← Chapters

စကားတစ်ခွန်း

Vol. 127 Ch. 1769

စကားတစ်ခွန်း

Vol. 127 Ch. 1769

အင်အားတစ်သန်းတပ်နှင့် သန်းဆယ်ချီသော အဆင့်နိမ့်မိစ္ဆာများ အဆုံးသတ်ပေပြီ။

ကောင်းကင်ဂဠုန်နယ်မြေအနီးရှိ မျိုးနွယ်အားလုံးက ထွက်ပြေးသွားခဲ့ခြင်းမှာ ကော့ချန်ဘုရင်ထံမှ အမိန့်များ လက်ခံရရှိခဲ့၍ပင်။ ကော့ချန်ဘုရင်က သူတို့၏ နယ်မြေများကို ပြန်ယူပေးမည်ဟု ကတိပေးကာ အရင်ဆုံး ရှောင်ထွက်စေခဲ့ခြင်းဖြစ်သည်။

မျိုးနွယ်(၃၈)ခုက အင်အားတစ်သန်းတပ်ကို စေလွှတ်ခဲ့သည်။ ထို့ပြင် ၎င်းတပ်က အရှင်မချင်လင်း၏ တပ်လည်းဖြစ်သည်။ ထို့ကြောင့် အနီးမှ မျိုးနွယ်များသည် အမှန်ပင် ကြောက်ရွံ့ကာ ချက်ချင်း ရှောင်ထွက်၍ သူတို့၏နယ်မြေများကို စွန့်ပစ်ခဲ့ကြသည်။

သို့ဖြင့် မျိုးနွယ်(၃၈)ခုသည် များစွာအားစိုက်မထုတ်ရဘဲ တောင်ဆယ်လုံးကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။ သူတို့ ထိုမျှနှင့် ကျေနပ်ခဲ့လျှင် အလွန်မြန်ဆန်စွာ ကျရှုံးသွားမည် မဟုတ်သေး။ သို့သော် တောင်ဆယ်လုံးကျော်က မျိုးနွယ်တစ်ခုစီအတွက် မလုံလောက်သေးချေ။ အကြိမ်ကြိမ် စုံစမ်းထောက်လှမ်းပြီးနောက် အရှေ့ဒေသရှိ မျိုးနွယ်များက အင်အားမပူးပေါင်းသေးဘဲ အချင်းချင်းသာ ပြန်တိုက်နေကြကြောင်း အတည်ပြုပြီးသောအခါ မျိုးနွယ်(၃၈)ခုသည် တပ်ကို ထပ်မံ စေလွှတ်ပြန်လေသည်။

နောက်ဆုံးတွင်...

အရာအားလုံးက မမျှော်လင့်ထားဘဲ ချောမွေ့နေခဲ့၏။ တပ်ချီရာ နေရာတိုင်းရှိ မျိုးနွယ်အားလုံးက ရှောင်ပြေးကြ၏။ ထို့ကြောင့် တပ်က နောက်ထပ် တောင်ဆယ်လုံးကျော်ကို အလွယ်တကူ သိမ်းပိုက်နိုင်လိုက်ပြန်သည်။

အခြေအနေများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပေပြီ။ မျိုးနွယ်ကြီးများမှ မျိုးနွယ်ဘုရင်များက အတန်ငယ် သံသယရှိလာသော်လည်း မျိုးနွယ်ငယ်များက မျိုးနွယ်ဘုရင်များက ဆက်၍ နယ်မြေချဲ့ထွင်လိုနေကြသည်။ မကြာခင်မှာပင် သူတို့ တောင်အလုံးတစ်ရာကျော်ကို သိမ်းယူနိုင်လိုက်လေသည်။

တောင်များနှင့် နယ်မြေများက များစွာရှိ၏။

အင်အားတစ်သန်းတပ်မှာ အင်အားကြီးသည်ဟု ဆိုနိုင်သော်လည်း သိမ်းပိုက်ထားသည့် နယ်မြေက များလာသောအခါ တပ်ပြန့်လာသည်။ ကာကွယ်ရမည့် နယ်မြေများကလည်း ပိုများလာရာ နယ်မြေတစ်ခုလျှင် တပ်သားသောင်းကျော်၊ သိန်းကျော်သာ စောင့်ကြပ်နိုင်တော့သည်။ ထိုသို့တပ်ပြန့်သွားပြီးနောက် တပ်သားနှစ်သိန်းထက် ပိုရှိသည့် နယ်မြေဟူ၍ မရှိတော့ချေ။

ထိုအခါ စစ်တပ်တစ်တပ်က ရုတ်တရက်ကြီး ထွက်ပေါ်လာပြီး မျိုးနွယ်(၃၈)ခုဘက်မှ တပ်ဖွဲ့များကို ဝင်တိုက်လေသည်။ ထိုစစ်တပ်သည် နယ်‌မြေများကို အလွယ်တကူ ပြန်သိမ်းယူ၍ မျိုးနွယ်(၃၈)ခုမှ မျိုးနွယ်ဝင်များကို စတင်သတ်ဖြတ်ကြသည်။

ထိုစစ်တပ်တွင် အင်အားများစွာမပါ၊ တစ်သိန်းသာ ပါသည်။ သို့သော် သူတို့အများစုမှာ ထိပ်သီးတပ်သားများဖြစ်ကြသည်။ ခေါင်းဆောင်မှာမူ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်ပြီး ကော့ချန်မျိုးနွယ်၏ မဟာအကြီးအကဲပင်။

မျိုးနွယ်(၃၈)ခုဘက်မှ တပ်ဖွဲ့များသည် သတင်းရ၍ အတိုက်ခံနေရသော နယ်မြေများသို့ ကူညီရန် အသည်းအသန် ချီလာစဉ် မရေမတွက်နိုင်သော တပ်သားများက အရပ်မျက်နှာအနှံ့မှ ရောက်လာပြီး ထိုတပ်ဖွဲ့များကို ဝင်တိုက်ကြသည်။ တပ်ဖွဲ့များစွာ ရှင်းပစ်ခံလိုက်ရသည်။ ရှင်ကျန်သော တပ်ဖွဲ့များမှာလည်း ဆက်တိုက်လိုစိတ် မရှိကြတော့ပေ။ တပ်၏ စိတ်ဓာတ်က ပျက်ပြားသွားပြီဆိုလျှင် ရှုံးနိမ့်တော့မည်သာ။

သူတို့က အင်အားစုသုံးစု၏ မဟာမိတ်စစ်တပ်ကို အလစ်ဝင်တိုက်ခဲ့သလိုပင် သူတို့လည်း ပြန်၍ အလစ်ဝင်တိုက်ခံရခြင်းပင်။ တပ်ပျက်သွားသည်နှင့် သူတို့ အညှာအတာမရှိ လက်လံသတ်ဖြတ်မှုကို ခံရပေသည်။

တပ်သားများစွာသည် သူတို့ သိမ်းပိုက်ထားခဲ့သော တောင်များဆီသို့ ထွက်ပြေးကြ၏။ သို့သော် ထိုတောင်များတွင် အလောင်းများ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ သန်းဆယ်ချီသော အဆင့်နိမ့် မိစ္ဆာများ သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။ အလောင်းပုပ်နံ့များက တပ်သားများကို ပျို့ပင်ပျို့အန်စေသွားသည်။ သူတို့ မြေပြင်ပေါ်တွင် ဒူးထောက်၍လည်း ဟစ်အော်လိုက်ကြသည်။

“ပြေး... မြန်မြန်ပြေးကြ”

မျိုးနွယ်ကြီးတစ်ခုမှ မျိုးနွယ်ဘုရင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ့တပ်ဖွဲ့မှ ကျန်နေသေးသော တပ်သားများကို စုဝေးကာ စတင် ထွက်ပြေးလေသည်။ ထိုအခါ ကော့ချန်မျိုးနွယ်၏ အင်အားတစ်သိန်းရှိသော တပ်က ရုတ်ခြည်း ရောက်လာပြီး ခက်ခက်ခဲခဲ စုဝေးထားရသော တပ်ဖွဲ့ကို ပြန်ကွဲထွက်သွားစေလိုက်သည်။ ထို့နောက် ကော့ချန်မျိုးနွယ်၏ တပ်သည် သူတို့ကို အညှာအတာမရှိ သတ်ဖြတ်လေတော့သည်။

အခြေအနေတစ်ခုလုံး ပရမ်းပတာဖြစ်သွားသည်။ အသက်ရှင်ကျန်နေသေးသော တပ်သားများက သူတို့အသက်အတွက် သွေးရူးသွေးတန်းနှင့် ထွက်ပြေးကြ၏။ သူတို့ ဆက်တိုက်လိုစိတ် မရှိတော့ပေ။ အတော်ကြာအောင် ပြေးပြီးနောက် သူတို့ ပြဿနာတစ်ခုကို တွေ့သွားသည်။ သူတို့ မည်သည့်နေရာသို့ ပြေးရမည်နည်း။ သူတို့တွင် ပြေးစရာမြေ မရှိတော့ချေ။

အရှင်ကျိုးသည် သူတို့ ထွက်သွားလျှင် မဟာမိတ်စစ်တပ်နှင့် မည်သို့မှ သက်ဆိုင်‌တော့မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ သူတို့ သူ့အရှေ့တွင် သေမည်ဆိုလျှင်တောင် သူက တစ်ချက်ပင် ကြည့်မည် မဟုတ်ပေ။

ထိုစဉ်ကတော့ ကျန်းရီ၏စကားမှာ အလွန်နှလုံးသားမဲ့သော၊ အလွန်သွေးအေးသော၊ နားမခံသာသောစကားဖြစ်သည်ဟု ထင်ခဲ့ရသည်။ ယခုတွင်မူ ထွက်ပြေးနေသည့် မျိုးနွယ်ဘုရင်များနှင့် တပ်သားများသည် ထိုစကားမှာ အချစ်စစ်၏စကားဖြစ်ကြောင်း သဘောပေါက်သွားသည်။

အရှင်ကျိုးက ထိုစကားများ ပြောခဲ့ခြင်းမှာ သူတို့ ပြန်သွားလိုစိတ် ပျောက်သွားအောင် ဖြစ်သည်။ သို့သော် သူတို့က အလွန်‌ခေါင်းမာခဲ့ပေသည်။ ယခုတွင် သူတို့သည် သူတို့လုပ်ရပ်၏ အကျိုးဆက်များကို သူတို့ဘာသာ ခံရပေတော့မည်။

“ပြန်သွားကြ... အရှင်ကျိုးဆီ ပြန်သွားကြ။ သူပဲ ငါတို့ကို ကယ်နိုင်မှာ။ သူက ငါတို့ကို မကယ်ရင်တောင် ငါတို့ ကျတ်တီးမြေထဲမှာပဲ အသေခံမယ်။ ငါတို့ သူ့ကို တောင်းပန်ပြီး အခြားမျိုးနွယ်တွေအတွက် သာဓက အဖြစ်ခံလိုက်မယ်”

မျိုးနွယ်ကြီးတစ်ခုမှ မျိုးနွယ်ဘုရင်တစ်ပါးက အော်ပြောလိုက်၏။ ထွက်ပြေးနေသော တပ်သားအားလုံး၏ မျက်ဝန်းများ လင်းလက်လာကြသည်။ သူတို့ ဦးတည်ရာနှင့် မျှော်လင့်ချက်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်။ သူတို့သည် ကျတ်တီးမြေဆီသို့ စတင် ပြေးကြလေတော့သည်။

ကော့ချန်မျိုးနွယ်၏ တပ်က သူတို့နောက်သို့ ဆက်လိုက်လာ၏။ သူတို့ ကောင်းက်ဂဠုန်နယ်မြေထဲ ရောက်ကာ ကျတ်တီးမြေထဲ ဝင်သွားသည်အထိ လိုက်လာပေသည်။ ထိုအခိုက်တွင် အင်အားတစ်သန်းတပ်တွင် တပ်သားတစ်သိန်းကျော်လောက်သာ ကျန်တော့သည်။ ထိုတပ်သားတစ်သန်းကျော်လည်း မကြာခင်မှာပင် ကျတ်တီးမြေထဲ၌ သေရတော့ပေမည်။

“ပြေးကြ... မြန်မြန်ပြေးကြ။ ငါတို့ ကျတ်တီးမြေထဲ ရောက်လာပြီ”

“မြန်မြန်...မြန်မြန်...”

“ပြေးကြ...”

အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ အော်ပြောသံများနှင့်အတူ နာကျင်တကြီး အော်ဟစ်သံများကိုလည်း ကြားနေရသည်။

အဝေးရှိ မိုးကုပ်စက်ဝိုင်းတွင် တပ်ကြီးတစ်တပ်က အလုံးအရင်း ပျံသန်းလာနေသည်။ သူတို့က သေမင်းများကဲ့သို့ပင်။ စက္ကန့်တိုင်း တပ်သားများစွာ သေသွားနေသည်။ ထို့ကြောင့် နာရီအနည်းငယ်အတွင်းမှာပင် တပ်သားတစ်သိန်းကျော်စလုံး ဤလောကထဲမှ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

ထိုတပ်သားများအရှေ့တွင် ဧရာမတောင်ကြီးတစ်လုံး ရှိနေ၏။ ထိုတောင်ကို ပတ်သွားပြီးလျှင် နတ်ဆိုးချောက်နက်သို့ ရောက်သွားပေလိမ့်မည်။ သို့သော် ကြည့်ရသည်မှာ တပ်သားများသည် နတ်ဆိုးချောက်နက်အထိပင် ရောက်နိုင်တော့မည့်ပုံ မပေါ်ချေ။

တင်...တောင်...

တပ်သားများ တောင်ခြေသို့ ရောက်လာချိန်တွင် ရုတ်တရက် ဗျပ်စောင်းသံတစ်သံ ထွက်ပေါ်လာ၏။ ဗျပ်စောင်းသံမှာ အလွန်စည်းချက်ကျပြီး နားဝင်ပီယံချိုသည်။ ထိုအသံထဲတွင် ဆန်းကြယ်သော မှော်စွမ်းအား ပါသကဲ့သို့ပင်။ ဗျပ်စောင်းသံကြောင်း ထွက်ပြေးနေကြသော တပ်သားအားလုံး ရပ်တန့်သွားသည်။

ဗျပ်စောင်းသံက ‌တောင်ထိပ်မှနေ၍ ထွက်လာခြင်းပင်။ အသံထွက်ပေါ်လာပြီးနောက် တောင်ထိပ်တွင် လူတစ်ယောက် ပေါ်လာ၏။ ထိုလူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးမှိတ်ထားသည်။ သူ့မျက်နှာထားမှာလည်း အေးချမ်းနေသည်။ သူက သာယာငြိမ့်ငြောင်းသော ဂီတသံထဲတွင် နစ်မြောနေသကဲ့သို့ပင်။

နောက်မှလိုက်လာသည့် ကော့ချန်တပ်သည်လည်း ပေသောင်းချီအကွာတွင် ရပ်တန့်လိုက်သည်။ တပ်ထဲမှ တပ်သားအားလုံး၏ ကောင်းကင်စိတ်အာရုံများက တောင်ထိပ်ပေါ်ရှိ အဖြူရောင်ဝတ်ရုံနှင့် လူအပေါ်သို့ ကျရောက်သွားကြ၏။ သူတို့ ထိုပုဂ္ဂိုလ်၏ ဗျပ်စောင်းကိုလည်း အာရုံခံလိုက်ကြသည်။

ဒုတ်...

မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သံတစ်သံ ထွက်ပေါ်လာ၏။ မျိုးနွယ်ကြီးတစ်ခုမှ မျိုးနွယ်ဘုရင်တစ်ပါးက မြေပြင်တွင် ဒူးထောက်လိုက်ခြင်းပင်။ သူ့မျက်ဝန်းများထဲမှနေ၍လည်း မျက်ရည်များ စီးကျနေသည်။ သူသည် မည်သို့မှ မပြောဘဲ မြေပြင်ပေါ်တွင်သာ ပြားပြားဝပ်နေပြီး သူ့အနောက်မှ တပ်သားများကိုလည်း အရေးမစိုက်တော့ပေ။

ဒုတ်...ဒုတ်...

ဒူးထောက်လိုက်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ တပ်သားတစ်သိန်းသည် သူတို့နောက်မှ လိုက်လာသည့် ရန်သူတပ်ကို အရေးမစိုက်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း မျက်ရည်များ ပြည့်နေပေသည်။ သူတို့၏ မျက်နှာများပေါ်တွင်မူ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှု၊ အရှက်ရမှု၊ နာကျင်မှု... စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေသည်။

“အရှင်ကျိုးလား...”

ကော့ချန်မျိုးနွယ်မှ မဟာအကြီးအကဲ၏ မျက်ဝန်းများက သက်တမ်းတစ်သောင်းရှိသော ရေခဲကဲ့သို့ အေးစက်သွား၏။ အခြားအကြီးအကဲများနှင့် စွမ်းအားကြီး သိုင်းသမားများလည်း မျက်နှာပျက်သွားကြသည်။ သူတို့က အင်အားကြီးသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။ အဆင့်နိမ့်တပ်သားများ၏ မျက်ဝန်းများထဲတွင်ဆိုလျှင် အကြောက်တရားနှင့် အမုန်းတရားတို့ပင် ပြည့်နှက်လာသည်။

မည်သူမှ မလှုပ်ဝံ့ချေ။

ကောင်းကင်စိတ်အာရုံများစွာက ပတ်ဝန်းကျင်ကို အာရုံခံ၍ အလစ်ဝင်တိုက်ရန် စောင့်နေသော တပ်သားများ ရှိမရှိ စူးစမ်းထောက်လှမ်းနေကြသည်။ သို့သော် ကော့ချန်မျိုးနွယ်မှ မဟာအကြီးအကဲနှင့် စွမ်းအားကြီး သိုင်းသမားများ၏ ရင်ထဲတွင်မူ အရှင်ကျိုးမှာ အင်အားတစ်သန်းစစ်တပ်နှင့် ညီနေပြီဖြစ်သည်။ ဆိုရလျှင် အရှင်ကျိုးက အင်အားတစ်သန်းစစ်တပ်ထက်ပင် ပိုကြောက်စရာကောင်းပေသည်။

တောင်ထိပ်ပေါ်တွင် လူတစ်ယောက်က ဗျပ်စောင်းတီးနေသည်။ တောင်ခြေရှိ တပ်သားတစ်သိန်းကျော်က ဒူးထောက်နေကြသည်။ ပေသောင်းချီအကွာရှိ အင်အားတစ်သိန်းတပ်သည်လည်း တိတ်တဆိတ် ရပ်နေသည်။ သူတို့ထံတွင် မည်သည့် သတ်ဖြတ်အရှိန်အဝါမှ မရှိတော့ပေ။

ထိုကဲ့သို့ ထူးဆန်းသော မြင်ကွင်းက ထပ်ဖြစ်လာပေပြီ။ ထိုအကြောင်းသာ ကောင်းကင်မိစ္ဆာဘုံ၏ အခြားဒေသများသို့ သတင်းပျံ့သွားလျှင် မည်သူမှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီက မည်သို့မှ မလုပ်သလို မည်သို့မှလည်း မပြော။ သူက မျက်လုံးမှိတ်၍သာ ဗျပ်စောင်းတီးနေသည်။ ဒူးထောက်နေသော မည်သည့်တပ်သားကမှ မလှုပ်ဝံ့။ အဝေးရှိ အင်အားတစ်သိန်းတပ်ကလည်း မတိုက်ခိုက်ဝံ့။

တေးသွားဆုံးသွားသောအခါ ကျန်းရီ၏ လက်ချောင်းများက စောင်းကြိုးများကို ငြင်သာစွာ ပွတ်ဆွဲလိုက်၏။ နောက်ဆုံးတွင် သူ မျက်လုံးဖွင့်လာသည်။ သူ၏အကြည့်မှာ အလွန်နက်ရှိုင်းပြီး ပေသောင်းချီသော အကွာအဝေးကို ဖြတ်၍ ကော့ချန်မျိုးနွယ်၏ မဟာအကြီးအကဲအပေါ်သို့ ကျရောက်သွား၏။ ထို့နောက် သူ နူးညံ့စွာ ပြောလိုက်သည်။ သို့သော် သူ့အသံမှာ မိစ္ဆာအားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။

“အားလုံး ပြန်သွားကြတော့။ ကော့ချန်ဘုရင်ကို ပြောလိုက်ပါ.. နှစ်ဝက်နေရင် ကျွန်တော် ကျွန်တော်ရဲ့ စစ်တပ်ကို စေလွှတ်ပြီး သူနဲ့ သူသေကိုယ်သေ တိုက်မယ်လို့”

“ပြန်ဆုတ်ကြ...”

ကော့ချန်မျိုးနွယ်၏ မဟာအကြီးအကဲသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။ ကော့ချန်တပ်သည် စည်းစနစ်တကျ ပြန်ဆုတ်လေသည်။ မကြာခင်မှာပင် ထိုတပ်သည် မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ်သွားလေတော့သည်။

စကားတစ်ခွန်းက အင်အားတစ်သိန်းတပ်ကို ပြန်ဆုတ်သွားစေသည်။

သို့သော် ကျန်းရီသည် အောင်မြင်မှုကို မခံစားရပေ။ တောင်ခြေတွင် ဒူးထောက်နေသူများကို သူ မျက်လုံးဝေ့၍ ကြည့်လိုက်သည်။ ထို့နောက် ဗျပ်စောင်းကို သိမ်းကာ ပြောလိုက်၏။

“ကျွန်တော့်ကို ဒူးမထောက်ကြနဲ့။ ခင်ဗျားတို့ ဒူးထောက်ချင်ရင် သေသွားတဲ့ ခင်ဗျားတို့ သန်းချီတဲ့ မျိုးနွယ်ဝင်တွေကို ဒူးထောက်ကြ”

ရှုံးနိမ့်ခဲ့သော တပ်သားတစ်သိန်းကျော်သည် အချင်းချင်း ဖက်ကာ ခါးခါးသီးသီး ငိုကြွေးကြတော့သည်။

***

All Chapters