ကျန်းရီ လုပ်နိုင်လိုက်ပြီ
Vol. 127 Ch. 1774
ကျန်းရီက အရှေ့ဒေသကို နှစ်ဝက်အတွင်း တိုက်ခိုက်မည်ဟု ကြေညာပြီးနောက် အရှေ့ဒေသတစ်ခုလုံး ငြိမ်ကျသွားသည်။
အစတွင် ပဋိပက္ခများစွာ ရှိခဲ့သော်လည်း ကျန်းရီက ကြေညာပြီးနောက် အားလုံး ရပ်တန့်သွားသည်။ ထိုသို့ငြိမ်သွားရသည့် အဓိကအကြောင်းမှာ ကျန်းရီကြောင့်ချည်းတော့ မဟုတ်။ ကော့ချန်ဘုရင်က အချင်းချင်း ဆက်တိုက်ခိုက်ဝံ့လျှင် သူကိုယ်တိုင် အင်အားတစ်သန်းစစ်တပ်ကို ဦးဆောင်၍ တိုက်ခိုက်သည့် မျိုးနွယ်ကို ရှင်းပစ်မည်ဟု ပြောခဲ့ခြင်းကြောင့်လည်း ပါသည်။
လက်ရှိတွင် အရှေ့ဒေသထဲရှိ မျိုးနွယ်အားလုံးသည် များစွာထိခိုက်ထားကြသည်။ ကော့ချန်မျိုးနွယ်နှင့် ကော့ချန်မျိုးနွယ်အပေါ် မှီခိုသော အခြားမျိုးနွယ် ဒါဇင်ကျော်လောက်သာ စစ်တပ်အင်အားအပြည့် ရှိနေသေးသည်။ ထို့ကြောင့် ကော့ချန်ဘုရင်၏ ဩဇာအာဏာက အလွန်မြင့်လာသည်။ သူ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် အင်အားသန်းအနည်းငယ်ရှိသော စစ်တပ်တစ်တပ်ကို စုစည်းနိုင်မည် မဟုတ်ပါလား။ ယခုတွင် ကော့ချန်ဘုရင်သည် အရှေ့ဒေသ၏ စွမ်းအားအကြီးဆုံး သိုင်းသမား ဖြစ်နေပေပြီ။ သူ့မျိုးနွယ်တွင် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားနှစ်ယောက်လည်း ရှိသေးသည်။ သို့ဖြစ်ရာ မည်သည့်မျိုးနွယ်ကမှ ကော့ချန်ဘုရင် ဒေါသထွက်သွားအောင် မလုပ်ဝံ့ပေ။
ကော့ချန်ဘုရင်သည် ကျန်းရီက ပြောသည့်အတိုင်း လုပ်လိမ့်မည်ဟု ယုံကြည်၏။ ထို့ပြင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကလည်း ကြာရှည်တောင်ခံနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပါ။ သို့ဖြစ်၍ ကော့ချန်ဘုရင်သည် အရင်ဆုံး အရှေ့ဒေသကို ငြိမ်သွားအောင်လုပ်ရန် လိုအပ်သည်။ ပြီးမှ နှစ်ဝက်ကြာအောင် စစ်အင်အား ပြန်ဖြည့်တင်းရမည်ဖြစ်သည်။ နှစ်ဝက်ပြည့်သွားသောအခါကျလျှင်မူ သူတို့ ကျန်းရီတို့နှင့် သူသေကိုယ်သေ တိုက်ရပေလိမ့်မည်။
အရှေ့ဒေသက စစ်အတွက် ပြင်ဆင်နေသလို ကျတ်တီးမြေကလည်း စစ်ပြင်နေပေသည်။
ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ အလုပ်များနေကြသည်။ သူတို့သည် သူတို့၏တပ်ဖွဲ့များကို စတင် လေ့ကျင့်ပေးနေသည်။ သူတို့ လေ့ကျင့်ပေးပုံမှာ အလွန်ထူးဆန်းသည်။ ထို့ကြောင့် မိစ္ဆာများစွာ အံ့ဩနေကြသည်။ ဤတစ်ကြိမ်တွင် ပူးပေါင်းတိုက်ကွက်ပုံစံများ ပိုများပေသည်။
ထိုပူးပေါင်းတိုက်ကွက်ပုံစံများမှာ လူသားများအတွက်တော့ သာမန်သာဖြစ်သည်။ သို့သော် မိစ္ဆာမျိုးနွယ်အတွက်မူ ထူးဆန်းနေသည်။ မိစ္ဆာများသည် အလွန်ဆုံးမှ တပ်ညီညီချီ၍ တိုက်သည်သာ ရှိခဲ့ရာ ပူးပေါင်းတိုက်ကွက်ပုံစံများကို မည်သို့ သိပါမည်နည်း။
ထိုပူးပေါင်းတိုက်ပွဲပုံစံများကို ကျန်းရီထံမှ ရခဲ့ခြင်းဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ သူက ငှက်တောင်ပျံတပ်ထဲတွင် တစ်ခဏမျှ နေထိုင်ခဲ့၍ တိုက်ကွက်ပုံစံများကို ကျွမ်းကျင်သည်ဟု မဆိုနိုင်သော်ငြား အနည်းငယ် သိပေသည်။
အရှေ့ဒေသထဲတွင် ပညာရှင်တစ်ယောက် ရှိနေသည်။ ထို့ကြောင့် ကျန်းရီ စိတ်ဖိစီးနေရ၏။ သူ့တွင် ရွေးချယ်စရာမရှိဘဲ လူသားမျိုးနွယ်၏ ပူးပေါင်းတိုက်ကွက်ပုံစံအချိုကို သင်ပေးမှရတော့မည်။ မိစ္ဆာမျိုးနွယ်က သံသယဖြစ်လာမည်ဆိုလျှင်ပင် သူ မည်သို့မှ မတတ်နိုင်ပေ။
အချို့မိစ္ဆာများက အမှန်ပင် သံသယဝင်လာကြပေသည်။ သို့သော် ထိုပူးပေါင်းတိုက်ကွက်ပုံစံများကို သင်ပေးသူမှာ ဆန်းကြယ်သော အရှင်ကျိုးဖြစ်ကြောင်း သိလိုက်သောအခါ မိစ္ဆာအားလုံး စိတ်အေးသွားကြသည်။ အရှင်ကျိုးမှာ အရှင်မချင်လင်း၏ တမန်တော်ဖြစ်သည်။ ထို့ကြောင့် သူက များစွာသိထားခြင်းမှာ ပုံမှန်သာဖြစ်သည်။ အရှင်မချင်လင်းမှာ ဘုရားမတစ်ပါးကဲ့သို့သော ဖြစ်တည်မှု မဟုတ်ပါလား။
မိစ္ဆာများက စစ်အတွက် ပြင်ဆင်နေချိန်တွင် ကျန်းရီကလည်း ရဲတိုက်ထဲတွင် တိုက်ပွဲဆင်နွှဲနေရပေသည်။ သူသည် သွေးကြောမှတ်တစ်မှတ်ကို ကျင့်ကြံပြီးတိုင်း တစ်ကြိမ် တူနှစ်ကိုယ်ကျင့်ကြံ၏။ ယင်းမှာ ပင်ပန်းသော်လည်း ပျော်ရပါသည်။ သူ့ရုပ်ခန္ဓာက သန်မာနေ၍သာ တော်တော့သည်။ သူ့နေရာတွင် သာမန်ယောက်ျားဆိုပါက အရိုးပေါ်အရေတင်နေလောက်ပေပြီ။
တူနှစ်ကိုယ်ကျင့်ကြံခြင်း၏ အကျိုးရလဒ်အနေနှင့် ကျန်းရီ၏ စိတ်ဝိညာဉ်က ဆယ်ဆပိုလျင်မြန်စွာ သန်မာလာ၏။ သမင်သစ်ခွမှာ အလွန်အစွမ်းထက်သည်။ ၎င်းက ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်ဖြစ်သည့်အပြင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ စွမ်းအင်နှင့်လည်း ပေါင်းစည်းလိုက်သောအခါ ၎င်း၏စွမ်းအင်က များစွာပို၍ စွမ်းအားကြီးသွားပေသည်။
သွေးကြောမှတ်များကို ကျင့်ကြံခြင်းမှာ အလွန်ချောမွေ့နေ၏။ နှစ်ရက်လျှင် သွေးကြောမှတ်တစ်မှတ်ကို ကျင့်ကြံနိုင်နေသည်။ သို့သော် ကျန်းရီသည် ခန္ဓာကိုယ်ထဲမှ သွေးကြောမှတ်များကိုသာ ကျင့်ကြံရဲပြီး ခေါင်းထဲမှ သွေးကြောမှတ်များကို မကျင့်ကြံရဲသေးပေ။
လူသားခန္ဓာကိုယ်တွင် ဦးနှောက်မှာ အရေးအကြီးဆုံးအပိုင်းဖြစ်သည်။ ထို့ကြောင့် ကျန်းရီ အလွန်သတိထားရပေမည်။ အကယ်၍ တစ်ခုခု မှားသွားလျှင် သူ့ဦးနှောက်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင် သူ့ကိုကယ်နိုင်လိမ့်မည် မဟုတ်ချေ။
နှစ်ဘက်လုံးက စစ်အတွက် တက်တက်ကြွကြွ ပြင်ဆင်နေကြသည်။ အရာအားလုံး အလွန်တည်ငြိမ်နေသည်။ အချိန်မှာ တိတ်ဆိတ်စွာ တရွေ့ရွေ့ ရွေ့လျားသွားရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ငါးလကုန်သွားလေသည်။
ငါးလကြာအောင် အင်အားပြန်ဖြည့်ပြီးနောက် အရှေ့ဒေသသည် အင်အားအတန်ငယ် ပြန်ပြည့်လာ၏။ မျိုးနွယ်အသီးသီးသည် အရင်းအမြစ်များနှင့် ဆန်းကြယ်နယ်မြေများကို အသုံးပြုကာ စွမ်းအားကြီး သိုင်းသမားများကို တစ်သုတ်ပြီးတစ်သုတ် မွေးထုတ်ပေးလျက် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများနှင့် တိုက်ပွဲကြီးတစ်ပွဲ တိုက်ရန် ပြင်ဆင်နေကြပေသည်။
အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများမှာလည်း တိုက်ကွက်ပုံစံအမျိုးမျိုးကို လေ့ကျင့်နေကြသည်။ သူတို့၏ ပူးပေါင်းအင်အားက အနည်းဆုံး သုံးဆပိုတိုးလာသည်။ ထို့ကြောင့် မိစ္ဆာအားလုံး အလွန်စိတ်လှုပ်ရှားနေကြပေသည်။ သူတို့သည် အရှေ့ဒေသထဲ ပြန်ဝင်သွားရန် မစောင့်နိုင်ကြတော့ချေ။
အမှန်တွင်...
သူတို့ ထိုသို့လောနေရခြင်းမှာ အခြားရွေးချယ်စရာ မရှိတော့၍ဖြစ်သည်။ ယခုတွင် အစာမှာ ရှား၍ ရှား၍ လာပေပြီ။ သူတို့ အစာသွားရှာတိုင်း ကြမ်းကြုတ်နဂါးဘုရင်ကိုယ်တိုင် ဦးဆောင်ရန် လိုအပ်နေသည်။ မဟုတ်လျှင် သူတို့သည် အဖော်မဲ့ပင်လယ်ထဲရှိ စွမ်းအားကြီး ပင်လယ်မိစ္ဆာများကို ခုခံနိုင်မည် မဟုတ်ပေ။
ပင်လယ်မိစ္ဆာများမှာလည်း မိစ္ဆာမျိုးနွယ်ဖြစ်သော်ကြား ကုန်းမိစ္ဆာနှင့် ပင်လယ်မိစ္ဆာတို့မှာ အချင်းချင်း မုန်းကြပေသည်။ ပုံမှန်အခြေအနေအောက်တွင် ဆိုလျှင် သူတို့သည် နယ်ကျော်ကြမည် မဟုတ်ပေ။
ယခုတွင် အဖော်မဲ့ပင်လယ်ထဲမှ ပင်လယ်မိစ္ဆာများက အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများအပေါ် အလွန်ရန်လိုနေကြသည်။ ထိုအတိုင်းသာ ဆက်သွားပါက တိုက်ပွဲကြီးတစ်ခု မလွှဲမရှောင်သာ ဖြစ်လာပေလိမ့်မည်။ ပင်လယ်မိစ္ဆာများနှင့် တိုက်ပွဲကြီးတစ်ပွဲ နွှဲလိုက်ရလျှင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ အင်အားအတော်လေး လျော့ကျသွားနိုင်သည်။ ထိုအခါ သူတို့ အရှေ့ဒေသထဲ မည်သို့ ပြန်ဝင်နိုင်တော့ပါမည်နည်း။
ကျန်းရီသည် ကျင့်ကြံခြင်းတွင် အရေးပါသော အခိုက်အတန့်သို့ ရောက်နေ၏။ သူ သွေးကြောမှတ် တစ်ရာ့ငါးမှတ်ကို ကျင့်ကြံပြီးသွားပြီဖြစ်သည်။ သုံးမှတ်သာ ဆက်ကျင့်ကြံရတော့မည်။ ထိုသုံးမှတ်မှာ သူ့ဦးခေါင်းမှ သွေးကြောမှတ်များဖြစ်၍ ကျင့်ကြံရန် အန္တရာယ်အများဆုံးဖြစ်သည်။
ကျန်းရီသာ မူလအမြန်နှုန်းအတိုင်း ကျင့်ကြံခဲ့မည်ဆိုလျှင် သွေးကြောမှတ်အားလုံးကို ကျင့်ကြံပြီးသွားသည်မှာ ကြောက်လောက်ပေပြီ။ သို့သော် အဆုံးသတ်ရောက်လာသောအခါ သူသည် သွေးကြောမှတ်တစ်မှတ်ကို ကျင့်ကြံရန် ခြောက်ရက်ကျော် ခုနစ်ရက်လောက် အချိန်ယူခဲ့သည်။ ဦးခေါင်းမှာ သွေးကြောမှတ်များကို မကျင့်ကြံခင်တွင် အရာအားလုံးကို သေချာနေရန် လိုအပ်သည် မဟုတ်ပါလော။
ပြီးခဲ့သည့် ငါးလအတွင်း ကျန်းရီ၏ စိတ်ဝိညာဉ်ကလည်း များစွာသန်မာလာခဲ့သည်။ မူလထက် ဆယ်ဆပင် ပိုသန်မာနေပြီဖြစ်သည်။ ယခင်တွင် သူ၏စိတ်ဝိညာဉ်က အုပ်ချုပ်သူအဆင့်တွင် ရှိနေခဲ့ပြီးဖြစ်၏။ ယခုတွင်မူ ကောင်းကင်ဘုရင်ဝူ၏ စိတ်ဝိညာဉ်ထက် အားနည်းတော့မည် မဟုတ်ပေ။
သို့သော် ဧကရာဇ်တစ်ပိုင်းအဆင့် စိတ်ဝိညာဉ်နှင့်မူ ကွာခြားပေသေးသည်။ သို့သော် သူ့တွင် ဆန်းကြယ်သော ကောင်းကင်ဝါးမျိုသားရဲတစ်ကောင် ရှိသည်။ သို့ဖြစ်ရာ ဧကရာဇ်တစ်ပိုင်းအဆင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို သူ တောင့်ခံနိုင်လောက်ပေသည်။
ကောင်းကင်ဝါးမျိုသားရဲသည် တစ်ကြိမ် ပုံစံပြောင်းပြီးခဲ့ပြီးဖြစ်၍ လက်သုံးချောင်းအရွယ်လောက် ကြီးနေပေပြီ။ ကျန်းရီ ပြင်ဆင်ပေးခဲ့သော အနက်ရောင်မိုးကျောက်အားလုံးကို ကောင်းကင်ဝါးမျိုသားရဲက စားပြီးသွားပြီဖြစ်သည်။ သူ့တွင် မီးတောက်ထုတ်လွှတ်နိုင်သည့် သားရဲအမြုတေအချို့သာ ရှိမနေလျှင် ကောင်းကင်ဝါးမျိုသားရဲအတွက် အစာရှိလိမ့်မည်မဟုတ်ချေ။ ထိုအခါ သားရဲလေးက ပုန်ကန်လာနိုင်လောက်သည်။
သမင်သစ်ခွ၏ စွမ်းအင်အကုန်လုံးကို ကျန်းရီထံ လွှဲပေးလိုက်ပြီဖြစ်သည်။ မကြာသေးမီက ကျန်းရီသည် တူနှစ်ကိုယ်ကျင့်ကြံခြင်းကို ရပ်တန့်၍ ကျန်သေးသော သွေးကြောမှတ်သုံးမှတ်ကို ကျင့်ကြံရန်သာ အာရုံစိုက်ထားခဲ့သည်။ သူ လီရှန်းအားကိုလည်း သူ့အား လာနှောင့်ယှက်ခွင့် မပေးတော့ပေ။
ကျန်းရီသည် သွေးကြောမှတ် တစ်ရာ့ငါးမှတ်ကို ပြဿနာမရှိ ကျင့်ကြံနိုင်ခဲ့၍ ကျန်သော သွေးကြောမှတ် သုံးမှတ်ကိုလည်း အောင်အောင်မြင်မြင် ကျင့်ကြံနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေသည်။
ငါးရက်၊ လဝက်... ရက်နှစ်ဆယ်...
အခန်းအောင်းကျင့်ကြံနေသော ကျန်းရီက ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ့မျက်ဝန်းများက ရွှေရောင်အလင်း တောက်ပနေပြီး သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှု ပြည့်နှက်နေသည်။ သူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး လင်းလက်သွား၏။ ထို့နောက် ကြမ်းပြင်ကို ခြေတစ်ချက်ဆောင့်ကာ လေထုကို လက်သီးဖြင့် ထိုးလိုက်လေ၏။
ဝှီ...
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ပတ်ဝန်းကျင် လေထုက စုတ်ပြဲသွားသည်။ ထို့နောက်တွင် လေထုက တွန့်ခေါက်သွားပြီး ကြောက်မက်ဖွယ် တုန်ခါလှိုင်းတစ်လှိုင်းက အရပ်မျက်နှာအနှံ့သို့ လိမ့်ထွက်သွားပြီး ရဲတိုက်နံရံများကို လျင်မြန်စွာ ဝင်တိုးသွား၏။ နံရံပေါ်မှ အကာအရံများ အဆက်မပြတ် လင်းလက်လာသည်။ နောက်ဆုံးတွင် အကာအရံများ ပျက်သွားပြီး ရဲတိုက်တစ်ခုလုံး ပြိုကျသွားပေသည်.
ဝုန်း...ဝုန်း...ဝုန်း...
လီရှန်းအာနှင့် အကြီးအကဲနှစ်ယောက်က ရဲတိုက်ထဲတွင် နေထိုင်နေသည်။ ထို့ပြင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်အချို့လည်း ရှိနေသည်။ ရဲတိုက်ပြိုကျသောအခါ သူတို့အားလုံး ကြောက်ရွံ့သွားကြပြီး အပြင်သို့ ထွက်ပြေးကြသည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များလည်း လန့်ဖြန့်သွားကြသည်။ သူတို့သည် သူတို့၏ဂူများထြမှ ထွက်လာကြပြီး စွမ်းအားကြီး ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြသည်။
“ဘာဖြစ်တာလဲ”
အဝေးမှနေ၍ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ ထိတ်ထိတ်ပြာပြာနှင့် လျင်မြန်စွာ ပျံသန်းလာကြ၏။ လီရှန်းအာသည်လည်း မည်သည့်အရာ ဖြစ်သွားကြောင်း မသိရာ မျက်တောင်ပုတ်ခတ်၍ ပြန်ပြောလိုက်သည်။
“ကျွန်မလည်း မသိဘူး”
ဝုန်း...
ပြိုပျက်နေသော ရဲတိုက်က အစိတ်စိတ်အမွှာမွာ ထိုးခွဲခံလိုက်ရ၏။ ထို့နောက် အရိပ်နက်တစ်ခု ပျံတက်သွားသည်။ ကျန်းရီသည် လေထဲတွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်လိုက်၏။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု ပြည့်နှက်နေသည်။ သူသည် ဓားကဲ့သို့ စူးရှသော မျက်ဝန်းများနှင့် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့၏ မျက်နှာများကို ဝေ့ဝဲကြည့်လိုက်၏။ ၎င်းနောက် ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။
“ကြမ်းကြုတ်နဂါးဘုရင်.. ကျွန်တော်ရဲ့ တိုက်ကွက်တစ်ကွက်ကို ခံကြည့်မယ်ဆို ဘယ်လိုလဲ”
ဝှစ်...
ကျန်းရီသည် ခက်ထန်သော နဂါးတစ်ကောင်အလား ပျံသန်းသွား၏။ သူ့အမြန်နှုန်းက ယခင်ကထက် နှစ်ဆလောက် ပိုမြန်လာပေပြီ။ သူက ကောင်းကင်ဂဠုန်ဘုရင်ထက် များစွာ ပိုမြန်နေပြီဖြစ်သည်။ သူ ကြမ်းကြုတ်နဂါးဘုရင်၏ ဦးခေါင်းကို လျှပ်စီးအလျင်နှင့် ထိုးချလိုက်သည်။
ရှူး...ရှူး...
ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ ပင့်သက်ရှိုက်လိုက်ကြ၏။ ကြမ်းကြုတ်နဂါးဘုရင်လည်း လျင်မြန်စွာ ပြန်ဆုတ်၍ ကြောက်ရွံ့တကြီး အော်ပြောလိုက်သည်။
“အရှင်ကျိုး... သက်ညှာပေးပါ။ ဒီလက်အောက်ငယ်သား မကာနိုင်ပါဘူး...”
“စွမ်းအားကြီးလိုက်တာ”
ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းနည်းမှုနှင့် အားရမှုတို့ ရှိနေသည်။ ကျန်းရီက သူ့တိုက်ခိုက်စွမ်းအားမှာ တစ်နှစ်အတွင်း သိသိသာသာ တိုးတက်လာပြီး ကော့ချန်ဘုရင်ကို ရှင်းပစ်နိုင်လိမ့်မည်ဟု ပြောခဲ့သည်။
ကျန်းရီ အမှန်တကယ် လုပ်နိုင်လိုက်ပေပြီ။
***