← Chapters

နယ်မြေစိမ်းမှ သူစိမ်းများ

Vol. 127 Ch. 1764

နယ်မြေစိမ်းမှ သူစိမ်းများ

Vol. 127 Ch. 1764

“ကျွန်တော် ခင်ဗျားကို သေလမ်းပို့ပေးမယ်...”

ကျန်းရီ၏ နောက်ဆုံးစကားအား ကောင်းကင်စွမ်းအားနှင့် မြှင့်တင်ထားသဖြင့် ကီလိုမီတာ သိန်းချီအထိ ပဲ့တင်ထပ်သွားသည်။ အဆင့်နိမ့်မိစ္ဆာများစွာ တုန်လှုပ်သွားကြသည်။ တောင်စပါးကြီးဘုရင်နှင့် အခြားစွမ်းအားကြီး သိုင်းသမားများလည်း တုန်ယင်သွားကြသည်။ သူတို့ ကျန်းရီကြောင့် ဒေါသလည်း ထွက်သွားပေသည်။

အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်နှင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ မင်းသမီးတစ်ပါးက အင်အားဆယ်သန်းရှိသော တပ်ဖွဲ့နှင့် ရင်ဆိုင်နေရခြင်းပင်။ သို့ပင်လျှင် ကျန်းရီက သူတို့ကို သေလမ်းပို့ပေးမည်ဟု ဆိုနေသ‌လော။ သူတို့ဘက်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ငါးယောက်ရှိ၏။ ထိုငါးယောက်ထဲမှ မည်သူကမဆို ကျန်းရီတို့ကို ရှင်းပစ်နိုင်ပေသည်။

“ဟွန်း...”

အုပ်ချုပ်သူအဆင့် အကြီးအကဲတစ်ယောက်က ဒေါသတကြီးနှင့် နှာမှုတ်ကာ အရှေ့သို့ ပျံထွက်လာ၏။ သူ့လက်ထဲတွင် လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် အရှိန်ကို အဆုံးအထိ တင်လိုက်ရာ နှစ်စက္ကန့်အတွင်းမှာပင် ကျန်းရီတို့ အနီးသို့ ရောက်ရှိသွားသည်။ ကောင်းကင်ထဲတွင် မရေမတွက်နိုင်သော လှံရိပ်များ ထွက်ပေါ်လာပြီး ကျန်းရီနှင့် လီရှန်းအာတို့ နှစ်ယောက်စလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းနောက် သူ အော်ပြောလိုက်သည်။

“သေပေတော့...”

ကျန်းရီသည် တင်ပျဉ်ခွေထိုင်နေသေးဆဲဖြစ်ပြီး မလှုပ်ပေ။ သူ လက်ဝှေ့ယမ်းလိုက်သောအခါ လီရှန်းအာက သူ့အနောက်ကို ဝင်သွားလိုက်သည်။ ထိုမှ သူ ဘယ်လက်ကို ဆန့်တန်းလိုက်၏။

“အာ...”

တောင်စပါးကြီးဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများအားလုံး အံ့အားသင့်သွားကြ၏။ ကျန်းရီက လှံကို လက်ဖြင့် ဖမ်းရန် ကြံနေခြင်းလော။ သူက သေလိုနေခြင်းလော သို့မဟုတ် ဝှက်ဖဲတစ်ချပ် ရှိနေသည်လော။

ဝုန်း...

ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာပြီး ကျန်းရီ၏ ခန္ဓာကိုယ်က တုန်သွားသည်။ စားပွဲ၊ ကုလားထိုင်နှင့် သေရည်ကရားတို့လည်း ပေါက်ကွဲထွက်သွားသည်။ သို့သော် သူ့လက်က မည်သို့မှ မထိခိုက်သွားပေ။ ထိုအစား ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် လှံသည်သာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေသည်။

ဝှစ်...

ကျန်းရီ၏ ခြေထောက်အောက်မှ မြေပြင်က စတင် ကွဲအက်သွားပြီး သူလည်း နဂါးရိုင်းတစ်ကောင်အလား အရှေ့သို့ ပျံထွက်သွားသည်။ သူ၏ ထက်ရှသော လက်သည်းများက အကြီးအကဲ၏ ဦးခေါင်းကို ကုတ်ဖြဲလိုက်၏။ အကြီးအကဲသည် ပြန်ပင်မတုံ့ပြန်နိုင်လိုက်ဘဲ ကျန်းရီ၏ လက်သည်းများကြောင့် ခေါင်းကြေသွားလေသည်။

အရာအားလုံးက အလွန်လျင်မြန်လွန်းသည်။ မိစ္ဆာများစွာသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ပင့်သက်သာ ရှိုက်လိုက်ကြရသည်။ ကျန်းရီသည် လေထဲတွင် မျက်နှာသေဖြင့် ရပ်လျက် ပတ်ပတ်လည်ကို မျက်လုံးဝေ့၍ ကြည့်လိုက်သည်။

“ခင်ဗျားတို့က ကျွန်တော့်ကို သတ်ချင်တာလား။ ကဲ... အကုန်လုံး တစ်ပြိုင်တည်း လာခဲ့ကြပါ”

“သတ်ကြ...”

တောင်စပါးကြီးဘုရင်က လက်ဝှေ့ယမ်း၍ အော်ပြောလိုက်၏။ သို့သော် သူကတော့ မလှုပ်ပေ။ သူသည် တပ်သားတစ်သိန်းကိုသာ ကျန်းရီဆီသို့ ချီတက်စေလိုက်သည်။ ယခုအထိ ကျန်းရီ၏ အင်အားကို မသိရသေးပေ။ သို့သော် ကျန်းရီက အမှန်ပင် ကျော်ကြားသည်။ ထို့ပြင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကိုလည်း လက်သည်းချက်တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့ရာ တောင်စပါးကြီးဘုရင် အတန်ငယ် ရှိန်နေပေသည်။

ဝှစ်...

ကျန်းရီသည် တောင်ထိပ်သို့ ပြန်သွား၍ ဗျပ်စောင်းကို ထုတ်လိုက်၏။ ထို့နောက် ဗျပ်စောင်းကို ခပ်ကြမ်းကြမ်း တီးလိုက်သည်။ သူ့ထံသို့ ပျံသန်းလာနေသော တပ်သားအားလုံး ရပ်တန့်သွား၏။ အဆင့်နိမ့်မိစ္ဆာများစွာသည် သူတို့၏ ဦးခေါင်းများကို ကိုင်ကာ မြေပြင်ပေါ်တွင် လူးလွန့်ကုန်သည်။ ဗျပ်စောင်းသံက ဝေးဝေးထိ ရောက်ပြီး အင်အားတစ်သန်းရှိသော တပ်ဖွဲ့တစ်ခုလုံးကို လွှမ်းခြုံထားပေသည်။ အနည်းဆုံး တပ်သားလေးသိန်းကျော် ငါးသိန်းလောက် သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်ကာ နာကျင်တကြီး အော်ဟစ်၍ မြေပြင်တွင် လူးလှိမ့်နေကြပေသည်။

တောင်စပါးကြီးဘုရင်နှင့် အခြားသူများ လုံးဝ မျက်နှာပျက်သွားကြ၏။ တပ်က ဖရိုဖရဲ ဖြစ်လာပေပြီ။ ထိုအခိုက်တွင် သူတို့အနောက်မှနေ၍ ကျယ်လောင်သော အသံများကို ကြားလိုက်ရ၏။ ထို့နောက် ကောင်းကင်ထဲတွင် အလင်းတန်းများ ပြည့်သွားကာ ကောင်းကင်တစ်ခြမ်းကို လင်းထိန်သွားစေပေသည်။

“သတ်ကြ...”

တစ်ချိန်တည်းမှာပင် မြေကိုပင် တုန်ဟည်းစေသည့် ကြွေးကြော်သံကြီးတစ်သံက အရှေ့မှနေ၍ ထွက်ပေါ်လာ၏။ ကျန်းရီအနောက်မှနေ၍ တပ်တစ်တပ် ပျံထွက်လာသည်။ ကြွေးကြော်သံများလည်း ပတ်ဝန်းကျင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားလေသည်။

“ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နဲ့ ကောင်းကင်ဂဠုန်ဘုရင်တို့လား”

“သူတို့က ဟိုဘက်က တပ်ဖွဲ့နောက်ကို လိုက်သွားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီမှာ ပေါ်လာရတာလဲ”

“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး...”

မိစ္ဆာများ တုန်လှုပ်သွားကြသည်။ တောင်စပါးကြီးဘုရင်နှင့် အခြားသူများလည်း အံ့အားသင့်နေကြသည်။ သူတို့ရလိုက်သော သတင်းက အတုမဟုတ်လျှင် ရန်သူဘက်မှ တပ်ဖွဲ့ကြီးက ဤနေရာတွင် ပေါ်လာရန် မဖြစ်နိုင်ပေ။ ကွေ့လုဘုရင်နှင့် ကြမ်းကြုတ်နဂါးဘုရင်တို့က ပူးပေါင်းလိုက်ခြင်းလော။

တွေးလေလေ၊ တစ်ခုခု မှားနေသည်ဟု ထင်လာရလေလေပင်။ မည်သို့ပင်ဖြစ်စေ တပ်ကြီးတစ်တပ်က အရပ်မျက်နှာအနှံ့မှနေ၍ ဝင်လာပေပြီ။ သူတို့ ရွေးချယ်စရာ မရှိတော့ဘဲ တိုက်ခိုက်ရပေတော့မည်။ တောင်စပါးကြီးဘုရင်က ‌အော်ပြောလိုက်သည်။

“အားလုံးပဲ... မတုန်လှုပ်ပါနဲ့။ ကျုပ်တို့ သေတဲ့အထိ တိုက်ခိုက်ကြမယ်”

“သေတဲ့အထိ တိုက်မှာလား”

ကြမ်းကြုတ်နဂါးဘုရင်၏ လက်စွပ်က လင်းလက်လာပြီး အလောင်းတစ်လောင်း ထွက်လာ၏။ ထို့နောက် သူ အော်ပြောလိုက်သည်။

“အဲ့ဒါက ဘယ်သူလဲ ကြည့်လိုက်ပါဦး။ ကွေ့လုဘုရင်က သေပြီ၊ ကော့ချန်ဘုရင်ရဲ့ အလောင်းကို ရှာတောင်မရတော့ဘူး။ တပ်သားသန်းနှစ်ဆယ်လုံးလည်း ရှင်းပစ်ခံလိုက်ရပြီ။ ခင်ဗျားတို့ အညံ့မခံသေးရင် အညှာအတာမရှိ သတ်ပစ်ခံရလိမ့်မယ်”

ဝှစ်...ဝှစ်...ဝှစ်...

ကောင်းကင်စိတ်အာရုံများ ထွက်သွားပြီး လေထဲရှိ အလောင်းကို အာရုံခံလိုက်ကြ၏။ ထို့နောက် အားလုံး မျက်နှာပျက်သွားကြသည်။ ထိုအလောင်းက အမှန်ပင် ကွေ့လုဘုရင်၏အလောင်း ဖြစ်သည်။ အလောင်းမှာ စုတ်ပျက်နေသော်လည်း အတုတော့ မဟုတ်ချေ။

“အညံ့ခံတဲ့သူတွေကို ချမ်းသာပေးမယ်။ ခုခံတဲ့သူတွေကတော့ အညှာအတာမရှိ သတ်ပစ်ခံရမယ်”

အရပ်မျက်နှာအနှံ့မှနေ၍ ကျယ်လောင်သော အော်သံများနှင့်အတူ တပ်သားများက ထက်ရှသော ဓားများအလား ထိုးဝင်ပျံသန်းလာနေ၏။ ထိုတပ်သားများ၏ သတ်ဖြတ်အရှိန်အဝါများက ရန်သူတပ်ဖွဲ့ကို လွှမ်းခြုံထားသည်။ ယင်းတို့အပြင် နတ်ဆိုးချောက်နက်မှ ထူးဆန်းသော အရှိန်အဝါများလည်း ရှိနေရာ တောင်စပါးကြီးတပ်ဖွဲ့မှ တပ်သားများ ရင်ခုန်မြန်လာကြလေသည်။

တန်...တောင်...

ရုတ်တရက် ကျန်းရီ၏ ဗျပ်စောင်းသံက ညင်သာစွာ ထွက်ပေါ်လာ၏။ သူသည် ဗျပ်စောင်းသံက မိမိတပ်အပေါ်တွင်လည်း သက်ရောက်မှု ရှိမည်ကို စိုး၍ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မသုံးလိုက်ပေ။ သူ ဗျပ်စောင်းတီးသောအခါ လီရှန်းအာက စတင်၍ ကသည်။ ထိုမြင်ကွင်းမှာ အလွန်ထူးဆန်းနေပေသည်။

“တောင်စပါးကြီးဘုရင်... ကျုပ်တို့ ကွေ့လုဘုရင်၊ ကော့ချန်ဘုရင်နဲ့ တပ်သားသန်းနှစ်ဆယ်ကို ဘယ်လိုမျိုး အလွယ်လေး သတ်နိုင်ခဲ့လဲဆိုတာကို ခင်ဗျားသိလား။ အမှန်အတိုင်း ပြောရရင် အရှင်မချင်လင်း ပြန်လာပြီ။ ခင်ဗျားတို့ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် ဒီနေ့ ခင်ဗျားတို့ကို သေခြင်းတရားကပဲ စောင့်နေလိမ့်မယ်”

ကန်းဟန့်ဘုရင်၏ အော်သံက တပ်ဖွဲ့တစ်ဖွဲ့လုံး၊ တောင်စပါးကြီးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များကို တုန်လှုပ်သွားစေသည်။ အရှင်မချင်လင်း ပြန်လာပြီလော။ သို့ဆိုလျှင် သစ္စာဖောက်ခဲ့သော သူတို့အတွက် လွတ်လမ်းရှိပါဦးမည်လော။

တောင်စပါးကြီးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ တစ်ခဏမျှ တွေဝေသွားကြသည်။ သူတို့ တပ်ဖွဲ့ကို မည်သို့ အမိန့်ပေးလိုက်ရမည်ကို မသိတော့ပေ။ သူတို့ အသိပြန်ကပ်လာသည့်အချိန်တွင် တပ်ဖွဲ့မှာ ပရမ်းပတာ ဖြစ်နေပေပြီ။

“ပြန်ဆုတ်ကြ.. ကျုပ်နောက်က လိုက်ခဲ့ကြ”

တောင်စပါးကြီးဘုရင်သည် အော်ပြောလိုက်ပြီး စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်၍ အရှေ့သို့ ပျံသန်းသွားလိုက်၏။ အရှင်မချင်လင်း ပြန်ရောက်လာသည်ဖြစ်စေ၊ ပြန်မရောက်သေးသည်ဖြစ်စေ အရေးမပါပါ။ ယနေ့တွင် သူတို့ ရှုံးသွားပြီဖြစ်ရာ ရှင်သန်နိုင်ရန်အတွက် ဝိုင်းရံထားမှုကို ဖောက်ထွက်ရပေမည်။

သို့သော်...

တောင်စပါးကြီးဘုရင်၏ တုံ့ပြန်မှုက အလွန်နောက်ကျသွားပေပြီ။ သူသာ အစကတည်းက ဖောက်ထွက်မည်ဆိုလျှင် ဝိုင်းရံထားမှုကို ဖောက်ထွက်နိုင်လောက်သေးသည်။ ယခုတွင်မူ တပ်က လုံးဝပျက်နေပြီဖြစ်သည်။

တပ်ပျက်သွားလျှင် သူတို့အားလုံး သေရန် စောင့်နေရုံသာ ရှိတော့သည်။ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြား စွမ်းအားကြီး သိုင်းသမားများက တောင်စပါးကြီးဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကို တိုက်ခိုက်ကြ၏။ သူတို့က မည်သူ့ကိုမှ အလွတ်ပေးမည် မဟုတ်ကြောင်း ထင်ရှားပေသည်။

လေတဟူးဟူး တိုက်ခတ်နေ၏။ ကောင်းကင်ထဲတွင်လည်း အော်သံများ၊ ပေါက်ကွဲသံများနှင့် ဆန်းကြယ်စွမ်းရည်အမျိုးမျိုး ထုတ်လွှတ်လိုက်သံများ ပြည့်နှက်နေ၏။ သွေးစိမ်းရှင်ရှင်များ ပန်းထွက်လျက် ခြေပြတ်လက်ပြတ်များက နေရာအနှံ့တွင် ရှိနေ၏။ နတ်ဆိုးချောက်နက်ထဲရှိ နီညိုရောင် မီးတောက်များက ကောင်းကင်ထဲအထိ ထိုးတက်လာပြီး မြင်ကွင်းကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေစေပေသည်။

ကျန်းရီက ဗျပ်စောင်းကို အေးအေးလူလူ တီးခတ်နေပြီး လီရှန်းအာက ကခုန်နေသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားအချို့ကမူ သူသေကိုယ်သော တိုက်ခိုက်နေကြသည်။ နှစ်ဘက်ပေါင်း မိစ္ဆာသန်းနှစ်ဆယ်လောက်သည် အနီးရှိ တောင်များ၊ မြေပြန့်များတွင် မြေတုန်ဟည်းဖွယ် တိုက်ပွဲကြီးကို ဆင်နွှဲနေကြသည်။ သို့သော် ပြေးနေသူ၊ လိုက်နေသူများလည်း ရှိသည်။ ထိုမြင်ကွင်းသည် ဤတိုက်ပွဲတွင် ရှင်ကျန်မည့် မိစ္ဆာများ၏ ရင်ထဲတွင် ထာဝရစွဲထင်နေလောက်ပေသည်။

လီရှန်းအာက အလွန်ကြော့ရှင်းစွာ ကခုန်နေသည်။ သူမ၏ ရုပ်ရည်မှာ အလွန်လှပရာ ဤအခြေအနေတွင် သူမ၏အကမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ သူမ၏ မျက်နှာထက်တွင် အပြုံးရေးရေးရှိသည်။ သူမသည် တိုက်ခိုက်နေသော တပ်သားများကို လျစ်လျူရှု၍ ကျန်းရီကို ကြည့်နေသည်။ ဤအချိန်က လောကကြီး၏ အဆုံးသတ်ဆိုလျှင်ပင် သူမက ကျန်းရီအတွက် ကပြရင်း နောင်တမရှိဘဲ အသေခံမည့်ပုံပင်။

ကျန်းရီမှာ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို တစ်ကိုယ်တော် ကယ်တင်ကာ အရှေ့ဒေသ၏ အင်အားမျှခြေကို ဖျက်ဆီးခဲ့ပြီး မရေမတွက်နိုင်သော မိစ္ဆာများကို သတ်၍ အရှေ့ဒေသတစ်ခွင်လုံးကို သိမ်းပိုက်နိုင်မည့် ဆန်းကြယ်သောပုဂ္ဂိုလ်ပင်။ သူက တိုက်ခိုက်စွမ်းအား ကြီးရုံသာမက ဉာဏ်လည်းကောင်းသည်။ အရေးအကြီးဆုံးမှာ သူက အရှင်မချင်လင်း စေလွှတ်လိုက်သော တမန်တော်တစ်ယောက် ဖြစ်နေခြင်းပင်။ ထို့ပြင် သူက လီရှန်းအာ၏ ယောက်ျားလည်း ဖြစ်နေသေးသည်။

ရလဒ်မှာ သေချာနေပေပြီ။ အရာအားလုံးက ပြီးပြည့်စုံနေသည်။ ဤတိုက်ပွဲပြီးသွားလျှင် အင်အားစုသုံးစု၏ မဟာမိတ်စစ်တပ်က ဆက်တိုက်ခိုက်နိုင်တော့မည် မဟုတ်ဟု ကျန်းရီ ယုံကြည်ပေသည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူတို့က အရှေ့ဒေသထဲ ပြန်ဝင်ကာ အရှေ့ဒေသတစ်ခွင်လုံးကို အုပ်စိုးနိုင်ပေလိမ့်မည်။

သို့သော် ကျန်းရီ၏ ရင်ထဲတွင် များစွာမပျော်ပါ။ ထိုအစား သူ့မျက်ဝန်း၏ နက်ရှိုင်းသောနေရာ၌ ဖယ်ထုတ်၍မရသော ဝမ်းနည်းအရိပ်အယောင်တစ်စွန်းတစ်စ ရှိနေပေသည်။ သူက နယ်မြေစိမ်းတွင်ဖြစ်ရာ အုပ်စိုးသူ ဖြစ်လာနိုင်လျှင်လည်း မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ သူက ကောင်းကင်မိစ္ဆာဘုံတစ်ဘုံးလုံးကို အုပ်စိုးနိုင်မည်ဆိုလျှင်လည်း ဘာအရေးနည်း။ ဤနေရာက သူ့အိမ်မဟုတ်ပေ။ သူ မည်သည့်အချိန်မှ အိမ်ပြန်၍ အိပ်မက်ထဲတွင် တောင့်တရသည့် မိသားစုဆွေမျိုးများနှင့် ချစ်ခင်ရသူများကို တွေ့နိုင်မည်နည်း။

***

All Chapters