မီးဖီးနစ်
Vol. 57 Ch. 794
မီးဖီးနစ် အသွင်ပြောင်းခြင်း...
ပိုင်လင်က သူမ၏ အသန်မာဆုံး အဆင့်ကို ထုတ်ဖော်ရန် တုန့်ဆိုင်းနေခြင်းမရှိပါချေ။ တစ်ခဏ အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်က မီတာပေါင်း နှစ်သောင်းနှစ်ထောင် အမြင့်ထိ ရောက်ရှိသွား၏။ ထိုအသွင်ဖြင့် သူမက ကောင်းကင်ကို သိမ်းပိုက်ကာ သေမျိုးတစ်ပိုင်း အရှင် သုံးယောက်ထံ တိုးဝင် သွားလေသည်။
သွေးမီးတောက်တို့ သုံးယောက်၏ အမူအရာများက ပြောင်းလဲ သွားကြ၏။ မီးလျှံဖီးနစ်မှာ သူတို့ထံ တိုက်ရိုက်ပင် တိုးဝင်လာကာ မီးတောက်များဖြင့် ပြာချ ပစ်လိုနေဟန် ရသည်။ သူတို့က စက္ကန့်ဝက်မျှ အတွင်းမှာပင် အချင်းချင်း ဆက်သွယ်ကာ လူစု ခွဲလိုက်ကြ၏။ သူတို့၏ လှုပ်ရှားမှုများက မယုံကြည်နိုင်လောက်အောင် မြန်ဆန်ရာ ပိုင်လင်၏ မျက်လုံးများပင်လျှင် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
အမှောင် ဟင်းလင်းပြင် အတွင်းသို့ ထွက်မပြေးနိုင်ခင်မှာပင် သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်မှာ ပိုင်လင်ကို တြိဂံသဏ္ဌာန် ဝန်းရံလိုက်ကြပြီ ဖြစ်လေသည်။ သူတို့က လျှင်မြန်စွာပင် လက်ဟန် မုဒြာများကို ဖော်ဆောင်ကာ ထူးဆန်းသော ချိပ်စည်းများကို ဖန်တီးလိုက်ကြ၏။
လျှို့ဝှက် အစီအရင်... ဝိညာဥ် ချည်နှောင် သံကြိုး...
စိမ်းပြာရောင် လျှို့ဝှက် သင်္ကေတများမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်၏ လက်ထဲမှ စီးထွက်လာကာ အလွန် ကြီးမားသည့် သံကြိုးကြီးများ အဖြစ် ဖွဲ့စည်း သွားခဲ့၏။ ထို့နောက်... သူတို့ သုံးယောက်မှာ ထိုသံကြိုးကြီးများနှင့် အတူ လှုပ်ရှား လာကြကာ ပိုင်လင်ကို အဖက်ဖက်မှ ရစ်ပတ်ရန် ကြိုးပမ်း လိုက်ကြတော့၏။
တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ပိုင်လင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြိုးများ၏ ရစ်ပတ်မှုကို ခံလိုက်ရပြီ ဖြစ်သည်။ ပြင်းထန်သည့် ဝိညာဥ်စွမ်းအားမှာ သူမ၏ မီးတောက်မီးလျှံများကို ဖိနှိပ်ထား၏။ ပိုင်လင် ထိုသံကြိုးများကို လောင်ကြွမ်းပစ်ရန် ကြိုးပမ်းလိုက်သော်လည်း အချိန်တို အတွင်း မစွမ်းဆောင် နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
“ဆွဲမယ်...”
သွေးမီးတောက်က ဦးဆောင်သူ နေရာကို ယူထားကာ အော်ဟစ်လိုက်၏။ အခြားလူများက ချက်ချင်း လိုက်လံ လုပ်ဆောင် လိုက်ကြသည်။ သံကြိုးများက ချက်ချင်းပင် တင်းကြပ်လာကာ ပိုင်လင်ကို ဂြိုဟ်မျက်နှာပြင်ဆီ ပြန်လည် ဆွဲချလိုက်ကြတော့၏။
ဂီး...
ပိုင်လင်က အော်ဟစ်လိုက်၏။ သို့သော်လည်း သူမ၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ အသက်အရွယ်အားဖြင့် ငယ်ရွယ်သည် ဆိုသည့်တိုင် ဝေ့ဝူယင်နှင့် အတူ မရေမတွက်နိုင်သည့် တိုက်ပွဲများကို သူမ ဆင်နွှဲခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် တိုက်ပွဲ တစ်ခုအား မည်ကဲ့သို့ အသာစီး ပြန်ယူရမည်ကို သူမ သိ၏။
မီးဖီးနစ် သွေးမျိုးဆက်... နိဗာန ပွင့်ထွက်ခြင်း...
အောက်သို့ ပြုတ်ကျနေစဥ် အတွင်း ပိုင်လင်၏ ခန္ဓာကိုယ်က စတင်၍ ဖောင်းကား လာ၏။ သူမ၏ အတွင်းပိုင်းရှိ အော်ရာများက ဖရိုဖရဲ အခြေအနေ တစ်ခုလို့ ကျရောက်သွားသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်၏ အမူအရာများက ထူးဆန်းစွာပင် ပြောင်းလဲသွား၏။ အန္တရာယ် အရိပ်အငွေ့ တစ်ချို့ကို သူတို့ ခံစား လိုက်ရပြီ ဖြစ်လေသည်။
ပထမဆုံး တုန့်ပြန်လိုက်သူကတော့ အရှင် သွေးမီးတောက်ပင်။ သူမက အခြား လက်ဟန် တစ်ခုကို ဖွဲစည်းကာ ခါးနှင့် တွဲချည်ထားသည့် သံကြိုးကို ဖြုတ်လိုက်လိုက်၏။ ထို့နောက် မတုန့်မဆိုင်းပင် အမှောင် ဟင်းလင်းပြင် အတွင်း ပြန်လည် ဆုတ်ခွာ သွားတော့သည်။ သူမ၏ လှုပ်ရှားမှုက အလွန်ပင် လျှင်မြန်ကာ ဆုံးဖြတ်ချက် ပြတ်သားလွန်းလှ၏။
ဆောင်းဦးမီးတောက်နှင့် မဟူရာ မီးတောက်တို့မှာ အနည်းငယ် ဆွံ့အ သွားကြ၏။ သို့သော်လည်း... သေမျိုးတစ်ပိုင်း အရှင်များ အနေဖြင့် သူတို့၏ လှုပ်ရှားမှုများက မည်ကဲ့သို့ မမြန်ဆန်ပဲ နေပါလိမ့်မည်နည်း။
ဝှစ်...
သွေးမီးတောက်နှင့် ရှေ့ဆင့်နောက်ဆင့်ပင် ဆောင်းဦး မီးတောက်မှာလည်း လက်ဟန် ချိပ်စည်းကို ဖော်ဆောင်ကာ အမှောင် ဟင်းလင်းပြင် အတွင်း ဆုတ်ခွာ သွားခဲ့၏။
မဟူရာ မီးတောက်၏ လှုပ်ရှားမှုကလည်း ဆောင်းဦး မီးတောက်ထက် နှေးကွေးခြင်း မရှိပါချေ။ သို့သော်လည်း သူ လက်ဟန် ချိပ်စည်းကို စတင် ဖွဲ့စည်းသည်နှင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ အေးခဲ သွားသလို ခံစားလိုက်ရ၏။ သူ၏ စိတ်၊ ရုပ်၊ လျှို့ဝှက် စွမ်းအားနှင့် ဝိညာဥ် အားလုံးမှာ ရပ်တန့် သွားခဲ့ပြီ ဖြစ်သည်။
ဝိညာဥ် ဖျက်ဆီးခြင်း အစီအရင်...
ဘုန်း...
ချက်ချင်းဆိုသလိုပင် အလွန် အစွမ်းထက်သည့် ဝိညာဥ်အင်အား တစ်ခုမှာ မဟူရာ မီးတောက်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲ ထွက်ပေါ်လာကာ အေးခဲမှု အခြေအနေကို ပယ်ဖျက်လိုက်၏။ သို့သော်လည်း... သူ သတိပြန်လည် ရရချင်း တွေ့မြင်လိုက်ရသည်က အရပ်မျက်နှာ ပေါင်းစုံမှ တိုးဝင်လာသည့် မီးတောက်မီးလျှံများပင်။ လျှပ်တစ်ပြက် အတွင်းမှာပင် မဟူရာ မီးတောက်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရွှေသွေးရောင် မီးလျှံများ အကြား၌ နစ်မြုပ် သွားခဲ့ပြီ ဖြစ်လေတော့သည်။
ဂီး...
အလင်းပြာဂြိုဟ် တစ်ဝက်ခန့်ကား ပိုင်လင်၏ မီးတောက်များအောက် ကျရောက် သွားခဲ့ပြီ ဖြစ်သည်။ ပိုင်လင်၏ မီးဖီးနစ် အသွင်မှာ မီးတောက် ပင်လယ်ထဲမှ ရုန်းကြွ ထွက်လာကာ အမှောင် ဟင်းလင်းပြင်ထဲကို တိုးဝင်ရန် ကြိုးပမ်း လိုက်၏။
သို့သော်လည်း လေထု အပေါ်ကို ရောက်ရောက်ချင်း သူမ ရင်ဆိုင်လိုက်ရသည်ကတော့ အလွန်အမင်း ကြီးမား လွန်းလှသည့် ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်းပင်။ သူမ၏ ရွှေရောင် မျက်လုံးများက ပြူးကျယ် သွားကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းသွား၏။
ဘုန်း... ဘုန်း...
ရုတ်ချည်းပင် ဝိညာဥ် သံကြိုးကြီး နှစ်ဆယ့် လေးခုမှာ အရပ်မျက်နှာ ပေါင်းစုံမှ ထွက်ပေါ်လာကာ သူမကို နောက်တစ်ကြိမ် ဖမ်းဆီးလိုက်၏။
ထန်မျိုးနွယ်ဘိုးဘေးက ပိုင်လင်ကို တည်ငြိမ်စွာပင် ငုံ့ကြည့်လိုက်၏။ သူမ၏ လှပသော မျက်လုံးများက အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည်။ သူမက လက်ကို ခါယမ်း ပြလိုက်၏။
“ပစ်...”
သင်္ဘောကုန်းပတ်ထက်ရှိ အမြောက်ကြီးမှာ အဇူရာ အလင်းတန်းများနျင့် စတင် တောက်ပလာခဲ့လေတော့၏။ သူမ တည့်တည့် ချိန်ရွယ်ထားသည့် အမြောက်ကြီးကို ကြည့်ကာ ပိုင်လင်၏ မျက်လုံးများက ကျဥ်းမြောင်း သွား၏။ လက်ရှိ သူမ ခံစားနေရသည့် အန္တရာယ် အငွေ့အသက်က အလွန်ပင် ကြီးမား လွန်းလှသည်။
ပိုင်လင် အတောင်ပံများကို ပြင်းထန်စွာ ခတ်ကာ ရုန်းထွက်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း... ဝိညာဥ် သံကြိုးများမှာ အလွန်ပင် ခိုင်မာကာ သူမကို အဖက်ဖက်မှ တုတ်နှောင်ထား၏။ မည်မျှပင် ကြိုးစားစေကာမူ သူမ ရုန်းထွက်၍ မရနိုင်ချေ။
ဘုန်း...
အမြောက်ကြီးကား ပစ်လွှတ်လိုက်ချေပြီ ဖြစ်လေသည်။ ထင်မှတ်ထားသလို ၎င်းက စွမ်အင် ရောင်ခြည်တန်း တစ်ခု မဟုတ်သလို ဖျက်အားပြင်း ကျည်ဆန် တစ်ခုလည်း မဟုတ်ပါချေ။ ထူးဆန်းသော အလင်း အရည်စက်များသာ ဖြစ်ပေသည်။ ထိုအရည်များမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်နှင့် ပိုင်လင်တို့ အပါအဝင် အလင်းပြာဂြိုဟ်တစ်ဝက်ခန့်ကို ဖုံးအုပ် သွား၏။
ဂီး...
နာကျင်သည့် စူးစူးရှရှ အော်ဟစ်သံ တစ်ခုက အလင်းရည်စက်များ အကြားမှ ထွက်ပေါ်လာသည်။ ၎င်း၏ ရိုက်ခတ်မှု အောက်၌ အမှောင် ဟင်းလင်းပြင်ပင်လျှင် တဟုန်းဟုန်း တုန်ရီ သွားခဲ့၏။
အရည်စက်များမှာ တစ်စက္ကန့်မျှသာ ကြာမြင့်ကာ ပြန်လည် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ မီးတောက်များမှာ ငြိမ်းသေသွားသည်မှ လွဲ၍ ဂြိုဟ်တစ်ခုလုံးကတော့ ယခင်ကအတိုင်း မထိမခိုက်ပင် ရှိနေသေးဆဲပင်။
သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်၏ မျက်နှာများမှာ ဖြူရော် နေကြ၏။ အဇူရာ အလင်းအရည်စက်များမှာ သူတို့ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုခဲ့သည့်တိုင် တစ်စုံတစ်ရာကို ထုတ်ယူ သွားခဲ့ဟန် ရသည်။ သူတို့၏ အော်ရာများမှာ လျှင်မြန်စွာပင် ကျဆင်းလာခဲ့၏။ အားလုံးထဲ၌ အခြေအနေ အဆိုးဆုံးကတော့ မဟူရာ မီးတောက်ပင် ဖြစ်သည်။ သူက ဝိညာဥ် အေးခဲခြင်း အစီအရင် အပြင်... နိဗာနမီးတောက် တိုက်ခိုက်မှုကိုပါ ဆက်တိုက်ဆိုသလို ရင်ဆိုင် ခဲ့ရသည်။ အကယ်၍ အလွန် အစွမ်းထက်သည့် ရုပ်ခန္ဓာနှင့် မီးဓာတ် အခြေပြု အကာအကွယ် အဆောင်များ၊ ရတနာများ ကြောင့်သာ မဟုတ်ပါက သူ ဆယ်ခါပြန် သေဆုံး နေလောက်ပြီ ဖြစ်သည်။
“မီးမုန်တိုင်းသတ် အမြောက်ရဲ့ စွမ်းအားက အတော့်ကိုပဲ...”
ဆောင်းဦးမီးတောက်က ဖြူရော်စွာ ပြုံးရင်း ပြောလိုက်၏။ လက်ရှိ သူ့ခန္ဓာကိုယ်ထဲတွင် မည်သည့် မီးစွမ်းအင်ကိုမှ ခံစား၍ မရတော့ချေ။ ရေထဲကျသွားသည့် မီးခဲ တစ်စ အလား အားလုံးက ငြိမ်းသေ သွားခဲ့ပြီ ဖြစ်လေသည်။
မီးမုန်တိုင်းသတ် အမြောက်မှာ လျှို့ဝှက်မြေကြီး အဆင့်မြင့် လက်နက် တစ်ခု ဖြစ်သည်။ ၎င်းက မည်သည့် မီးအမျိုးအစားကို မဆို ငြိမ်းသတ် ပစ်နိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထား၏။ ထိုအမြောက်ကို လွန်ခဲ့သည့် နှစ်ပေါင်း များစွာက ထန်ကလန်၏ ရန်သူ တစ်ယောက်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပြောရလျှင်... ထန်မျိုးနွယ် ဘိုးဘေးပေါင်း များစွာပင် ထိုအမြောက်၏ လက်ချက်ဖြင့် ကျရှုံးခဲ့ဖူးသည်။
“...”
အခြား သေမျိုးတစ်ပိုင်း အရှင် နှစ်ယောက်မှာလည်း အခြေအနေကို သတိထားမိရာ ဖြူရော်စွာပင် ပြုံးလိုက်မိကြ၏။ သူတို့၏ ကျင့်ကြံခြင်း အခြေခံများက အတော်လေး ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။ မူလ အခြေအနေကို ပြန်လည် ရရှိရန် အတွက်ပင် သူတို့ ဆယ်စုနှစ်နှင့်ချီ၍ ကုသရတော့မည် ဖြစ်သည်။ သို့သော်လည်း... ထိုအရာက မီးဖီးနစ် လွတ်မြောက် မသွားအောင် ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေရာ သူတို့ ဘာတတ်နိုင်မည်နည်း။
သို့သော်လည်း... မီးဖီးနစ်ထံမှ ပြန်လည် ရရှိမည့် အကျိုးအမြတ်များနှင့် ယှဥ်လျှင်တော့ ထိုအရာက ပမွှား စတေးမှုကလေးသာ ဖြစ်သည်။ မီးဖီးနစ် သွေးအမတေ အချို့အဝက်ကို သူတို့ လျော်ကြေး အဖြစ် လက်ခံ ရရှိလိမ့်မည် ဖြစ်ကာ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းရန် အခွင့်အရေးများ ရရှိလာနိုင်ပေသည်။ ထိုစတေးမှုက ထိုက်တန်သည်ထက်ပင် ပိုနေပေသေးသည်။
ထန်မျိုးနွယ် ဘိုးဘေးမှာ ထိုအရာ အားလုံးကို ဟင်းလင်းပြင် သင်္ဘောထက်မှ စောင့်ကြည့် နေခဲ့၏။ သူမ၏ အမူအရာက ပြောင်းလဲခြင်း မရှိသေးချေ။ သို့သော်လည်း ခပ်ဖွဖွ ဆုပ်ထားသည့် သူမ၏ လက်သီးများက စိုးရိမ် ပူပန်မှုကို ဖော်ပြနေ၏။ တိုက်ပွဲက မပြီးသေးကြောင်း သူမ သိပေသည်။
ဂီး...
သူမ ထင်ထားသည့် အတိုင်းပင် ကြည်လင် ရှင်းလင်းသည့် ဖီးနစ် အော်သံ တစ်ခု ထွက်ပေါ်လာ၏။ ပိုင်လင်မှာ မီးတောက်မီးလျှံများနှင့် အတူ နောက်တစ်ကြိမ် ပြန်လည် အသက်ဝင်လာ၏။ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် သေးကွေး သွားသော်လည်း မီးတောက်များကတော့ ယခင် အတိုင်း စွမ်းအား ပြည့်ဝနေဆဲပင် ဖြစ်လေသည်။
မဟူရာ မီးတောက်၏ မျက်လုံးများက နက်မှောင်သွားကာ သတိထားမှုများနှင့် ပြည့်နှက် သွား၏။ မီးဖီးနစ်၏ လက်ရှိ အသွင်မှာ မီတာ သုံးထောင်ခန့်သာ ရှိသည့်တိုင် ၎င်း၏ ရွှေရောင် မျက်လုံးများကတော့ သက်ဝင် လှုပ်ရှားကာ အလွန်ပင် သန်မာလှသည်။ သူ မယုံကြည်နိုင်မှုကို ခံစားလိုက်ရ၏။
သူတို့ အားလုံးမှာ မီးဒြပ်စင်ကို ကျင့်ကြံသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များ ဖြစ်သည်။ အမြောက်၏ တိုက်ခိုက်မှု အောက်တွင် မီးစွမ်းအင် အားလုံးနှင့် ဆယ်စုနှစ် ကျင့်ကြံခြင်း အချို့ကို ဆုံးရှုံးခဲ့ရသည်။ ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ သို့တိုင်အောင်... ပိုင်လင်၏ မီးတောက်များကတော့ အင်အား အပြည့်နှင့် အတူ ကျွမ်းလောင် နေဆဲပင်...။
***