မော၍သေမည့်နွား
Vol. 127 Ch. 1773
ဘုန်း...
မိုင်သိန်းချီ ပျံသန်းပြီးနောက် ကျန်းရီသည် ရုတ်တရက် အောက်ဘက်သို့ ပြုတ်ကျကာ ကျောက်တောင်ထွတ်တစ်ခုနှင့် ဝင်ဆောင့်၏။ ထို့ကြောင့် ကောင်းကင်ဂဠုန်ဘုရင် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။
ကောင်းကင်ဂဠုန်ဘုရင်သည် ပျံဆင်းကာ ဂရုတစိုက် စူးစမ်းလိုက်၏။ ကျန်းရီက စိတ်ဝိညာဉ် အလွန်နွမ်းနယ်မှုကြောင့် မေ့မြောသွားခြင်းဖြစ်ကြောင်းကို တွေ့မှ သူ စိတ်သက်သာရာရသွားသည်။ သူ မရပ်တန့်ရဲသေးသဖြင့် ကျန်းရီကို ပွေ့ခေါ်ကာ ဆက်ပျံသန်းသွားလိုက်သည်။ ကီလိုမီတာငါးသန်း ပျံသန်းပြီးသည်အထိ သူတို့အနောက်တွင် မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်မလာကြောင်း အတည်ပြုပြီးမှ သူ သက်ပြင်းမောကြီးတစ်ချက် ချလိုက်လေသည်။
အစောတွင် သူက နတ်ဆိုးချောက်နက်၏ အထက်တွင် ရပ်နေခဲ့ပြီး ကျန်းရီက နတ်ဆိုးချောက်နက်ထဲတွင် ရှိနေခဲ့သည်။ သူ့စိတ်ထဲတွင် အောက်ဘက်မှ တက်လာသည့် မီးတောက်များထဲရှိ မျက်ဝန်းတစ်စုံကို ရှင်းလင်းစွာ မြင်နေရသေးသည်။ ကျန်းရီကဲ့သို့ပင် သူသည်လည်း ထိုမျှကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းတစ်စုံကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထျန်းဖုန့်ဧကရာဇ်က အရှေ့ဒေသထဲ ရောက်လာခဲ့စဉ်က သူနှင့် အကြည့်ချင်းဆုံးခဲ့ဖူး၏။ ထိုစဉ်ကပင် သူ အလွန်မကြောက်ရွံ့မိခဲ့ပေ။
ထျန်းဖုန့်ဧကရာဇ်နှင့် ရင်ဆိုင်လျှင် သေချာပေါက် သေမည်မှာ မှန်သော်လည်း အစောမှ မျက်ဝန်းတစ်စုံ၏ ပိုင်ရှင်နှင့် ရင်ဆိုင်လျှင်မူ လက်ထဲမှ လက်နက်ကိုပင် မြှောက်နိုင်လိုက်မည် မဟုတ်ဟု ကောင်းကင်ဂဠုန်ဘုရင် တွေးသည်။ သူတို့နှစ်ယောက်ကြားတွင် ကွာခြားမှုရှိနေသည်။ ထိုမျက်ဝန်းတစ်စုံ၏ ပိုင်ရှင်က ထျန်းဖုန့်ဧကရာဇ်ထက်ပင် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။
‘အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
ဤလောကထဲတွင် ဧကရာဇ်အဆင့် သိုင်းသများက စွမ်းအားအကြီးဆုံးဖြစ်ကြသည်။ ဧကရာဇ်အဆင့် သိုင်းသမားများကြားတွင် အင်အားကွာခြားမှုရှိသော်လည်း ထိုသိုင်းသမားများသည် ဧကရာဇ်အဆင့်အောက်မှသူ မှန်သမျှကို ပုရွက်ဆိတ်တစ်ကောင်ဟု မှန်ယူနိုင်သည်။ ယင်းမှာ ရှေးခေတ်ကတည်းက ရှိခဲ့သော နိယာမတစ်ခုပင်။
ဧကရာဇ်အဆင့် သိုင်းသမားများမှာ အဆင့်အတူတူ ဖြစ်သည်။ အင်အားကွာခြားလျှင်ပင် အဆင့်တူသော သိုင်းသမားချင်း သတ်နိုင်ရန်မှာ အလွန်ခက်သည်။ ထို့ကြောင့်လည်း အတိတ်တွင် အရှင်မချင်လင်းကို ကိုင်တွယ်ရန် မိစ္ဆာအရှင်သုံးပါးလုံး ပူးပေါင်းခဲ့ရခြင်းဖြစ်သည်။ အဆုံးတွင် အရှင်မချင်လင်းက ကောင်းကင်မိစ္ဆာဘုံမှ ထွက်သွားခဲ့ပေသည်။
နတ်ဆိုးချောက်နက်ထဲမှ အရာက ထျန်းဖုန့်ဧကရာဇ်ထက် တစ်ဆင့်နိမ့်သူ မဟုတ်နိုင်ပါ။ ဆိုရလျှင် ထျန်းဖုန့်ဧကရာဇ်ထက်ပင် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။
‘မဟုတ်သေးဘူး...’
ကောင်းကင်ဂဠုန်ဘုရင်သည် တစ်စုံတစ်ခုကို ပြန်အမှတ်ရသွား၏။ ကျန်းရီ၏ နောက်ဆုံးတိုက်ခိုက်မှုက မီးတောက်များထဲရှိ ထိုမျက်ဝန်းတစ်စုံကို ချေမွှပစ်လိုက်နိုင်ပုံပင်။ ထိုမျက်ဝန်းပိုင်ရှင်ကသာ ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်ဆိုလျှင် ကျန်းရီက ထွက်ပြေးနိုင်ရန် မဆိုထားနှင့် သေပင်သေသွားမည်ဖြစ်သည်။
‘အတုလား’
ကောင်းကင်ဂဠုန်ဘုရင် အတန်ကယ် သံသယရှိလာ၏။ ထိုမျက်ဝန်းတစ်စုံက ထျန်းဖုန့်ဧကရာဇ်ထက်ပင် ပိုသန်မာသည်ဟု ခံစားရသည်။ အကယ်ပင် ထိုမျှသန်မာလျှင် ၎င်းပညာရှင်က ထွက်လာပြီး ကောင်းကင်မိစ္ဆာဘုံကို သိမ်းပိုက်လိုက်သည်မှာ ကြာလောက်ပြီ မဟုတ်လော။
‘အဲ့ဒါက ပုံရိပ်ယောင်တစ်ခုများလား။ နတ်ဆိုးချောက်နက်ထဲမှာ ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တဲ့ ဆန်းကြယ်တဲ့ အစီအရင်တစ်ခု ရှိနေတာလား’
ကောင်းကင်ဂဠုန်ဘုရင် နားမလည်နိုင်ပါ။ ခေတ္တမျှ အနားယူပြီးနောက် သူ ဆက်ပျံသန်းလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ အရင်ဆုံး ပြန်သွားရပေမည်။ ကြမ်းကြုတ်နဂါးဘုရင်ကို ကယ်နိုင်ခဲ့ပြီဖြစ်ပြီး ကျန်းရီလည်း ဘေးကင်းသည်။ ဤတစ်ခေါက်တွင် အားလုံး ပျော်ရသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ကောင်းကင်ဂဠုန်ဘုရင် ထိတ်လန့်နေဆဲပင်။ သူသည် ထိုနတ်ဆိုးချောက်နက်သို့ တစ်သက်လုံး နောက်တစ်ခေါက် ပြန်မသွားတော့ရန် သူ့ကိုယ်သူ သတိပေးနေလေသည်။ သူ ထိုချောက်နက် အနီးသို့ပင် မသွားလိုတော့ပါချေ။
***
ကျန်းရီသည် ပြန်ရောက်ပြီးနောက် အနိမ့်ဘုံအချိန် ဆယ်ရက်ကြာအောင် အိပ်လိုက်၏။ သူက နတ်ဘုရားဝိညာဉ်ဆေးလုံးကို ဝယ်ခဲ့ခြင်း မဟုတ်ပါ။ ငှက်တောင်ပျံတပ်က သူ့ကို ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ၎င်း၏ ဘေးထွက်ဆိုးကျိုးကို သိပြီးနောက် သူ ၎င်းကို မသုံးခဲ့ချေ။ ဆေးလုံးများစွာ သုံးခြင်းကလည်း စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်၍ လုံးဝမလိုအပ်ဘဲ မသုံးသင့်ကြောင်း တပ်မှူးချုပ်လျန်က သူ့အား ပြောခဲ့သေးသည်.
ကျန်းရီ နိုးလာသောအခါ ခေါင်းကိုက်နေသည်။ သူ မျက်လုံးများပင် မဖွင့်နိုင်။ နာရီအနည်းငယ်ကြာမှ ခေါင်းကိုက်သက်သာလာသည်။ ကောင်းကင်စိတ်အာရုံနှင့် ပတ်ဝန်းကျင်ကို အာရုံခံလိုက်သောအခါ သူက လီရှန်းအာ၏ ရဲတိုက်ထဲ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ ထိုအခါမှ သူ သက်ပြင်းချနိုင်တော့သည်။ ထိုအခိုက်တွင် သူ မျက်လုံးမှိတ်ထားသော်လည်း သူ့စိတ်ထဲ၌ နတ်ဆိုးချောက်နက်ထဲတွင် မြင်ခဲ့ရသော ကြောက်မက်ဖွယ် မျက်ဝန်းတစ်စုံနှင့် ပြည့်နှက်နေသည်။
“အရှင်ကျိုး... နိုးလာပြီလား”
ကောင်းကင်ဂဠုန်ဘုရင်၏အသံ ထွက်ပေါ်လာ၏။ ကျန်းရီ မျက်လုံးဖွင့်ကြည့်လိုက်ရာ ကောင်းကင်ဂဠုန်ဘုရင်၊ ကန်းဟန့်ဘုရင်နှင့် လီရှန်းအာတို့က သူ့ဘေးတွင် ရှိနေကြောင်း တွေ့လိုက်ရ၏။ သူ ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“အကုန်လုံး အဆင်ပြေရဲ့လား”
“အကုန် အဆင်ပြေပါတယ်”
ကောင်းကင်ဂဠုန်ဘုရင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် ကျန်းရီ၏လက်မှ လက်စွပ်ကို ကြည့်လိုက်သည်။
“ဒါ... အရှင်.. ကြမ်းကြုတ်နဂါးဘုရင်က အထဲမှာပဲ ရှိပါသေးတယ်။ အရှင် သူ့ရဲ့ အခြေအနေကို ကြည့်ပေးလို့ရမလား”
“အင်း...”
ကျန်းရီသည် လက်စွပ်ထဲမှနေ၍ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ထုတ်၍ ကြည့်လိုက်၏။ ကြမ်းကြုတ်နဂါးဘုရင်လည်း နိုးနေပြီဖြစ်ကြောင်း တွေ့လိုက်သောအခါ သူ့ကို အပြင်ထုတ်ပေးလိုက်သည်။
ကြမ်းကြုတ်နဂါးဘုရင်သည် အူလည်လည်ဖြစ်နေပြီး အားလုံးကို မြင်တော့မှ သဘောပေါက်သွား၏။ ကောင်းကင်ဂဠုန်ဘုရင်က သူ့ထံသို့ အသံပို့လွှတ်ပြီးသောအခါ သူ ရှက်ရွံ့ဟန်ဖြင့် လက်ဆုပ်၍ ပြောလိုက်လေသည်။
“ဒီလက်အောက်ငယ်သားက အသုံးမကျပါဘူး။ ကျုပ် အရှင့်ကို စွန့်စားစေခဲ့မိပြီ။ ကျုပ် သေသင့်ပါတယ်”
“အဲ့ဒါတွေ ပြောနေဖို့ မလိုပါဘူး။ ကျုပ်သာ ခင်ဗျားတို့ကို ဝိညာဉ်ဆေးပင်တွေ မတောင်းခဲ့ရင် ခင်ဗျား အဆင်ပြေနေခဲ့မှာပဲ မဟုတ်လား”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီးနောက် ကောင်းကင်ဂဠုန်ဘုရင်ကို ကြည့်လိုက်၏။ ပြီးမှ အကြောက်တရား အနည်းငယ် ရှိနေသော မျက်ဝန်းများနှင့် မေးလိုက်သည်။
“ကောင်းကင်ဂဠုန်ဘုရင်... ခင်ဗျား အချက်အလက်တွေကို စစ်ဆေးပြီးပြီလား။ အဲ့မျက်ဝန်းတစ်စုံက ဘာကြီးလဲ”
“မျက်ဝန်းတွေလား”
ကြမ်းကြုတ်နဂါးဘုရင် ချက်ချင်း လှည့်ကြည့်၏။ ကောင်းကင်ဂဠုန်ဘုရင်က ရှင်းပြလိုက်သည်။ သူတို့နှစ်ယောက် အပြန်အလှန် အသံပို့လွှတ်ပြီးမှ ကောင်းကင်ဂဠုန်ဘုရင်သည် လက်ဆုပ်ကာ ပြောလိုက်သည်။
“အရှင်... ကျုပ်ရဲ့ သုံးသပ်ချက်အရ အဲ့မျက်ဝန်းတစ်စုံက အတုဖြစ်နိုင်ပါတယ်။ အဲ့ဒါက အစစ်ဆိုရင် ပိုင်ရှင်က မိစ္ဆာတစ်ကောင်မဟုတ်ရင်တောင် ဝိညာဉ်တစ်မျိုးမျိုး ဖြစ်ရမယ်။ အသိဉာဏ်လည်း ရှိလိမ့်မယ်။ မဟုတ်ရင် အဲ့လို အင်အားမျိုးနဲ့ ဘယ်လိုလုပ် နတ်ဆိုးချောက်နက်ထဲမှာ ပုန်းနေမှာလဲ။ အတိတ်တုန်းက အရှင်မချင်လင်းက နတ်ဆိုးချောက်နက်ထဲကို ဆင်းခဲ့ဖူးတယ်။ ဒါပေမဲ့ သူ ပြန်ရောက်လာတော့ ကျုပ်တို့ကို ဘယ်သူမှ နတ်ဆိုးချောက်ထဲ မဆင်းဖို့၊ အနားကိုတောင် မကပ်ဖို့ ပြောတော့တာပဲ...”
“အဲ့တော့... ချောက်နက်ထဲကို မဆင်းရင် ဘာမှ ဖြစ်လာမှာ မဟုတ်လောက်ပါဘူး။ ပြီးတော့... တကယ်လို့သာ ချောက်အောက်မှာ ဧကရာဇ်တစ်ပိုင်းအဆင့် မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက် ရှိနေမယ်ဆိုရင် သူက ဘာလို့ အဆင့်နိမ့် မိစ္ဆာတွေကို ချောက်နက်နား အကပ်ခံမှာလဲ။ ကျုပ်တို့ နတ်ဆိုးချောက်နက်နားမှာ တိုက်ခိုက်ခဲ့တုန်းကတောင် သူက ဘာမှ မလုပ်ခဲ့ဖူး မဟုတ်လား”
“အတုလား”
ကျန်းရီ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ကောင်းကင်ဂဠုန်ဘုရင်၏ သုံးသပ်ချက်ကို လက်ခံလိုက်၏။ ၎င်းကသာ အစစ်ဆိုလျှင် ယခုတွင် သူ သေနေလောက်ပေပြီ။ ၎င်းကိုလည်း မီးနဂါးဓားနှင့် ဖျက်ဆီးနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
သက်ရှိများသည် ပိုသန်မာလေလေ၊ သူတို့၏ ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားလေလေပင်။ ကျန်းရီသည် ထိုမျက်ဝန်းတစ်စုံကို မီးနဂါးဓားဖြင့် ခုတ်ခဲ့သည်။ အကယ်၍ ချောက်အောက်၌ အမှန်ပင် ဧကရာဇ်အဆင့် မိစ္ဆာတစ်ကောင် ရှိနေလျှင် မည်သို့ ကျန်းရီကို အလွှတ်ပေးပါမည်နည်း။
“ထားလိုက်ပါတော့... နောက်ကျ နတ်ဆိုးချောက်နက်နားကို မသွားဘဲ နေကြတာပေါ့”
ကျန်းရီ ကောက်ချက်မချနိုင်သေးပါ။ သူကိုယ်တိုင်လည်း သွားမစုံစမ်းဝံ့ပါ။ ကြည့်ရသည်မှာ နတ်ဆိုးချောက်နက်အောက်မှ အရာက ဖြေရှင်း၍မရနိုင်သည့် ပဟေဠိတစ်ခုသာ ဆက်ဖြစ်နေမည့်ပုံပင်။ တစ်ရက်ရက်တွင် သူ ဧကရာဇ်အဆင့် တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်လာလျှင်တော့ သွား၍ စုံစမ်းချင်စုံစမ်းနိုင်လောက်ပေမည်။
ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ ပြန်သွားကြ၏။ ကျန်းရီသည် အတော်ကြာအောင် တွေတွေကြီး ထိုင်နေသည်။ သူ့ရင်ထဲတွင် အကြောက်တရားကို ခံစားနေရပေသေးသည်။ လီရှန်းအာက သူ့ဘေးတွင် ထိုင်လျက် သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပုံမှာ သူက ရုတ်တရက် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလားပင်။
နာရီအနည်းငယ်ထပ်၍ အနားယူပြီးနောက် ကျန်းရီ အပြည့်အဝ ပြန်ကောင်းသွား၏။ သူ ခေါင်းခါလိုက်ပြီး ရှုပ်ထွေးနေသော အတွေးများကို မောင်းထုတ်ပစ်လိုက်သည်။ ထို့နောက် သမင်သစ်ခွကို ထုတ်ကာ လီရှန်းအာအား ကြည့်လိုက်သည်။
“ငါ ဒီသစ်ခွကို ဘယ်လိုသန့်စင်ရမလဲ”
ကျန်းရီထံတွင် အချိန်များစွာ မရှိရာ အချိန်ဖြုန်းနေ၍ မဖြစ်ပေ။ အရင်ဆုံး သွေးကြောမှတ်အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးမြောက်အောင် ကျင့်ကြံရပေမည်။ ထိုသမင်သစ်ခွမှာ သူ့အသက်နှင့် ရင်းခဲ့ရသော ဝိညာဉ်ဆေးပင်ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းကို အမြန်ဆုံး သန့်စင်လိုနေပေသည်။
“အဲ့ဒါက ပစ္စည်းကောင်းပဲ”
လီရှန်းအာသည် သမင်သစ်ခွကို ကြည့်၍ ပြောလိုက်၏။
“သခင်... သခင် ကျွန်မကို ယုံရင် ကျွန်မ အဲ့သမင်သစ်ခွကို သန့်စင်ပေးပါမယ်။ ပြီးရင်... ကျွန်မတို့ တူနှစ်ကိုယ် ကျင့်ကြံကြတာပေါ့။ ကျွန်မ သမင်သစ်ခွရဲ့ အစွမ်းကို ကျွန်မတို့မျိုးနွယ်ရဲ့ အစွမ်းနဲ့ ပေါင်းလိုက်ပြီး တူနှစ်ကိုယ်ကျင့်ကြံရင်းနဲ့မှ အဲ့အစွမ်းကို သခင့်ဆီ နည်းနည်းချင်း လွှဲပေးလို့ရပါတယ်။ အဲ့လိုဆိုရင် သမင်သစ်ခွရဲ့ အာနိသင်ကို အပြည့်အဝ ရပါလိမ့်မယ်’
“အာ...”
ကျန်းရီ မှင်တက်သွားသည်။ သူ လီရှန်အားအပေါ် သံသယမရှိပေ။ သူမက ဝိညာဉ်ကျွန်ဖြစ်ရာ သူ့အပေါ် အကြွင်းမဲ့သစ္စာရှိသည်။ သူ အတန်ငယ် ချီတုံချတုံ ဖြစ်နေခြင်းသာ။ လီရှန်းအာက သမင်သစ်ခွ၏ အစွမ်းကို သူ့ထံ နည်းနည်းချင်း လွှဲပေးမည်ဟု ဆို၏။ သို့ဆိုလျှင် သူက ဆက်၍ တူနှစ်ကိုယ်ကျင့်ကြံနေရမည့် သဘောလော။ စိတ်ဝိညာဉ်စွမ်းအင်မှာ စုပ်ယူရန် အခက်ဆုံးစွမ်းအင်ဖြစ်သည်။ ထိုသမင်သစ်ခွမှာ ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်ဖြစ်ရာ ၎င်းထဲမှ စွမ်းအင်မှာလည်း အလွန်အားကောင်းလောက်ပေသည်။
ကျန်းရီ တံတွေးမျိုချကာ မေးလိုက်သည်။
“ငါတို့ ဘယ်နှစ်ကြိမ်လောက် တူနှစ်ကိုယ်ကျင့်ကြံရမှာလဲ။ တစ်ကြိမ်မှာ ဘယ်လောက်ကြာကြာ ကျင့်ကြံရမှာလဲ”
လီရှန်းအာ၏ မျက်နှာလေး အတန်ငယ် နီမြန်းသွား၏။ သူမ ခေါင်းငုံ့ကာ ပြန်ပြောသည်။
“တစ်ကြိမ်ကို နှစ်နာရီပါ။ အနည်းဆုံး အကြိမ်တစ်သောင်းလောက် ကျင့်ကြံရမှာပါ”
“လခွမ်း...”
ကျန်းရီ ဒူးများချောင်လာ၏။ ပျက်သွားသော လယ်ဟူ၍မရှိ၊ မော၍ သေသွားသော နွားသာရှိသည်။ နှစ်ဝက်ကြာပြီးလျှင် သူက စစ်တပ်ကို ဦးဆောင်၍ စစ်ချီရတော့မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် လယ်က သေချာပေါက် အဆင်ပြေပေလိမ့်ဦးမည်။ သို့သော် နွားမှာ ထွန်တုံးကို ဆွဲနိုင်ပါဦးမည်လော။
***