← Chapters

မီးဖီးနစ် (၂)

Vol. 57 Ch. 795

မီးဖီးနစ် (၂)

Vol. 57 Ch. 795

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက နိဗာန ဒုတိယ အသွင်ပြောင်းခြင်းမှာ ရှိနေတဲ့ သားရဲ မဟုတ်ဘူးလား..”

ဆောင်းဦး မီးတောက်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ မီးမုန်တိုင်းသတ် အမြောက်မှာ မြေကြီး ရှန့်ထို အဆင့်များကိုပင် အားနည်း သွားစေနိုင်သည့် လက်နက် ဖြစ်သည်။ ၎င်းကို အသက်သွင်းရန် အတွက် မရေမတွက်နိုင်သည့် လျှို့ဝှက် အဆင့် ရေဓာတ် ရတနာများ လိုအပ်သည်။ သူတို့ထံတွင် နောက်တစ်ကြိမ် ပစ်ခတ်ရန် ရင်းမြစ် အလုံအလောက် မပါလာပါချေ။

ထန်မျိုးနွယ် ဘိုးဘေး၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းနေ၏။ ပိုင်လင် မီးတောက် သဏ္ဌာန်ကို ဆက်လက် ထိန်းသိမ်း ထားနိုင်လိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

ဝှစ်... ဝှစ်...

သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်မှာ သူတို့၏ ဝိညာဥ်အင်အားများကို သံကြိုးများ အတွင်း သွန်းလောင်းထည့်လိုက်၏။ အရွယ်အစား သေးငယ် သွားသည့်တိုင် သံကြိုးနှစ်ဆယ့် လေးကြိုးမှာ ပိုင်လင်ကို အမှားအယွင်း မရှိ ချည်နှောင်ထားဆဲ ဖြစ်ပေသည်။

ဂီး...

ပိုင်လင်ကား အလွန်တရာပင် ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ အဇူရာ အလင်း ရေစက်များမှာ သူမ ခန္ဓာကိုယ် အတွင်း ကျူးကျော်ကာ မီးတောက်ကို ငြိမ်းသက်၍ အသွင်ပြောင်းမှုကို ဖျက်ဆီးပစ်ရန် ကြိုးပမ်း ခဲ့သည်။ ပိုင်လင် အနည်းငယ် ကြောက်လန့် လာမိ၏။ ထိုမျှ များပြားသည့် နည်းလမ်းများနှင့် သူမ တစ်ခါမှ မရင်ဆိုင်ခဲ့ရဖူးချေ။ အကယ်၍ သူမ နေရာတွင် သာမန် ဒုတိယမြောက် နိဗာန အသွင်ပြောင်းခြင်း မီးဖီးနစ် တစ်ကောင်သာ ဆိုပါက ရန်သူ့ လက်အတွင်း ကျဆုံး နေလောက်ပြီ ဖြစ်သည်။ ကံကောင်းထောက်မတာ တစ်ခုက သူမက သာမန် မီးဖီးနက် ငှက်တစ်ကောင် မဟုတ်ခြင်းပင် ဖြစ်လေသည်။

လွန်ခဲ့သည့် လပိုင်း အတွင်း၌... ပိုင်လင်မှာ တာရာ သတ္တုရိုင်းများစွာကို စားသုံး၍ ခန္ဓာကိုယ်အား သန့်စင်ခဲ့သည့် အပြင် ဝေ့ဝူယင်ထံမှ အဆင့်ရှစ်၊ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကိုလည်း အသုံးပြု ခဲ့သေးသည်။ အရိပ်ဥ တိုက်ပွဲ အပြီး လျှို့ဝှက် ဝိညာဥ် အဆင့်များ၏ ခန္ဓာကိုယ်များကို သန့်စင်ပြီး နောက်တွင် သူမမှာ ပို၍ပင် အစွမ်းထက် လာခဲ့သည်။ သူမ၏ အခြေခံက ပုံမှန် ဒုတိယမြောက် နိဗာန အသွင်ပြောင်းခြင်းများနှင့် လုံးဝ ကွာခြား လှပေသည်။

ဟူး... ဟူး...

သူမ၏ ရွှေရောင် မျက်လုံးများထဲမှ မီးလျှံများ ထွက်ပေါ်လာကာ မိုင်တစ်ရာ ပတ်ဝန်းကျင်ကို စတင် ဖုံးလွှမ်း လာခဲ့၏။

“ဘာလဲ...”

သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်မှာ အလွန်ပင် ကြောက်လန့် သွားကြသည်။ ထိုမီးဖီးနစ်မှာ ဝိညာဥ် သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့် အပြင်... မီးမုန်တိုင်းသတ် အမြောက်ကြောင့် မီးဒြပ်စင်များကိုလည်း အများအပြား ဆုံးရှုံး ထားရသေးသည်။ သို့တိုင်အောင် ထိုကဲ့သို့ မီးတောက်များကို ထုတ်လွှတ်နိုင်သေးသည်လား။

"သူက သာမန် မီးဖီးနစ်ငှက် မဟုတ်ဘူး...”

မဟူရာ မီးတောက်က အော်ဟစ်လိုက်၏။ အခြား သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက်၏ အမူအရာများက သိသိသာသာပင် ပြောင်းလဲ သွားသည်။ သွေးမီးတောက်က ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို သပ်လိုက်၏။ သူမ၏ လှပသော မျက်ဝန်းများက လောဘ အလင်းရောင်တို့ဖြင့် ပိုမို၍ တောက်ပလာသည်။ ဖီးနစ်မှာ ပိုမို အားကောင်းလေလေ သွေးအမတေမှာ ပိုမို အာနိသင် ရှိလေလေ ဖြစ်သည်။

“ထာဝရ အချုပ်အနှောင်တွေ ဖန်တီးမယ်...”

သွေးမီးတောက်က အခြား နှစ်ယောက်ကို သတင်းပို့ လိုက်ကာ သူမ ကိုယ်တိုင် လက်ဟန် ချိပ်စည်း အချို့ ဖန်တီးလိုက်သည်။ လက်ဟန် မုဒြာ တစ်ခုချင်းစီတိုင်း၌ တစ်လက်မ အရွယ်အစား ရှိသည့် လျှို့ဝှက် သင်္ကေတများ ပေါ်လာခဲ့၏။ ၎င်းတို့က သူမ နောက်ကြောနှင့် ဆက်နေသည့် ဝိညာဥ်ကြိုးများမှ တစ်ဆင့် ပိုင်လင်ထံ ငါးများလို ကူးခပ် သွားခဲ့ကြတော့သည်။

အခြား သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက်မှာလည်း စိတ်လှုပ်ရှားသည့် အပြုံးများနှင့် အလားတူ လိုက်လံ လုပ်ဆောင် လိုက်ကြ၏။

မီးမုန်တိုင်းသတ် အမြောက် တိုက်ခိုက်မှုက ကျရှုံးခဲ့သည် ဆိုသည့်တိုင် ထိုအရာက သူတို့၏တစ်ခုတည်းသော အစီအစဥ် မဟုတ်ချေ။ မယုံကြည်နိုင်စရာများ ဖြစ်ပျက်ခဲ့သည့်တိုင် အခြေအနေက သူတို့၏ တွက်ချက်မှု ဘောင်တစ်ခု အတွင်းရှိနေသေးဆဲပင် ဖြစ်သည်။ ပထမ အစီအစဥ် ကျရှုံးတော့ရော ဘာအရေးနည်း။ အစီအစဥ် ဒုတိယပိုင်းကို ဆက်သွားလိုက်ရုံသာ ဖြစ်သည်။

လျှင်မြန်စွာ ချည်းကပ်လာနေသည့် လျှို့ဝှက် သင်္ကေတများကို ကြည့်ရင်း ပိုင်လင်၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။ ၎င်းတို့ထံမှ အလွန် ပြင်းထန်သည့် ခြိမ်းခြောက်မှုကို သူမ ခံစားရသည်။ ထိုအရာသာ ခန္ဓာကိုယ်ထဲ ဝင်သွားပါက သူမ ဘယ်လိုနည်းနှင့်မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ သူမ မတုန့်မဆိုင်းပင် မီးဖီးနစ် သွေးမျိုးဆက် စွမ်းရည် တစ်ခုကို ထုတ်ဖော်လိုက်၏။

ဘုန်း...

ချက်ချင်းပင် မီးစွမ်းအင်များမှာ တုန်ရီလာကာ လောကအတွင်းရှိ အပူချိန်မှာ အရှိန်အဟုန်နှင့် မြင့်တက် လာ၏။ ပတ်ဝန်းကျင် အပြောင်းအလဲက သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက်၏ အမူအရာများကို လေးနက် သွားစေ၏။

“နိဗာန ခွဲထွက်ခြင်း...”

ပိုင်လင် နောက်ထပ် လုပ်မည့် အရာကို ကြိုတင် သိသည့် အလားသူတို့က ဝိညာဥ် စွမ်းအင် ကိုးဆယ် ရာခိုင်နှုန်းကို လျှို့ဝှက် စွမ်းအားများနှင့် အတူ သံကြိုးထဲ သွန်းလောင်း လိုက်၏။ ထို့နောက် သုံးယောက်လုံး တစ်ပြိုင်နက်တည်းပင် တူညီသည့် လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ထုတ်လိုက်၏။

ဂီး...

ပိုင်လင်၏ ခန္ဓာကိုယ်မှာ အလွန် လျှင်မြန်စွာပင် ကျုံ့ဝင်သွားလိုက်၊ ပြန့်ကားသွားလိုက် ဖြစ်နေခဲ့၏။ သံကြိုးများက ပြင်းထန်စွာ လှုပ်ခါနေသည့်တိုင် ခိုင်မြဲစွာပင် ချည်နှောင်ထားတုန်း ဖြစ်သည်။

ထန်မျိုးနွယ် ဘိုးဘေးမှာ ငြိမ်သက်စွာပင် အောက်သို့ ငုံ့ကြည့်နေသည်။ သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်သည့် အငွေ့အသက် အချို့ ယှက်ဖြာနေ၏။

“ဒီအခြေအနေမှာတောင် နိဗာန ခွဲထွက်ခြင်းကို သုံးနိုင်သေးတာလား... ဒါပေမဲ့ ရေဝိညာဥ် သံကြိုးတွေက သူ့ကို ဖမ်းဖို့ လုံလောက်ပါသေးတယ်”

ပိုင်လင်ကို ဖမ်းဆီးထားသည့် ဝိညာဥ်သံကြိုးများမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ ဝိညာဥ် စွမ်းအင်များ ဖြစ်ရုံသာ မက ရေစွမ်းအင်၊ လျှို့ဝှက် ဝိညာဥ်များနှင့် သန့်စင်ထားသည့် အဆင့်မြင့် လျှို့ဝှက် မြေကြီး အဆင့် ရတနာများ ဖြစ်သည်။ မဟုတ်လျှင်... နိဗာန မီးတောက်များမှာ ၎င်းတို့ကို အစောကတည်းက အရည်ဖျော် ပစ်လောက်ပြီး ဖြစ်သည်။

ပိုင်လင်က သူမ၏ သွေးမျိုးဆက် စွမ်းအင်ကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်ဖို့ တုန့်ဆိုင်း မနေပါချေ။ လျှို့ဝှက်သင်္ကေတများမှာ သူမ ခန္ဓာကိုယ်ထဲ စီးဝင်တော့မည် ဖြစ်သလို သင်္ဘောကြီးထံမှလည်း နောက်ထပ် တိုက်ခိုက်မှု တစ်ခု အချိန်မရွေး ရောက်ရှိ လာနိုင်ပေသည်။ အကယ်၍ သည်အတိုင်းသာ ဆက်သွားပါက ဘာမှန်း မသိရသည့် ထိုအဖွဲ့၏ ဖမ်းဆီးမှုကို ခံလိုက်ရတော့မှာ သေချာသည်။

သူမ၏ ရွှေအိုရောင် မျက်လုံးများမှာ ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်လာ၏။ သူမ၏ စိတ်က ငြိမ်းချမ်းသွားသည်။ အမှတ်တရ အချို့မှာ သူမ စိတ်ကို ဖုံးလွှမ်း သွား၏။

...

ဟူး...

ငွေရောင် မျက်လုံးများနှင့် လူငယ်လေး တစ်ယောက်မှာ အသက်ကို မောပန်းစွာရှူထုတ်ရင်း ဆေဘာထက်ရှိ နွေးထွေးသော သွေးစများကို သုတ်လိုက်၏။ ချွေးနှင့် သွေး ရောနှောနေသည့် ရနံ့က လေထု အတွင်း စိမ့်ဝင် ပျံ့လွင့် နေသည်။

“အရှင်ဝေ့...”

ရွှေရောင် ဆံပင်၊ အစိမ်းရောင် မျက်ဝန်းများနှင့် လူငယ်လေး တစ်ယောက်မှာ အနားသို့ ရောက်ရှိလာခဲ့၏။ ထို့နောက် သူက မောပန်းစွာပင် လူငယ်လေး၏ အရှေ့၌ ဒူးထောက် ထိုင်ချလိုက်သည်။

“အသက်ရှင်ကျန်ရစ်တဲ့ တိုက်ခိုက်သူတွေ အားလုံးကို ဖမ်းဆီးပြီးပါပြီ... သူတို့ကို ဘာလုပ်လိုက်ရမလဲ”

ဝေ့ဝူယင်က စက္ကန့်အနည်းငယ် ကြာအောင် အသက်ကို ခပ်ပြင်းပြင်း ရှူရင်း ခပ်လှမ်းလှမ်း တစ်နေရာကို လှမ်းကြည့်လိုက်၏။

စစ်မြေပြင် တစ်ခုလုံး၌... အလောင်းများက နေရာအနှံ့ ပြန့်ကြဲနေသည့်တိုင် ပိုင်လင်မှာ ဝေ့ဝူယင်ကိုသာ တစ်ချိန်လုံး ငေးမော နေခဲ့သည်။ သခင်၏ မျက်လုံးများက အလွန်ပင် လှပကာ ညကောင်းကင်ရှိ ကြယ်များနှင့်ပင် တူသည်ဟု သူမ တွေးနေမိသည်။

ဝေ့ဝူယင်က အနည်းငယ် ပြုံးကာ ခေါင်းကို ပြန်ငုံ့လိုက်၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက အားနည်းကာ ယိမ်းယိုင် နေသည့်တိုင် ဆေဘာကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ ဖြစ်သည်။

“သတ်ပစ်လိုက်...”

ရွှေရောင် ဆံပင်နှင့် လူငယ်မှာ ထိုတုန့်ပြန်မှု အပေါ် အံ့အားသင့်ခြင်း မရှိပါချေ။ သူက ခေါင်းတစ်ချက် ညိတ်ကာ ထိုင်ရာမှ ထရပ်လိုက်၏။ ထွက်ခွာသွားရန် ပြင်ပြီးမှ သူက နောက်ကို ပြန်လှည့်ကာ မေးလိုက်သည်။

“အရှင်ဝေ့... စိတ်မရှိဘူး ဆိုရင် ဘယ်လို လုပ်ခဲ့တာလဲ ကျုပ်ကို ရှင်းပြနိုင်မလား”

သူတို့ တပ်ဖွဲ့မှာ ရန်သူများ၏ အဖက်ဖက်မှ ဝန်းရံ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ပြောရလျှင် ရန်သူများထံ၌ ချီကို ဖိနှိပ်နိုင်သည့် နည်းလမ်းများပင် ပါဝင်ခဲ့သည်။ သူတို့အားလုံး ရှုံးနိမ့်ခဲ့ပြီဟုပင် တွေးခဲ့သည်။ သို့သော်လည်း အရှင်ဝေ့က ထိုအခြေအနေကို ရိုးရှင်းကာ တိုက်ရိုက်ဆန်သည့် အမိန့်အချို့ဖြင့် ပြောင်းလဲ ပစ်ခဲ့သည်။ သူ မည်ကဲ့သို့ လုပ်ခဲ့သည်ကို ယခုတိုင် သူ စဥ်းစား၍ မရသေးချေ။

ဝေ့ဝူယင်က ပိုင်လင်ထံသို့ လျှောက်သွားလိုက်၏။ သူ၏ အမူအရာက အလွန် မောပန်း နွမ်းနယ် နေသည့်တိုင် ပြင်းထန်သည့် ယုံကြည်ချက်တို့ဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

“ဟန်ယု... ငါက မလုပ်နိုင်တဲ့ ဟာကို မလုပ်ဘူး... သူတို့ မျှော်လင့် မထားတဲ့ ဟာတွေကိုပဲ လုပ်တယ်... ဒါကြောင့်ပဲ အဆုံးသတ်မှာ ငါတို့တွေ ရှင်ကျန်ပြီး သူတို့ သေဆုံး သွားခဲ့တာပဲ”

ဝေ့ဝူယင်က ပိုင်လင်၏ လည်ပင်းကို ထိလိုက်၏။ ပိုင်လင်မှာ နာကျင်မှုကြောင့် အော်ဟစ်လိုက်မိသော်လည်း မကြာခင်မှာပင် သူမ ခန္ဓာကိုယ်ထဲသို့ နွေးထွေးသည့် ဝိညာဥ်အာရုံ တစ်ခု တိုးဝင် လာကြောင်း သတိထားမိ လိုက်သည်။ ထိုအရာက သူမ၏ ဒဏ်ရာများကို စစ်ဆေးနေတာ ရှင်းလင်းလှသည်။

“...”

ဟန်ယု၏ အမူအရာက အနည်းငယ် ရှုပ်ထွေးသွား၏။ ဝေ့ဝူယင် မည်သည့် အရာအား ဆိုလိုကြောင်း သူ နားမလည်နိုင်ချေ။

“အဲဒီ သဘောတရားကို နားလည်တဲ့ တစ်နေ့ကျရင် မင်း ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ တိုက်ခိုက်ရေး သမား တစ်ယောက် ဖြစ်လာမှာပါ... အဲဒီ အခါကျရင် စစ်တပ်ကြီး တစ်ခုနဲ့ ရင်ဆိုင်ရအောင် သူတို့ မင်းကို အသာစီး ယူနိုင်တော့မှာ မဟုတ်ဘူး... အထူးသဖြင့် သူတို့က ကြိုတင် ပြင်ဆင်လာရင်ပေါ့လေ”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က ပြုံးလိုက်၏။ ဟန်ယုက တစ်ခဏမျှ တွေးတောပြီးနောက် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက နောက်သို့ ဆုတ်ကာ ထွက်ခွာ သွားတော့သည်။

ဟန်ယု ထွက်ခွာသွားပြီးနောက် ဝေ့ဝူယင်က မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် ပိုင်လင်၏ လည်ပင်းပေါ်ကို လက်တင်လိုက်ရင်း ရေရွတ်လိုက်၏။

“အစီအစဥ်တွေ အပြောင်းအလဲ မရှိဘူး... ရွေးချယ်မှုက စီးဆင်းနိုင်တယ်”

ထိုစကားလုံးများကို နားမလည်သည့်တိုင် ပိုင်လင် အသေအချာပင် မှတ်ထားခဲ့သည်။ တစ်နေ့တစ်ချိန်တွင် ၎င်းတို့က အရေးပါလာနိုင်သည်ဟု သူမ ခံစားခဲ့ရသည်။

ယခု ထိုနေ့ကား ရောက်ရှိလာခဲ့ချေပြီ ဖြစ်လေသည်။

***

All Chapters