← Chapters

သမင်သစ်ခွ

Vol. 127 Ch. 1770

သမင်သစ်ခွ

Vol. 127 Ch. 1770

ကျန်းရီသည် မည်သည့်အခါကမှ သွေးအေးသူတစ်ယောက် မဟုတ်ခဲ့ပါ။ သူ နှလုံးသားကင်းမဲ့သော စကားများ ပြောခဲ့ခြင်းမှာ ထိုမျိုးနွယ်များ ပြန်သွားလိုစိတ် ပျောက်သွားအောင်သာဖြစ်သည်။

သို့သော် ထိုမျိုးနွယ်များက ပြန်သွားရန် ဆုံးဖြတ်ပြီးနေရာ ကျန်းရီ သူတို့ကို မတားနိုင်ခဲ့ပေ။ သူတို့၏ နှလုံးသားက ကျတ်တီးမြေထဲတွင် မရှိတော့ရာ သူတို့ကို အတင်းဆွဲထားလျှင် အတွင်းရေးပဋိပက္ခများ ဖြစ်ပေါ်လာသည်သာ ရှိပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ သွားခွင့်ပေးလိုက်ပြီး လောဘမကြီးရန် မှာလိုက်ခြင်းဖြစ်သည်။ သို့သော် သူတို့က ကျန်းရီ၏စကားကို နားမထောင်ခဲ့ပေ။ သူတို့ နယ်မြေစ၍ချဲ့ထွင်ကတည်းက ရှုံးတော့မည်ကို ကျန်းရီ သိထားပြီးဖြစ်သည်။

နောက်ဆုံးတွင် ကျန်းရီသည် လျစ်လျူမရှုနိုင်ဘဲ ကူညီရန် ဆုံးဖြတ်ခဲ့၏။ သို့သော် မည်သို့ကူညီမည်မှာမူ အခြေအနေအပေါ် မူတည်သည်။ သူ စစ်တပ်ကို ဦးဆောင်၍ သွားမကယ်နိုင်ပေ။ ထို့ပြင် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများကို ထိုအကြောင်း အသိခံ၍လည်း မဖြစ်။ သိသွားလျှင် ကိုယ့်ပါးကိုယ် ရိုက်မိသလို ဖြစ်သွားပေလိမ့်မည်။ ယခင်တွင် ထွက်သွားသူများက သူ့မျက်စိရှေ့တွင် သေမည်ဆိုလျှင်ပင် သူတို့ကို ကြည့်မည်မဟုတ်ဟု သူ ပြောခဲ့သည် မဟုတ်ပါလား။

ကျန်းရီမှာ စစ်တပ်တစ်တပ်၏ ခေါင်းဆောင်ဖြစ်သည်။ သူ့နှုတ်မှထွက်သော စကားက လေးနက်ရသည်။ ပြောပြီးသားစကားကို ပြန်ပြင်၍ မဖြစ်ပေ။ မဟုတ်လျှင် အခြားမျိုးနွယ်များသည် သူတို့ အရှေ့ဒေသထဲ ပြန်ဝင်သွားပြီး ရှုံးကာ ထွက်ပြေးလာရလျှင်လည်း အရှင်ကျိုးက သူတို့ကို ကယ်လိမ့်မည်ဟု ပေါ့ပေါ့လေး တွေးသွားကြပေလိမ့်မည်။

ကျန်းရီက လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာ ပြန်ထွက်သွားသည်။ သူ့တွင် ထိုတပ်သားတစ်သိန်းကျော်ကို ပြန်ခေါ်သွားလိုစိတ် မရှိချေ။ တပ်သားတစ်သိန်းကျော်မှာလည်း ပြန်မသွားနိုင်လောက်အောင် အရှက်ရနေကြသည်။ သူတို့၏ အဆင့်နိမ့် မျိုးနွယ်ဝင်အားလုံး အသတ်ခံခဲ့ရသည်။ သူတို့တပ်သားတစ်သိန်းကျော်သာ ရှင်သန်ခဲ့သည်။ အကယ်၍ သူတို့ ပြန်သွားလိုက်လျှင် အခြားမျိုးနွယ်များ၏ ခနဲ့ခြင်း၊ လှောင်ပြောင်ခြင်းကို ခံရနိုင်သည်။ အရေးအကြီးဆုံးမှာ ကျန်းရီက သူတို့ကို ပြန်မခေါ်သွားခြင်းပင်။

“သွားကြစို့...”

မျိုးနွယ်ကြီးများမှ မျိုးနွယ်ဘုရင်များသည် ဆွေးနွေးတိုင်ပင်ကာ အံကြိတ်လိုက်ကြ၏။ သူတို့သည် တပ်သားတစ်သိန်းကျော်ကို ဦးဆောင်၍ ကျတ်တီးမြေ၏ မြောက်ဘက်သို့ ဦးတည်သွားလိုက်ကြသည်။

မြောက်ဘက်မှာ ပင်လယ်နှင့် နီး၏။ သူတို့ ပင်လယ်ထဲမှနေ၍ အစာရနိုင်သည်။ ယခုတွင် သူတို့ အရှေ့ဒေသထဲ မသွားနိုင်‌တော့သလို ကျန်းရီကလည်း သူတို့ကို ပြန်လက်ခံမည် မဟုတ်ချေ။ ထို့ကြောင့် ပုန်းစရာနေရာတစ်ခုကိုရှာ၍သာ ပုန်းအောင်းနေရတော့ပေမည်။

ကျန်းရီက နှစ်ဝက်ကြာလျှင် စစ်တပ်ကို အရှေ့ဒေသထဲ ဦးဆောင်ခဲ့မည်ဟု ပြောခဲ့၏။ ထိုအခါ ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာပေလိမ့်မည်။ မျိုးနွယ်ကြီးများမှ မျိုးနွယ်ဘုရင်များသည် ကျန်းရီနှင့်အတူ သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်နေကြပေပြီ။ သူတို့သည် သူတို့၏ မျိုးနွယ်ဝင်များအတွက် လက်စားချေကာ ကျန်းရီထံတွင် အပြစ်ဖြေလိုနေပေသည်။

***

ကျန်းရီ ထွက်သွားခဲ့၏။ သူက လျှို့ဝှက်၍ ထွက်သွားခဲ့သော်လည်း ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က ထိုအကြောင်းကို သိသွားသေးသည်။ ကျန်းရီသည် ပြန်ရောက်လာသောအခါ မည်သို့မှ မပြောဘဲ ဆက်၍သာ အခန်းအောင်း ကျင့်ကြံနေလိုက်သည်။

မကြာခင်မှာပင် ထောက်လှမ်းရေးများက သတင်းများနှင့်အတူ ပြန်ရောက်လာကြ၏။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များသည် ကျန်းရီက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်နှင့် အင်အားတစ်သိန်းတပ်ကို စကားတစ်ခွန်းတည်းနှင့် ခြောက်လှန့်လိုက်ကြောင်းကို ကြားသောအခါ သက်ပြင်းချလိုက်ကြ၏။ သူတို့ ကျန်းရီကို အလွန်ယုံကြည်သွားကြပြီဖြစ်သည်။

လူသား၏ နှလုံးသားကို အသွေးအသားနှင့် လုပ်ထားခြင်းဖြစ်သလို မိစ္ဆာများတွင်လည်း နှလုံးသားနှင့် ခံစားချက်များ ရှိကြသည်။ ကျန်းရီကို ကိုယ်ကျိုးမကြည့် သူတို့ကို ကူညီပေးနေခြင်းဖြစ်သည်။ သူ့တွင် အခြားရည်ရွယ်ချက်များ မရှိပေ။ ကျန်းရီသည် စစ်ရေးကို အရေးမစိုက်ဘဲ မဟာမိတ်စစ်တပ်၏ အရေးကိစ္စများကို ကြမ်းကြုတ်ဘုရင်ကိုသာ လွှဲပေးထားသည်။ သူက ဩဇာအာဏာအတွက် ရည်ရွယ်ချက်မရှိဘဲ သူတို့အား သန့်သန့်ရှင်းရှင်း ကူညီပေးနေခြင်းသာဖြစ်ပေသည်။

ကျန်းရီက ကော့ချန်တပ်အား ပြောလိုက်သည့် စကားကို သိရသောအခါ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ အလွန်စိတ်လှုပ်ရှားသွားကြသည်။ ကျန်းရီက တပ်သားတစ်သိန်းကျော်ကို ကယ်ခဲ့သည်ဆိုသော သတင်းမှာလည်း ပျံ့နှံ့သွားသည်။ သို့သော် ကျန်းရီသည် ထိုတပ်သားတစ်သိန်းကျော်ကို ပြန်ခေါ်မလာခဲ့သလို သန်းဆယ်ချီသော မျိုးနွယ်ဝင်များလည်း သေသွားခဲ့သဖြင့် မျိုးနွယ်အသီးသီးသည် ဝမ်းနည်းပူဆွေးနေကြပေသည်။

နှစ်ဝက်ကြာပြီးလျှင်...

နောက်ဆုံးတွင် ကျန်းရီသည် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပေပြီ။ မျိုးနွယ်အားလုံး စိတ်လှုပ်ရှားသွားသည်။ နှစ်ဝက်က အလွန်ကြာသော်လည်း သူတို့ တောင့်ခံနိုင်ပေသည်။ ကျန်းရီက ပြင်ဆင်မှုမရှိသော တိုက်ပွဲကို မတိုက်ပေ။ သူ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ အကြွင်းမဲ့ယုံကြည်မှုရှိနေ၍သာ ဖြစ်မည်။ အချိန်ကျလာသောအခါ သူတို့သည် ဂုဏ်ရှိရှိနှင့် အိမ်ပြန်ကာ အရှေ့ဒေသကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

***

“သခင်... သခင်က နှစ်ဝက်နေပြီးရင် တကယ် တိုက်ခိုက်တော့မှာလား”

ရဲတိုက်ထဲတွင် လီရှန်းအာက ကျန်းရီ၏ခြေထောက်များကို နူးညံ့စွာ နှိပ်ပေးနေ၏။ သူမသည် သိလိုစိတ်ကို မထိန်းနိုင်တော့သဖြင့် မျက်မှောင်ကြုတ်ကာ အတွေးနက်နေသော ကျန်းရီကို မေးလိုက်သည်။ အပြင်လူများက နားမလည်နိုင်သော်လည်း သူမမှာ ကျန်းရီနှင့် အမြဲအတူ ရှိနေခဲ့၍ ယခုတစ်ခေါက်တွင် ကျန်းရီထံ၌ အကြွင်းမဲ့ယုံကြည်မှုမရှိကြောင်း သိပေသည်။ မဟုတ်လျှင် သူ ဤမျှ မျက်မှောင်ကြုတ်နေမည် မဟုတ်ချေ။

“ငါ့မှာ ‌ရွေးချယ်စရာ မရှိဘူး...”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချကာ ပြန်ပြော၏။

“ဒီနေရာက နောက်နှစ်ဝက်လောက်ပဲ တောင့်ခံနိုင်တော့မှာ။ အစာက ရှားပါးလွန်းတယ်။ ငါတို့ ဘာမှမလုပ်ရင်တောင် ကော့ချန်ဘုရင်က သေချာပေါက် တစ်ခုခု လုပ်မှာပဲ။ ပြီးတော့... ကော့ချန်စစ်တပ်ရဲ့ လုပ်ကိုင်ပုံတွေ၊ ဗျူဟာတွေအရဆို ‌ကော့ချန်ဘုရင်ဘက်မှာ ပညာရှင်တစ်ယောက် ရှိနေပုံပဲ။ ကြောက်စရာ ဗျူဟာတွေ၊ လှည့်ကွက်တွေရှိတဲ့ ရန်သူ... ငါတို့ ဆက်နှောင့်နှေးနေရင် ရှင်းပစ်ခံရလိမ့်မယ်’

“ပညာရှင်လား...”

လီရှန်းအာ နားမလည်ပေ။ သူမ မျက်တောင်ပုတ်ခတ်ကာ ‌မေးလိုက်သည်။

“အဲ့မှာ ကော့ချန်ဘုရင်က စွမ်းအားအကြီးဆုံး မဟုတ်ဘူးလား။ ဘယ်လိုလုပ် နောက်ထပ် ပညာရှင်တစ်ယောက် ရှိနေသေးတာလဲ။ ဒီတိုက်ပွဲကို အမိန့်ပေးနေတဲ့သူက ကော့ချန်ဘုရင် မဟုတ်ဘူးလား”

“သေချာပေါက် မဟုတ်ဘူး”

ကျန်းရီက သေချာစွာ ပြောလိုက်၏။

“ကော့ချန်ဘုရင်က ငါ့ကြောင့် အကြိမ်ကြိမ် ကြောက်လန့်သွားခဲ့တာပဲ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ သူ ငြိမ်ကုပ်နေခဲ့တာ မဟုတ်လား။ ဒီတစ်‌ခေါက်ကျတော့ တပ်ထဲမှာ ငါပါလာ၊ မလာကိုတောင် အတည်မပြုဘဲနဲ့ သူက သူ့မျိုးနွယ်က တပ်တစ်တပ်ကို စေလွှတ်ခဲ့တယ်။ ပြီးတော့ သူက အဲ့ဒါကို ပြတ်ပြတ်သားသား လုပ်ခဲ့တာ။ နယ်မြေတွေကို အလွယ်လေး စွန့်ပစ်ခိုင်းခဲ့တာ။ ပြီးတော့ အဲ့ကော့ချန်မျိုးနွယ်က မဟာအကြီးအကဲကလည်း ဆုံးဖြတ်ချက် ပြတ်သားလွန်းတယ်။ ကော့ချန်ဘုရင်ကသာ အရင်ကတည်းက အဲ့လောက်အစွမ်းအစရှိရင် ငါတို့ ကျတ်တီးမြေထဲကိုတောင် ပြောင်းရွှေ့လာနိုင်ခဲ့မှာ မဟုတ်ဘူး”

“သခင်ပြောတာလည်း မှန်တာပဲ”

လီရှန်းအာ၏ မျက်နှာထားက လေးနက်သွား၏။ သူမ ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။

“ထျန်းဖုန့်ဧကရာဇ်က အခြေအနေကို ကိုင်တွယ်ဖို့ ပညာရှင်တစ်ယောက် စေလွှတ်လိုက်တာများလား”

“ငါ မသိဘူး”

ကျန်းရီ သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ မသိရသော ရန်သူမှာ ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ဤတစ်ခေါက် တိုက်ပွဲမှ သဲလွန်စများကြောင့်သာ မဟုတ်လျှင် ထိုပညာရှင် ရှိနေသည်ကိုပင် သူ သိလိုက်မည် မဟုတ်ပေ။ ထိုပညာရှင်က အရှေ့ဒေသမှ မဟုတ်လောက်ချေ။ သို့သော် ထိုသူက ထျန်းဖုန့်ဧကရာဇ်က စေလွှတ်လိုက်သူလော သို့မဟုတ် အခြားမိစ္ဆာအရှင်နှစ်ပါးထဲမှ တစ်ပါးပါးက စေလွှတ်လိုက်သူလောကိုမူ သူ မသိသေးပေ။

ကော့ချန်ဘုရင်သာ ဆိုလျှင် ကျန်းရီ များစွာအရေးစိုက်မည် မဟုတ်ပါ။ သူ စောစောမလှုပ်ရှားခဲ့ခြင်းမှာ အသေအပျောက် အလွန်များမည်စိုး၍ ဖြစ်သည်။ ယခုတွင်မူ သူ ရွေးချယ်စရာ မရှိတော့ဘဲ လှုပ်ရှားရတော့ပေမည်။ ရန်သူဘက်တွင် ပညာရှင်တစ်ယောက် ရှိနေသည်။ ရန်သူဘက်က အချိန်ဖြုန်းနိုင်သော်လည်း သူတို့ဘက်က အချိန်မဖြုန်းနိုင်တော့ပါ။ ဤအတိုင်း ဆက်သွားလျှင် သူတို့ တိုက်ပင်မတိုက်လိုက်ရဘဲ ပျက်သုဉ်းသွားနိုင်ခြေရှိနေသည်။

“ငါ ဂရုစိုက်မနေတော့ဘူး။ အရင် တိုက်ကြည့်ကြတာပေါ့”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ အခြေအနေမှာ အရေးပေါ်နေပေပြီ။ သူ သွေးကြောမှတ်အားလုံးကို နှစ်ဝက်အတွင်း ‌အောင်အောင်မြင်မြင် ကျင့်ကြံလိုနေသည်။ ပြီးလျှင် စစ်တပ်ကို ဦးဆောင်ကာ အရှေ့ဒေသထဲ ပြန်ဝင်ရမည်ဖြစ်သည်။

နောက်ဆုံးရလဒ်ကိုမူ ကောင်းကင်ထံတွင်သာ ပုံအပ်ထားရပေမည်။ သူ့အနေဖြင့် အကောင်းဆုံးကြိုးစားကာ လိပ်ပြာလုံနိုင်လျှင် ရပေပြီ။

“လီရှန်းအာ...”

ကျန်းရီသည် လီရှန်းအာကို ကြည့်၍ ပြောလိုက်၏။

“ကြမ်းကြုတ်နဂါးဘုရင်နဲ့ တခြားသူတွေဆီမှာ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ ဝိညာဉ်ဆေးပ‌င်တွေ ရှိသေးလားဆိုတာကို သွားမေးလိုက်ပါ။ ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်တွေ ရှိရင် ပိုကောင်းတယ်။ ငါ့စိတ်ဝိညာဉ်က အရမ်းအားနည်းနေတယ်”

ကျန်းရီသည် သူ့စိတ်ဝိညာဉ်ကို အားဖြည့်ရန် ဝိညာဉ်ဆေးပင်များကို မပြတ်သုံးနေသော်လည်း၊ လီရှန်းအာနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းက သူ့စိတ်ဝိညာဉ်ကို ပိုသန်မာလာစေသော်လည်း သန်မာနှုန်းက နှေးနေသေးသည်ဟု ခံစားနေရသည်။ စိတ်ဝိညာဉ်ကို လျင်မြန်စွာ သန်မာလာစေရန် ထိပ်ဆန်းအဆင့် ဝိညာဉ်ဆေးပင်များကို သုံးရပေမည်။ ၎င်းဆေးပင်များကို မသုံးလျှင် စိတ်ဝိညာဉ်က တဖြည်းဖြည်းသာ တိုးတက်လာမည်ဖြစ်သည်။

သွေးကြောမှတ်အားလုံးကို ကျင့်ကြံပြီးလျှင် ကျန်းရီ၏ ရုပ်ခန္ဓာက အလွန်ကြောက်မက်ဖွယ်ကောင်းသွားပေလိမ့်မည်။ အကယ်၍ သူ့စိတ်ဝိညာဉ်လည်း အဆင့်တစ်ခုကို ရောက်သွားလျှင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများပင် သူ့ကို သတ်နိုင်တော့မည် မဟုတ်ချေ။ ထိုတိုက်ပွဲ၏ ရလဒ်က မည်သို့ဖြစ်စေ အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်လောက်ပေသည်။

လီရှန်းအာ ခေါင်းညိတ်ကာ ထွက်သွား၏။ ကျန်းရီ၏ ကျင့်ကြံခြင်းကို သူမ မနှောင့်ယှက်လိုတော့ပေ။ သူမ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကို မေးလိုနေသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်တွင်လည်း ဝိညာဉ်ဆေးပင်အချို့ ရှိသေးသည်။ သို့သော် ထိုဆေးပင်များ၏ အဆင့်က အလွန်နိမ့်နေသည်။

“စိတ်ဝိညာဉ်ကို အားဖြည့်နိုင်တဲ့ ဝိညာဉ်ဆေးပင်တွေလား...”

မျိုးနွယ်ဘုရင်သုံးပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ယခင်တွင် သူတို့ထံ၌ ထိုဆေးပင်များစွာ ရှိခဲ့သည်။ ပြဿနာမှာ မျိုးနွယ်အသီးသီး၏ စွမ်းအားကြီး သိုင်းသမားများစွာ သေဆုံးခဲ့၍ သူတို့သည် မျိုးဆက်သစ်များကို ပျိုးထောင်ရန်အတွက် အရင်းအမြစ်အားလုံးနီးပါးကို သုံးခဲ့ရသည်။ သို့ဖြစ်ရာ ယခုတွင် ထိုဝိညာဉ်ဆေးပင်များကို မည်သည့်နေရာက သွားရှာရမည်နည်း။

“ဟုတ်သား...”

ကောင်းကင်ဂဠုန်ဘုရင်က ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး မျက်လုံးများ အရောင်လက်လာသည်။

“ပြီးခဲ့တဲ့ နတ်ဆိုးချောက်နက်နားက တိုက်ပွဲမှာတုန်းက ကျုပ် ချောက်နက်အောက်မှာ သမင်သစ်ခွအနံ့ကို ရခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲတိုက်ရင်း ဖြစ်နေတာရယ်၊ နတ်ဆိုးချောက်နက်ထဲမှာ ဖြစ်နေတာရယ်ကြောင့် ကျုပ် သိပ် အရေးမစိုက်ခဲ့တာ”

“သမင်သစ်ခွလား၊ ပစ္စည်းကောင်းပဲ”

ကြမ်းကြုတ်နဂါးဘုရင်က တောက်ပသော မျက်ဝန်းများနှင့် ဝင်ပြောလိုက်၏။

“ခင်ဗျားတို့နှစ်ယောက် ဒီမှာနေခဲ့ပြီး အခြေအနေကို ထိန်းသိမ်းထားပါ။ ကျုပ်ကိုယ်တိုင် အရှင်ကျိုးအတွက် သမင်သစ်ခွ သွားယူပေးမယ်”

“အာ...”

ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ လီရှန်းအာလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကြမ်းကြုတ်နဂါးဘုရင်... အရှင့်ရဲ့ အဆင့်အတန်းက ဘာပါလဲ။ ဘယ်လိုလုပ် အဲ့လိုစွန့်စားလို့ ရမှာလဲ။ သမင်သစ်ခွကို ယူဖို့ တပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်”

“မဖြစ်ဘူး”

ကြမ်းကြုတ်နဂါးဘုရင်က ပြတ်သားစွာ ပြော၏။

“နတ်ဆိုးချောက်နက်ဆိုတာ ဘယ်လိုနေရာမျိုးလဲ။ သာမန်တပ်သားတွေက ချောက်နက်နားကပ်သွားလိုက်ရင် ပြန်တောင်လာနိုင်မှာ မဟုတ်ဘူး။ ကျုပ်ကိုယ်တိုင်သွားမှာ အောင်မြင်နိုင်ခြေ ရှိမှာ”

“ကျုပ် ခင်ဗျားတဲ့အတူ လိုက်ခဲ့မယ်”

ကောင်းကင်ဂဠုန်ဘုရင်က ခေတ္တမျှတွေးပြီးနောက် ဝင်ပြောလိုက်၏။

“အနည်းဆုံးတော့ ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် ‌စောင့်ရှောက်လို့ ရတာပေါ့။ ဒီကအခြေအနေကို အရှင်ကျိုးနဲ့ ကန်းဟန့်ဘုရင်တို့ ကြီးကြပ်နေမယ်ဆိုရင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး”

သို့ဖြင့် ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် ခေါင်းမာစွာ ထွက်သွားကြလေသည်။ လီရှန်းအာသည် ထိုနှစ်ယောက်ကို မတားနိုင်ခဲ့သဖြင့် သူတို့ မည်သည့်အန္တရာယ်နှင့်မှ မကြုံပါစေနှင့်ဟုသာ ဆု‌တောင်းနေရလေတော့သည်။

***

All Chapters