← Chapters

ပုံရိပ်

Vol. 57 Ch. 796

ပုံရိပ်

Vol. 57 Ch. 796

မှတ်ဉာဏ်များမှာ ပိုင်လင်၏ စိတ်အတွင်း ပြန်လည် နိုးထလာခဲ့၏။ အထူးသဖြင့်... ဝေ့ဝူယင် ပြောခဲ့သည့် စကားလုံးများပင်။ ထိုနေ့က ၎င်းတို့၏’ အနက် အဓိပ္ပာယ်ကို နားမလည်ခဲ့သော်လည်း ယနေ့... ကြောက်မက်ဖွယ် အခြေအနေနှင့် ထိပ်တိုက် ရင်ဆိုင်ရပြီး နောက်တွင်တော့ သူမ ဉာဏ်အလင်း ရရှိခဲ့လေပြီ ဖြစ်သည်။

ထိုနေ့က တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်ခဲ့ခြင်းမှာ ဝေ့ဝူယင် အလွန် အစွမ်းထက် နေသောကြောင့် မဟုတ်ချေ။ ရန်သူများ၏ အတွေးအားရုံ၌ သူ သမာရိုးကျ နည်းလမ်း တစ်ခုဖြင့် တုန့်ပြန်လိမ့်မည်ဟု မျှော်လင့် ထားခဲ့ကြသောကြောင့်ပင် ဖြစ်သည်။

ထိုအရာကပင် သူတို့၏ ချို့ယွင်းချက်ပင် ဖြစ်သည်။ သူတို့က ထိန်းချုပ်ခံထားရသည်။ ကြိုတင် ချမှတ်ထားသည့် နည်းဗျူဟာနှင့် အစီအစဥ်များ အတိုင်းသာ သွားကြသည်။

ဝေ့ဝူယင်မှာ သူ မလုပ်နိုင်သည့် အရာ တစ်ခုကိုမှ မလုပ်ခဲ့ချေ။ သို့သော်လည်း သူ လုပ်ခဲ့သမျှ အရာ အားလုံးက ဘယ်သူမှ မျှော်လင့် မထားခဲ့သော အရာများပင် ဖြစ်လေသည်။ အချိန်ကိုက်ပင် ပိုင်လင်မှာ စစ်ပွဲ၏ ပရိယာယ် တစ်ခုကို ဆုပ်ကိုင် နိုင်ခဲ့ပြီ ဖြစ်လေသည်။ ရန်သူများမှာ နည်းဗျူဟာများ အတိုင်း လှုပ်ရှားနေမှတော့ သူမဘက်ကလည်း ဇာတ်ညွှန်း တစ်ခု ရေးသားရတော့မည် ဖြစ်သည်။

ဘုန်း...

မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် မိုင်တစ်သောင်း အတွင်းရှိ အပူချိန်မှာ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် မြင့်တက်လာ၏။ အမှောင် ဟင်းလင်းပြင်၏ အေးစက်မှုများ ပင်လျှင် ပျောက်ကွယ်ကာ နွေးထွေးမှုဖြင့် လွှမ်းခြုံလာသည်။ အလင်းပြာဂြိုဟ် မျက်နှာပြင် ထက်ရှိ လေထုမှာ စတင် ပြောင်းလဲလာကာ အချို့ နေရာများတွင် လုံးဝ ခမ်းခြောက်သွားသည်။

ထန်ဘိုးဘေး အပါအဝင် သေမျိုးတစ်ပိုင်း အရှင် အဆင့် အားလုံး၏ မျက်လုံးများက ကျဥ်းမြောင်း သွားကြ၏။ သူတို့ ပထမဆုံး သတိထားမိလိုက်သည့် အရာက မီးဖီးနစ်၏ မီးတောက်များမှာ ရွှေသွေးရောင် မဟုတ်တော့ပဲ အနီရင့်ရောင် အဖြစ် ပြောင်းလဲ သွားခဲ့ခြင်း ဖြစ်သည်။ သူမက သွေးအမတေကို လောင်ကြွမ်းကာ အသန်မာဆုံး အဆင့်ကို လှုံ့ဆော် နေခဲ့ပြီ ဖြစ်သည်။

“မဖြစ်နိုင်တာ...”

ထန်မျိုးနွယ် ဘိုးဘေး၏ စိတ်က မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်သွားသည်။ သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေသည့် ပိုင်လင်၏ အပြုအမူကြောင့် သူမ၏ နှလုံးသားက ပြင်းထန်စွာ လှုပ်ရှား သွားသည်။ လက်တစ်ဖက် ဝှေ့ယမ်းကာ သူမ မူလ နေရာမှ ပျောက်ကွယ်သွား၏။ ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သွေးမီးတောက် နံဘေးသို့ ရောက်ရှိသွားသည်။

ချွမ်း... ချွမ်း...

ရုတ်ချည်းပင် ကျောရိုးနှင့် တွဲဆက်ထားသည့် သံကြိုးများ ပြတ်တောက်သွား သလို သွေးမီးတောက် ခံစားလိုက်ရ၏။ လက်တစ်ဖက်က သူမ ပခုံးကို လာရောက် ဆုပ်ကိုင်ကာ အမြင်အာရုံက မှုန်ဝါးသွားသည်။ ဆက်တိုက် ဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်မှာ အလွန် လျှင်မြန်သော အရှိန်အဟုန်ဖြင့် နောက်ဆုတ် သွားကြောင်း သွေးမီးတောက် သတိပြုမိလိုက်သည်။

ထို့နောက်... တစ်စက္ကန့်၏ အပုံတစ်ရာပုံ တစ်ပုံ အတွင်းမှာပင် ပိုင်လင်၏ အနီရင့်ရောင် မီးတောက်များမှာ ဗုံးတစ်လုံးလို ကွဲထွက် လာခဲ့တော့၏။

ဘုန်း...

လျှပ်တစ်ပြက် အတွင်းမှာပင် အနီရင့်ရောင် မီးတောက်များမှာ အလင်းပြာဂြိုဟ် တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။ မဟူရာ မီးတောက်နှင့် ဆောင်းဦး မီးတောက်တို့၏ ခန္ဓာကိုယ်များက ထိုအတွင်း အစအနမျှ မရှိအောင် နစ်မြုပ် သွားကြသည်။

ဝိညာဥ် စွမ်းအင် ကိုးဆယ် ရာခိုင်နှုန်းကို ဝိညာဥ် သံကြိုးများထဲသို့ ထည့်သွင်းထားရသည့် အပြင် မီးမုန်တိုင်းသတ် အမြောက်ကြောင့် မီးစွမ်းအင်များပါ ပျောက်ကွယ်နေလေရာ သူတို့ ကံကြမ္မာက တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။

ဘုန်း... ဘုန်း...

အနီရင့်ရောင် မီးတောက်များမှာ ဂြိုဟ်၏ လေထု အကန့်အသတ်ကိုပင် ကျော်လွန်ကာ အမှောင် ဟင်းလင်းပြင်ထဲရှိ သင်္ဘောများ ထံကိုပါ ဟပ်လာခဲ့၏။ ဟင်းလင်းပြင် သင်္ဘောများမှာ အလျှင်အမြန်ပင် နောက်သို့ ဆုတ်ခွာ လိုက်ကြသည်။

ဝှစ်... ဝှစ်...

ထန်ဘိုးဘေးမှာ သွေးမီးတောက်နှင့် အတူ သူမ၏ ဟင်းလင်းပြင် သင်္ဘောပေါ်သို့ ပြန်လည် ရောက်လာခဲ့၏။ သူမ၏ အမူအရာက အနည်းငယ် မှုန်မှိုင်းနေကာ အသက်ရှူသံများမှာ လေးပင်နေသည်။

“မီးဖီးနစ် သွေးမျိုးဆက်... နိဗာန ပေါက်ကွဲခြင်း”

သွေးမီးတောက်မှာ အခြေအနေမှန်ကို ယခုမှ သိလိုက်ရာ မျက်နှာ တစ်ခုလုံး ဖြူရော် သွား၏။ သူမက နဖူးထက်ရှိ ချွေးများကို သုတ်လိုက်ရင်း ကပျာကယာပင် ထန်ဘိုးဘေးကို ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အမကြီး...”

အကယ်၍ ထိုအမျိုးသမီးသာ တစ်စက္ကန့်လောက် နောက်ကျနေပါက သူမ၏ ကံကြမ္မာက မတွေးဝံ့ စရာပင်။

“ငါတို့လူ နှစ်ယောက် ကျသွားပြီ...”

ထန်ဘိုးဘေးက လေးပင်သည့် လေသံဖြင့် ပြောလိုက်၏။ ထို့နောက်... သူမက အမိန့်များကို ဝိညာဥ် ဆက်သွယ်ရေး သလင်းကျောက်မှ တစ်ဆင့် ဆက်တိုက် ပို့လွှတ်လိုက်သည်။

“ကျသွားပြီလား...”

သွေးမီးတောက်၏ မျက်လုံးများက ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက် သွား၏။ သူမနှင့် အတူ တိုက်ခိုက်ခဲ့သည့် ဆောင်းဦးမီးတောက်နှင့် မဟူရာ မီးတောက်တို့ နှစ်ယောက် သေဆုံးသွားခဲ့ပြီလော။

သူတို့ သုံးယောက်မှာ ထန်မျိုးနွယ်၏ သေမျိုးတစ်ပိုင်း အရှင် အဆင့်များထဲတွင် ထန်ဘိုးဘေး ပြီးလျှင် အသန်မာဆုံးများ ဖြစ်ကြသည်။ မီးဖီးနစ် လွတ်မြောက်သွားမှာ စိုးရိမ်သည့် အတွက် စွန့်စားခဲ့ကြသော်လည်း ထိုအရာက အလွန် အန္တရာယ် များကြောင်း သူတို့ သိကြပေသည်။

သွေးမီးတောက် အံကို တင်းတင်းကြိတ်ရင်း အောက်ရှိ မီးတောက်မီးလျှံများကို ငုံ့ကြည့် လိုက်သည်။ နားမလည်နိုင်သည့် အငွေ့အသက် အချို့က သူမ မျက်လုံးများထဲတွင် ပေါ်လာခဲ့၏။

“ဒါပေမဲ့... မီးဖီးနစ်က သူ့သွေးအမတေကို ဘာလို့ လောင်ကြွမ်း ပစ်ရတာလဲ... အဲဒါက ကိုယ့်ကိုယ်ကို သေကြောင်း ကြံတာနဲ့ အတူတူပဲ မဟုတ်ဘူးလား... နောက်ပြီး သူက နိဗာန ခွဲထွက်ခြင်းကို သုံးခဲ့တာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး နိဗာန ပေါက်ကွဲခြင်းဖြစ်သွားရတာလဲ... အဓိပ္ပာယ် မရှိဘူး...”

“...”

ထန်ဘိုးဘေးကမှာ ငြိမ်သက်နေ၏။ သူမက ဘာမှတ်ချက်မျှ မပေးချေ။ သို့သော်လည်း သူမ၏ လှပသည့် မျက်လုံးက အနည်းငယ် ဂဏှာမငြိမ် ဖြစ်နေခဲ့၏။

အကယ်၍ မီးဖီးနစ်သာ နိဗာန ခွဲထွက်ခြင်း၊ ပြန်လည် မွေးဖွားခြင်း စသည့် မွေးရာပါ စွမ်းရည်များကို သုံးပါက သူတို့ထံတွင် နည်းလမ်းများ ရှိပေသည်။ ဖြစ်နိုင်ချေ ရှိသည့် တုန့်ပြန်မှု အားလုံး အတွက် သူတို့ ကြိုတင် ပြင်ဆင်ပြီး ဖြစ်သည်။ ထို့အပြင်... နောက်ဆုံး အဆင့် အနေဖြင့် ဖီးနစ်ကို အပြီးတိုင် ချုပ်နှောင်နိုင်သည့် အစီအရင်များ သူတို့ထံ၌ ပါရှိပေသည်။

သို့သော်လည်း... ထင်မှတ်မထားစွာပင် မီးဖီးနစ်မှာ သွေးအမတေကို လောင်ကြွမ်းကာ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့သည်။ သူတို့လူ နှစ်ယောက်ပင် သေဆုံး ခဲ့ရသည်။ သူတို့ ကြိုတင် ပြင်ဆင်ထားသည့် အစီအစဥ် နှစ်ခု စလုံး လမ်ခုလတ်တွင်ပင် ရပ်တန့် သွားခဲ့ရပြီ ဖြစ်သည်။

လက်အောက်ငယ်သားများထံမှ အစီရင်ခံမှု တစ်ချို့ကို လက်ခံ ရရှိပြီးနောက် တန်ဘိုးဘေး၏ အမူအရာက အနည်းငယ် နက်မှောင် သွားခဲ့၏။

“သင်္ဘောတွေ ထိခိုက်မှု မရှိဘူး... ဒါပေမဲ့ မဟူရာ မီးတောက်နဲ့ ဆောင်းဦး မီးတောက်တို့ရဲ့ သိုလှောင် လက်စွပ်ထဲတွေမှာ အစီအရင် အလံတွေ အပါအဝင် အရေးကြီးတဲ့ ရင်းမြစ်တွေ ပါသွားတယ်... ငါတို့ ဆက်လှုပ်ရှားလို့ မရတော့ဘူး”

သွေးမီးတောက်မှာ ငြိမ်သက်စွာပင် အောက်ကို ငုံ့ကြည့်နေခဲ့သည်။ ဝမ်းနည်းမှုများမှာ သူမ ရင်ကို လှိုင်းတံပိုးများလို ရိုက်ခတ်နေ၏။ ထိုကဲ့သို့ အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့တာ အမှန်ပင် ဖြစ်သည်။

“ကောင်းကင်က ခွင့်ပြုမယ် ဆိုရင် ငါတို့မှာ နောက်ထပ် အခွင့်အရေး တစ်ခု ရှိလာမှာပါ”

ထန်ဘိုးဘေးက သက်ပြင်းတစ်ချက် ချကာ ဂြိုဟ်ကို နောက်ဆုံး အနေဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက်... သူမက ဟင်းလင်းပြင် သင်္ဘောများကို နောက်ဆုတ်ဖို့ အမိန့်ပေးရန် ပြင်လိုက်၏။

"နေဦး...”

ရုတ်တရက်... အသံတစ်ခုမှာ အမှောင် ဟင်းလင်းပြင်ဆီမှ သင်္ဘောများထံ ပဲ့တင်ထပ်ကာ ပျံ့လွင့်လာ၏။ ထန်ဘိုးဘေး၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်း သွားကာ အသံလာရာကို လှည့်ကြည့်လိုက်သည်။

ထိုအခါ အမှောင် ဟင်းလင်းပြင်ထဲ၌ ရပ်နေသည့် အနက်ရောင်ဝတ်ရုံဝတ် ပုံရိပ် တစ်ခုကို သူမ တွေ့လိုက်ရ၏။ သူမ၏ မျက်လုံးများက သတိထားခြင်းများနှင့် ပြည့်နှက် သွား၏။ သေမျိုးတစ်ပိုင်း အဆင့် အမြင်အာရုံဖြင့်ပင် ပုံရိပ်က ဝေဝါးနေသည်။ ၎င်း၏ လူသား ပုံသဏ္ဌာန်မှ တစ်ပါး အခြား မည်သည့် အရာကိုမှ ဆုံးဖြတ်နိုင်စွမ်း မရှိပါချေ။

“ဘယ်သူလဲ...”

ထန်ဘိုးဘေးက ပုံရိပ်ကို စိုက်ကြည့်ရင်း မေးလိုက်၏။ သူမ၏ အသံက အနည်းငယ် တုန်ရီနေသည်။ မည်သူ မည်ဝါမှန်း မဆုံးဖြတ်နိုင်သည့်တိုင် ထိုပုံရိပ်ထံမှ ထွက်ပေါ်နေသည့် အော်ရာကိုတော့ သူမ ရင်းနှီးပေသည်။ သူက မြေကြီးရှန့်ထို တစ်ယောက်ပင်။

“မင်းရဲ့ ပစ်မှတ်က ထွက်မသွားသေးသလို သေလည်း မသေသေးဘူး...”

ပုံရိပ်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ ထန်ဘိုးဘေးက မျက်မှောင်ကြုတ် လိုက်သည်။

“ရှင်က ဘာကို ဆိုလို ချင်တာလဲ...”

ပုံရိပ်က ဘာမှ ပြန်မဖြေချေ။ ထန်ဘိုးဘေးမှာ အတန်ကြာ စောင့်ဆိုင်း နေသေးသော်လည်း ပြန်မဖြေသည့် အဆုံး၌ သက်ပြင်းတစ်ချက် ချလိုက်၏။

“ကျွန်မတို့ ထွက်သွားတော့မလို့”

“သေချာရဲ့လား...”

ပုံရိပ်က မေးလိုက်သည်။ ထန်ဘိုးဘေးက ဆက်လက် အချိန်ဖြုန်းခြင်း မပြုတော့ချေ။ လက်အောက် ငယ်သားများထံကိုသာ ဆုတ်ခွာရန် အမိန့်များ ပေးပို့လိုက်၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ဟင်းလင်းပြင် သင်္ဘောများ၏ ဝင်္ကပါများမှာ အသက်ဝင်လာကာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝှစ်...

ပုံရိပ်မှာ ထန်ဘိုးဘေး၏ ဟင်းလင်းပြင် သင်္ဘောရှေ့၌ တိုက်ရိုက် ပေါ်လာခဲ့၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သင်္ဘောဦးကို ထိလိုက်သည်။

ထန်ဘိုးဘေး၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်း သွား၏။ သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သင်္ဘော အကာအရံကို ဖွင့်လိုက်သည်။ အလင်းတန်း တစ်ခုမှာ အတွင်းသို့ ဝင်ရောက်လာကာ သူမ အရှေ့၌ ရပ်တန့် သွား၏။ ၎င်းက သိုလှောင် လက်စွပ် တစ်ခုပင်။ ဝိညာဥ်အာရုံဖြင့် လက်စွပ်ကို စစ်ဆေးပြီးနောက် ထန်ဘိုးဘေး၏ မျက်လုံးများက ကျဥ်းမြောင်း သွား၏။ သူမက ခေါင်းကို မော့ကာ ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။

“မီးဖီးနစ်က သာမန်ငှက် မဟုတ်ဘူး.. အဝိုင်းခံနေရတာတောင် သူ ဘာလို့ ဂြိုဟ်ပေါ်မှာ ဆက်နေနေတာလဲ မင်း စိတ်ဝင်စားလိမ့်မယ် ထင်တယ်... နောက်ပြီး သူ ဘာလို့ ဒီကို ရောက်နေရတာလဲ ဆိုတာပါ အပါအဝင် ပေါ့လေ”

ပုံရိပ်က ပြောလိုက်သည်။

“...”

ထန်ဘိုးဘေးက ပြန်မဖြေချေ။ သွေးမီးတောက်မှာ တိတ်တဆိတ်ပင် စောင့်ကြည့်နေ၏။ အခြေအနေက အတော်လေး ထူးဆန်းနေကြောင်း သူမ သိပေသည်။

တစ်ခဏ ကြာပြီးနောက် ထန်ဘိုးဘေးက လက်စွပ်ကို စွမ်းအင်စ တစ်ခုနှင့် ဝန်းရံကာ တွန်းလွှတ်လိုက်၏။ ၎င်းက အလင်းတန်း တစ်ခုလိုပင် ပုံရိပ်ထံ ပြန်လည် ပျံသန်း သွားသည်။

“ကျုပ် နားလည်ပြီ...”

ထန်မျိုးနွယ်မှာ အခြားလူ တစ်ယောက်၏ နယ်ရုပ် မဖြစ်ချင်ကြောင်း ပုံရိပ်မှာ သဘောပေါက် သွားဟန် ရ၏။ သူက အေးစက်စက် ပြုံးလိုက်ရင်း လက်စွပ်ကို ထန်ဘိုးဘေးဆီ ပြန်လည် တွန်းပို့လိုက်၏။

“အရိပ်က အမြဲတမ်း လက်စားချေတတ်တယ်... ဗာမီလီယန်...”

ထန်ဘိုးဘေးမှာ အချိန် အတန်ကြာ ငြိမ်သက်နေ၏။ ထို့နောက် သူမက ပုံရိပ်ကို လေးပင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“သွေးအမတေကို ကျွန်မတို့ ယူမယ်”

ပုံရိပ်က ခေါင်းညိတ်လိုက်၏။

“သေတာထက် ဆိုးတဲ့ ကံကြမ္မာမျိုးနော်...”

ထိုကဲ့သို့ ပြောပြီးသည်နှင့် ချက်ချင်းပင် ၎င်းမှာ အလင်းမှုန်များ အလား ပျောက်ကွယ် သွားတော့၏။ ထန်ဘိုးဘေးမှာ ဘာမှ မရှိသည့် အမှောင် ဟင်းလင်းပြင်ကို ကြည့်ကာ အချိန် အကြာကြီး ငြိမ်သက် နေခဲ့သည်။ ထို့နောက်... သူမက ပင့်သက် တစ်ချက် ရှိုက်လိုက်ကာ အခြားလူများဘက်သို့ ပြန်လှည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာခဲ့လေ၏။

“ဂြိုဟ်ကို ဝန်းရံဖို့ အစီအရင်တွေ တည်ဆောက်မယ်”

သွေးမီးတောက်၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ သူမက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

“ဒါပေမဲ့ အမကြီး ပြောတော့ ရင်းမြစ်တွေ မရှိတော့ဘူးဆို... ဘယ်လိုလုပ်ပြီး...”

“အခု ရှိပြီလေ...”

ထန်ဘိုးဘေးက အရှေ့ရှိ လက်စွပ်ကို ဆုပ်ကိုင်ရင်း ပြောလိုက်တော့၏။

***

All Chapters