မိမိလုပ်ရပ်၏ အကျိုးဆက်ကို မိမိဘာသာ ခံရမည်
Vol. 127 Ch. 1767
ကော့ချန်ဘုရင်သည် အရှင်ကျိုးက သူ စတင်လှုပ်ရှားမည့်အချိန်ကို စောင့်နေကြောင်း သိ၏။ ထို့ကြောင့် သူ တပ်သားများ မစေလွှတ်ခြင်းပင်။ ကော့ချန်မျိုးနွယ်က သူတို့၏ စစ်အင်အားကို ထိန်းထားသ၍ အရှေ့ဒေသရှိ မျိုးနွယ်အားလုံးကို ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ အရှင်ကျိုးသည်လည်း သူ့အကြံကို ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။
အရှေ့ဒေသက မည်မျှ ကစဉ့်ကလျား ဖြစ်နေသည်ဖြစ်စေ ကော့ချန်ဘုရင်က မလှုပ်ရှားသ၍ အခြားမည်သည့်မျိုးနွယ်ကမှ ကော့ချန်မျိုးနွယ်ကို တိုက်ခိုက်ဝံ့မည် မဟုတ်။ ကော့ချန်မျိုးနွယ်၏ စစ်အင်အားက အကောင်းအတိုင်း ရှိနေသေးသည်။ ထို့ပြင် မျိုးနွယ်များစွာသည် ပြေးစရာမြေမရှိ ဖြစ်နေကြသည်။ သူတို့အနေဖြင့် ကော့ချန်မျိုးနွယ်ထံတွင်သာ လက်အောက်ခံနိုင်တော့မည်ဖြစ်သည်။ သို့ဖြစ်လာလျှင် ကော့ချန်မျိုးနွယ်က ပို၍ ပို၍ အင်အားကြီးသွားပေလိမ့်မည်။
ကော့ချန်ဘုရင်သည် သူ့တပ်များကို စေလွှတ်၍ အရှေ့ဒေသကို စုစည်းရန် လုပ်လိုက်သည်နှင့် ကျန်းရီက ချက်ချင်းလှုပ်ရှားလိမ့်မည်ဖြစ်ကြောင်း သိ၏။ ကျန်းရီသည် ကော့ချန်မျိုးနွယ်နှင့် အခြားမျိုးနွယ်များကြားမှ စစ်ကို အသုံးချ၍ သူတို့ကို အနိုင်ယူမည်ဖြစ်သည်။ ထိုအခါ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက အရှေ့ဒေသကို အုပ်စိုးကာ အရှေ့ဒေသ၏ ဧကရာဇ် ဖြစ်လာပေလိမ့်မည်။
ကော့ချန်ဘုရင်က မလှုပ်ရှားဘဲ ကျန်းရီက လှုပ်ရှားမည်ဆိုလျှင် အခြေအနေက ပြောင်းပြန်ဖြစ်သွားနိုင်သည်။ ကော့ချန်ဘုရင်အနေဖြင့် အရှေ့ဒေသထဲရှိ မျိုးနွယ်အားလုံးကို အချိန်မရွေးဆင့်ခေါ်ကာ စုစည်းနိုင်သည်။ ထိုအခါကျလျှင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက ရန်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရကာ ရှုံးနိမ့်သွားမည်ဖြစ်သည်။ ကော့ချန်ဘုရင်သည်လည်း အရှေ့ဒေသ၏ ဧကရာဇ် ဖြစ်လာနိုင်ပေသည်။
ကော့ချန်ဘုရင်မှာ အလွန်စိတ်ရှည်၏။ သူ စောင့်နိုင်သည်။ သို့သော် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက မစောင့်နိုင်ပါ။
ကျတ်တီးမြေမှ အခြေအနေက အလွန်ဆိုးသည်။ မည်သည့်အစာမှလည်းမရှိ။ သူတို့ အဖော်မဲ့ပင်လယ်ထဲမှနေ၍ အစာအနည်းငယ်သာ ရနိုင်သည်။ ထိုပုံစံနှင့် သူတို့ မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း။
တစ်နှစ်လော၊ နှစ်နှစ်လော။
ထို မျိုးနွယ်ဘုရင်များနှင့် စွမ်းအားကြီး သိုင်းသမားများက တောင့်ခံနိုင်မည်ဆိုလျှင်ပင် သာမန်မျိုးနွယ်ဝင်များက ဆာလောင်မွတ်သိပ်မှုနှင့် မလုံခြုံမှုကို တောင့်ခံနိုင်ပါမည်လော။
ကြမ်းကြုတ်နဂါးမျိုးနွယ်၊ ကန်းဟန့်မျိုးနွယ်၊ ကောင်းကင်ဂဠုန်မျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများသည် ယခင်တွင် အရင်းအမြစ်များစွာနှင့် သီးနှံဖြစ်ထွန်းသောမြေများကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့ကြောင့် ၎င်းမျိုးနွယ်ဝင်များမှာ သက်တောင့်သက်သာ ဘဝတွင် အသားကျနေပြီဖြစ်သည်။ သူတို့ အနည်းငယ် တောင့်ခံနိုင်လျှင်ပင် ရေရှည်တောင့်ခံနိုင်မည် မဟုတ်ဘဲ အရှေ့ဒေသထဲ ပြန်ပြေးလာလိမ့်မည်သာ။
ယခုတွင် အရှေ့ဒေသက ကစဉ့်ကလျား ဖြစ်နေပြီး ကော့ချန်မျိုးနွယ်မှ အကြီးအကဲများစွာက အရှေ့ဒေကို သိမ်းပိုက်အုပ်စိုး လိုနေကြသည်။ သို့ဖြစ်ရာ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက ပြန်မလာလိုဘဲ ရှိပါမည်လော။ အရှင်ကျိုးက သူတို့က တစ်ကြိမ်၊ နှစ်ကြိမ် ဖျောင်းဖျထား၍ ရနိုင်သည်။ သို့သော် ရေရှည်တွင် သူတို့၏ အိမ်ပြန်လိုစိတ်ကို ဖိနှိပ်ထားနိုင်ပါမည်လော။
“ဟင်းဟင်း... စောင့်ကြည့်နေကြပါ။ ကျုပ်တို့ အရှေ့ဒေသရဲ့ အာဏာရှင် ဖြစ်နိုင်ဖို့ သိပ်မလိုတော့ပါဘူး”
ကော့ချန်ဘုရင်က နှုတ်ခမ်းတွန့်၍ ပြုံးလိုက်၏။ မကြာခင်တွင် သူ့မျက်နှာထားက အေးစက်သွားသည်။
“ကျုပ်အမိန့်တွေကို ထုတ်ပြန်လိုက်။ ကော့ချန်မျိုးနွယ်တစ်ခုလုံးကို ပိတ်ဆို့ထား။ တပ်သားတစ်ယောက်ယောက် ဒါမှမဟုတ် မျိုးနွယ်ဝင်တစ်ယောက်ယောက်က ယီးတီးယားတားလုပ်ရင် အဲ့လုပ်တဲ့သူကို သတ်ပစ်လိုက်”
“ဟုတ်ကဲ့ပါ”
အကြီးအကဲအားလုံးသည် ကော့ချန်ဘုရင်၏ ရည်ရွယ်ချက်အမှန်ကို နားလည်သွားကြပေပြီ။ ယခုတွင် သူတို့အနေဖြင့် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ အရှေ့ဒေသထဲ ပြန်ဝင်လာမည့် အချိန်ကိုသာ စောင့်နေရတော့မည်ဖြစ်သည်။
***
အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများမှာ အမှန်ပင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ အရှေ့ဒေသထဲတွင် စစ်ဖြစ်နေခဲ့သည်မှာ နှစ်တစ်ဝက် ရှိခဲ့ပြီဖြစ်သည်။ မျိုးနွယ်အသီးသီးမှ လျှို့ဝှက်ထောင်လှမ်းရေးများက အရှေ့ဒေသထဲတွင် ရှိနေသေးသဖြင့် သူတို့ အခြေအနေကို အမြဲမပြတ် သတင်းရနေပေသည်။
တိုက်ပွဲများ ပို၍ ဖြစ်လာလေလေ၊ မျိုးနွယ်ကြီးများ အင်အားလျော့ကျလာလေလေပင်။ အချို့မျိုးနွယ်များဆိုလျှင် ရှင်းထုတ်ခြင်းပင် ခံလိုက်ကြရသည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများသည် အရာအားလုံးက အရှင်ကျိုး၏ ခန့်မှန်းချက်များအတိုင်း ဖြစ်လာ၍ အလွန်စိတ်လှုပ်ရှားနေကြသည်။ ထို့ပြင် အရှင်ကျိုးက သူတို့၏ နယ်မြေများနှင့် ဂုဏ်သိက္ခာကို ပြန်ရယူပေးနိုင်လိမ့်မည်ဟုလည်း အခိုင်အမာ ယုံကြည်လာကြသည်။
သို့သော်...
အရှင်ကျိုး၏ ရဲတိုက်သို့ သတင်းများ တစ်ခုပြီးတစ်ခု ပို့ပေးသော်လည်း ပင်လယ်ထဲ ရွံ့ပစ်ထည့်ရသလို ဖြစ်နေသည်။ အရှင်ကျိုးက တစ်ကြိမ်ပင် ထွက်မလာခဲ့ပေ။ ယခုတွင် လီရှန်းအာက အရှင်ကျိုး၏ ပြောရေးဆိုခွင့်ရသူ ဖြစ်နေသည်။ အရှင်ကျိုးသည် မည်သည့်ညွှန်ကြားချက်မှ မပေးဘဲ သူ မတိုက်ခိုက်လိုသဖြင့် အားလုံးကို ငြိမ်ငြိမ်နေရန်သာ မှာကြောင်း လီရှန်းအာက ပြောပေသည်။
ကြမ်းကြုတ်နဂါးဘုရင်သည် အရှင်ကျိုး၏ အစီအစဉ်အပေါ် လုံးဝ သံသယမရှိပေ။ သူ ချက်ချင်းပင် မျိုးနွယ်အသီးသီး၏ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို ဖိနှိပ်ထိန်းချုပ်ကာ အားလုံးကို စိတ်အေးအေးထားရန် ပြောလိုက်သည်။ အရှင်ကျိုးက တိုက်ခိုက်ရန် အမိန့်မပေးသေးသ၍ မည်သူမှ လှုပ်ရှားခွင့် မရှိချေ။
သို့သော် အင်အားစုသုံးစုထဲမှ မျိုးနွယ်များက အချင်းချင်း တိုက်ကြရင်း အထိအခိုက် အကျအဆုံး များလာသောအခါ ကန်းဟန့်ဘုရင်ပင် အေးအေး မနေနိုင်တော့ပေ။ သူသည် မျိုးနွယ်ဘုရင်အသီးသီး၏ တောင်းဆိုချက်များကို မငြင်းနိုင်တော့ဘဲ ကျန်းရီ၏ ရဲတိုက်သို့ ကိုယ်တိုင်သွားကာ တွေ့ခွင့်တောင်းလိုက်လေသည်။
ကျန်းရီက ကန်းဟန့်ဘုရင်ကို ထွက်မတွေ့ဘဲ လီရှန်းအာမှတဆင့်သာ စကားပါးလိုက်သည်။
“အချိန်မတန်သေးဘူး။ အချိန်တန်တဲ့အခါကျ ကျွန်တော် တိုက်ခိုက်မှာပါ။ တကယ်လို့ မျိုးနွယ်တစ်ခုခုက မဆင်မခြင်နဲ့ ခွင့်ပြုချက်မရဘဲ တိုက်ခိုက်မယ်ဆိုရင် ကျွန်တော် သူတို့ကို အညှာအတာမရှိ သတ်ပစ်မယ်”
ကျန်းရီ၏ နောက်ဆုံးစကားက သူ၏ ပြတ်သားမှုကို ပြ၏။ ထို့ကြောင့် ကန်းဟန့်ဘုရင် ရင်တုန်သွားသည်။ သူသည် ကျန်းရီ၏ သွေးအေးမှုကို အကြိမ်များစွာ မြင်ဖူးခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ကျန်းရီသည် သောင်းချီသော တပ်သားများကို အသေခံရန် စေလွှတ်လိုက်စဉ်က မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ခြင်းမျိုးဖြစ်သည်။
ကျန်းရီ၏ အကြွင်းမဲ့အမိန့်က အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို ငြိမ်သွားစေ၏။ “အညှာအတာမရှိ သတ်ပစ်မယ်”ဟူသော စကားက မျိုးနွယ်ဘုရင် အားလုံးကို ကြောက်ရွံ့သွားစေခဲ့သည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကလည်း ကျန်းရီ၏ အမိန့်ကို နာခံပါသည်။ အကယ်၍ မျိုးနွယ်တစ်ခုက မဆင်မခြင် ပြုမူမည်ဆိုလျှင် သူတို့သုံးယောက်သည် ထိုမျိုးနွယ်ဝင်များကို ကိုယ်တိုင် ရှင်းပစ်မည်ဖြစ်သည်။
အချိန်မှာ အမှန်ပင် မတန်သေးပေ။
ကော့ချန်ဘုရင်၏ ပါးနပ်မှုက ကျန်းရီကို မဆင်မခြင် မလုပ်ဝံ့အောင် ဖြစ်နေစေသည်။ ကော့ချန်ဘုရင်က ကျန်းရီ၏ ဗျူဟာကို ဖောက်မြင်နိုင်သည်။ ကျန်းရီကလည်း ကော့ချန်ဘုရင်၏ ရည်ရွယ်ချက်များကို သိသည်။ ထို့ကြောင့် ကျန်းရီ စောင့်နေ၍သာ ရပေမည်။ သူကလည်း အလျင်တော့ မလိုနေပါ။ အကယ်၍ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက သူ့အမိန့်များကို မနာခံလျှင်လည်း သူ သူတို့ကို အရေးမစိုက်တော့ဘဲ သူ့စိတ်ကြိုက်သာ လုပ်နိုင်သည် မဟုတ်ပါလား။
ကျန်းရီသည် သွေးကြောမှတ်ကျင့်ကြံခြင်းတွင် အပြည့်အဝ အာရုံစိုက်ထားသည်။ ယခုတွင် သူ၏ ကျင့်ကြံနှုန်းက အလွန်လျင်မြန်နေ၏။ သွေးကြောမှတ်တစ်မှတ်ကို ကျင့်ကြံနိုင်ရန်အတွက် သူ နှစ်ရက်ကျော်ကျော်လောက်သာ လိုအပ်ပေသည်။
လက်ရှိတွင် ကျန်းရီသည် သွေးကြောမှတ် ခြောက်ဆယ့်ငါးမှတ်ကို ကျင့်ကြံပြီးသွားပေပြီ။ သူ့၏ ခြေလက်လေးဘက်စလုံးကို ကျင့်ကြံပြီးပြီဖြစ်သည်။ ခြေထောက်များရှိ သွေးကြောမှတ်များကို ကျင့်ကြံရခြင်းမှာ သူ၏အမြန်နှုန်းကို မြှင့်တင်လို၍ပင်။ မိုးမြေစွမ်းအားကိုသုံး၍ ခြေထောက်များရှိ သွေးကြောမှတ်များကို နှိုးလိုက်မည်ဆိုလျှင် သူ၏အမြန်နှုန်းက ကြမ်းကြုတ်နဂါးဘုရင်၏ အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်သွားလိမ့်မည်ဟု ကျန်းရီ ယုံကြည်ပေသည်။
ကြမ်းကြုတ်နဂါးဘုရင်၏ အမြန်နှုန်းက တောက်နူ၏ အမြန်နှုန်းနှင့် အတူတူလောက်ရှိသည်။ တောက်နူမှာ နှစ်ပေါင်းများစွာ ကျော်ကြားခဲ့ပြီး အလွန်လျင်မြန်သူတစ်ယောက်ဖြစ်သည်။ ကျန်းရီကမူ ကျင့်ကြံသည်မှာ မည်မျှသာ ကြာပါသေးသနည်း။ အကယ်၍ ကျန်းရီအကြောင်းသာ သတင်းပျံ့နှံ့သွားလျှင် ကောင်းကင်ဘုံတစ်ခွင်လုံး တုန်လှုပ်သွားပေလိမ့်မည်။
ကျန်းရီသည် သွေးကြောမှတ် ခြောက်ဆယ့်သုံးမှတ်ကို ဆက်ကျင့်ကြံရဦးမည်ဖြစ်သည်။ သွေးကြောမှတ်အားလုံးကို ကျင့်ကြံပြီးသည်နှင့် ထိုသွေးကြောမှတ်များထဲရှိ အစီအရင်ငယ်လေးများကို အသုံးပြု၍ သူ၏ရုပ်ခန္ဓာဖြစ်သော သဘာဝအစီအရင်ကြီးကို ပိုသန်မာသွားအောင် လုပ်နိုင်ပေလိမ့်မည်။ ထိုအခါ သူ၏ခန္ဓာကိုယ် အင်အားနှင့် အမြန်နှုန်းက ထပ်မံ၍ တိုးတက်သွားမည်ဖြစ်သည်။ ရုပ်ခန္ဓာအရာတွင် သူ တောက်နူနှင့်ပင် ယှဉ်နိုင်သွားလောက်သည်။
တောက်နူမှာ ဧကရာဇ်အဆင့်အောက်တွင် စွမ်းအားအကြီးဆုံး သိုင်းသမားဖြစ်သည်။
သို့သော် ကျန်းရီ၏ အမြန်နှုန်းနှင့် ရုပ်ခန္ဓာခွန်အားကသာ တောက်နူနှင့် ယှဉ်နိုင်မည်ဖြစ်သည်။ တိုက်ခိုက်စွမ်းအားမှာမူ များစွာပို၍ အားနည်းနေပေလိမ့်ဦးမည်။ သို့တစေ မည်သို့ပင်ဖြစ်စေ သွေးကြောမှတ် တစ်ရာ့ရှစ်မှတ်စလုံးကို ကျင့်ကြံပြီးသွားသည်နှင့် သူ၏ တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ယှဉ်နိုင်သွားလိမ့်မည်ဟု ကျန်းရီ အလွန်သေချာနေပေသည်။
ဧကရာဇ်တစ်ပိုင်းအဆင့်၏ တိုက်ခိုက်စွမ်းအားမှာ ကျန်းရီ၏ လက်ရှိအခြေအနေအတွက် များစွာအထောက်အကူ မဖြစ်ပေ။ ကောင်းကင်မိစ္ဆာဘုံ၏ မိစ္ဆာအရှင်သုံးပါးက သူ့ကို အလွယ်တကူ သတ်နိုင်နေလိမ့်ဦးမည်သာ။ သူ အပြင်ပြန်ထွက်လျှင်လည်း မိုးပြာမဟာဧကရာဇ်က သူ့အား ပုရွက်ဆိတ်တစ်ကောင် သတ်သကဲ့သို့ အလွယ်လေး သတ်ပစ်နိုင်သေးသည်။ သို့သော် အနည်းဆုံးတော့ အိမ်ပြန်နိုင်ရန် ခြေတစ်လှမ်းပိုနီးသွားပေလိမ့်မည်။
ရှပ်...ရှပ်...ရှပ်...
လီရှန်းအာ လျှောက်ဝင်လာ၏။ သူမသည် ကျန်းရီ၏ စူးစမ်းသည့် မျက်ဝန်းများကို တွေ့လိုက်သောအခါ လျင်မြန်စွာ တင်ပြလိုက်သည်။
“မျိုးနွယ်တွေကို ကြမ်းကြုတ်နဂါးဘုရင်တို့က ဖိနှိပ်ထားလိုက်ပါပြီ။ ဒါပေမဲ့... သခင် ဒီမှာ အစာက တဖြည်းဖြည်း ရှားလာပါပြီ။ အစာသွားရှာတိုင်း တပ်က ပင်လယ်ထဲမှာ အဝေးကြီးသွားရှာရပါတယ်။ ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ပါဘူး။ အခု အရှေ့ဒေသက ဖရိုဖရဲ ဖြစ်နေပါပြီ။ မျိုးနွယ်တွေက စိတ်မထိန်းနိုင်တော့ဘဲ သူတို့ဘာသာ ပြန်သွားကြမှာကို ကျွန်မ စိုးရိမ်မိပါတယ်။ ကျွန်မတို့က သူတို့ကို ဖိနှိပ်ထားရင်လည်း အချင်းချင်းကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်...”
“ဟင်းဟင်း...”
ကျန်းရီ အေးစက်စက် ရယ်ကာ ပြန်ပြော၏။
“ပြန်သွားပြီး ငါ့အမိန့်တွေကို ထုတ်ပြန်လိုက်။ တကယ်လို့ မျိုးနွယ်တွေက အစာရေစာရှားပါးတာနဲ့ အနေဆင်းရဲတာကို တောင့်မခံနိုင်တော့လို ပြန်သွားချင်တယ်ဆိုလည်း ပြန်သွားနိုင်တယ်လို့။ ဒါပေမဲ့ သူတို့ ထွက်သွားပြီးရင် ပြန်လာခွင့်မရှိတော့ဘူး။ သူတို့မျိုးနွယ်တွေက ငါတို့နဲ့ ဘယ်တော့မှ မဟာမိတ်ပြန်ဖြစ်တော့မှာလည်း မဟုတ်ဘူး။ သူတို့ ကျတ်တီးမြေထဲ ပြန်ပြေးလာရရင်တောင်၊ ငါတို့ မျက်စိရှေ့မှာ အသတ်ခံရမယ်ဆိုရင်တောင် ငါတို့ အရေးစိုက်တော့မှာ မဟုတ်ဘူး”
“ဟုတ်ကဲ့ပါ”
လီရှန်းအာသည် ခေါင်းညိတ်၍ ညင်သာစွာ လျှောက်လာ၏။ သူမ ကုတင်ပေါ်တွင် ဝင်ထိုင်ကာ ကျန်းရီကို အနောက်မှ သိုင်းဖက်လိုက်၍ နူးညံ့စွာ ပြောလိုက်လေသည်။
“သခင်... ဒေါသမထွက်ပါနဲ့။ သခင် သူတို့ကို လုံလောက်အောင် ကူညီခဲ့ပြီးပြီပဲ။ သူတို့က သူတို့အတွက် ဘာကကောင်းတယ်ဆိုတာကို မသိသေးရင် သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်ကို သူတို့ဘာသာ ခံပါစေ”
***