← Chapters

အသက်အန္တရာယ်

Vol. 127 Ch. 1771

အသက်အန္တရာယ်

Vol. 127 Ch. 1771

တစ်ခါတရံတွင် ဆုတောင်းသလို ဖြစ်မလာတတ်ပေ။

တစ်ရက်ကြာပြီးနောက် ကောင်းကင်ဂဠုန်ဘုရင်သည် လျင်မြန်စွာ ပျံသန်းလျက် ပြန်ရောက်လာ၏။ သူ့မျက်နှာထားမှာ အရေးကြီးနေကြောင်း ထင်ရှားသည်။ သူသည် ကန်းဟန့်ဘုရင်ကို လျစ်လျူရှု၍ ကျန်းရီထံသို့သာ အမြန်ဆုံး ပျံသန်း၍သွားလိုက်၏။

ဝုန်း...

ကောင်းကင်ဂဠုန်ဘုရင်သည် ကျန်းရီ၏ ရဲတိုက်အပြင်သို့ ရောက်သောအခါ ရဲတိုက်အကာအရံများကို လက်ဝါးဖြင့် ရိုက်လိုက်၏။ အကာအရံများက အဆက်မပြတ် လင်းလက်သွားပြီး လီရှန်းအာ ထွက်လာသည်။ သူမသည် တစ်ချက်ကြည့်ကာ လေးနက်သော မျက်နှာထားနှင့် မေးလိုက်သည်။

“အရှင်... ဘာဖြစ်လို့ပါလဲ”

ကောင်းကင်ဂဠုန်ဘုရင်သည် မည်သို့မှ ရှင်းမပြနိုင်သေးဘဲ သုတ်သီးပျာယာနှင့် မေးလိုက်၏။

“အရှင်ကျိုး အခန်းအောင်းကျင့်ကြံနေတာလား”

“အထဲကို ဝင်လာပြီး ပြောပါ”

ကျန်းရီ၏ အသံ ထွက်ပေါ်လာသဖြင့် ကောင်းကင်ဂဠုန်ဘုရင်နှင့် ကန်းဟန့်ဘုရင်တို့ ရဲတိုက်ထဲသို့ သွက်လက်စွာ ပျံဝင်သွားကြသည်။ သူတို့နှစ်ယောက် ကျန်းရီ ကျင့်ကြံနေသော ဘေးခန်းတစ်ခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲ ရောက်သည်နှင့် ကောင်းကင်ဂဠုန်ဘုရင်က ချက်ချင်း ပြောလိုက်လေသည်။

“အရှင်ကျိုး... မကောင်းတော့ပါဘူး။ ကြမ်းကြုတ်နဂါးဘုရင် အသက်အန္တရာယ် ရှိနေပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ကယ်နိုင်မဲ့ နည်းလမ်းတစ်ခု စဉ်းစားပေးပါ”

“ရှေ့က လမ်းပြပါ”

ကျန်းရီသည် မည်သို့မှ မမေးဘဲ အခန်းထဲက ချက်ချင်း ပျံထွက်လိုက်၏။ ကြမ်းကြုတ်နဂါးဘုရင်က မဟာမိတ်စစ်တပ်အတွက် အလွန်အရေးပါရာ သူ တစ်ခုမှ ဖြစ်၍ မဖြစ်ပေ။

ကောင်းကင်ဂဠုန်ဘုရင်က ကြမ်းကြုတ်နဂါးဘုရင် အသက်အန္တရာယ်ရှိနေကြောင်း ပြောရာ ယခုအထိ‌တော့ မသေလောက်သေး။ လမ်းတွင်မှ အခြေအနေအကြောင်းကို မေးမြန်၍ရသည်။ စက္ကန့်တိုင်းမှာ အသက်ကယ်ရန်အတွက် အရေးပါပေသည်။

လီရှန်းအာနှင့် ကန်းဟန့်ဘုရင်တို့က လိုက်လာလိုသော်လည်း ကျန်းရီက လက်ဝှေ့ယမ်းကာ သူမတို့ကို တားလိုက်၏။ ထို့နောက် ကောင်းကင်ဂဠုန်ဘုရင်၏ ဦးဆောင်မှုနှင့်အတူ သူ နတ်ဆိုးချောက်နက်ဆီသို့ အမြန်ဆုံးအရှိန်နှင့် ပျံသန်းသွားလိုက်လေသည်။

“နတ်ဆိုးချောက်နက်...”

လီရှန်းအာနှင့် ကန်းဟန့်ဘုရင်တို့သည် ကျန်းရီတို့ ထွက်သွားရာဘက်ကို ကြည့်၍ အခြေအနေကို မှန်းဆကြည့်လိုက်ကြ၏။ ကြမ်းကြုတ်နဂါးဘုရင်က နတ်ဆိုးချောက်နက်တွင် ပြဿနာနှင့် ကြုံနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုနေရာက အရှေ့ဒေသထဲရှိ အန္တရာယ်အများဆုံးနေရာ မဟုတ်ပါလား။

“အရှင်မက ကျွန်မတို့ကို ကာကွယ်ပေးပါ၊ သခင်နဲ့ ကြမ်းကြုတ်နဂါးဘုရင်တို့ ဘာမှ မဖြစ်ပါစေနဲ့”

လီရှန်းအာ တီးတိုး ဆုတောင်းလိုက်၏။ အကယ်၍ ကြမ်းကြုတ်နဂါးဘုရင်သာ သေဆုံးသွားလျှင် မဟာမိတ်စစ်တပ်မှာ များစွာဆုံးရှုံးနစ်နာရပေလိမ့်မည်။ ကျန်းရီ တစ်ခုခု ဖြစ်သွားလျှင်လည်း အခြေအနေမှာ ဆိုးဝါးသွားမည်ဖြစ်သည်။

***

“နတ်ဆိုးချောက်နက်လား”

ကျန်းရီသည် အမြန်ဆုံး ပျံသန်းနေရင်း ကောင်းကင်ဂဠုန်ဘုရင်၏ ရှင်းပြချက်ကို နားထောင်နေ၏။ တဖြည်းဖြည်းနှင့် သူ့မျက်နှာထားက ညိုမှိုင်းလာသည်။ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က သူ့အတွက် သမင်သစ်ခွ ခူးရန်အတွက် နတ်ဆိုးချောက်နက်ထဲသို့ တုံ့ဆိုင်းမှုမရှိဘဲ သွားခဲ့ခြင်းပင်။

ရလဒ်အနေဖြင့် ကြမ်းကြုတ်နဂါးဘုရင်က ချောက်နက်ထဲ ကီလိုမီတာသုံးရာ ဆင်းပြီးနောက် မထိန်းချုပ်နိုင်ဖြစ်ကာ ပြုတ်ကျသွားခဲ့သည်။ သူသာ နောက်ဆုံးအခိုက်အတန့်တွင် ချောက်နံရံကို လက်သည်းဖြင့် ဆွဲမကုတ်လိုက်ပါက ‌အောက်ခြေအထိကျကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

“မထိန်းချုပ်နိုင်ဖြစ်တယ်ဆိုတာ ဘာကို ပြောတာလဲ၊ သတိလစ်သွားတာလား”

ကျန်းရီသည် နတ်ဆိုးချောက်နက်အစွန်းတွင် ရပ်နေခဲ့စဉ်က ခံစားချက်ကို ပြန်တွေးကြည့်၏။ သူ့ရင်ထဲတွင် ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ သူ တုန်လည်း တုန်ယင်သွားသည်။ ထိုနေရာက အလွန်ထူးဆန်းလွန်းသည်။ မည်သည့်သာမန်မိစ္ဆာကမှ ချောက်နက်ထဲမှနေ၍ အသက်ရှင်လျက် ထွက်မလာနိုင်ခဲ့ဖူးပေ။ မိစ္ဆာအရှင်လေးပါးပင် ချောက်နက်ထဲ နက်နက်ရှိုင်းရှိုင်း မဆင်ဝံ့ကြ။ သူတို့သည် ပေသိန်းဂဏန်း အနည်းငယ်မျှ ဆင်းပြီးသည်နှင့် ပြန်တက်လာခဲ့ကြသည်သာ။

ကောင်းကင်ဂဠုန်ဘုရင်သည် ကြမ်းကြုတ်နဂါးဘုရင်က ရုတ်တရက် မေ့မြောသွားသည်ကို တွေ့လိုက်စဉ်က မဆင်မခြင် မလုပ်ဝံ့ခဲ့ပေ။ သူတွေးမိသည့် ပထမဆုံးအရာမှာ ကျန်းရီကို အကူအညီသွားတောင်းရန်ဖြစ်သည်။ သူ့ရင်ထဲတွင် ကျန်းရီက ဘုရားတစ်ပါးကဲ့သို့ပင်။ ထို့ပြင် လီရှန်းအာ၏ ပြောစကားအရ ကျန်းရီက နတ်ဆိုးချောက်နက်ထဲမှ ထွက်လာသူဟု ယူဆရသည် မဟုတ်ပါလား။

သို့သော် ကျန်းရီက နတ်ဆိုးချောက်နက်မှ အခြေအနေကို စတင်မေးမြန်းသောအခါ ကောင်းကင်ဂဠုန်ဘုရင် အလွန်သံသယဖြစ်လာသည်။ နောက်ဆုံးတွင် သူ မအောင့်နိုင်တော့ဘဲ မေးလိုက်လေသည်။

“အရှင်ကျိုး... အရှင်က နတ်ဆိုးချောက်နက်အကြောင်းကို ဘာမှ မသိဘူးလား။ အရှင်က နတ်ဆိုးချောက်နက်ထဲက လာတာ မဟုတ်ဘူးလား”

“မဟုတ်ဘူး”

ကျန်းရီသည် များစွာ ရှင်းပြမနေတော့ဘဲ အသည်းအသန်သာ တွေးတောနေလိုက်သည်။ ကောင်းကင်ဂဠုန်ဘုရင်ကလည်း နတ်ဆိုးချောက်နက်အကြောင်းကို များစွာမသိပါ။ အရှေ့ဒေသတစ်ခွင်လုံးတွင်လည်း နတ်ဆိုးချောက်နက်အကြောင်းကို သိသူ မရှိလောက်ပေ။ မိစ္ဆာအရှင်လေးပါးသာ ထိုအကြောင်းကို အနည်းငယ် သိထားလောက်သည်။

ကျန်းရီသည် ကောင်းကင်ဂဠုန်ဘုရင်ထံမှနေ၍ မည်သည့်သတင်းအချက်အလက်မှ မရနိုင်ရာ မေးခွန်းများ ဆက်မမေးတော့ပေ။ သူ မိုးမြေစွမ်းအား ထုတ်၍သာ သူ့အမြန်နှုန်းကို ထက်တင်လိုက်သည်။ ဤကဲ့သို့သော အချိန်တွင် သူ့စွမ်းအားကို ဖုံးကွယ်ထား၍ မဖြစ်‌တော့ချေ။ သူ စောစောရောက်ပါမှ ကြမ်းကြုတ်နဂါးဘုရင်ကို ကယ်တင်နိုင်ခြေ များမည်ဖြစ်သည်။

“အာ...”

ကောင်းကင်ဂဠုန်ဘုရင်သည် အလင်းတန်း တစ်တန်းအလား အရှေ့သို့ ပျံသန်း ပျောက်ကွယ်သွားသော ကျန်းရီကို ကြည့်၍ အံ့အားသင့်မှင်တက်သွား၏။ ကျန်းရီ၏ အမြန်နှုန်းက ရုတ်တရက်ကြီး ဆယ်ဆလောက် ပိုမြန်သွားသည် မဟုတ်ပါလား။ ကျန်းရီက ကြမ်းကြုတ်နဂါးဘုရင်ထက် ပိုမြန်လောက်ပြီး သူနှင့် တန်းတူနီးပါး မြန်လောက်သည်။ ကောင်းကင်ဂဠုန်မျိုးနွယ်မှာ အမြန်နှုန်းကြောင့် ကျော်ကြားသော မျိုးနွယ်ပင်။

ကျန်းရီက အုပ်ချုပ်သူအဆင့်သာ ရှိသေးသည်။ ကောင်းကင်ဂဠုန်ဘုရင်၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကန်းဟန့်ဘုရင်တို့သည် ထိုအချက်ကို ယခင်ကတည်းက ဆွေးနွေး အတည်ပြုခဲ့ပြီးဖြစ်သည်။ သို့သော် ကျန်းရီက ကွေ့လုဘုရင်၏ တိုက်ခိုက်မှုကို လက်တစ်ဘက်တည်းနှင့် ကာပြခဲ့၏။ ယခုတွင်လည်း သူ့အမြန်နှုန်းက ရုတ်တရက်ကြီး ကြောက်မက်ဖွယ်ကောင်းအဆင့်ထိ တိုးတက်သွားသည်။ ထို့ကြောင့် ကောင်းကင်ဂဠုန်ဘုရင် အလွန်သံသယဖြစ်လာသည်။ ကျန်းရီ၏ မျိုးနွယ်က အဘယ်သို့သော မျိုးနွယ်နည်း။ သူက မည်သည့်နယ်မြေမှ လာခဲ့ခြင်းနည်း။

“ခင်ဗျား မလိုက်တော့ဘူးလား”

ကျန်းရီ၏ အေးစက်စက်အသံက အဝေးမှနေ၍ ထွက်ပေါ်လာ၏။ ထိုအခါမှ ကောင်းကင်ဂဠုန်ဘုရင် အသိပြန်ကပ်သွားပြီး ကျောတွင် အတောင်ပံတစ်စုံ ထုတ်ကာ အရှေ့သို့ အမြန်ဆုံး ပျံသန်းသွားလိုက်လေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ကျန်းရီနှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ နတ်ဆိုးချောက်နက်အနီးသို့ ရောက်သွား၏။ ကျန်းရီသည် ချောက်ကမ်းပါးစွန်းတွင် ရပ်ကာ ‌အောက်သို့ ငုံ့ကြည်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားလိုက်သည်။ ချောက်နက်ထဲရှိ အနီရောင်အလင်းများအောက်တွင် အနက်ရောင်အစက်အပျောက်လေးတစ်ခု ရှိနေသည်ကို လှမ်းမြင်ရသည်။ ကြမ်းကြုတ်နဂါးဘုရင်က အောက်ခြေအထိ ကျမသွားသေးပေ။ သူ၏လက်တစ်ဘက်က ချောက်နံရံကို ကုတ်ဆွဲထားသည်။ သို့သော် သူ မေ့မြောနေပေသည်။

ချောက်ကမ်းပါးစွန်းတွင် ရပ်နေရသဖြင့် ကျန်းရီတစ်ယောက် ဖော်ပြ၍မရနိုင်သော ခံစားချက်ကို ထပ်မံခံစားလိုက်ရ၏။ သူ့နှလုံးခုန်နှုန်းကလည်း ပို၍ ပို၍ လျင်မြန်လာသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်၏ နက်ရှိုင်းသော အပိုင်းမှနေ၍ အတွေးများ ထွက်ပေါ်လာ၏။ သူ ထိုနေရာမှ အမြန် ထွက်သွားလိုလာသည်။ အကယ်၍ မတော်တဆ ချောက်နက်ထဲ ပြုတ်ကျသွားမည်ဆိုလျှင် သေချာပေါက် သေရပေလိမ့်မည်။

ထိုအတွေးကို ရှင်းပြ၍မရနိုင်။ သို့သော် ကျန်းရီနှင့် ကောင်းကင်ဂဠုန်ဘုရင်တို့၏ စိတ်ထဲ၌ အမှန်ပင် ထိုအတွေး ရှိနေသည်။ နတ်ဆိုးချောက်နက်အနီးသို့ ရောက်လာသည့် မည်သူမဆို၏ စိတ်ထဲတွင်လည်း ထိုအတွေး ဝင်လာမည်သာ။

‘ဒီချောက်နက်က ဘာလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာလဲ၊ အာ... အခု အဲ့ဒါတွေကို မေ့ထားလိုက်ဦး...’

ကျန်းရီသည် ခေါင်းခါ၍ နတ်ဆိုးချောက်နက်အကြောင်းကို မတွေးမိအောင် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ ထိုချောက်နက်က တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားလျှင်ပင် သူနှင့် မသက်ဆိုင်။ သူက ကြမ်းကြုတ်နဂါးဘုရင်ကို ကယ်ရန်သာ ဤနေရာသို့ ‌ရောက်လာခြင်းဖြစ်သည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ရုတ်တရက် ကြာပွတ်ပျော့တစ်ချောင်းကို ထုတ်၍ ကောင်းကင်ဂဠုန်ဘုရင်အား ကမ်းပေးလိုက်၏။

“ဒီကြာပွတ်ကို သန့်စင်လိုက်ပါ။ ဒီကြာပွတ်က အကန့်အသတ်မရှိ ဆန့်ထွက်နိုင်တယ်။ ခဏနေရင် ဒီကြာပွတ်နဲ့ ကျွန်တော့်ကို ပတ်လိုက်ပါ။ ကျွန်တော် ချောက်နက်ထဲ ဆင်းသွားမယ်။ တကယ်လို့ မျှော်လင့်မထားတာ တစ်ခုခု ဖြစ်လာရင် ချက်ချင်း ကျွန်တော့်ကို ဆွဲတင်ပါ”

“အာ...”

ကောင်းကင်ဂဠုန်ဘုရင် တစ်ခဏမျှ မှင်တက်သွားပြီး ချက်ချင်း ခေါင်းခါကာ ပြန်ပြောလိုက်သည်။

“မဖြစ်ပါဘူး အရှင်ကျိုး။ ကျုပ်ကို ဆင်းခွင့်ပေးပါ။ အရှင်ကျိုးက အပေါ်မှာပဲ နေခဲ့ပါ”

“ခင်ဗျားက ဘာပေါက်ကရတွေ ပြောနေတာလဲ”

ကျန်းရီက အေးစက်စက် မျက်ဝန်းများနှင့် ကြာပွတ်ကို ပစ်ပေး၍ ပြောလိုက်၏။

“ခင်ဗျားရဲ့ စွမ်းအားနဲ့ဆို ခင်ဗျားသာ ဆင်းသွားရင် သေချာပေါက် ကြမ်းကြုတ်နဂါးဘုရင်လို အဆုံးသတ်သွားမှာပဲ။ ဒီကြာပွတ်က ရတနာတစ်ခုပဲ... ဒါပေမဲ့ မီးလောင်နိုင်သေးတယ်။ တကယ်လို့ ခင်ဗျားလည်း တစ်ခုခု ဖြစ်သွားရင် ကျွန်တော် နှစ်ယောက်ကို ကယ်ရမလို ဖြစ်သွားလိမ့်မယ်”

“အဲ့ဒါက...”

ကောင်းကင်ဂဠုန်ဘုရင်သည် ရှက်ရွံ့စွာနှင့် ခေါင်းကုတ်လိုက်၏။ သူ့စွမ်းအားက နိမ့်နေသည်လော။ ကျန်းရီ၏ စွမ်းအားက သူ့ထက်ပင် နိမ့်သေးသည် မဟုတ်လော။

ကောင်းကင်ဂဠုန်ဘုရင်သည် ကျန်းရီက နတ်ဆိုးချောက်နက်ထဲမှ ထွက်လာသူဟု ထင်ခဲ့၍ ကျန်းရီအား အကူအညီသွားတောင်းခဲ့ခြင်းဖြစ်သည်။ ယခုတွင် ကျန်းရီက နည်းလမ်းကို မစဉ်းစားနိုင်ဘဲ ချောက်နက်ထဲသို့ ကိုယ်တိုင်ဆင်းသွားရန် လုပ်နေသည်။ သူ့အနေဖြင့် ကျန်းရီကို အဘယ်သို့ စွန့်စားခွင့်ပေးနိုင်မည်နည်း။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက သူနှင့် ကြမ်းကြုတ်နဂါးဘုရင် မရှိလျှင်လည်း ရှင်သန်နိုင်သေးသည်။ သို့သော် ကျန်းရီ မရှိလျှင်တော့ မဖြစ်ပေ။

“အခု ခင်ဗျားက ကျွန်တော့်ရဲ့ အမိန့်ကိုတောင် မနာခံတော့ဘူးလား”

ကျန်းရီသည် ကောင်းကင်ဂဠုန်ဘုရင်က တုံ့ဆိုင်းနေသေးကြောင်းကို တွေ့လိုက်၍ ဒေါသထွက်သွားပြီး အေးစက်စက်လေသံနှင့် အော်ပြောလိုက်၏။

“ခင်ဗျား ဆက်တုံ့ဆိုင်းနေဦးမယ်ဆိုရင် ကျွန်တော် ဒီအတိုင်းပဲ ပျံဆင်းသွားလိုက်မှာနော်”

“အာ.. အဲ့လိုမလုပ်ပါနဲ့။ ကျုပ် မတုံ့ဆိုင်းတော့ပါဘူး”

ကောင်းကင်ဂဠုန်ဘုရင်သည် ရွေးချယ်စရာ မရှိတော့သဖြင့် ကြာပွတ်ကို သန့်စင်လိုက်၏။ ထိုကြာပွတ်မှာ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်သာ ဖြစ်ရာ ကောင်းကင်ဂဠုန်ဘုရင် အလွယ်တကူ သန့်စင်နိုင်ပေသည်။

ရွှီး...ရွှီး...

ကောင်းကင်ဂဠုန်ဘုရင်က ကြာပွတ်ထဲသို့ မိစ္ဆာစွမ်းအားများ ထည့်သွင်းလိုက်သောအခါ ကြာပွတ်က ရှည်ထွက်သွားပြီး ချောက်နက်ထဲဆင်းသွား၏။ ရုတ်တရက် ကောင်းကင်ဂဠုန်ဘုရင် အကြံတစ်ခု ရလိုက်သည်။ ထိုကြာပွတ်ကာ အဆုံးမရှိ ဆန့်တန်းနိုင်ရာ ကြာပွတ်ဖြင့်သာ ကြမ်းကြုတ်နဂါးဘုရင်ကို ရစ်ပစ်၍ အပေါ်သို့ ဆွဲတင်လျှင် ဖြစ်နိုင်လောက်သည် မဟုတ်လော။

သို့သော် ကောင်းကင်ဂဠုန်ဘုရင်၏ အကြံမှာ ချက်ချင်းပင် ပျက်သွားရသည်။ ကြာပွတ်သည် ချောက်နက်ထဲသို့ ကီလိုမီတာသုံးဆယ် ဆန့်ထွက်ပြီးနောက် ဆက်၍ ဆန့်မထွက်နိုင်တော့ပေ။ အောက်ဘက်ရှိ မမြင်နိုင်သော ခုခံမှုတစ်ခုက ကြာပွတ်ကို ပြန်တွန်းထုတ်နေသလိုပင်။ ထို့ပြင် အနက်ကီလိုမီတာသုံးဆယ်မှ အပူချိန်ကလည်း အလွန်မြင့်သည်။ ကြာပွတ်သည့် အချိန်မရွေး ပြာကျသွားတော့မလို တောက်ပလာသည်။

ဝှစ်...

ကောင်းကင်ဂဠုန်ဘုရင်သည် ကြာပွတ် ပြာကျသွားမည်ကို စိုးရိမ်၍ ဆက်မကြိုးစားဝံ့တော့ဘဲ ကြာပွတ်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် ကျန်းရီက သူ့ကို တစ်ချက်လှမ်းကြည့်၍ ပြောလိုက်၏။

“ကျွန်တော် မပြောရင် ကျွန်တော့်ကို ဆွဲမတင်ပါနဲ့။ အဲ့ဒါကို မှတ်ထားပါ”

“အရှင်ကျိုး... ဂရုစိုက်ပါ”

ကောင်းကင်ဂဠုန်ဘုရင်က စိုးရိမ်သော မျက်နှာထားနှင့် ပြောလိုက်သည်။ ကျန်းရီသည် တစ်ချက်သာ ခေါင်းညိတ်ပြလိုက်ပြီး အနီရောင်ပုလဲလုံးတစ်လုံးကို ထုတ်၍ ချောက်နက်ထဲသို့ ဖြည်းဖြည်းချင်း ဆင်းသွားလေသည်။

***

All Chapters