အစီအစဥ်
Vol. 57 Ch. 798
"အဲဒီ ယူဆချက်က ဘယ်ကနေ လာတာလဲ...”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက မျက်လုံးများကို ကျဥ်းမြောင်းရင်း မေးလိုက်၏။ သူ၏ လေသံက အမိန့်ပေးခြင်း အရိပ်အငွေ့များဖြင့် ပြည့်နှက်နေသည်။
မာ့ဆုကျင်းက ပြုံးလိုက်သည်။
‘ရှင်က ကျွန်မ အဖေကိုတောင် ဂရုမစိုက်ဘူးပေါ့... ဒါပေမဲ့ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဆိုတဲ့ ကြားတာနဲ့ အမူအရာပျက်နေပြီ... ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ’
စိတ်ထဲမှ လှောင်ပြောင်လိုက်မိသည့်တိုင် အပြင်ပိုင်းတွင်တော့ သူမက ယဥ်ကျေးစွာပင် အဖြေပေးလိုက်၏။
“ဒီသတင်းက လုံးဝကြီး သေချာ နေတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ရင်းမြစ်ကတော့ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်နဲ့ အရမ်း နီးကပ်တယ်”
“...”
မြေကြီး ရှန့်ထို သုံးယောက်မှာ ငြိမ်ကျသွား၏။ ရွှေရောင် အသက် နန်းတော်မှာ သတင်း တစ်ခုကို ခြောက်ဆယ် ရာခိုင်နှုန်းလောက် မသေချာပဲ ဖြန့်လိမ့်မည် မဟုတ်ကြောင်း သူတို့ သိထားပေသည်။
ထို့အပြင် ဤသည်က လျှို့ဝှက် ဆန်းကြယ်သည့် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် အကြောင်းဖြစ်သည်။ သူတို့ စုံစမ်းရသလောက် ဆိုလျှင် အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ ငယ်ရွယ် ချောမောသည့် လူငယ်လေး တစ်ဦး ဖြစ်သည်။ သူက အဂ္ဂိရတ် လမ်းစဥ်၌ အလွန်အမင်း ထူးချွန်ကာ အသက် ငါးဆယ် မပြည့်ခင်မှာပင် မဟာ အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... အလွန်အမင်း ကျော်ကြားသည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ မူလ ပိုင်ရှင်လည်း ဖြစ်သည်။
အချို့က အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရှေးဟောင်း ရွေးချယ်ခံနှင့် တစ်ယောက်တည်းဟု ဆိုကြပြန်သည်။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှ စေလွှတ်သည့် ဓမ္မ ကာကွယ်သူများမှာ ထိုသတင်းကို အတည်ပြု ပေးခဲ့ကြသည်။ သူတို့က အာရုဏ်ဦး အာဏာရှင် ဧကရာဇ်နှင့် ဆုံဖူးရုံသာ မက အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်ရေး စွမ်းအားနှင့် ပါရမီတို့ကိုပါ မြင်တွေ့ခဲ့ရသည်။ မူလ ဒြပ်စင် ရည်ရွယ်ချက်ကို နားလည်ထားသည့် အပြင် တစ်ချိန်တည်း၌ အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နေခဲ့ခြင်း... ထိုအရာက အတော်လေး မွန်းစတား ဆန်လွန်းသည်။
အာရုဏ်ဦး အာဏာရှင် ဧကရာဇ်၏ ဇစ်မြစ်နှင့် ပတ်သက်၍ မရေမတွက်နိုင်သည့် မေးခွန်းများ ပျံ့နှံ့ နေသည့်တိုင် မည်သည့် အဖြေကိုမှ ရှာမတွေ့ကြသေးချေ။ ထာဝရ ကြယ်တာာရာ နယ်မြေ ဖျက်ဆီးခံရပြီး နောက်တွင် စုံစမ်း ရသည်မှာ ပိုမို၍ပင် ခက်ခဲသေးသည်။ အထူးသဖြင့် တစ်ယောက် တစ်မျိုးစီ ပြောနေကြသည့် ကောလဟလများ ကြောင့်ပင်။
“ပိုစိတ်ဝင်စားစရာတော့ ကောင်းနေပြီ...”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထို၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာ၏။ သူက တစ်စုံတစ်ရာကို စဥ်းစားမိဟန်ဖြင့် မာ့ဆုကျင်းကို လှည့်ကြည့်လိုက်သည်။
“အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ရဲ့ ဇနီး မာ့မျိုးနွယ်မှာ ရှိနေတယ် ဆိုတာ တကယ်လား...”
"ကိုယ်လုပ်တော်ပါ...”
ဝိညာဉ် ပေါက်ကွဲခြင်း ရှန့်ထိုက အမှန်ပြင် ပေးလိုက်၏။ မာ့မျိုးနွယ်တွင် ရောက်ရှိနေသည့် နဂါး မင်းသမီးလေးမှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်ကြောင်း သတင်းကို သူတို့ အစောကတည်းကပင် ကြားခဲ့ရပြီး ဖြစ်သည်။
ဝိညာဉ်မြှင့်တင်ခြင်း ရှန့်ထိုက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း မာ့ဆုကျင်းကို ကြည့်လိုက်၏။
“ဘာလို့ ဒါတွေကို ငါတို့ဆီ လာပြောပြ နေရတာလဲ”
မာ့ဆုကျင်းက အသာအယာ ပြုံးလိုက်သည်။ သို့သော်လည်း ထိုအပြုံး၌ လျှို့ဝှက်ချက် တစ်ခု ပါဝင်နေသယောင် ထင်ရ၏။
“ကျွန်မ အဖေက ရှင်တို့ကို သိစေချင်လို့ပါ… အခြား ဘာမှ မပါပါဘူး”
ထိုကဲ့သို့ ပြောပြီးနောက် သူမက ဦးတစ်ချက် ညွှတ်လိုက်၏။ ပြီးသည်နှင့် မတုန့်မဆိုင်းပင် နောက်သို့ လှည့်ကာ ပျံသန်း ထွက်ခွာ သွားတော့သည်။ မြေကြီး ရှန့်ထို သုံးယောက်မှာ ငြိမ်သက်စွာပင် သူမ ထွက်ခွာသွားသည့် ဘက်ကို ကြည့်နေခဲ့ကြ၏။
မိနစ် အနည်းငယ် ကြာပြီးနောက်မှ ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက ရယ်မောလိုက်၏။
“ကောင်မလေးက လှပေမဲ့ အတော်လေး လည်တယ်.. တကယ့် မိန်းမကောင်းလေးပဲ… မင်းတို့ရော အဲဒီလို မထင်ဘူးလား”
“မုန်းဖို့ကောင်းတယ်...”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက နှာခေါင်းရှုံ့ လိုက်သည်။
"..."
ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုကတော့ တိတ်ဆိတ်နေ၏။ သူက ဘာမှ မပြောပဲ မာ့ဆုကျင်း ထွက်ခွာသွားသည့် နေရာကိုသာ ကြည့်နေခဲ့သည်။ မာ့ဆုကျင်းမှာ အာဏာရှင် ဧကရာဇ်နှင့် ရင်းနှီးခွင့် အတွက် သူတို့ကို အရိပ်အမြွက် ပေးလိုက်ကြောင်း သူမ သိပေသည်။
အာရုဏ်ဦး အာဏာရှင် ဧကရာဇ်...
သူက တစ်ခေတ်တစ်ယောက် ပေါ်ထွန်းခဲသည့် ပါရမီရှင် ဖြစ်သည်။ ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာနိုင်သူ ဖြစ်သည်။ ထိုထက်တောင် ပိုမို ထူးချွန်ကောင်း ထူးချွန်နိုင်သည်။ အကယ်၍ ထိုကဲ့သို့သော ပုဂ္ဂိုလ်နှင့်သာ ရင်းနှီးခွင့် ရရှိပါက သူတို့ အနာဂတ်က များစွာ ပြောင်းလဲ သွားနိုင်သည်။
သို့သော်လည်း အခြား တစ်ဖက်၌ ရှိနေသည်က ထန်ကလန် ဖြစ်သည်။ ထန်ကလန်၏ နောက်တွင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ တော်ဝင် ကလန် ရှိသည်။
မြေကြီး ရှန့်ထို သုံးယောက်မှာ ဆုံးဖြတ်ရခက်ဟန်ဖြင့် ငြိမ်သက် နေကြ၏။ ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထို အံကို ကြိတ်လိုက်မိသည်။ သူမ မည်သည်ကို ရွေးချယ်ရမည်နည်း။
“ဟမ်...”
ရုတ်တရက် ဟင်းလင်းပြင် လှုပ်ရှားမှု တစ်ခုကို သတိထားမိလိုက်ရာ မြေကြီးရှန့်ထို အားလုံး၏ အမူအရာများက ပြောင်းလဲ သွား၏။ သူတို့၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ အလင်းပြာဂြိုဟ် မျက်နှာပြင်ကို စိုက် ကြည့်လိုက်ကြသည်။ သူတို့ ကြည့်နေစဥ်မှာပင်... ရောင်စုံအလင်းတန်း တစ်ခုမှာ ဂြိုဟ်မျက်နှာပြင်ပေါ် ကျဆင်းလာကာ မထင်မရှား ပုံရိပ် တစ်ခု ပေါ်လာခဲ့လေ၏။
“အဲဒါက ဘာလဲ...”
….
လက်ရှိ အချိန်ကာလသို့ ပြန်သွားရပါက….
“အဖြစ်အပျက်ကတော့ အဲဒါပဲ…”
ပိုင်လင်က ဝေ့ဝူယင် မရှိသည့် အချိန်ကာလ အတွင်း သူ တစ်ဖက်သတ် ကြုံတွေ့ခဲ့ရသမျှကို ရှင်းပြလိုက်၏။
ဝေ့ဝူယင်မှာ နားထောင်ရင်း မျက်လုံးများ တဖြည်းဖြည်း ကျဉ်းမြောင်း လာခဲ့သည်။ ထန်မျိုးနွယ်ကို သူ သိသည်။ သူတို့က အဆုံးမဲ့ ကောင်းကင်၏ တော်ဝင်ကလန် ရှစ်ခု အနက် တစ်ခု ဖြစ်ကာ တော်ဝင် အင်ပါယာ ကလန်နှင့် ကြီးစွာသော ချိတ်ဆက်မှုများ ရှိသည်။
သူတို့က မည်ကဲ့သို့ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို ဝင်ရောက် လာသနည်း။ ပိုင်လင်၏ စကားအရ ဆိုလျှင်… သူတို့၏ ပြင်ဆင်မှုများက နည်းနည်းလေးမှ အားနည်းခြင်း မရှိလှချေ။ ၎င်းတို့ကို အချိန် ကာလတို အတွင်း ပြင်ဆင်ထားခြင်း မဖြစ်နိုင်ချေ။
“ကျွန်တော်တို့ ထွက်သွားကြမလား…”
ပိုင်လင်က မေးလိုက်၏။ ထိုလူယုတ်မာများကို သတ်ဖြတ်ချင်သည့်တိုင် သူမ လက်ရှိ အခြေအနေကို နားလည်ပေသည်။ ဝေ့ဝူယင်၏ ခွန်အားက ပြိုင်ဘက် မကင်းသေးချေ။ သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ ထိုသင်္ဘော အတွင်းရှိ လူများကို သူ မည်သို့မှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ ငြိမ်သက်စွာပင် စဉ်းစားလျှက် ရှိနေ၏။ ကောင်းကင်ရှိ အစီအရင်ကို ဝိညာဉ် အာရုံဖြင့် စစ်ဆေးရင်း သူ၏ စိတ်က အမျိုးမျိုးသော အကြံအစည်များဖြင့် လည်ပတ်နေသည်။
ဝေ့ဝူယင်၏ စိတ်ထဲ ပထမဆုံး ပေါ်လာသည့် အတွေးက ယာယီ ပေါ်တယ် တစ်ခု ဖန်တီးကာ ထွက်သွားဖို့ ဖြစ်သည်။ သို့သော်လည်း… သူက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ ကန့်သတ်ချက်များ အတွင်း ကျရောက်နေသည်။ သူ ဖန်တီးနိုင်လျှင်ပင် တာတို ပေါ်တယ် လောက်သာ ဖြစ်နိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင်… သေမျိုးတစ်ပိုင်း အရှင် အဆင့်များ သတိမထားမိပဲ အလင်းပြာဂြိုဟ်မှ ထွက်ပြေးရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ဒုတိယ အစီအစဉ်က သူ ကိုယ်တိုင် ရုပ်လုံး ထွက်ပြကာ ထိုအင်အားစုများနှင့် ညှိနှိုင်းဖို့ ဖြစ်သည်။ ဝူယု၏ အဆိုအရ ဆိုလျှင်… သူက မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ ကျော်ကြားပြီး ဟု ဆိုသည်။ သူ့နာမည်၊ သူ့ ဂုဏ်သတင်းကို သုံးပါက လွတ်မြောက်ခွင့် အတွက် ဖြစ်ကောင်း ဖြစ်နိုင်ချေ ရှိသည်။
သို့သော်လည်း… ထန်မျိုးနွယ်က ထိုအခွင့်ကောင်းကို ယူကာ သူ့ထံမှ အမြတ်ထုတ်ဖို့ ကျိန်းသေ ကြိုးပမ်း လိမ့်မည် ဖြစ်သည်။ အခန့်မသင့်ပါက သူ့ လွတ်လပ်ခွင့်ပင် ဆုံးရှုံးသွားနိုင်သည်။
ထို့အပြင်… ပိုင်လင်အား ဖမ်းဆီးခဲ့သည့် စနက်တွင် အစစ်အမှန် ပြန်လည် မွေးဖွားခြင်း ပါဝင်နေနိုင်ချေ ရှိသည်။ လက်ရှိ သူတို့က အမှောင်ထဲမှ လေ့လာနေတာမျိုးပင် ဖြစ်နိုင်ချေ ရှိသည်။ သူ လူလုံး ထွက်ပြလိုက်ပါက နောက်ဆက်တွဲ ပဋိပက္ခ များစွာ ပေါ်လာနိုင်ပေသည်။
နောက်ဆုံး ရွေးချယ်မှုကတော့ ရင်ဆိုင် တိုက်ခိုက်ရန်ပင် ဖြစ်သည်။ သို့သော်လည်း… လက်ရှိ၌ သူက သေမျိုးတစ်ယောက်သာ ဖြစ်သည်။ သူ့တွင် လျှို့ဝှက် အာဏာရှင်များနှင့် ရင်ဆိုင်နိုင်သည့် ခွန်အား မရှိချေ။ ဤသည်က ဆက်စပ်မှု စစ်မြေပြင် မဟုတ်ချေ။ သေမျိုး တစ်ပိုင်း အရှင် အဆင့်များကို သတ်ဖြတ်ရန် မပြောနှင့်။ ဂြိုဟ်အား ဝန်းရံထားသည့် အစီအရင်ကို ဖျက်ဆီးရန်ပင် သူ့တွင် နည်းလမ်း မရှိချေ။
“စစ်မြေပြင်မှာ ဆေးတောင့်တွေ အားလုံးကို သုံးလိုက်ရတာ နှမြောစရာပဲ…”
ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်၏။
“ငါ့မှာ အချိန် မရှိဘူး… သူတို့ ငါ အကြောင်း ဘာမှ မတွေ့ခင် လှုပ်ရှားမှ ဖြစ်လိမ့်မယ်”
ထိုအခိုက်တွင်ပင် အလွန် အစွမ်းထက်သည့် ဝိညာဉ်အာရုံများ ဂြိုဟ်အတွင်း ထိုးဖောက် ဝင်ရောက်လာသည်ကို ဝေ့ဝူယင် သတိထား လိုက်မိ၏။ သူ ချက်ချင်းပင် ဝိညာဉ် အစီအရင် တစ်ခုကို ဖန်တီးကာ ထိုဝိညာဉ် အာရုံများကို အနား မရောက်နိုင်အောင် ဟန့်တားလိုက်သည်။ အထူးသဖြင့်… အစစ်အမှန် မွေးဖွားခြင်း၏ အန္တရာယ် ရှိနေစဉ်တွင် ဝေ့ဝူယင် မည်သည့် ပတ်သက် ဆက်နွယ်မှုကိုမှ မထုတ်ဖော် ချင်ပေးပေ။
အမှောင်ဟင်းလင်ပြင် အတွင်း၌ …
“အရမ်း အစွမ်းထက်တဲ့ ဝိညာဉ်အာရုံ တစ်ခုက မြင်ကွင်းကို ပိတ်ထားတယ်”
ဝိညာဉ် မြှင့်တင်ခြင်း ရှန့်ထို၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ အခြား နှစ်ယောက်ကို ကြည့်လိုက်သည်။
ဝိညာဉ် ပေါက်ကွဲခြင်း ရှန့်ထိုက ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ကြည့်ရတာ ရောင်စုံ အလင်းက မြေကြီးရှန့်ထို ရောက်လာတာပဲ ဖြစ်လိမ့်မယ်… ပြန်စဉ်းစားကြည့်ကြစမ်း… အဲဒီ ပို့ဆောင်ရေး အလင်းက အာကာသ ဝေဟင်ဂိုဏ်းရဲ့ သက်တန့် တံတားနဲ့ မတူဘူးလား”
“အာကာသ ဝေဟင်ဂိုဏ်း…”
ဝိညာဉ် ဉာဏ်အလင်း ရှန့်ထိုက မျက်မှောင်ကြုတ် လိုက်၏။ ၎င်းက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ တန်ခိုးရှင် အင်အားစု ဆယ့်ခြောက်ခုထဲတွင် အလျှို့ဝှက်ဆုံး ဖြစ်သည်။ သူတို့ဂိုဏ်း၏ တည်နေရာကိုပင် မည်သူမှ မသိကြချေ။
အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က အာကာသ ဝေဟင်ဂိုဏ်း၏ မျိုးဆက် တစ်ယောက်လေလော။ အခြေအနေက ပိုမို၍ ရှုပ်ထွေးလာသလို သူတို့ ခံစားလိုက်ရ၏။
“စောင့်ကြည့်ကြတာပေါ့လေ…”
ဝိညာဉ် မြှင့်တင်ခြင်း ရှန့်ထိုက ဆိုလိုက်သည်။
ထို့နောက် သူတို့ သုံးယောက်သားမှာ စိတ်ဝင်စားမှုများ တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် အလင်းပြာဂြိုဟ်ကို စိုက်ကြည့် နေခဲ့ကြတော့သည်။
…
အမှောင်ဟင်းလင်းပြင် တစ်နေရာ၌…
အနက်ရောင်ဝတ် ပုံရိပ်မှာ ဝေဝေဝါးဝါးဖြင့် ရပ်နေခဲ့၏။ သူက တစ်ယောက်တည်း မဟုတ်ချေ။ သူ့ဘေးတွင် အခြား ဝတ်စုံနက်ဝတ် နှစ်ယောက်လည်း ရှိနေပေသည်။ သူတို့၏ အော်ရာများက ပထမ ဝတ်စုံနက်အောက် နည်းနည်းလေးမျှ လျော့ကျခြင်း မရှိပါချေ။
“ကြည့်ရတာ သူ ရောက်လာပြီ ထင်တယ်…”
သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ သူတို့ အုပ်စုထဲ၌ လွှမ်းခြုံသွားခဲ့တော့၏။
***