← Chapters

အရှေ့ဒေသ ပဋိပက္ခ

Vol. 127 Ch. 1766

အရှေ့ဒေသ ပဋိပက္ခ

Vol. 127 Ch. 1766

မင်ရည်တောင်ပံဆန်းကြယ်နယ်မြေ၊ သိမ်းငှက်ငယ်တောင်ကြား...

ထိုတောင်ကြားမှာ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲရှိ အလွန်ဆန်းကြယ်သောနေရာတစ်ခုဖြစ်သည်။ တောင်ကြားထဲမှ မိုးမြေဝိညာဉ်စွမ်းအင်က မင်ရည်တောင်ပံဆန်းကြယ်နယ်မြေတစ်ခုလုံးတွင် အသိပ်သည်းဆုံးဖြစ်သည်။ ထို့ပြင် အထဲ၌ ထိပ်တန်းအဆင့် ဆန်းကြယ်နယ်မြေနှစ်ခုလည်း ရှိသေးသည်။

ထိုတောင်ကြားထဲဝင်၍ ကျင့်ကြံနိုင်ခွင့်မှာ မင်ရည်တောင်ပံမျိုးနွယ်တစ်ခုလုံးတွင် တန်ဖိုးအရှိဆုံး အခွင့်အရေးဖြစ်သည်။ သို့သော် ပါရမီမထူးလျှင် ထိုတောင်ကြားထဲ၌ တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ ကျင့်ကြံခွင့် ရကြသည်။

လက်ရှိတွင် သိမ်းငှက်ငယ်တောင်ကြားထဲရှိ ရဲတိုက်တစ်လုံးထဲတွင် လူအနည်းငယ် နေထိုင်နေကြသည်။ အထဲတွင် သိမ်းငှက်ဘုရင်လေးသာမက ကျန်းရှောင်နူလည်း နေထိုင်နေသည်။ ယဉ်ရို့ပင်း၊ စုလောရွှယ်နှင့် တိလင်အာတို့မှာမူ ရဲတိုက်ထဲမှနေ၍ တစ်ခေါက်မှပင် ထွက်ခွင့်မရသေးပေ။

ထို့ပြင် ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်း၊ ယွင်ဖေး၊ မိုယောင်အာ၊ ကျန်းရိလျှို၊ စစ်ထူရီရှောင်၊ ရှောင်ဖေးနှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှနေ၍ တက်လှမ်းလာသူအားလုံးလည်း ထိုတောင်ကြားထဲ၌ ရှိနေကြသည်။

မူလတွင် ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် အခြားသူများကို မိုလင်းချိုးက လျှို့ဝှက်နယ်မြေတစ်ခုသို့ ပို့ကာ ဝှက်ထားခဲ့သည်။ ထိုလျှို့ဝှက်နယ်မြေမှာ မိုမျိုးနွယ်၏ လျှို့ဝှက်အခြေချစခန်းနေရာတစ်ခုဖြစ်သည်။ သို့သော် သိမ်းငှက်စိမ်းဘုရင်က မိုလင်းချိုးအား ရုတ်တရက် ဆက်သွယ်၍ ထိုသူများကို မင်ရည်တောင်ပံဆန်းကြယ်မြေထဲရှိ သိမ်းငှက်ငယ်တောင်ကြားထဲတွင် လာနေခိုင်းရန် ပြောခဲ့၏။

သိမ်းငှက်စိမ်းဘုရင်က ကျန်းရီအပေါ်တွင် အမြင်မကြည်ပါ။ သူ ကျန်းရီကို အတန်ငယ် လေးစားမိခြင်းသာဖြစ်သည်။ ကျန်းရီက မိုးပြာမဟာဧကရာဇ်မြို့တွင် သတ်ဖြတ်ပြီးနောက် သိမ်းငှက်စိမ်းဘုရင်သည် ယခုတွင် အထက်ဘုံ၏ စွမ်းအားအကြီးဆုံးသူမှာ ကျန်းရီဖြစ်သွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သိမ်းငှက်စိမ်းဘုရင် အရှုံးကို ဝန်ခံခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် သိမ်းငှက်စိမ်းဘုရင်သည် ကျန်းရှောင်နူ၏ မှတ်ဉာဏ်ချိပ်စည်းကိုလည်း ဖျက်ပေးခဲ့သည်။ ယခုတွင် ကျန်းရီက သူ့သမီးတော်နှင့် ထိုက်တန်သွားပြီဟု သူ ယုံကြည်ပေသည်။

ကျန်းရှောင်နူသည် မှတ်ဉာဏ်ပြန်ရပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို သိသွားသောအခါ ခေါင်းမာစွာနှင့် ကောင်းကင်ဘုံသို့ တက်ကာ ကျန်းရီကို ရှာမည်ဟု လုပ်ခဲ့၏။ သိမ်းငှက်စိမ်းဘုရင်သည် ကျန်းရှောင်နူကို မဆင်မခြင်ပြုခွင့် မပေးနိုင်ပါ။ ထို့ကြောင့် သူမကို မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲတွင်သာ ပိတ်ထားခဲ့ပြီး တစ်ထစ်လျှော့ပေးသည့်အနေဖြင့် ကျန်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်းနှင့် အခြားသူများကို လှမ်းခေါ်ပေးခဲ့သည်။ သိမ်းငှက်စိမ်းဘုရင်တွင် တစ်ထစ်လျှော့ရန်မှလွဲ၍ အခြားရွေးချယ်စရာလည်း မရှိတော့သည် မဟုတ်ပါလား။

ကျန်းရှောင်နူသည် သူမ၏ တိုက်ခိုက်စွမ်းအားက အလွန်နိမ့်နေကြောင်းကို သိ၏။ သူမ ကောင်းကင်ဘုံသို့ တက်သွားလျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေပေလိမ့်မည်။ ကျန်းရီ ပျောက်ဆုံးနေကြောင်းကို ကြားရသောအခါ သူမရင်ထဲတွင် မျှော်လင့်ချက်မီးတောက်လေးတစ်စ ဖြစ်ပေါ်လာသည်။ ကျန်းရီက သေချာပေါက် အသက်ရှင်နေဦးမည်ဖြစ်ပြီး တစ်နေရာရာတွင် ပုန်း‌အောင်းနေရခြင်းဖြစ်မည်ဟု သူမ အခိုင်အမာ ယုံကြည်သည်။ ထို့ကြောင့် သူမသည် အခြားသူများကိုပင် ဖျောင်းဖျ၍ သိမ်းငှက်ငယ်တောင်ကြားထဲ၌ ကြိုးစားပမ်းစား ကျင့်ကြံကာ သူတို့၏ တိုက်ခိုက်စွမ်းအားကို အမြန်ဆုံးမြှင့်တင်ပြီးမှ ကောင်းကင်ဘုံသို့ အတူသွား၍ ကျန်းရီကို ရှာကြမည်ဟု ပြောခဲ့ပေသည်။

သူတို့ထဲတွင် ကျန်းရှောင်နူက အသန်မာဆုံးဖြစ်သည်။ သို့သော် သူမက အုပ်ချုပ်သူအဆင့်သို့ပင် မရောက်သေးချေ။ သူတို့၏ အစွမ်းအစကို သူတို့သိသည်။ လက်ရှိတွင် သူတို့အနေဖြင့် ပူပန်မှုများကို ဘေးချိတ်ကာ အစွမ်းကုန်ကြိုးစား၍သာ ကျင့်ကြံနေရမည်ဖြစ်သည်။ ထို့ပြင် တစ်နေ့နေ့တွင် သူတို့ ကျန်းရီကို ပြန်တွေ့နိုင်လိမ့်မည်ဟုလည်း ခိုင်မာစွာ ယုံကြည်ချက်ထားထားကြပေသည်။

***

အချိန်က တ‌ရွေ့ရွေ့ ရွေ့လျားကာ သုံးလကုန်ဆုံးသွားသည်။

ကျန်းရီ မျှော်လင့်ထားသကဲ့သို့ပင် ကောင်းကင်မိစ္ဆာဘုံ၏ အရှေ့ဒေသက သုံးလအေးချမ်းနေခဲ့ပြီးနောက် မျိုးနွယ်များစွာသည် သူတို့၏ လောဘနှင့် မနာလိုမှုကို မထိန်းချုပ်နိုင်တော့ဘဲ စတင် လှုပ်ရှားကြလေသည်။

‌ကော့ချန်ဘုရင်သည် ပြန်ရောက်ပြီးနောက် အလွန်ငြိမ်သက်နေခဲ့၏။ မျိုးနွယ်ကြီးများမှ မျိုးနွယ်ဘုရင်များက သူ့အား မဟာမိတ်တပ်တစ်တပ် ပြန်စုစည်း၍ ကျတ်တီးမြေကို ထပ်၍ထိုးစစ်ဆင်ရန် ပြောသောအခါတွင်လည်းကောင်း၊ အရှေ့ဒေသကို စုစည်းရန် ပြောသောအခါတွင်လည်းကောင်း သူ မည်သို့မှ ပြန်မတုံ့ပြန်ခဲ့ပေ။ သူက သူ၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြလိုသည်။ သူသည် မည်သည့်နယ်မြေလုမှု၊ မည်သည့်အတွင်းစစ်ပွဲတွင်မှ ပါမည် မဟုတ်ပေ။ သို့သော် မည်သူ၏ ရန်စမှုကိုမှလည်း ခံမည်မဟုတ်။ ရန်စလာသူရှိလျှင် အကျိုးဆက်များကို ခံရပေလိမ့်မည်။

ကော့ချန်ဘုရင်က မလှုပ်ရှားသဖြင့် အခြားမျိုးနွယ်များလည်း မလှုပ်ရှားဝံ့ခဲ့ကြ။ သူတို့သည် တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲပြီးခါစဖြစ်ပြီး တပ်သားများစွာကို ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။ အရှေ့ဒေသ၏ အခြေအနေ တည်ငြိမ်စေရန် အချိန်အနည်းငယ်လောက် လိုအပ်သည်။ ထို့ကြောင့် သုံးလကြာအောင် အေးချမ်းနေခဲ့ခြင်းပင်။

သုံးလကြာပြီးနောက်တွင်လည်း ကော့ချန်ဘုရင်က မလှုပ်ရှားသေး။ သို့သော် အခြားမျိုးနွယ်ကြီးများမှာ စိတ်မထိန်းနိုင် ဖြစ်လာနေပေပြီ။ သူတို့သည် နဂါးတောင်ကြားကို မတိုက်ခိုက်ဝံ့သော်လည်း ကွေ့လုနယ်မြေနှင့် တောင်စပါးကြီးနယ်မြေတို့ကို တိုက်ခိုက်လိုလာကြသည်။ ထိုနယ်မြေများထဲတွင် ဆန်းကြယ်နယ်မြေများနှင့် အရင်းအမြစ်များစွာ ရှိသည် မဟုတ်လော။

မျိုးနွယ်ကြီးအချို့သည် လျှို့ဝှက်အင်အားပူးပေါင်း၍ မျိုးနွယ်ငယ်တစ်ခုကို စေလွှတ်ကာ ပြဿနာရှာစေလိုက်၏။ နောက်ဆုံးတွင် ကွေ့လုမျိုးနွယ်က ထိုမျိုးနွယ်ငယ်လေး၏ သောင်းချီသော တပ်သားများကို ရှင်းပစ်လိုက်သည်။ ထိုအခါ မျိုးနွယ်ကြီးများအတွက် စစ်ပွဲစရန် အကြောင်းပြချက် ရသွားလေသည်။ သို့ဖြင့် ပရမ်းပတာ စစ်ပွဲကြီးတစ်ပွဲ ထပ်မံ ဖြစ်ပေါ်လာလေသည်။

မျိုးနွယ်ကြီးအချို့က စတင်လှုပ်ရှားသောအခါ အခွင့်ကောင်းကို စောင့်နေခဲ့သော အခြားမျိုးနွယ်များသည်လည်း လိုက်၍ လှုပ်ရှားကြ၏။ သူတို့သည် အထိအခိုက်များခဲ့သော မျိုးနွယ်ကြီးများကို ပစ်မှတ်ထားကြသည်။ အချိန်တစ်ခုအတွင်းမှာပင် စစ်မီးက နေရာအနှံ့ ကူးစက်သွားလေသည်။

မိစ္ဆာအရှင်သုံးပါက တမန်တော်များ စေလွှတ်ပါ၏။ သူတို့သည် အရှေ့ဒေသက ပဋိပက္ခ ဖြစ်လာမည်ကို ကြိုတွက်ထားပြီးဖြစ်သည်။ သို့သော် မိစ္ဆာအရှင်သုံးပါးမှာ အရှေ့ဒေသ၏ အတွင်းရေးများကို တိုက်ရိုက် ဝင်စွက်ဖက်ခွင့် မရှိရာ ထိုမျိုးနွယ်များက အရေးစိုက်ကြပါမည်လော။ သူတို့သည် အကြောင်းပြချက် အမျိုးမျိုးပေးကာ ဆင်ခြေဆင်လက်များ တက်လိုက်ကြသည်၊ အနှစ်မပါသည့် နှုတ်ကတိများသာ ပေးလိုက်ကြပေသည်။ တမန်တော်သုံးယောက်က သူတို့ကို အတင်အကြမ် စေခိုင်း၍ မရသည် မဟုတ်ပါလော။

ပရမ်းပတာ တိုက်ပွဲများ တစ်ပွဲပြီးတစ်ပွဲ ဖြစ်လာပြီးနောက် ကွေ့လုမျိုးနွယ်နှင့် တောင်စပါးကြီးမျိုးနွယ်တို့က ဆုတ်၍သာ လာရ၏။ သူတို့သည် သူတို့၏ တော်ဝင်မြို့များကိုပင် မကာကွယ်နိုင်ကြတော့ပေ။ နောက်ဆုံးတွင် မျိုးနွယ်တစ်ခုလုံး ထွက်ပြေးကြရလေတော့သည်။

သို့သော် သူတို့ မည်သည့်နေရာသို့ ထွက်ပြေးနိုင်မည်နည်း။ သူတို့ အရှေ့ဒေသထဲမှ ထွက်သွားလျှင် အခြားမျိုးနွယ်များ၏ လက်အောက်ခံများသာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် သူတို့ မျိုးနွယ်ငယ်လေးများ၏ နယ်မြေများကို လုယူရန်သာ ရှိတော့သည်။

ထိုသို့ဖြင့် စစ်ပွဲကြီးထဲတွင် မျိုးနွယ်ကြီးများရော မျိုးနွယ်ငယ်များပါ ပါဝင်လာသည်။ မျိုးနွယ်ကြီးများက နယ်မြေအားလုံးကို သိမ်းပိုက်၍ အ‌ရှေ့ဒေသကို စုစည်းအုပ်စိုးလိုကြသည်။ မျိုးနွယ်ငယ်များကလည်း သူတို့၏နယ်မြေများကို မစွန့်လွှတ်လိုပေ။ နယ်မြေပျောက်ခဲ့ရသော မျိုးနွယ်ကြီးများကလည်း မျိုးနွယ်ငယ်များ၏ နယ်မြေများကို မျက်‌စောင်းထိုးလာကြသည်။ စစ်ပွဲမှာ အလွန်ပရမ်းပတာ ဖြစ်နေပေသည်။

ကော့ချန်မျိုးနွယ်မှာမူ မည်သည့်ဘက်ကမှ ဝင်မပါခဲ့။ သူတို့မျိုးနွယ်သည် ပြီးခဲ့သော တိုက်ပွဲတွင် ဆုံးရှုံးမှုမရှိခဲ့သဖြင့် လက်ရှိ၌ အင်အားအကြီးဆုံးဖြစ်နေသည်။ သို့သော် အခြားမျိုးနွယ်ကြီးများသည် ကွေ့လုနယ်မြေနှင့် တောင်စပါးကြီးနယ်မြေတို့ကို သိမ်းပိုက်ပြီးနောက် မာန်တက်လာကြ၏။ သူတို့သည် အရှေ့ဒေသတစ်ခုလုံးကို အုပ်စိုးလိုကြသည်။ သူတို့ ဒေသတစ်ခုလုံးကို မအုပ်စိုးနိုင်လျှင်ပင် နယ်မြေအများစုကို သိမ်းပိုက်ကာ လူသားအင်ပါယာကဲ့သို့ အင်ပါယာတစ်ခုကို ထူထောင်လိုလာကြသည်။

တစ်ဘက်က အင်အားကြီးပြီး တစ်ဘက်က အင်အားနည်းသောအခါ ထုံးစံအတိုင်း အင်အားနည်းသူများက အတူအင်အားပူးပေါင်းကြတော့သည်။ သို့ဖြင့် အတွင်းစစ်ပွဲတစ်ပွဲ ဖြစ်ပေါ်လာသည်။

ထိုစစ်ပွဲက နှစ်လတိုင်တိုင် ကြာမြင့်ခဲ့၏။ နောက်ဆုံးတွင် ပူနီဧကရာဇ်၏ လက်အောက်ခံအင်အားစုက စစ်ရှုံးသွားသည်။ အခြားတစ်ဘက်မှာလည်း နိုင်ခဲ့သော်ငြား အကျအဆုံး များခဲ့ပေသည်။

ယခုအထိ ကော့ချန်ဘုရင်က မလှုပ်ရှားသေးပေ။ စစ်ပွဲအပြီး တစ်လခန့် အေးချမ်းနေပြီးနောက် ပဋိပက္ခများ ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ နေရာအနှံ့တွင် တိုက်ပွဲအသေးလေးများ ဖြစ်ပွားလာသည်။ တဖြည်းဖြည်းဖြင့် အရှေ့ဒေသကို စစ်မီးက ပြန်ဝါးမျိုသွားပြန်လေသည်။

သို့သော် ဤတစ်ခေါက်တွင် မည်သည့်မဟာမိတ်မှ ရှိမလာ။ ဤစစ်ပွဲထဲတွင်ပါသည့် မျိုးနွယ်များစွာက အင်အားစုတစ်စုထဲမှ ဖြစ်ရာ မဟာမိတ်ဖွဲ့ရန် အကြောင်းမရှိ‌တော့ချေ။

မိစ္ဆာအရှင်သုံးပါးသည် ကြားမှ ဝင်ဖျန်ဖြေရန် ကြိုးစားခဲ့၏။ တမန်တော်များ ရောက်လာသောအခါ စစ်ပွဲက ရပ်သွားသည်။ သို့သော် တမန်တော်များ ပြန်သွားပြီးနောက် စစ်ပွဲ ပြန်ဖြစ်လာပေသည်။

စစ်မှာ ဆက်လိုက် ရပ်လိုက်နှင့် ရှိနေ၏။ ထိုစစ်ကို ရပ်တန့်၍ မရနိုင်တော့ပေ။ နောက်ဆုံးတွင် မိစ္ဆာအရှင်သုံးပါးသည် အရေးမစိုက်တော့ရန်သာ ဆုံးဖြတ်လိုက်ကြတော့သည်။ ထိုမျိုးနွယ်များက တိုက်ခိုက်ရသည်ကို ထိုမျှကြိုက်လျှင် တိုက်ခိုက်စေလိုက်တော့ပေမည်။ မျိုးနွယ်အများစု ပျက်သုဉ်းသွားလျှင် စစ်ပွဲက အလိုလို ရပ်သွားပေလိမ့်မည်။

မိစ္ဆာများက မျိုးပွားနှုန်းမြန်သည်ဖြစ်ရာ ဆယ်နှစ်မပြည့်ခင်မှာပင် မျိုးနွယ်အသီးသီး၏ မျိုးနွယ်ဝင်အရေအတွက်က လျင်မြန်စွာ ပြန်တိုးလာမည်ဖြစ်သည်။ စွမ်းအားကြီး သိုင်းသမားများ ရှိလာရန်အတွက်သာ ခက်ခဲမည်ဖြစ်သည်။

အရှေ့ဒေသက ကစဉ့်ကလျားဖြစ်နေသော်လည်း ကော့ချန်ဘုရင် မလှုပ်ရှားသေးချေ။

ထို့ကြောင့် အခြားမျိုးနွယ်များနှင့် တမန်တော်သုံးယောက် နားမလည်နိုင်ဖြစ်နေကြသည်။ အရှေ့ဒေသထဲရှိ မျိုးနွယ်များ၏ လက်ရှိအင်အားအရ ကော့ချန်မျိုးနွယ်သည် ထိုမျိုးနွယ်အားလုံးကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။ ထို့ပြင် ကော့ချန်ဘုရင်၏ ဩဇာအာဏာက အလွန်ကြီးသည်။ မျိုးနွယ်များစွာက သူ့ထံတွင် လက်အောက်ခံလိုကြသည်။ သို့ဖြစ်ရာ သူသာ အရှေ့ဒေသကို စုစည်းမည်ဆိုလျှင် အလွယ်တကူ စုစည်းနိုင်ပြီဖြစ်သည်။

ကော့ချန်မျိုးနွယ်မှ အကြီးအကဲများမှာလည်း နားမလည်နိုင်ပေ။ အကြီးအကဲဒါဇင်ကျော်သည် ကော့ချန်ဘုရင်၏ ရဲတိုက်အပြင်တွင် စုဝေး၍ ကော့ချန်ဘုရင်ကို တွေ့ခွင့်တောင်းလိုက်ကြ၏။ သို့သော် သူတို့ သုံးရက်၊ သုံးည ရက်နေခဲ့ပြီးမှ ကော့ချန်ဘုရင်က သူတို့ကို ဝင်လာရန် အမိန့်ပေးလိုက်ပေသည်။

“ခင်ဗျားတို့ သေချာ တွေးပြီးသွားကြပြီလား”

ကော့ချန်ဘုရင်သည် ပလ္လင်မြင့်ပေါ်တွင် ထိုင်နေ၏။ သူ မျက်မှောင်ကြုတ်ကာ အကြီးအကဲများကို မျက်လုံးဝေ့၍ ကြည့်လိုက်သည်။

“ခင်ဗျားတို့ မတွေးရသေးဘူးဆိုရင် အပြင်မှာ နောက်ထပ်သုံးရက် သွားရပ်နေကြပါ”

အကြီအကဲတစ်စု တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက်သည် အံကြိတ်၍ ဒူးထောက်လိုက်သည်။

“မျိုးနွယ်ဘုရင်... ဒီအခွင့်အရေးက ကျုပ်တို့ကို ကောင်းကင်ကပေးတဲ့ အခွင့်အရေးပါ။ ဒီတစ်ခါက် ကျုပ်တို့ အရှေ့ဒေသကို မစုစည်းမသိမ်းပိုက်နိုင်လိုက်ဘူးဆိုရင် နောက်ထပ်အခွင့်အရေး ရှိ‌တော့မှာ မဟုတ်ပါဘူး”

“အရူးတွေ...”

ကော့ချန်ဘုရင်သည် သူ့လက်ထဲမှ သေရည်ခွက်ကို ဒေါသတကြီး ပစ်ပေါက်လိုက်၏။ ပြီးမှ ထရပ်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။

“အနာကျက်သွားပြီဆိုတော့ ခင်ဗျားတို့က ခံစားခဲ့ရတဲ့ နာကျင်မှုကို မေ့သွားကြပြီလား။ အရှင်မချင်လင်းရဲ့ လက်အောက်ခံဟောင်းတွေကို မေ့သွားကြပြီလား။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နဲ့ အရှင်ကျိုးတို့ကို မေ့သွားပြီလား။ အရူးတစ်အုပ်ပဲ... သူတို့က ကျုပ်တို့ လှုပ်ရှားမှာကို စောင့်နေကြတာ။ ကျုပ်တို့ လှုပ်ရှားလိုက်တာနဲ့ သူတို့ရဲ့စစ်တပ်က ဆယ်ရက်အတွင်း အရှေ့ဒေသထဲ ပြန်ဝင်လာလိမ့်မယ်။ ခင်ဗျားတို့က ဒီအင်အားနည်းနည်းလောက်နဲ့ အရှေ့ဒေသကို စုစည်းချင်နေကြတာလား။ တကယ်လို့ အရှင်ကျိုးကသာ ခင်ဗျားတို့ကို ကစားချင်ရင် ပုရွက်ဆိတ်တွေကို ဖိသတ်သလောက်ကို လွယ်နေမှာပဲ”

“အရှင်ကျိုးလား”

အကြီးအကဲများ သဘောပေါက်သွားကြပြီး ပင့်သက်ရှိုက်လိုက်ကြ၏။ သူတို့သည် ဆန်းကြယ်သော အရှင်ကျိုးအကြောင်းကို တွေးမိသောအခါ ကျောစိမ့်သွားပြီး တုန်ယင်သွားကြလေသည်။

***

All Chapters