← Chapters

သေလမ်းကို ပို့မည်

Vol. 127 Ch. 1763

သေလမ်းကို ပို့မည်

Vol. 127 Ch. 1763

ကော့ချန်ဘုရင်သည် ကျန်းရီ၏ အစီအစဉ်ကို ခန့်မှန်းမိ၏။ သို့သော် သူပြောသလိုပင် ကျန်းရီဘက်က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်နေ၍ သူတို့ မည်သို့မှ မတတ်နိုင်တော့ချေ။

ကောင်းကင်ကြွက်ဘုရင်က သတင်းပို့လိုက်ပြီး မကြာခင်မှာပင် ကျန်းရီသည် တပ်ကို ဆက်မလိုက်ဘဲ စခန်းချထားရန် ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် တပ်သားများကို အနီနားတွင် လှည့်ပတ်နေစေလိုက်၏။ ထိုမှ ထွက်ပြေးသော တပ်ဖွဲ့က သူတို့ ဤနေရာတွင် စခန်းချလိုက်သည်ကို မသိမည် ဖြစ်သည်။

ယခုတွင် ထွက်ပြေးနေသော တပ်ဖွဲ့သည် ကောင်းကင်ဂဠုန်နယ်မြေကို ရောက်နေပြီဖြစ်၏။ ကျန်းရီက သူတို့နောက်သို့ လိုက်မလာသဖြင့် သူတို့ ဝမ်းသာနေကြသည်။ ထို့ပြင် ကျန်းရီ လာတိုက်လျှင် ပြန်ခုခံရန် တပ်ကို ပြန်စုစည်းရင်းလည်း အလုပ်များနေရာ ကျန်းရီက တပ်ကို လျှို့ဝှက်ရွှေ့ပြောင်းမည်ကို မည်သို့ သံယဝင်ချိန် ရှိပါမည်နည်း။

ကျန်းရီသည် နောက်မှ လိုက်လာပြီး အာရုံလွှဲရန် တပ်သားသောင်းကျော် ချန်ခဲ့လျက် ကျန်တပ်သားများကို ဆောင်းဥတုပုလဲထဲထည့်ကာ နတ်ဆိုးခြောက်နက်ဆီသို့ အမြန်ဆုံးအရှိန်နှင့် သွားလိုက်ပေသည်။ သူ ကော့ချန်ဘုရင်၏ တပ်ကို အလစ်ဝင်မတိုက်ဝံ့ပါ။ ကော့ချန်ဘုရင်က သူ့အစီအစဉ်ကို သိထားပြီဖြစ်ကြောင်း သူ သိသည်။

ကော့ချန်ဘုရင်က မည်သည့်နယ်မြေကိုမှ မသိမ်းပိုက်သလို မည်သို့တိုက်ပွဲတွင်မှ ဝင်မပါခဲ့ရာ အရှေ့ဒေသ၏ ဒုတိယစွမ်းအားအကြီးဆုံး သိုင်းသမားက အလွန်ဉာဏ်ကောင်းကြောင်း ကျန်းရီ ပြောနိုင်ပေသည်။

ဤတစ်ခေါက်တွင်လည်း ကော့ချန်ဘုရင်၏ တပ်ဖွဲ့က အလွန်နှေးကွေးစွာ ချီတက်လာခဲ့သည်။ သူက အလစ်ဝင်တိုက်ခံရမည်ကို ကြောက်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီသည်လည်း ကော့ချန်ဘုရင်၏ အစွမ်းအစကို သိထားသဖြင့် ကော့ချန်ဘုရင်၏ တပ်ဖွဲ့ကို ဝင်မတိုက်ရဲပါပေ။

သို့သော် တောင်စပါးကြီးဘုရင်ကမူ ကွေ့လုဘုရင်၏ တပ်ဖွဲ့ကို ကူရန် အသည်းအသန် သွားနေပြီဖြစ်ကြောင်းကို ကျန်းရီသိသည်။ တောင်စပါးကြီးနယ်မြေက ကောင်းကင်ဂဠုန်နယ်မြေနှင့် အလွန်နီးကပ်သည်။ သူ့တွင် ပြန်သွားရန်မှလွဲ၍ အခြားရွေးစရာ မရှိချေ။

ကောင်းကင်ကြွက်ဘုရင်က သတင်းပို့ရန် အချိန်တစ်ခုလိုအပ်သည်။ ကျန်းရီသည် တပ်သားဆယ်သန်းနီးပါးကို နတ်ဆိုးချောက်နက်အနီးသို့ ခေါ်ရန် ထိုအချိန်ကို အခွင့်ကောင်းယူလိုက်သည်။ တောင်စပါးကြီးဘုရင်၏ တပ်ဖွဲ့သည် နတ်ဆိုးချောက်နက်ကို သေချာပေါက် ဖြတ်ရမည်ဖြစ်သည်။

***

နတ်ဆိုးချောက်နက်သည် အရှေ့ဒေသထဲရှိ အန္တရာယ်အများဆုံးနေရာ ဖြစ်၏။ ၎င်းက အလွန်ကြီးပြီး အချင်းဝက် ကီလိုမီတာငါးသောင်းလောက်ရှိသည်။ ချောက်နက်၏ အောက်ခြေကို မမြင်နိုင်။ ချောက်ထဲတွင်မူ အောက်ခြေ၌ မီးပင်လယ်ကြီး ရှိနေသကဲ့သို့ နီရဲနေသည်။ ချောက်ထဲ ကျသွားသူတိုင်း သေချာပေါက် ပြာကျအောင် လောင်ကျွမ်းသွားပေလိမ့်မည်။

ကျန်းရီသည် ယခင်ကတည်းက နတ်ဆိုးချောက်နက်ကို စုံစမ်းထားပြီးဖြစ်သည်။ အောက်ခြေတွင် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ရှိသည်။ အပူချိန်မှာ အလွန်မြင့်သည်။ ကျတ်တီးမြေက ကျတ်တီးမြေဖြစ်နေရခြင်းမှာလည်း ထိုနတ်ဆိုးချောက်နက်ကြောင့်ဖြစ်သည်။ အနည်းဆုံးတော့ ကျန်းရီက ထိုသို့တွေးပေသည်။

ထူးခြားသော မိုးမြေမီးတောက်များ...

ကျန်းရီသည် ထိုမီးတောက်များကို အမြဲ သဘောကျခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ ရမ်း၍မစွန့်စားဝံ့သဖြင့် ချောက်နက်ထဲ ဆင်းမစုံစမ်းလိုက်ပေ။ မိစ္ဆာအရှင်များပင် ထိုချောက်နက်ထဲ မဆင်းဝံ့ဟု ဆိုသည် မဟုတ်လော။ သူသာ ချောက်နက်ထဲ ဆင်းသွားလျှင် သေသွားနိုင်လောက်လေသည်။

ကျန်းရီထံတွင် ကောင်းကင်ဧကရာဇ်၏ မီးနဂါးဓား၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မီးဝိညာဉ်ပုလဲရှိ၏။ သို့သော် ၎င်းပုလဲ ရှိနေသည်နှင့် မည်သည့်မီးတောက်ကိုမှ ကြောက်ရန် မလိုတော့ခြင်းတော့ မဟုတ်ပေ။

အရေးအကြီးဆုံးမှာ ကျန်းရီသည် နတ်ဆိုးချောက်နက်အနီးသို့ သွားလိုက်တိုင်း ဖော်ပြရန် မစွမ်းသာသည့် မကောင်းသော နမိတ်တစ်ခုကို ခံစားနေရခြင်းဖြစ်သည်။ ထိုခံစားချက်က သူ့ကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။ ဖြစ်နိုင်လျှင် သူ နတ်ဆိုးချောက်နက်အနီးကို မကပ်လိုပါ။

ယခုတွင်မူ ကျန်းရီ နတ်ဆိုးချောက်နက်၏ ချောက်ကမ်းပါးစွန်းတွင် ရပ်နေ၏။ သူ ရင်ခုန်မြန်နေသည်။ နီညိုနေသော ချောက်ကို ကြည့်ရင်း သူ အလွန်စိတ်မသက်မသာ ခံစားနေရသည်။ သူ ထိုနေရာမှ ခွာ၍ အလစ်တိုက်ရန် အခြားတစ်နေရာကို ရှာလိုနေသည်။ သို့သော် မြေမျက်နှာသွင်ပြင်ကို တွေးကြည့်သောအခါ အံကြိတ်၍သာ ဤနေရာတွင် ဆက်နေရလေသည်။

ကျန်းရီသာမဟုတ် ထိုနေရာမှ ဖြတ်သွားရသည့် မိစ္ဆာအားလုံးလည်း စိတ်မသက်မသာ ခံစားရသည်။ ထို့ကြောင့် တုန်လှုပ်သွားအောင်၊ ပရမ်းပတာဖြစ်သွားအောင် လုပ်ရန်မှာ ဤနေရာတွင် ပိုလွယ်ကူသည်။ ထို့ပြင် တောင်စပါးကြီးဘုရင်က အမြန်ဆုံး ပြန်လိုလျှင် နတ်ဆိုးချောက်နက်ကို ကွေ့သွားရမည်ဖြစ်သည်။ ကျန်းရီ၏ စုံစမ်းချက်အရ တောင်စပါးကြီးဘုရင်က သူ့တပ်ဖွဲ့ကို ဤနေဿို့ သေချာပေါက် ခေါ်သွားပေလိမ့်မည်။

ကျန်းရီသည် ချောက်နက်ဘေးရှိ တောင်တစ်လုံး၏ ထိပ်တွင် ထိုင်လျက် တောင်စပါးကြီးဘုရင်၏ တပ်ဖွဲ့ ရောက်လာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေ၏။ တောင်စပါးကြီးဘုရင်၏ တပ်ဖွဲ့ကို စုံစမ်းရန် သူ မည်သည့်ထောက်လှမ်းရေးမှ မစေလွှတ်ခဲ့ပေ။ ဆိုရလျှင် အင်အားဆယ်သန်းနီးပါးရှိသော တပ်က ဆောင်းဥတုပုလဲထဲတွင် ရှိနေပေသေးသည်။

စစ်ရေးစစ်ရာမှာ လျှို့ဝှက်နိုင်ရသည်။

အလစ်ဝင်တိုက်ခြင်းမှာ အမည်က ဆိုသည့်အတိုင်း ရုတ်တရက် အလစ်ဝင်တိုက်နိုင်မှရမည်ဖြစ်သည်။ အကယ်၍ နှစ်ဘက်က အင်အားညီနေလျှင် စိတ်ဓာတ်အား ပိုသာနေသည့်ဘက်၊ ဗျူဟာပိုသာသည့်ဘက်က အနိုင်ရမည်ဖြစ်သည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။ ဆယ်နာရီကြာပြီးနောက် တောင်စပါးကြီးဘုရင် ဦးဆောင်သည့် တပ်ဖွဲ့က ကျန်းရီ မျှော်မှန်းထားသလို ရောက်ရှိလာ၏။ တပ်ဖွဲ့ရှေးပြေးအဖြစ် ထောက်လှမ်းရေးများက ကြိုရောက်လာသည်။ ကျန်းရီသည် တောင်ထိပ်တွင် တိတ်ဆိတ်စွာ ပုန်းအောင်းလိုက်၏။ အဆင့်နိမ့် ထောက်လှမ်းရေးများက သူ့ကို လုံးဝ မထောက်လှမ်းနိုင်ပါချေ။

တဖြည်းဖြည်းဖြင့် တပ်သားများ ရောက်လာ၏။ ‌တောင်များ၊ မြေပြန့်များတွင် တပ်သားများ ပြည့်နှက်နေသည်။ တပ်ဖွဲ့၏ ရှေ့တန်းမှာပင် အနည်းဆုံး တပ်သားတစ်သန်း ရှိပေသည်။ သို့သော် ထိုရှေ့တန်းတွင် စွမ်းအားကြီး သိုင်းသမားများစွာ မပါပေ။ ယင်းမှာ အလစ်တိုက်ခံရလျှင် တပ်ဖွဲ့၏ အဓိကအင်အားကို မဆုံးရှုံးရစေရန် ဖြစ်သည်။ ရှင်းရှင်းဆိုရလျှင် ထိုအင်အားတစ်သန်းရှေ့တန်းမှာ အရှေ့ကို ထောက်လှမ်းကာ အကယ်၍ အလစ်တိုက်ခံရလျှင် အသေခံရန်ဖြစ်သည်။

ထိုအင်အားတစ်သန်းရှေ့တန်းက အသတ်ခံလိုက်ရလျှင်ပင် အဓိကတပ်ဖွဲ့က များစွာ ထိခိုက်မည် မဟုတ်ပေ။ ထို့ပြင် အဓိကတပ်အတွက် ပြင်ဆင်ရန် အချိန်လည်း ရမည်ဖြစ်သည်။

ရှေ့တန်းကို ဦးဆောင်လာသော စစ်သူကြီးများထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား အနည်းငယ် ပါ၏။ ကျန်းရီ သတိလက်လွတ်မဖြစ်ရဲပေ။ သူ တောင်ထိပ်မှနေ၍ တောင်ခြေသို့ပြောင်းကာ ပုန်းအောင်းလိုက်သည်။ ရှေ့တန်းက သူ့အနီးသို့ ရောက်လာသောအခါ အဝေးမှ ထောက်လှမ်းရေးများက လှမ်းအော်ကြ၏။ ကျန်းရီ၏ အစီအစဉ်က အလုပ်ဖြစ်နေပေပြီ။

ရှေ့တန်းသည် ထောက်လှမ်းရေးများဘက်မှ ထူးဆန်းသော အခြေအနေကိုသာ အာရုံစိုက်လိုက်ကြပြီး ကျန်းရီ ရှိနေရာဘက်ကို ကောင်းကင်စိတ်အာရုံနှင့်ပင် အာရုံမခံလိုက်ကြချေ။ အုပ်ချုပ်သူအဆင့် သိုင်သမားများသည် တစ်ယောက်ပြီးတစ်ယောက် အော်ပြောကာ မည်သည့်ကိစ္စနည်းဟု လှမ်းမေးကြ၏။ တစ်ချိန်တည်းမှာပဲ အဓိကတပ်ဖွဲ့ကိုလည်း မြန်မြန်ချီခဲ့ရန် လောလိုက်သည်။

အဝေးတွင် ကိစ္စကြီးတစ်ခု ဖြစ်နေခြင်း မဟုတ်ပါ။ ထောက်လှမ်းရေး ရာဂဏန်းအနည်းငယ်လောက်က တောင်စပါးကြီးတပ်ဖွဲ့၏ ထောက်လှမ်းရေးများနှင့် တိုက်ခိုက်နေခြင်းသာ။ ရှေ့တန်းမှ တပ်သားများ ရောက်သွားသောအခါ ထိုထောက်လှမ်းရေး ရာဂဏန်းအနည်းငယ်သည် ချက်ချင်း သတ်ဖြတ်ခံလိုက်ရလေသည်။

ထိုထောက်လှမ်းရေးများမှာ အသေခံရန် စေလွှတ်ခံထားရခြင်းပင်။ ကျန်းရီသည် ထိုကိစ္စများနှင့် ပတ်သတ်လျှင် အလွန်သွေးအေးသည်။ ထိုသို့ဖြင့် မိစ္ဆာရာကျော် အသေခံလိုက်ရသည်။ ကျန်းရီ၏ နှလုံးသားမှာ သံမဏိကဲ့သို့ မာကြောနေပြီဖြစ်သည်။

သို့သော် အမှန်တွင် ကျန်းရီက သွေးအေး၍ ထိုသို့လုပ်ခဲ့ခြင်းတော့ မဟုတ်ပါ။ စစ်ဖြစ်လျှင် ကျဆုံးသူ ရှိသည်မှာ ဓမ္မတာပင်။ ထိုထောက်လှမ်းရေးများကိုသာ အသေခံရန် မစေလွှတ်ခဲ့လျှင် ကျဆုံးသူက ပိုများသွားနိုင်သည်။ အခန့်မသင့်လျှင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ အားလုံးပင် သေသွားရနိုင်ပေသည်။

ရှေ့တန်းက ဖြတ်ကျော်သွား၏။ သူတို့နောက်တွင် အဓိကတပ်ရှိသည်။ ကျန်းရီသည် လျှို့လျှို့ဝှက်ဝှက်နှင့် အဝေးသို့သို့ သွားလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ဆယ်ချီသော ထောက်လှမ်းရေးများကို လျှပ်တပြက်အတွင်း သတ်ပစ်လိုက်၏။ ပြီးမှ သူ့တပ်သားများကို စတင်ထုတ်လိုက်သည်။ တပ်သားအားလုံးကို ထုတ်ပြီးလျှင် သူ လက်ဟန်ပြကာ ပြောလိုက်လေသည်။

“အစီအစဉ်အတိုင်း လုပ်ကြပါ”

တပ်သားများမှာ အဖွဲ့များခွဲလိုက်ကြ၏။ ထိုအဖွဲ့များကို ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များက ဦးဆောင်ကြသည်။ သူတို့သည် အဖွဲ့များကို အရပ်မျက်နှာအနှံ့သို့ ဦးဆောင်ခေါ်သွားကြပြီး အနီးမှ ထောက်လှမ်းရေးများကို ဆက်သတ်ကာ ကျန်းရီ ညွှန်ပြထားသော နေရာသို့ လျှို့ဝှက်စွာ သွားလိုက်ကြလေသည်။

“သွားကြစို့...”

ကျန်းရီသည် လီရှန်းအာကို ခေါ်၍ နတ်ဆိုးချောက်နက်ဆီသို့ ပျံသန်းသွား၏။ သူတို့က ပေါ်ပေါ်ထင်ထင် ပျံသန်းသွားခြင်းဖြစ်ရာ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများ ရောက်လာလေသည်။

“အန်...”

အဓိကတပ်ထဲမှ တောင်စပါးကြီးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ အံ့အားသင့်သွားကြ၏။ အဘယ်ကြောင့် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က ဤနေရာတွင် ရုတ်တရက် ထွက်ပေါ်လာရသနည်း။ ထို့ပြင် လှပသော မိန်းမပျိုတစ်ယောက်လည်း ပါလာသည်လော။

ကျန်းရီနှင့် လီရှန်းအာတို့ကို အလွန်လျင်မြန်ကြ၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့သည် အဓိကတပ်ဖွဲ့နှင့် ပေသုံးသောင်းသာကွာသော တောင်ထွတ်တစ်ခုသို့ ရောက်သွားသည်။ ကျန်းရီက ခပ်အေးအေးပြုံးကာ လှမ်းအော်ပြောလိုက်သည်။

“တောင်စပါးကြီးဘုရင်... ခင်ဗျားရဲ့ ကျော်ကြားတဲ့နာမည်ကို ကျွန်တော်တို့ ကြားဖူးပါတယ်။ ကျွန်တော်တို့ ခင်ဗျားကို စောင့်နေတာ ကြာပါပြီ”

“မင်းက ဘယ်သူလဲ”

တောင်စပါးကြီးဘုရင်သည် တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း ခံစားနေရ၏။ သူ လက်ဝှေ့ယမ်းလိုက်ပြီး တပ်ဖွဲ့တစ်ခုလုံးကို ရပ်တန့်စေလိုက်သည်။ အားလုံး သတိတကြီးနှင့် ရပ်တန့်လိုက်ကြသည်။ ထို့နောက် အကြီးအကဲတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

“သူက လီရှန်းအာပဲ... ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ရဲ့ မင်းသမီး”

တပ်ဖွဲ့တစ်ခုလုံး ဝေါခနဲ ဆူသွားသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှာ အရှင်မချင်လင်း၏ လက်အောက်ခံမျိုးနွယ်ဖြစ်သည်။ ယခု ထိုမျိုးနွယ်မှ မင်းသမီးက ဤနေရာသို့ ရောက်နေသည်လော။ သူမဘေးမှ ဝတ်ရုံနက်သိုင်းသမားက ဆန်းကြယ်သော အရှင်ကျိုးဆိုသူပေလော။

အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများဘက်တွင် ဆန်းကြယ်သော အရှင်ကျိုးဆိုသူတစ်ယောက် ရှိနေကြောင်း သတင်းထွက်နေသည်။ ထိုသတင်းမှာ တပ်ဖွဲ့အားလုံးထဲတွင် ပျံ့နှံ့နေပြီဖြစ်သည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက လှလှပပ တိုက်ခိုက်နိုင်ခဲ့ကြပြီး တိုက်ပွဲတစ်ပွဲကိုမှ မရှုံးသေးသည်မှာ ထိုအရှင်ကျိုးဆိုသူကြောင့်ဟု ဆိုကြသည်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ကျော်ကြားရန်မှာ မခက်၊ မကျော်ကြားရန်သာ ခက်ပေသည်။

“မင်း...မင်းက အရှင်ကျိုးဆိုတဲ့သူလား”

တောင်စပါးကြီးဘုရင်၏ မျက်ဝန်းများ အေးစက်သွား၏။ အရှင်ကျိုးဆိုသော အမည်မှာ အလွန်ဩဇာကြီးပေသည်။ တောင်စပါးကြီးဘုရင်ပင် ‘ကျိုး’ဟု တစ်လုံးတည်း မခေါ်နိုင်ဘဲ ‘အရှင်ကျိုး’ဟု ခေါ်လိုက်သည်။

“ကျွန်တော်ပါပဲ”

ကျန်းရီ၏ဝတ်ရုံက လွင့်သွားပြီး သူ၏လက်စွပ် လင်းလက်လာသည်။ သူ လက်စွပ်ထဲမှနေ၍ စားပွဲတစ်လုံးနှင့် ထိုင်ခုံတစ်လုံး ထုတ်ကာ ထိုင်လိုက်၏။ ထို့ပြင် သေရည်တစ်ကရားနှင့် သေရည်ခွက်ကိုလည်း ထုတ်၍ သေရည်ပင်သောက်လိုက်သေး၏။ ပြီးမှ ပြုံးကာ ဆက်ပြောလိုက်သည်။

“တောင်စပါးကြီးဘုရင် သေရည်လာသောက်ပါဦးလား။ ဒီသေရည် သောက်ပြီးရင် ကျွန်တော် ခင်ဗျားကို သေလမ်းပို့ပေးမယ်လေ”

***

All Chapters