မူလအပြစ်
Vol. 127 Ch. 1768
ကျန်းရီက အမိန့်ပေးထားသော်လည်း၊ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က ဖိနှိပ်ထားသော်လည်း အရှင်မချင်လင်း၏ လက်အောက်ခံမျိုးနွယ်များကြားတွင် အတွင်းပဋိပက္ခများ ဖြစ်လာပေသည်။
လူသားမျိုးနွယ်နှင့် ယှဉ်လျှင် မိစ္ဆာမျိုးနွယ်က ပို၍ တစ်ကိုယ်ကောင်းဆန်ကာ လောဘကြီးသည်။ ထို့ပြင် ထိုစိတ်ဓာတ်ကိုလည်း ပေါ်ပေါ်ထင်ထင် ထုတ်ပြတတ်ကြသည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများသည် ပျက်သုဉ်းရမည့် အန္တရာယ်ကြောင့် ထူးဆန်းစွာ စည်းလုံးသွားခဲ့သည်။ အန္တရာယ်က ပြီးသွားသောအခါ မျိုးနွယ်အသီးသီး၏ ရင်ထဲရှိ ဆန္ဒများနှင့် လောဘတို့က သူတို့၏ မျက်လုံးများကို ကန်းသွားစေသည်။
ကျတ်တီးမြေက အလွန်ကြမ်းတမ်းလွန်းသည်။ ဤနေရာတွင် မည်သည့်အရာမှမရှိ၊ သန့်ရှင်းသောရေပင် မရှိ။ သူတို့ ပင်လယ်ရေကိုသာ သောက်ကြရသည်။
အစကတည်းက သူတို့ အစာကို လောက်သည်ဆိုရုံသာ ရခဲ့ကြသည်။ နောက်ပိုင်းတွင် အစာပင် အလုံအလောက် မရနိုင်တော့ပေ။ ပုံစံမပြောင်းလဲရသေးသော အဆင့်နိမ့် မိစ္ဆာများစွာ၏ အသိဉာဏ်က မမြင့်ပါ။ ထို့ကြောင့် ဆာလောင်မှု၏ လှုံ့ဆော်မှုအောက်တွင် ထိုမိစ္ဆာများသည် သူတို့၏ မိစ္ဆာသဘာဝကို ထုတ်ပြကာ အချင်းချင်း ပြန်သတ်ကြတော့သည်။
ထိုအခြေအနေကို ကြမ်းကြုတ်နဂါးဘုရင်တို့က ဖိနှိပ်လိုက်သဖြင့် ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိခဲ့။ သို့သော် ရေရှည်ဆိုလျှင် အဆင့်နိမ့် မိစ္ဆာများစွာက အချင်းချင်း ပြန်သတ်၍ ဇာတ်တူသား စားကြပေလိမ့်မည်။ ထိုအချိန်ကျလာလျှင် အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ဖြစ်သည်။
ထို့ကြောင့် မျိုးနွယ်ဘုရင်အချို့သည် လျှို့ဝှက် ဆွေးနွေး၍ အင်အားပူးပေါင်းကာ အရှေ့ဒေသသို့ ပြန်သွားရန် ပြင်ဆင်လိုက်ကြသည်။ သူတို့က အရှေ့ဒေသတစ်ခုလုံးကို သိမ်းပိုက်လိုခြင်းမဟုတ်ပေ။ နယ်မြေတစ်ခု၏ တစ်စိတ်တစ်ပိုင်းကို သိမ်းယူ၍ သူတို့မျိုးနွယ်ဝင်များအတွက် အစာ အလုံအလောက် ပေးလိုခြင်းသာဖြစ်သည်။ ထို့ပြင် သူတို့သည် ကျတ်တီးမြေတွင် ကျန်ခဲ့သူများအတွက်လည်း အစာများ ပြန်ပို့ပေးရန် ကြံရွယ်ထားကြပါသည်။
မျိုးနွယ်ဘုရင်များ၏ အတွေးတွင် အရှေ့ဒေသက ရှုပ်ထွေးနေပြီဖြစ်ရာ မျိုးနွယ်အသီးသီးသည် အရှေ့ဒေသထဲ ဝင်လာမည့် စစ်တပ်ကို အလွန်ကြောက်ရွံ့နေလောက်သည်ဟု ထင်သည်။ ထိုမျိုးနွယ်များသည် သူတို့ကို ပြန်တိုက်ရန် မဆိုထားနှင့် သူတို့ ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်း ရှောင်ပြေးသွားလောက်ပေသည်။
ထိုမျိုးနွယ်ဘုရင်များထံ၌ ရည်ရွယ်ချက်ကြီးကြီးမားမား မရှိကြပါ။ သူတို့သည် သူတို့၏မျိုးနွယ်ဝင်များ ငတ်မွတ်ကာ အချင်းချင်း ပြန်သတ်ကြမည်ကို မကြည့်လိုခြင်းသာဖြစ်သည်။
မျိုးနွယ်ဘုရင်များသည် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကို သွားရှာကြပြီး သူတို့၏ အတွေးများကို ပြောပြလိုက်၏။ ကြမ်းကြုတ်နဂါးဘုရင်မှာ ရုတ်ခြည်း ဒေါသထွက်သွားပြီး ထိုမျိုးနွယ်ဘုရင်များကို နှင်ထုတ်ပစ်လိုစိတ်ပင် ပေါက်သွားသည်။
သို့သော် မျိုးနွယ်ဘုရင်များ ရှင်းပြသည့် ကောင်းကျိုး၊ ဆိုးကျိုးများ၊ သူတို့၏ရည်ရွယ်ချက်နှင့် မျိုးနွယ်အသီးသီး၏ အခြေအနေကို ကြားရသောအခါ ကြမ်းကြုတ်နဂါးဘုရင်တို့သုံးယောက် နှုတ်ဆိတ်သွားကြသည်။
သူတို့သည် အခြေအနေကို မည်သို့ မသိဘဲနေပါမည်နည်း။ သူတို့ကိုယ်တိုင်ပင် စစ်တပ်ကို အရှေ့ဒေသထဲ ဦးဆောင်ခေါ်၍ အစာများနှင့် အရင်းအမြစ်များကို လုယက်ပြီးမှ ကျတ်တီးမြေထဲ ပြန်လာလိုစိတ် ရှိနေကြသည် မဟုတ်ပါလား။ သို့သော် ကျန်းရီ၏ သဘောထားအရ သူတို့ မဆင်မခြင် မလှုပ်ဆောင်ဝံ့ကြပေ။
ယခုတွင် ထိုမျိုးနွယ်ခေါင်းဆောင်များ၏ စကားများက အကျိုးအကြောင်းဆီလျော်နေသည်။ သူတို့သာ နယ်မြေတစ်ခု၏ တစ်စိတ်တစ်ပိုင်းကို သိမ်းယူနိုင်လိုက်မည်ဆိုလျှင် ကျတ်တီးမြေထဲသို့ အစာများနှင့် အရင်းအမြစ်များ မပြတ်ပို့ပေးနိုင်ပေလိမ့်မည်။ ထိုအခါ ကျတ်တီးမြေထဲတွင် ဖိအားလျော့ကျသွားနိုင်ပေသည်။
ကြမ်းကြုတ်နဂါးဘုရင်သည် ထိုအကြောင်းကို ထပ်ခါ ထပ်ခါ တွေး၏။ ထို့နောက် လာပြောသည့် မျိုးနွယ်ဘုရင်များကို ကျန်းရီဆီ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် အခြေအနေကို ရှင်းပြ၍ ကျန်းရီ၏ အမြင်အတွေးကို သိလိုနေသည်။
သို့သော် ကျန်းရီက သူတို့ကို ထွက်မတွေ့ချေ။ လီရှန်းအာက သတင်းသွားပို့သည်ပင် သူက သူမကို အဝင်မခံပေ။ မျိုးနွယ်ဘုရင်များသည် အပြင်ဘက်တွင် နာရီနှစ်ဆယ်ကျော် ရပ်နေခဲ့သော်လည်း ကျန်းရီ ထွက်မလာခဲ့ပါ။
နောက်ဆုံးတွင် ကျန်းရီသည် လီရှန်းအာနှင့်သာ စကားပါးလိုက်၏။ မျိုးနွယ်အသီးသီးမှ အဆင့်နိမ့် မိစ္ဆာအားလုံး အချင်းချင်း ပြန်သတ်လျှင်ပင် သူတို့ အရှေ့ဒေသထဲ သွားခွင့်မရှိပေ။ အကယ်၍ မျိုးနွယ်တစ်ခုခုက အရှေ့ဒေသထဲ သွားမည်ဆိုလျှင် ထိုမျိုးနွယ်သည် မဟာမိတ်စစ်တပ်ထဲတွင် ပါတော့မည် မဟုတ်ချေ။ သူတို့နှင့်လည်း မည်သို့မှ သက်ဆိုင်တော့မည် မဟုတ်ချေ။ အကယ်၍ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများကလည်း သူ့အမိန့်ကို မနာခံလျှင် သူက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ခေါ်၍ ထွက်သွားမည်ဖြစ်သည်။
ကျန်းရီ၏ စကားမှာ အလွန်ပြတ်သား၏။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ တုန်ယင်ကာ မျက်နှာပျက်သွားကြသည်။ သူတို့မျိုးနွယ်သုံးခုက အရှင်မချင်လင်းအပေါ်တွင် ကျေးဇူးကြွေးများစွာ တင်နေသလို အကြွင်းမဲ့လည်း သစ္စာရှိကြသည်။ ကျန်းရီက အရှင်မချင်လင်းကို ကိုယ်စားပြုသည်။ သူသာ အမှန်တကယ် ထွက်သွားလျှင် အရှင်မချင်လင်းကလည်း သူတို့ကို စွန့်ပစ်လိုက်သည်ဆိုသော အဓိပ္ပာယ်များ သက်ရောက်သွားလေမလော။ သူတို့က အရှင်မချင်လင်းအပေါ် သစ္စာဖောက်လိုက်သလို ဖြစ်သွားမလော။
မျိုးနွယ်ဘုရင်အချို့လည်း မျက်နှာပျက်နေကြသည်။ သို့သော် သူတို့၏ မျက်ဝန်းများက ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားနှစ်ယောက်၏ မျက်ဝန်းများလို ကြောက်ရွံ့မှုများ ရှိမနေပေ။ ထိုအစား ဒေါသအရိပ်အယောင်သဲ့သဲ့ကို တွေ့ရသည်။
ထိုမျိုးနွယ်ဘုရင်များ၏ အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိမှုက ကြမ်းကြုတ်နဂါးဘုရင်တို့၏ သစ္စာစောင့်သိမှုလောက် အားမကောင်းပေ။ အရှင်မချင်လင်းက ကြမ်းကြုတ်နဂါးမျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများကို အကောင်းဆုံး ဆက်ဆံခဲ့သည် မဟုတ်ပါလား။ သူမသည် ထိုမျိုးနွယ်များကို မရေမတွက်နိုင်သော အရင်းအမြစ်များ ပေးခဲ့သည်။ အရှင်မချင်လင်း၏ ထောက်ပံ့မှုများကြောင့်သာ မဟုတ်လျှင် ကြမ်းကြုတ်နဂါးမျိုးနွယ်၊ ကန်းဟန့်မျိုးနွယ်နှင့် ကောင်းကင်ဂဠုန်မျိုးနွယ်တို့က မည်သို့ အလွန်အင်အားကြီးနေပါမည်နည်း။
အခြားမျိုးနွယ်ဘုရင်များ ဒေါသထွက်နေခြင်းမှာမူ ကျန်းရီက အလွန်တင်စီးပြီး သူတို့မျိုးနွယ်ဝင်များ၏ အသက်များကို အရေးမစိုက်၍ဖြစ်သည်။ အဆင့်နိမ့် မိစ္ဆာအားလုံးကို အသေခံရမည်လော။ မျိုးနွယ်တစ်ခုတွင် အဆင့်နိမ့် မိစ္ဆာများ မရှိတော့လျှင် အခြေခံအုတ်မြစ် ပျက်သွားသလိုပင်။ ထိုအခါ အရှေ့ဒေသကို တိုက်ခိုက်ရန်ပင် လိုအပ်တော့မည် မဟုတ်။ ဆယ်နှစ်အတွင်းမှာပင် ဤနေရာမှ မျိုးနွယ်များ မျိုးတုံးသွားပေလိမ့်မည်။
“အရှင်ကျိုး... အဲ့လိုဆိုမှတော့ ကျုပ်တို့ ရွေးချယ်စရာမရှိတော့ဘဲ မဟာမိတ်စစ်တပ်ထဲက ထွက်ရတော့မှာပေါ့။ အရှင်ကျိုး ပြန်မသွားချင်လည်း ကျုပ်တို့ဘာသာ သွားပါမယ်။ နှုတ်ဆက်ပါတယ်”
မျိုးနွယ်ဘုရင်တစ်ပါးက ထရပ်လိုက်ပြီး လက်ဆုပ်၍ ပြောကာ တောင်အောက်သို့ ပျံဆင်းသွားလိုက်သည်။ ကန်းဟန့်ဘုရင် ဒေါသထွက်သွား၏။ သူ သတ်ဖြတ်အရှိန်အဝါနှင့် အော်ပြောလိုက်သည်။
“ရပ်လိုက်၊ အရှင်ကျိုးက ဘာမှမပြောသေးဘူး... ခင်ဗျားက ခွင့်ပြုချက်မရှိဘဲ ထွက်သွားရဲတယ်လား”
“သူတို့ကို သွားခွင့်ပေးလိုက်ပါ”
ရဲတိုက်ထဲမှနေ၍ ခံစားချက်ကင်းမဲ့သော အသံတစ်သံ ထွက်လာ၏။ နောက်ဆုံးတွင် ကျန်းရီကိုယ်တိုင် ပြောပေပြီ။
“ပြီးတော့ တစ်ခါတည်း မျိုးနွယ်ဘုရင်အားလုံးဆီ အမိန့်ထုတ်ပြန်လိုက်ပါ။ အရှေ့ဒေသထဲ ပြန်သွားချင်တဲ့ ဘယ်သူမဆို ဒီတစ်ခေါက် အတူပူးပေါင်းပြီး သွားကြပါ။ အရှေ့ဒေသထဲ ရောက်သွားရင်လည်း ဒီနေရာကို အရေးစိုက်နေစရာ မလိုတော့ပါဘူး။ ကိုယ့်အတွက်သာ နယ်မြေ သိမ်းယူကြပါ။ ဒါပေမဲ့ လောဘမတက်ဖို့တော့ ကျွန်တော် ခင်ဗျားတို့ကို သတိပေးချင်တယ်။ နယ်မြေတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကို သိမ်းယူနိုင်ရင်ကို ရှင်သန်နိုင်ဖို့ လုံလောက်ပါပြီ။ ခင်ဗျားတို့ အရမ်းလောဘကြီးရင် ပျက်သုဉ်းရလိမ့်မယ်။ ပြီးတော့... ကော့ချန်ဘုရင်ကို သတိထားပါ”
“အာ...”
ဤအတောအတွင်း ကျန်းရီ တည်ဆောက်နိုင်ခဲ့သည့် ဩဇာအာဏာက မျိုးနွယ်ဘုရင်များကို ရင်တုန်သွားစေ၏။ သို့သော် မျိုးနွယ်ဘုရင်များသည် သူတို့မျိုးနွယ်များမှ အဆင့်နိမ့် မိစ္ဆာများ သေရမည်ကို တွေးမိသောအခါ အံကြိတ်၍ ထွက်သွားကြလေသည်။
“ဟူး...”
ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် ညှိုးငယ်သော မျက်နှာထားနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြ၏။ သူတို့ရင်ထဲတွင် မကောင်းသော နမိတ်ကို ခံစားနေရသည်။ ထိုမျိုးနွယ်များသည် ထွက်သွားပြီးနောက် ဆက်၍ ရပ်မှရပ်တည်နိုင်ပါမည်လော။
မိစ္ဆာများတွင် ကိုယ်တိုင်အတွေးအမြင်များရှိသည်။ သူတို့ကို ဖိအားပေးခြင်းမှာ မကောင်းပေ။
ကြမ်းကြုတ်နဂါးဘုရင်သည် မျိုးနွယ်ဘုရင်အားလုံးကို စုဝေး၍ ကျန်းရီ၏ စကားကို ပြန်ပြောပြလိုက်ပြီး အရှေ့ဒေသသို့ ပြန်သွားလိုသော မျိုးနွယ်ဘုရင်များအနေနှင့် မိမိဘာသာ ဆုံးဖြတ်ချက်ချရန် ပြောလိုက်သည်။ ပြန်သွားလိုသူများက အတူတကွ အင်အားပူးပေါင်း၍ ထွက်သွားရမည်။ နေခဲ့လိုသူများကတော့ ဆက်နေကာ ကျန်းရီ၏ အမိန့်များကို နာခံနိုင်ပေသည်။
သို့သော် ထွက်သွားသူများက မဟာမိတ်စစ်တပ်ထဲ ပြန်ဝင်ခွင့်မရှိတော့ဟု ကျန်းရီက အလွန်ရှင်းလင်းစွာ ပြောထားသည်။ သူက ထိုသူများ၏ သေခြင်း၊ ရှင်ခြင်းကို အရေးစိုက်တော့မည် မဟုတ်ပေ။ သူတို့ သူ့အရှေ့တွင် သေမည်ဆိုလျှင်ပင် သူ ကြည့်မည် မဟုတ်ချေ။
ကျန်းရီ၏ နှလုံးသားမဲ့သော စကားများက မျိုးနွယ်ဘုရင်များစွာကို ရင်တုန်သွားစေ၏။ အစတွင် အရှေ့ဒေသသို့ ပြန်သွားလိုခဲ့သော မျိုးနွယ်ဘုရင်အချို့ပင် ထိုအတွေးကို ရုတ်ခြည်း ပယ်ရှားလိုက်ကြသည်။
သို့သော် အချို့မျိုးနွယ်ဘုရင်များမှာမူ အံကြိတ်၍ ထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့ ထွက်မသွားလျှင် သူတို့မျိုးနွယ်များမှ အဆင့်နိမ့် မိစ္ဆာများက အချင်းချင်း ပြန်သတ်ကာ သေရပေလိမ့်မည်။ သူတို့ အရှေ့ဒေသသို့ ပြန်သွားမည်ဆိုလျှင်မူ မျှော်လင့်ချက်တစ်ခု ရှိနိုင်ပေသေးသည်။
လောဘ၊ ဆန္ဒနှင့် ရည်ရွယ်ချက်တို့က မျိုးနွယ်(၃၈)ခုကို ထွက်သွားစေခဲ့၏။ သူတို့သည် တပ်သားတစ်သန်းကျော်နှင့် အဆင့်နိမ့် မိစ္ဆာ သန်းဆယ်ချီကို ခေါ်သွားသည်။ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များသည်လည်း တပ်သားများကို ဦးဆောင်၍ ထွက်သွားသူများကို ကိုယ်တိုင် လိုက်ပို့ကြသည်။ သူတို့က မဟာမိတ်မဟုတ်တော့သော်လည်း ယခင်တွင် တိုက်ပွဲများ အတူတိုက်ခဲ့သည့် ရဲဘော်ရဲဘက်များ ဖြစ်ခဲ့သည် မဟုတ်ပါလား။ ကြမ်းကြုတ်နဂါးဘုရင်သည် ထွက်သွားသူများက အရှေ့ဒေသတွင် ရှင်သန်နိုင်ပါစေဟု စိတ်ရင်းနှင့် မျှော်လင့်နေမိပေသည်။
လက်ရှိ အရှေ့ဒေသ၏ အခြေအနေအရ အင်အားတစ်သန်းရှိသော တပ်မှာ အလွန်အင်အားကြီးသည်ဟု သတ်မှတ်နိုင်သည်။ ထိုအင်အားတစ်သန်းတပ်ထဲတွင် သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေသည်။ သူတို့သည် ကောင်းကင်ဂဠုန်နယ်မြေထဲ ထိုးဖောက်ဝင်ရောက်၍ သိန်းချီသော ရန်သူတပ်သားများကို သတ်ပစ်လိုက်သည်။ သို့ဖြင့် သူတို့ ကောင်းကင်ဂဠုန်နယ်မြေကို အလွယ်တကူ သိမ်းပိုက်ကာ အခြေချလိုက်နိုင်ပေသည်။
အရှေ့ဒေသထဲရှိ မျိုးနွယ်များက ပြန်ဝင်လာသည့် မျိုးနွယ်(၃၈)ခုကို အင်အားပူးပေါင်းကာ ပြန်မတိုက်ခိုက်ပေ။ ထိုအစား အနီးရှိ တောင်များဆီသို့သာ ထွက်ပြေးသွားကြသည်။ သူတို့က အင်အားတစ်သန်းတပ်၏ တိုက်ခိုက်မှုကို ကြောက်နေပုံပေါ်ပေသည်။
အချိန်တစ်ခုအထိ အနားယူ၊ ထောက်လှမ်းပြီးနောက် အရှေ့ဒေသထဲရှိ မျိုးနွယ်များက မည်သို့မှ မလှုပ်ရှားကြကြောင်း ထိုမျိုးနွယ်(၃၈)ခုက အတည်ပြုလိုက်၏။ ထိုအခါ သူတို့၏ ရည်မှန်းချက်က ပိုကြီးလာပြီး အနီးရှိ တောင်များကိုပါ လိုက်သိမ်းကြတော့သည်။
ကျန်းရီသည် ထိုသတင်းကို ရသောအခါ မျက်လုံးမှိတ်၍ သက်ပြင်းမောကြီးတစ်ချက် ချလိုက်၏။
“မရောင့်ရဲနိုင်တဲ့သူက ဆင်ကိုမျိုဖို့ ကြိုးစားနေတဲ့ မြွေတစ်ကောင်လိုပဲ။ လောဘနဲ့ လိုအင်ဆန္ဒက မူလအပြစ်တွေပဲ။ အဲ့အင်အားတစ်သန်းတပ်နဲ့ သန်းဆယ်ချီတဲ့ အဆင့်နိမ့် မိစ္ဆာတွေ... အဆုံးသတ်ပြီပဲ”
***