်ကြွမ်းခြင်း ကျင့်စဥ်လို့ ခေါ်တယ်... ကျင့်စဥ် တစ်ခုလုံးကို ဗာမီလီယန်နဲ့ ဖီးနစ် ဆိုပြီး နှစ်ပိုင်း ခွဲထားတယ်... ဗာမီလီယန် အပိုင်းကို ကျုပ် မဖတ်ဖူးဘူး... ထန်ကလန်က အဲဒီ အပိုင်းနဲ့ ပတ်သက်ပြီး လုံးဝ ဆတ်ဆတ်ထိ မခံပဲ... ကောလဟလလောက်ပဲ ကြားဖူးတယ်... ဖီးနစ် အပိုင်းကိုတော့ ကျုပ် ဖတ်ဖူးတယ်... ပြောရရင် အမတေ စွမ်းအင် တစ်ချို့ သုံးပြီး ကျင့်ကြံဖို့တောင် ကြိုးစားဖူးတယ်”
မာ့ကျန်းက သူ့စကားကို ထိုနေရာတွင် ခဏ ရပ်လိုက်၏။ သူ၏ အမူအရာက စိတ်ပျက်ဖွယ် အကြောင်းအရာ တစ်ခုကို ပြန်လည် တွေးလိုက်မိသည့် အလား ညှိုးလျော်နေသည်။
ရွှယ်ရီဖေးမှာ ငြိမ်သက်စွာပင် နားထောင်နေသည်။ ထိုအရာက သူမ တစ်ကြိမ်တစ်ခါကမှ မသင်ကြားဖူးခဲ့သည့် သမိုင်းကြောင်းပင် ဖြစ်သည်။
တစ်ခဏ ကြာပြီးနောက် မာ့ကျန်းက စကားဆက်လိုက်၏။
“ဗာမီလီယန် အပိုင်းက ရုပ်ခန္ဓာ သန့်စင်ခြင်းကို အလေးပေးတယ်... မဟာစက်ဝန်း ကြယ်ကွင်းပြင်ရဲ့ အစွမ်း အထက်ဆုံး ခန္ဓာ ကျင့်စဥ်တွေထဲက တစ်ခုပဲ... ဗာမီလီယန်ကို ကျင့်ကြံကြတဲ့ လူတွေက တတိယ ကပ်ဘေးကို လွယ်လွယ်ကူကူ အောင်မြင်နိုင်ကြတယ်... တကယ်လို့ ကျရှုံးရင်တောင် လျှို့ဝှက်မူလ အရည်စက်ကို သန့်စင်စရာ မလိုပဲ အသက်ရှင် လွတ်မြောက်နိုင်တဲ့ နည်းလမ်း တစ်ခု သူတို့မှာ ရှိတယ် တဲ့... အဲဒီ ကျင့်စဥ်ကြောင့်ပဲ ထန်ကလန်ရဲ့ သေမျိုးတစ်ပိုင်း အရှင် အဆင့် အရေအတွက်က အဆုံးမဲ့ ကောင်းကင်မှာ ရှိတဲ့ အခြား အင်အားစု အားလုံးထက် ပိုများနေတာ... အင်ပါယာ ကလန်ကတော့ ချွင်းချက် ပေါ့လေ”
“အဲဒီ ကျင့်စဥ်ကို ဘယ်လို ကျင့်ကြံတယ် ဆိုတာ မသိရပေမဲ့ သူတို့က ဗာမီလီယန် မီးငှက်တွေရဲ့ ရှေးဟောင်း သင်္ချိုင်း တစ်ခုကို ရှာတွေ့ခဲ့တယ်လို့တော့ ကြားရတယ်... အရိုးတွေပါ အပါအဝင်ပေါ့လေ”
မာ့ကျန်းက ရှင်းပြမှုကို ရပ်လိုက်၏။ သူ၏ ရီဝေ အိုမင်းသော မျက်လုံးများက ဉာဏ်ပညာ အလင်းရောင်တို့ဖြင့် တောက်ပနေသည်။
ရွှယ်ရီဖေးမှာ စိတ်လှုပ်ရှားစွာဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။
“ဖီးနစ်အပိုင်ကရော...”
“အဟွတ်... ဟွတ်...”
မာ့ကျန်းက နောက်တစ်ကြိမ် ရှင်းပြရန် အတွက် အကြိမ် အနည်းငယ် ချောင်းဆိုးရင်း အားယူလိုက်၏။
“ဖီးနစ်အပိုင်းကတော့ မီးတောက်တွေကို ပြီးပြည့်စုံအောင် ထိန်းချုပ်တဲ့ အပိုင်းလို့ သိရတယ်... ဆိုလိုတာက စိတ်စေရာ အတိုင်း မီးတောက်တွေကို စေစားနိုင်တာပေါ့လေ... အဲဒီ အပိုင်းကို ကျင့်ကြံရင် နိဗာန မီးတောက် ရည်ရွယ်ချက်ကို အောင်မြင်နိုင်တယ်လို့ သိရတယ်... နိဗာန မီးတောက် ရည်ရွယ်ချက် ဆိုတာက သာမန် မီးဒြပ်စင် ရည်ရွယ်ချက်တွေထက် အများကြီး ပိုအဆင့်မြင့်တဲ့ မီးရည်ရွယ်ချက် တစ်ခုပေါ့လေ... ပြောရမယ် ဆိုရင် အဲဒီ ပြိုင်စံရှား ရည်ရွယ်ချက်ထဲမှာ မီး အပြင် သေခြင်းတရား၊ ပျက်သုဥ်းခြင်းနဲ့ အသက်တွေပါ ပေါင်းစပ် ပါဝင်နေတယ်”
“ပြိုင်စံရှား ရည်ရွယ်ချက်...”
ရွှယ်ရီဖေးမှာ မယုံကြည်နိုင် ဖြစ်သွားခဲ့၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီးနောက်တွင် သူမ အမျိုးမျိုးသော အကြောင်းအရာများကို လေ့လာ သင်ကြားခဲ့သည်။ ထိုအထဲ၌ ရည်ရွယ်ချက်များ အကြောင်းလည်း အပါအဝင် ဖြစ်သည်။
သူမ လေ့လာရသလောက် ရည်ရွယ်ချက်များကို အရည်အသွေး အလိုက် အဆင့်နိမ့်၊ အလယ်အလတ် အဆင့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့် ဟူ၍ လေးမျိုး ခွဲခြားထားသည်။ အကြွင်းမဲ့ သုည ရေခဲနှင့် အကြွင်းမဲ့ မီးတောက်တို့ ကဲ့သို့ အထွတ်အထိပ် ရည်ရွယ်ချက်များမှာ အမြင့်ဆုံး ဖြစ်ပေသည်။ သို့သော်လည်း... ပြိုင်စံရှား ရည်ရွယ်ချက်ကိုတော့ သူမ တစ်ခါမှ မကြားဖူးချေ။
“ပြိုင်စံရှား ရည်ရွယ်ချက်ကို သာမန် ရည်ရွယ်ချက်တွေလို အဆင့်နဲ့ သတ်မှတ်ချက်တွေ ခွဲခြားလို့ မရဘူး...နောက်ပြီး လောကမှာ ရှိတဲ့ အခြား ရည်ရွယ်ချက်တွေနဲ့ နားလည်ပုံ နားလည်နည်းလည်း မတူဘူး... ဥပမာ ပေးရရင်... နိဗာန မီးတောက် ရည်ရွယ်ချက်ကို ဆိုရင် မီးဖီးနစ် တစ်ကောင်ရဲ့ အမတေ သွေးနဲ့ပဲ နားလည်နိုင်တယ်...”
ရွှယ်ရီဖေးကို ရှင်းပြရင်း မာ့ကျန်း၏ အသက်ရှူသံများက လေးပင် လာ၏။
“နောက်ပြီး ဖီးနစ်ရဲ့ အမတေ သွေးထဲမှာ လျှို့ဝှက် တာအိုရဲ့ ဆန်းကြယ်မှုတွေ ပါဝင်နေတယ်... အဲဒါကို နည်းလမ်းတကျနဲ့ ထုတ်ယူပြီး သန့်စင်မယ် ဆိုရင် နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်ကို ရရှိပြီး... နောက်ထပ်...”
မာ့ကျန်းက ဘယ်လိုမှ ဆက်မဟန်နိုင်တော့ဟန်ဖြင့် စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်၏။ သူက ပါးစပ်ကို ဟ၍ အသက်ကို မောကြီးပန်းကြီး ရှူလိုက်သည်။
အမောဖောက်နေသည့် လူအိုကြီးကို ကြည့်ရင်း သူ့သက်တမ်းက အကန့်အသတ်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ရွှယ်ရီဖေး သဘောပေါက် လိုက်သည်။ သူမ အောက်နှုတ်ခမ်းကို ကိုက်ကာ မာ့ကျန်း ပြန်လည် တည်ငြိမ်လာသည် အထိ စောင့်နေလိုက်သည်။
မိနစ်အနည်းငယ် ကြာမြင့်ပြီး နောက်တွင်မှ မာ့ကျန်းမှာ ကျန်းမာသည့် အငွေ့အသက် အချို့ကို ပြန်လည် ရရှိလာ၏။ သူက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်ရင်း မျက်လုံးကို မှိတ်လိုက်သည်။ ထို့နောက် အနည်းငယ် နွမ်းလျနေသည့် အသံဖြင့် မပြီးဆုံးသေးသည့် သူ့စကားကို ဆက်လိုက်လေ၏။
“သူတို့က မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိ နိုင်ကြတယ်... ဒါ့အပြင် အခြား အကျိုးအမြတ်တွေလည်း ရှိသေးတယ်လို့ ပြောကြတယ်... ကျုပ်တော့ သေချာ မသိပါဘူးလေ... ပြောရရင် ရွှေရောင် အသက်နန်းတော်တောင် အဲဒါကို အတည်မပြုနိုင်ဘူး”
မာ့ကျန်းက အဘယ်ကြောင့် ထန်မျိုးနွယ်ကို တားဆီး၍ မရနိုင်ဟု ပြောခဲ့ကြောင်း နောက်ဆုံး၌ ရွှယ်ရီဖေး သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမသာ သူတို့ နေရာတွင် ဆိုလျှင်လည်း မီးဖီးနစ်ကို အရှင် ဖမ်းဆီးနိုင်ဖို့ သေသေရှင်ရှင် ကြိုးပမ်းမိလိမ့်မည် ဖြစ်သည်။ မြေကြီးရှန့်ထို တစ်ယောက် ဖြစ်ရန် အခွင့်အရေးကို အဘယ်ကြောင့် လက်လွှတ်ရမည်နည်း။
“ဒါပေမဲ့... အဲဒီလို ဆိုရင်တောင် ကြယ်ကိုးပွင့် ရှန့်ထို ခန်းမက ဘာလို့ သူတို့ကို ခွင့်ပြုရမှာလဲ... မီးဖီးနစ်ကို သူတို့ ကိုယ်တိုင် ဘာလို့ မဖမ်းတာလဲ”
မာ့ကျန်း မပြောပြရသေးသည့် အကြောင်းအရာများ ရှိနေသေးကြောင်း ရွှယ်ရီဖေး ခံစားရသည်။ အကယ်၍ သူမသာ ကြယ်ကိုးပွင့် ရှန့်ထိုခန်းမ နေရာတွင် ဆိုပါက အဘယ်ကြောင့် ထန်မျိုးနွယ်ကို ဝင်ခွင့်ပြုမည်နည်း။ ကိုယ်တိုင် ဖမ်းဆီးကာ မြေကြီးရှန့်ထို တစ်ယောက်ကို မွေးထုတ်လိုက်မည် ဖြစ်သည်။
မာ့ကျန်းက သက်ပြင်းတစ်ချက် ချလိုက်၏။
“ဟိုးအရင်တုန်းက သဘောတူညီချက် တစ်ခုကြောင့်ပါ... ဒါပေမဲ့ အဲဒါက သိပ်တော့လည်း အရေးမပါပါဘူး... သူတို့ကို ဘယ်သူမှ တားမှာ မဟုတ်ဘူး.. ကျုပ်တောင်မှပေါ့လေ”
ရွှယ်ရီဖေးက မျက်မှောင်ကြုတ် လိုက်၏။
“သူတို့ကို ကျရှုံးစေချင်တဲ့လူ တစ်ယောက်မှ မရှိဘူးလား...”
မာ့ကျန်းက ချောင်းဆိုးလိုက်၏။ ထို့နောက် သူက ဖြူရော်စွာ ပြုံးလိုက်ရင်း...
“လူတိုင်းက သူတို့ ကျရှုံးတာကို မြင်ချင်ကြတာချည်းပါပဲလေ”
...
ဂီး...
တစ်ချိန်တည်း၌... ပိုင်လင်က သိမ်မွေ့သည့် အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။
အမှောင်ဟင်းလင်းပြင် အတွင်း မြောလွင့်နေသည့် ပုံရိပ်များကို သူမ ရှင်းလင်းစွာပင် တွေ့မြင်နိုင်ပေသည်။ အနှောက်အယှက်များကား ရောက်ရှိလာခဲ့ချေပြီ ဖြစ်သည်။
***