မီးဆီသို့ ပျံသန်းခြင်း
Vol. 57 Ch. 793
ပိုင်လင်က ဝပ်နေရာမှ ဖြည်းညင်းစွာပင် ထရပ်လိုက်၏။ ကောင်းကင်ကို မော့ကြည့်ရင်း သူမ၏ ရွှေအိုရောင် မျက်လုံးများက စူးစူးရှရှ အလင်းတန်းများဖြင့် တောက်လောင်နေသည်။ မွေးရာပါ ဗီဇ အာရုံ ခံစားမှုနှင့် အတူ အန္တရာယ်များ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ကြောင်း သူမ ခံစား၍ ရနေခဲ့၏။ သတိ အနေအထားနှင့် အတူ သူမ၏ အမွေးအတောင်များက အနည်းငယ် ထောင်ထ၍ လာခဲ့၏။
ပိုင်လင်မှာ သားရဲ တစ်ကောင် ဖြစ်သည့်တိုင် လူသား၊ နတ်ဆိုး၊ အယ်ဗန်၊ ရှို့ရန်တို့နှင့် နှိုင်းယှဥ်နိုင်သည့် ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်ထားပေသည်။ ဝေ့ဝူယင် ပျောက်ကွယ်သွားသည့် နေရာကို ပိုင်လင် တစ်ချက် လှမ်းကြည့် လိုက်၏။ ထွက်သက်ကို ဖြည်းညင်းစွာ ရှူထုတ်ရင်း သူမ ဖိအားများကို ပြေလျော့ရန် ကြိုးပမ်းလိုက်သည်။ ပြီးသည်နှင့် အပေါ်သို့ နောက်တစ်ကြိမ် မော့ကြည့် လိုက်သည်။
ရန်သူများထဲတွင် သူမထက် ပို၍ အစွမ်းထက်သည့် ကျင့်ကြံသူများ ပါဝင်နေကြောင်း ပိုင်လင် သိရှိပြီး ဖြစ်သည်။ အကယ်၍ ခွန်အားနှင့် တန်ခိုး အဆင့်ချင်း တူလျှင်ပင် သူမက အလွန် ငယ်ရွယ်သေးသည်။ အတွေ့အကြုံ နုနယ်လွန်းသေးသည်။
“ပိုင်လင်... မင်းထက် ပိုအစွမ်းထက်တယ်လို့ ထင်တဲ့ ရန်သူနဲ့ ရင်ဆိုင်တွေ့ရင် ဘယ်တော့မှ တဇောက်ကန်း မလုပ်နဲ့... နောက်ဆုတ်... လေ့လာ... လုံခြုံမယ့် လမ်းကိုရွေး”
ပိုင်လင် ဝေ့ဝူယင်၏ စကားကို ပြန်လည် ကြားယောင် လိုက်မိ၏။ အတန်ကြာ ချီတုံချတုံ ဖြစ်ပြီးနောက်... အရင်ဆုံး လုံခြုံ ဘေးကင်းသည့် နေရာတစ်ခုကို ဆုတ်ခွာသင့်ကြောင်း သူမ တွေးလိုက်မိသည်။ ရန်သူ ဘယ်သူဘယ်ဝါမှန်း ကွဲကွဲပြားပြား မသိသေးခင် အချိန်အထိ အမှောင် ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းရင်း ဝေ့ဝူယင် ပြန်အလာကို သူမ စောင့်သင့်သည်။ ကမ္ဘာဦး သားရဲမျိုးဆက် တစ်ယောက် အနေဖြင့် အမှောင် ဟင်းလင်းပြင်မှာ သူမ နှစ်ခြိုက်သည့် နေရာတစ်ခု ဖြစ်ပေသည်။
ဘုန်း... ဘုန်း...
သူမ အတောင်ပံများကို စတင် ခတ်လိုက်တော့၏။
...
လွန်ခဲ့သည့် မိနစ် အနည်းငယ် ခန့်က...
“တကယ့်ကို မီးဖီးနစ်ပဲ...”
ထန်မျိုးနွယ်၏ ဦးဆောင် ဟင်းလင်းပြင် သင်္ဘောကြီးထက်၌ ထန်ဘိုးဘေးနှင့် အတူ အခြား ပုံရိပ် ရှစ်ခု ရှိနေခဲ့၏။ သူတို့ထဲ၌ ငါးယောက်က မိန်းကလေး ဖြစ်ကာ သုံးယောက်က ယောက်ျားလေးများ ဖြစ်သည်။ အားလုံးမှာ အနီရောင် ဗာမီလီယန် ဝတ်စုံများကို ဝတ်ဆင်ထားကာ ရင်ဘတ်တွင် “ထန်” ဟူသည့် စကားလုံးကို ရေးထိုးထားကြသည်။
စောစောက စကားပြောလိုက်သူကား သေမျိုးတစ်ပိုင်း အရှင် သွေးမီးတောက်ပင် ဖြစ်လေသည်။ သူမက ဝိညာဥ် အမြင်အာရုံကို သုံးကာ ပိုင်လင်၏ ခန္ဓာကိုယ်ကို သေချာစွာ လေ့လာနေခဲ့၏။ ဒဏ္ဍာရီများထဲမှ ပုံရိပ်နှင့် အတိအကျ မတူသည့်တိုင် ထိုသတ္တုဝါမှာ မီးဖီးနစ် ဖြစ်ရန် အလွန် နီးကပ် နေခဲ့ပြီ ဖြစ်သည်။
“သူက နှစ်ဆယ့်နှစ်မီတာ မြင့်တယ်...”
ထန်မျိုးနွယ်၏ နောက်ထပ် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်သည့် နေမီးတောက်ကလည်း ရေရွတ် လိုက်၏။ သူက ငယ်ရွယ် ချောမောကာ ကျောင်းတော်သား တစ်ယောက်၏ ရည်မွန်သည့် အမူအရာမျိုး ရှိသည်။
“ဒုတိယမြောက် နိဗာန ပြန်လည် မွေးဖွားခြင်း...”
ယခုတစ်ကြိမ် စကားပြောလိုက်သူကတော့ နောက်ထပ် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်သည့် မဟူရာ မီးတောက်ပင်။ သူမ၏ လှပသော မျက်လုံးများက စိတ်လှုပ်ရှားခြင်း၊ ပျော်ရွှင်ခြင်းများနှင့် ထင်ဟပ် နေသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သွေးမီးတောက်က မေးလိုက်၏။
"ငါတို့ ပြင်ဆင်ထားတာ လုံလောက်တယ် မဟုတ်လား...”
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နယ်စပ်ကို ချိုးဖျက်ကာ ဝင်ရောက်လာသည့် ဟင်းလင်းပြင် သင်္ဘော ဆယ့်ငါးစင်း အပြင် သူတို့ထံတွင် နောက်ထပ် သင်္ဘောနှစ်စင်းလည်း ရှိပေသေးသည်။ တစ်စင်းက သူမ၏ သင်္ဘောပင် ဖြစ်ကာ နောက်တစ်ခုကတော့ ဝိညာဥ် လမ်းလျှောက်သူကို ကူညီရန် သူမနှင့် အတူ လိုက်လာသည့် သေမျိုးတစ်ပိုင်း အရှင် မီးလျှံအလင်း၏ သင်္ဘောပင်။
ထို့အပြင်... သူတို့ထံတွင် ကြယ်တာရာ သခင် ရှစ်ရာ၊ လျှို့ဝှက် ကြယ်တာရာအဆင့် ငါးဆယ်၊ လျှို့ဝှက် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်တို့လည်း ရှိပေသေးသည်။ ထန်မျိုးနွယ်မှာ ဤကိစ္စကို ကိုင်တွယ်ရန် စုစုပေါင်း အင်အား၏ ရှစ်ဆယ်ရာခိုင်နှုန်း အထိကို သုံးခဲ့ခြင်း ဖြစ်သည်။ သူတို့ထံတွင် အစီအရင်များ၊ အဆောင်များ၊ အမြှောက်များ၊ အစီအရင်များလည်း ပါလာပေသည်။
”ငါတို့ သေချာတော့ ပြင်ဆင်လာတာပဲ... ဒါပေမဲ့ မှတ်တမ်းတွေ အရဆို ဒုတိယ နိဗာန အသွင်ပြောင်းခြင်းမှာ ရှိနေတဲ ဖီးနစ်တစ်ကောင်မှာ သေမျိုးတစ်ပိုင်း အရှင်အဆင့်နဲ့ ယှဥ်နိုင်တဲ့ ခွန်အား ရှိတယ် တဲ့... သတ်ရတာ လွယ်ပေမဲ့ ဖမ်းရတာတော့ ခက်လိမ့်မယ်”
ကျောင်းတော်သား လူငယ် နေမီးတောက်က ချင့်ချင့်ချိန်ချိန်ဖြင့် ပြောလိုက်သည်။
“ဒီကောင်က အသက်တော့ သိပ်မကြီးသေးဘူး... အတော်လေး ငယ်သေးတယ်... အဲဒါက တို့အတွက် အားသာချက် ဖြစ်ကောင်းဖြစ်လာနိုင်တယ်... ဘိုးဘေးရော ဘယ်လိုထင်လဲ”
သွေးမီးတောက်က ထန်မျိုးနွယ် ဘိုးဘေးကို ကြည့်ရင်း မေးလိုက်၏။ သူမ အမြင်အရ မြန်နိုင်သမျှ မြန်မြန် လှုပ်ရှား စေချင်ပေသည်။ ဒေသခံ မြေကြီးရှန့်ထို တစ်ယောက် စိတ်ပြောင်းကာ ဝင်မပါခင် အဆုံးသတ်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။
“အိုး... ရှင်က မီးဖီးနစ်ရဲ့ အသက်ကိုတောင် ခန့်မှန်းနိုင်တာလား... ကြည့်ရတာ ရှင့်ရဲ့ နတ်မျက်လုံး ကျင့်စဥ်က အတော်လေး အဆင့်မြင့်တာပဲ”
ထက်ရှသည့် မျက်လုံး၊ နှုတ်ခမ်းပါးများနှင့် လှပသည့် မိန်းကလေး ကျင့်ကြံသူ တစ်ယောက်က လှောင်ပြောင်လိုက်၏။ သူမက သေမျိုးတစ်ပိုင်း အရှင် မီးလျှံ အလင်းပင်။
သူမ၏ အမြင်အရ... ဒုတိယမြောက် နိဗာန အသွင်ပြောင်းခြင်းကို ရောက်ရှိပြီးသည့် ဖီးနစ် တစ်ကောင်မှာ ဘယ်လိုလုပ် ငယ်နိုင်မည်နည်း။ ဖီးနစ် တစ်ကောင်၏ အသက်ကို အရွယ်အစားဖြင့် ဆုံးဖြတ်၍ မရချေ။ နိဗာန အသွင်ပြောင်းခြင်း ဘယ်နှစ်ခုကို ကျော်ဖြတ်ပြီးသည်နှင့်သာ နှိုင်းချင့်နိုင်ပေသည်။
သွေးမီးတောက်က သူမကို စူးစူးရဲရဲ ကြည့်လိုက်၏။ သို့သော်လည်း သူမက ဘာမှ ပြန်မပြောချေ။ ထို့အစား သူမက တစ်ချိန်လုံး ငြိမ်သက်စွာ ရပ်နေသည့် ဘိုးဘေးကိုသာ ကြည့်လိုက်၏။ ထိုလှပသော အမျိုးသမီးမှာ ဤစစ်ဆင်ရေး တစ်ခုလုံး၏ ခေါင်းဆောင် ဖြစ်သည်။ သူမသာလျှင် သူတို့ အားလုံးကို အမိန့်ပေးနိုင်သည်။ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။
“မြေကြီးရှန့်ထိုကိုရော ဘယ်လိုလုပ်ကြမလဲ...”
နေမီးတောက်က မေးလိုက်၏။ အားလုံး၏ အမူအရာများက ပြောင်းလဲ သွားသည်။ ထိုမီးဖီးနစ်မှာ အစစ်အမှန် မွေးဖွားခြင်း၏ အရိပ်ဥ တစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။ သာမန် နိဗာန အသွင်ပြောင်းခြင်း အဆင့်နှစ် သားရဲ တစ်ကောင်မှာ ထိုကဲ့သို့ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုကိစ္စ ပြီးနောက်တွင် ကောင်းကင် ပုရောဟိတ်များ၊ နိမိတ်ဖတ် ပညာရှင်များမှာ မီးဖီးနစ်၏ နောက်ခံကို စုံစမ်းခဲ့ကြသေးသည်။ သို့သော်လည်း... သူတို့ ဘာကိုမှ ထိုးထွင်း မမြင်နိုင်ခဲ့ကြချေ။
ထိုအချက် အားလုံးက မီးဖီးနစ်ကို အလွန် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက်က နောက်မှ ပံ့ပိုး ကာကွယ်ထားကြောင်း မီးမောင်းထိုးပြ နေပေသည်။ အဖြစ်နိုင်ဆုံးက မြေကြီးရှန့်ထို အဆင့်ပင်။
“သူ ထွက်လာရင် ကိုင်တွယ်တဲ့လူ ပေါ်လာလိမ့်မယ်...”
ထန်မျိုးနွယ် ဘိုးဘေးက ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် မြေကြီးရှန့်ထိုများ တစ်ယောက် နယ်မြေ တစ်ယောက် မကျူးကျော်ရ စည်းမျဥ်းများ ရှိသည်။ အကယ်၍ သူ ပေါ်ထွက်လာပါက ကြယ်ကိုးပွင့် ရှန့်ထိုခန်းမမှ ကျင့်ကြံသူများ လည်း ထွက်ပေါ် လာမှာ ကျိန်းသေသည်။
“သူ စပြီး လှုပ်ရှားနေပြီ...”
သွေးမီးတောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ ချက်ချင်းပင်...လျှို့ဝှက် အာဏာရှင် အဆင့်သုံး အော်ရာက သူမ၏ ခန္ဓာကိုယ်တွင် ကြမ်းတမ်း ခက်ထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာသည်။ အခြား သေမျိုး တစ်ပိုင်း အရှင် အဆင့်များမှာလည်း သတိ အနေအထားသို့ ပြောင်းလဲ သွားခဲ့ကြ၏။
ထန်မျိုးနွယ် ဘိုးဘေး၏ အမူအရာကလည်း အနည်းငယ် သုန်မှုန်သွား၏။ ဆက်လက် စဥ်းစားရန် အချိန် မရှိတော့ကြောင်း သူမ သဘောပေါက် လိုက်ပြီ ဖြစ်သည်။
“မီးဖီးနစ် အမှောင်ဟင်းလင်းပြင်ထဲ ဝင်သွားတာကို ငါတို့ ခွင့်ပြုလို့ မရဘူး... သူ့ကို အချိန်ဆွဲဖို့ ကြိုးစားကြ... မသတ်မိစေနဲ့... ကွန်ယက်ကို တည်ဆောက်ဖို့ အချိန် နှစ်ဆယ့် သုံးစက္ကန့်လိုတယ်...”
သူမက လျှင်မြန်စွာပင် အမိန့်ပေးလိုက်၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ အနေဖြင့် သူတို့၏ လှုပ်ရှားမှုများက မနှိုင်းသာလောက်အောင် မြန်ဆန်လှပေသည်။
ဘုန်း... ဘုန်း...
စက္ကန့်ဝက်မျှ အတွင်းမှပင် သွေးမီးတောက်၊ ဆောင်းဦးမီးတောက်နှင့် မဟူရာ မီးတောက်တို့မှာ အလင်းပြာဂြိုဟ်ထက်သို့ ဥက္ကာပျံများလို ထိုးဆင်း သွားကြပြီ ဖြစ်သည်။
ဝှစ်... ဝှစ်... ဝှစ်...
အခြားလူများမှာလည်း မူလ နေရာများမှ ပျောက်ကွယ်သွားကြကာ သူတို့ ကိုယ်ပိုင် သင်္ဘောများထက် နေရာယူ လိုက်ကြ၏။
ဝမ်... ဝမ်... ဝမ်...
မကြာခင်မှာပင် သင်္ဘောများမှာ စတင် လှုပ်ရှားလာကာ အလင်းပြာဂြိုဟ်ကို အဖက်ဖက်မှ ဝန်းရံ လိုက်ကြလေသည်။
ထန်မျိုးနွယ် ဘိုးဘေး၏ သင်္ဘောကတော့ လှုပ်ရှားခြင်း မရှိပါချေ။ သို့သော်လည်း ၎င်း၏ ကုန်းပတ်ထက်၌ အလွန် ကြီးမားလှသော အမြှောက်ကြီး တစ်ခု ရှိ၏။ ၎င်းက အလင်းတန်းများဖြင့် စတင် တောက်ပလာကာ ပိုင်လင် ရှိရာ တည့်တည့်ကို ထိုးချိန် လိုက်လေသည်။
ဝှစ်... ဝှစ်... ဝှစ်...
သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်မှာ အလင်းပြာဂြိုဟ်၏ လေထုကို ထိုးဖောက်ကာ ပိုင်လင်ထံ ပျံသန်း လာခဲ့ပြီ ဖြစ်လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ပိုင်လင်၏ ရွှေရောင် မျက်လုံးများက ပြူးကျယ်သွား၏။ နောက်ဆုံး၌ ထိုလူယုတ်မာများမှာ စတင် လှုပ်ရှား နေကြပြီ ဖြစ်လေသည်။ သူမက အတောင်ပံများကို တဖျပ်ဖျပ် ခတ်လိုက်ရင်း အရှိန်အဟုန်နှင့် အတူ အပေါ်သို့ ပျံတက်လိုက်၏။
မီးဖီးနစ် အသွင်ပြောင်းခြင်း...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လှပသော ရွှေသွေးရောင် မီးတောက်မီးလျှံများက သူမ ခန္ဓာကိုယ် အနှံ့ စတင် တောက်လောင် လာခဲ့ပြီ ဖြစ်လေတော့သည်။
***