နတ်ဆိုးမျက်လုံး
Vol. 127 Ch. 1772
ကျန်းရီက ကိုယ်တိုင် အောက်သို့ ဆင်းလိုခြင်းမှာ မီးဝိညာဉ်ပုလဲကြောင့်ဖြစ်သည်။ ကောင်းကင်ဂဠုန်ဘုရင်နှင့် ကြမ်းကြုတ်နဂါးဘုရင်တို့၏ အင်အားမှာ အတူတူလောက်ပင်။ ကြမ်းကြုတ်နဂါးဘုရင်ပင် ပြဿနာကြုံနေရရာ ကောင်းကင်ဂဠုန်ဘုရင်၏ ကံကြမ္မာမှာလည်း အတူတူသာ ဖြစ်ပေလိမ့်မည်။
ကြမ်းကြုတ်နဂါးဘုရင်က ရုတ်တရက် ပြုတ်ကျသွားခဲ့သည်။ ယင်းမှာ မီးတောက်များ၏ မြင့်မားသော အပူချိန်ကြောင့် ဖြစ်မည်ဟု ကျန်းရီ သုံးသပ်သည်။ ကြောက်မက်ဖွယ်အပူချိန်က ကောင်းကင်စွမ်းအားနှင့် မိစ္ဆာစွမ်းအားတို့ကို ပရမ်းပတာဖြစ်စေသည်။ ကောင်းကင်စွမ်းအားနှင့် မိစ္ဆာစွမ်းအားတို့၏ အထောက်အပံ့မရှိလျှင် ပျံနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အောက်သို့ ပြုတ်ကျသွားခြင်းကို နားလည်ရ လွယ်ပေသည်။
အဘယ်ကြောင့် ကြမ်းကြုတ်နဂါးဘုရင်က မေ့မြောသွားခြင်းကိုမူ ကျန်းရီ နားမလည်သေး။ သို့သော် သူ့တွင် မီးဝိညာဉ်ပုလဲရှိရာ သူ၏ ရှင်သန်နိုင်ခြေက ကောင်းကင်ဂဠုန်ဘုရင်၏ ရှင်သန်နိုင်ခြေထက် ပိုများသည်မှာတော့ သေချာပေသည်။
ဝှစ်...
ကြာပွတ်က နောက်မှ လိုက်လာပြီး ကျန်းရီ၏ ခါးကို ရစ်ပတ်လိုက်၏။ ကြာပွတ်ကို ကောင်းစွာထိန်းချုပ်ထားသည်ဖြစ်ရာ ကျန်းရီ၏ လှုပ်ရှားမှုကို အနှောင့်အယှက်မဖြစ်စေပါ။
(၁၅)ကီလိုမီတာ ဆင်းပြီးသည်အထိ မီးဝိညာဉ်ပုလဲက လင်းလက်မလာသေးပေ။ အပူချိန်မှာ သိပ်မမြင့်သေးဟူသော အဓိပ္ပာယ်ပင်။ ကျန်းရီသည် အောက်သို့ ဆက်ပျံဆင်းကာ သူ့အမြန်နှုန်းကို အတန်ငယ်တိုးလိုက်သည်။
(၃၀)ကီလိုမီတာ...
မီးဝိညာဉ်ပုလဲက ရုတ်တရက် လင်းလက်လာ၏။ ကျန်းရီလည်း အပူချိန်က ရုတ်ခြည်း အဆတစ်ရာ ပိုတိုးသွားကြောင်း ခံစားလိုက်ရသည်။ ကြာပွတ်သည် ထိုအကွာအဝေးထက် ပိုမဆန့်နိုင်တော့ချေ။ ကျန်းရီက သုံးမီတာထပ်၍ ဆင်းလိုက်သောအခါ ခါးမှ ကြာပွတ်ကာ ပြေသွားလေသည်။
“အရှင်ကျိုး... သတိထားပါ”
ကောင်းကင်ဂဠုန်ဘုရင်၏ စိုးရိမ်တကြီး ပို့လွှတ်လိုက်သော အသံက ကျန်းရီ၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။ ကျန်းရီသည် ကောင်းကင်ဂဠုန်ဘုရင်ကို တစ်ချက်မော့၍ ကြည့်လိုက်ပြီး အောက်ဘက်သို့ ဖြည်းဖြည်းချင်း ဆက်ဆင်းသွားလိုက်သည်။ သူက ချောက်နံရံတစ်လျှောက် ပျံဆင်းနေခြင်းဖြစ်ပြီး သူ့လက်က ချောက်နံရံထဲ ထိုးဖောက်၍ ဆွဲကုတ်ထားရန် အသင့်ပြင်ထားပေသည်။
(၆၀)ကီလိုမီတာ...
ဖုန်း...ဖုန်း...ဖုန်း...
ရုတ်တရက် ကျန်းရီ၏ စိတ်ထဲတွင် အသံဩဩတစ်သံ ပဲ့တင်ထပ်လာ၏။ ထိုအသံက သူ့နားထဲတွင် ကြားနေရခြင်းမဟုတ်ဘဲ သူ့စိတ်ဝိညာဉ်ထဲတွင် တိုက်ရိုက်ပဲ့တင်ထပ်နေခြင်းပင်။ ထိုအသံ ပဲ့တင်ထပ်လာသည်နှင့် သူ့နှလုံးခုန်နှုန်းက စတင်မြန်လာပြီး သူ့ကိုယ်ထဲရှိ သွေးများ ပိုလျင်မြန်စွာ လည်ပတ်လာသည်။
‘တကယ်ကို တစ်ခုခု မှားနေတယ်’
ကျန်းရီသည် နီညိုရောင်ချောက်နက်ကို ကြည့်ရင်း ရင်ထဲတွင် ကြောက်ရွံ့လာမိ၏။ အောက်ဘက်တွင် မည်သည့် ကြောက်စရာ မိစ္ဆာများမှ မရှိလျှင်ပင် ဆန်းကြယ်သော သဘာဝအစီအရင်တစ်ခု ရှိနေနိုင်သည်။ မိစ္ဆာအရှင်လေးပါးပင် ဤချောက်နက်ထဲ မဆင်းဝံ့ခဲ့ကြသည်မှာ အံ့ဩစရာမရှိချေ။
ဝှစ်...
ကျန်းရီ ရုတ်တရက် အရှိန်မြှင့်လိုက်၏။ သူ့ခန့်မှန်းချက်က မှန်ခဲ့ပေသည်။ အောက်ဘက်သို့ ရောက်လေလေ၊ မီးတောက်များ၏ အပူချိန်က ပိုမြင့်လာလေလေပင်။ ထို့ပြင် မီးဝိညာဉ်ပုလဲ၏ တောက်ပအားကို ကြည့်လျှင် ဤနေရာ အပူချိန်က အလွန်မြင့်မားကြောင်း သိနိုင်ပေသည်။
အပူချိန်မှာ ကီလိုမီတာ(၃၀)ပြည့်တိုင်း အဆများစွာ တိုးလာခြင်းပင်။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်၏ မိစ္ဆာစွမ်းအားက ရုတ်တရက် ပရမ်းပတာဖြစ်ကာ ကြမ်းကြုတ်နဂါးဘုရင် ပြုတ်ကျသွားခြင်းပင်။ သူ မေ့မြောသွားရခြင်းမှာမူ စိတ်ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်နေသည့် အသံကြောင့် ဖြစ်နိုင်သည်။ အောက်သို့ ရောက်လေ၊ အသံက ပိုကြောက်စရာကောင်းလေ ဖြစ်နိုင်သည်။
ထို့ကြောင့် ကျန်းရီ ဖြည်းဖြည်းချင်း ပျံဆင်းနေ၍ မဖြစ်တော့ပေ။ သူ ကြမ်းကြုတ်နဂါးဘုရင်ကို အမြန်ဆုံး သွားခေါ်ပြီး ချောက်ပေါ်သို့ ချက်ချင်း ပြန်တက်ရပေမည်။
မီးဝိညာဉ်ပုလဲက ပို၍ တောက်ပစွာ လင်းလက်လာ၏။ အောက်ဘက်ရှိ မီးတောက်များက မြက်ခင်းပြင်မီးတောက်များထက်ပင် ပိုအားကောင်းကြောင်း ကျန်းရီ သေချာနေသည်။ ယခင်တွင် သူ မြက်ခင်းပြင်မီးတောက်များထဲ ဝင်လိုက်ပါမှ မီးဝိညာဉ်ပုလဲက လင်းလက်လာခြင်းဖြစ်သည်။ ယခုတွင်မူ မီးတောက်များနှင့် အတော်လေး ဝေးနေသေးသော်လည်း မီးဝိညာဉ်ပုလဲမှာ တောက်ပစွာ လင်းလက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ အောက်ဘက်မှ မီးတောက်များက မည်မျှပူပြင်းကြောင်း သိနိုင်ပေသည်။
ဖုန်း...ဖုန်း...ဖုန်း...
အသံဩဩက ပို၍ မြန်ဆန်လာ၏။ တစ်ယောက်ယောက်က သူ့ခေါင်းကို တဆတ်ဆတ် ခေါက်နေသကဲ့သို့ပင်။ ကျန်းရီ၏ စိတ်ဝိညာဉ်ထဲတွင် ပြင်းထန်သော နာကျင်မှုလှိုင်းများ ထွက်ပေါ်လာသည်။ သူ အောက်သို့ ဆက်ဆင်းလျှင် ပြင်းထန်သော နာကျင်မှုကြောင့် သတိလစ်သွားလောက်သည်။
‘ငါ ဘာလုပ်ရမလဲ’
ကျန်းရီ၏ မျက်ဝန်းများ တလက်လက် ဖြစ်လာ၏။ သူက ကြမ်းကြုတ်နဂါးဘုရင်နှင့် ကီလိုမီတာ(၆၀)လောက် ဝေးသေးသည်။ သို့သော် သူ့အနေဖြင့် အလွန်ဆုံးမှာ ကီလိုမီတာ(၃၀)လောက်သာ ဆက်ဆင်းနိုင်တော့မည်ဖြစ်သည်။ အကယ်၍ သူ့စိတ်ဝိညာဉ်က အသံဩဩကို တောင့်မခံနိုင်လျှင် သူသည်လည်း ကြမ်းကြုတ်နဂါးဘုရင်ကဲ့သို့ သေမည်ကို စောင့်နေရပေလိမ့်မည်။
‘စွန့်စားရမှာပဲ’
စက္ကန့်ဝက်အတွင်းမှာပင် ကျန်းရီ အံကြိတ်၍ အသက်ကိုရင်းရန် ဆုံးဖြတ်လိုက်သည်။ သူ့တွင် နတ်ဘုရားဝိညာဉ်ဆေးလုံးဟု ခေါ်သည့် ဆေးလုံးတစ်လုံးရှိ၏။
ထိုဆေးလုံးမှာ အမြစ်မဲ့ရေစင်နှင့် ဆင်တူပြီး အဆအနည်းငယ်ပို၍ အာနိသင်ကောင်းသည်။ ၎င်းက စိတ်ဝိညာဉ်ကို ယာယီ အင်အားမြှင့်ပေးနိုင်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးမှာ ပြင်းထန်သည်။ ထို့ပြင် အာနိသင်ရမည့် အချိန်ပမာဏမှာလည်း အလွန်တိုသည်။ မိနစ်သုံးဆယ်သာ ခံမည်ဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုး ခံရသည့်အချိန်တွင်မူ အချိန်အကြာကြီး သတိလစ်နေပေလိမ့်မည်။
ထိုအခိုက်တွင် ကျန်းရီထံ၌ အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ အစိမ်းရောင်ဆေးလုံးတစ်လုံးကို ထုတ်၍ မျိုချလိုက်သည်။ အားကောင်းသော စွမ်းအင်တစ်ခုက သူ့စိတ်ဝိညာဉ်ထဲ ဝင်သွား၏။ သူ့အမြန်နှုန်း ရုတ်တရက် အဆများစွာ တိုးတက်သွား၏။ သူ ကြမ်းကြုတ်နဂါးဘုရင်ဆီသို့ လျင်မြန်စွာ ပျံဆင်းသွားလိုက်လေသည်။
ရွှီး...
ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်ကို သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင် ထဲ ထည့်ပြီးနောက် စိတ်အေးသွား၏။ အနည်းဆုံးတော့ သူ ကြမ်းကြုတ်နဂါးဘုရင်ကို ကယ်လိုက်နိုင်ပေပြီ။ သူ့စိတ်ဝိညာဉ်ထဲတွင် ပြင်းထန်သော နာကျင်မှု ရှိနေသေးသော်လည်း သူ မေ့မြောမသွားနိုင်သေးပေ။
‘အန်...အဲ့ဒါက...’
ကျန်းရီ ပြန်၍ ပျံတက်ရန် ဟန်ပြင်နေချိန်၌ အောက်ဘက် မီတာရာကျော်အကွာရှိ ထူးဆန်းသော ဝိညာဉ်ဆေးပင်တစ်ပင်ကို လှမ်းတွေ့လိုက်၏။ ၎င်းက သမင်သစ်ခွနှင့်တူသည်။ ကျန်းရီပင် မွှေးရနံ့သဲ့သဲ့ကို ရနေသည်။
‘သမင်သစ်ခွလား’
ကျန်းရီ အံကြိတ်လိုက်ပြီး အောက်ဘက်သို့ ဆက်ပျံဆင်းလိုက်၏။ သူသည် လက်တစ်ဘက်ဖြင့် သစ်ခွကို ဆွဲနှုတ်လိုက်ပြီး နောက်ပြန်လှည့်မကြည့်တော့ဘဲ အထက်သို့ ပျံတက်သွားလိုက်သည်။
ဖုန်း...ဖုန်း...ဖုန်း...
ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ဝိညာဉ်ထဲရှိ အသံဩဩက ရုတ်တရက် ပို၍ ပြင်းထန်လာ၏။ ထို့ကြောင့် သူ ရပ်တန့်သွား၏။ အလွန်အမင်း နာကျင်နေသည်လည်းဖြစ်ရာ သူ လေထဲတွင် လူးလွန့်သွားပေသည်။
ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက အောက်ဘက်မှနေ၍ လာနေ၏။ ကျန်းရီသည် မီးတောက်များ ထိုးတက်လာသည်ကို မျက်လုံးထောင့်စွန်းမှနေ၍ မြင်လိုက်၏။ ထိုမီးတောက်များထဲတွင် မျက်ဝန်းတစ်စုံ ရှိနေသည်ကိုလည်း မြင်လိုက်ရလေသည်။
ထိုမျက်ဝန်းများက မည်သို့သောမျက်ဝန်းများနည်း။
ကျန်းရီသည် သူ့ဘဝတွင် ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် မျက်ဝန်းများကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ ထိုမျက်ဝန်းများကို တွေ့သောအခါ နာကျင်မှုနှင့် အခြားအရာအားလုံးကိုပင် မေ့လျော့သွားသည်။ ထိုမျက်ဝန်းများက သူ၏အသိစိတ်၊ သူ့ခန္ဓာကိုယ်နှင့် သူ့အရာအားလုံးကို ဝါးမျိုနိုင်သကဲ့သို့ပင်။
ထိုအခိုက်တွင် ကျန်းရီသည် သူက ဧရာမနဂါးကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားနေရ၏။ ၎င်းမျက်ဝန်းများ၏ ပိုင်ရှင်က ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး မိုးပြာမဟာဧကရာဇ်လောက် ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းရီသည် ပြန်ခုခံရန်ပင် စိတ်မကူးမိဘဲ သေရန်သာ တိတ်တဆိတ် စောင့်နေမိပေသည်။
‘မဟုတ်သေးဘူး...’
သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ ရုတ်တရက် သတိပြန်ကပ်လာ၏။ အရိုးစွဲနေသော သူ၏ ခေါင်းမာမှုနှင့် အရှုံးမပေးလိုမှုတို့က သူ့အား အလိုလို မိုးမြေစွမ်းအား လှည့်ပတ်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ မီးနဂါးဓားကိုလည်း ထုတ်လိုက်ပြီး ဓားထဲ ကောင်းကင်စွမ်းအား ထည့်ကာ အောက်ဘက်သို့ ခုတ်ချလိုက်လေသည်။
ရွှစ်...ရွှစ်...
မီးနဂါးလေးကောင် ထွက်လာပြီး ဧရာမနဂါးကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွား၏။ ၎င်းနဂါးကြီးက အသံတိတ်ဟိန်းကာ အောက်ဘက်မှ မီးတောက်များကို ဝင်တိုးလိုက်သည်။
ဝုန်း...
မီးနဂါးကြီး ပေါက်ကွဲထွက်သွားပြီး အောက်ဘက်မှ မီးတောက်များက ပြန်ကျဆင်းသွားကြသည်။ ကျန်းရီသည် မီးနဂါးကြီးက ထိုမီးတောက်များအား ဖိနှိပ်နိုင်ခြင်းကို မယုံနိုင်ဖြစ်နေသည်။ မီးတောက်များထဲရှိ မျက်ဝန်းတစ်စုံမှာလည်း ကြေမွသွားသည်။ ထိုအခိုက်တွင် သူ့စိတ်ဝိညာဉ်ထဲရှိ အသံဩဩလည်း ပျောက်ကွယ်သွားပေသည်။
‘အကုန်လုံးက စိတ်ကူးယဉ်အိပ်မက်များလား...အာ ပြေးတော့’
ကျန်းရီသည် တစ်ခဏမျှ ရပ်တန့်နေ၏။ သူ့တွင် အံ့အားသင့်နေရန် အချိန်မရှိပေ။ သူ အောက်သို့လည်း ငုံ့မကြည့်ဝံ့။ ထို့ကြောင့် အမြန်ဆုံးအရှိန်နှင့်သာ အထက်သို့ ပျံတက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ ချောက်အထက်သို့ ရောက်သွားလေသည်။
“အရှင်ကျိုး၊ အစောတုန်းက... အစောတုန်းက ဘာဖြစ်ခဲ့တာလဲ”
ကောင်းကင်ဂဠုန်ဘုရင်က အလွန်ကြောက်ရွံ့နေ၏။ ကျန်းရီ ပျံတက်လာသည်ကို မြင်လိုက်သောအခါ သူ ကြောက်ရွံ့စွာ မေးလိုက်သည်။
“အရူး... မြန်မြန် ပြေးတော့”
ကျန်းရီက အော်ပြောလိုက်ပြီး အလင်းတန်းတစ်တန်းအလား အဝေးသို့ ပျံသန်းသွားလိုက်သည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်နေသေးဆဲပင်။ သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာတွင်လည်း အကြောက်တရားနှင့် ပြည့်နှက်နေသေးသည်။
ဤကဲ့သို့သော အချိန်တွင် ကောင်းကင်ဂဠုန်ဘုရင်က ဟိုသည် မေးလိုနေသေးသည်လော။ ကျန်းရီ ရှင်းပြလိုစိတ် မရှိပါ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။ ယင်းမှာ အဝေးသို့ မြန်နိုင်သမျှ အမြန်ဆုံးထွက်ပြေးပြီး ဤနေရာသို့ မည်သည့်အခါတွင်မှ ပြန်မလာတော့ရန်ဖြစ်သည်။
“ပြေး...”
ကောင်းကင်ဂဠုန်ဘုရင် သတိကပ်လာ၏။ သူသည် နောက်ကျောမှ ရွှေရောင်တောင်ပံနှစ်ခုကို ဖြန့်ကာ အလင်းတန်းတစ်တန်းအလား ကျန်းရီနောက်သို့ လိုက်သွားလိုက်သည်။ သူက အရူးတစ်ယောက် မဟုတ်ပေ။ အစောတွင် ထိုမျက်ဝန်းတစ်စုံကြောင့် ကြောက်လန့်သွားခဲ့ခြင်းသာဖြစ်သည်။
ထိုမျက်ဝန်းများက တမလွန်ဘုံဧကရာဇ်၏ မျက်ဝန်းများဟုပင် ကောင်းကင်ဂဠုန်ဘုရင် တွေးမိခဲ့၏။ ထိုမျက်ဝန်းများမှာ သက်ရှိအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်ပေသည်။
***