အချိန်မှန်၊ နေရာမှန်၊ လူမှန်
Vol. 127 Ch. 1775
ကြမ်းကြုတ်နဂါးဘုရင်က အမှန်တကယ် မကာနိုင်ခြင်း မဟုတ်ပေ။ သူက ကြမ်းကြုတ်နဂါးဘုရင်ဟောင်းလောက် စွမ်းအားမကြီးသော်လည်း အရှေ့ဒေသတွင် ကျော်ကြားသူတစ်ယောက် ဖြစ်နေဆဲပင်။ ယခင်က မျိုးနွယ်ကြီးသုံးခု ပူးပေါင်း၍ ကြမ်းကြုတ်နဂါးမျိုးနွယ်ကို တိုက်ခိုက်ခဲ့သော်လည်း သူ့ကြောင့်သာ မျိုးနွယ်မပျက်ခဲ့ရခြင်းဖြစ်သည်။
ကာနိုင်သော်လည်း ဒဏ်ရာရနိုင်သည်။ ကြမ်းကြုတ်နဂါးဘုရင်သည် ကျန်းရီ၏ လက်သီးချက်က အနည်းဆုံး သူ့အရိုးဆယ်ချောင်းလောက်ကို ချိုးပစ်နိုင်ကြောင်း ယုံကြည်၏။ ကျန်းရီတွင် နတ်ဘုရားသစ်ရွက်ရှိသဖြင့် သူ့ကို ချက်ချင်း ကုသပေးနိုင်သည်။ သို့သော် မည်သူက ကိုယ့်ဒုက္ခကိုယ်ရှာမည်နည်း။
ကြမ်းကြုတ်နဂါးဘုရင်သည် ကျန်းရီအပေါ် အမှန်ပင် ယုံကြည်ချက် ရှိနေပေပြီ။ ကျန်းရီ၏ အသက်အရှိန်အဝါက ငယ်ရွယ်သေး၏။ ထိုအရှိန်အဝါကို မဖုံးကွယ်နိုင်ပါ။
ကျန်းရီက အရှင်မချင်လင်း၏ တမန်တော် ဖြစ်ရုံသာမက အံ့မခန်း ဗျူဟာများနှင့် ဉာဏ်ရည်လည်းရှိသည်။ ယခုတွင် သူ၏ တိုက်ခိုက်စွမ်းအားမှာလည်း သူတို့အဘိုးကြီးများထက် သာလွန်သွားပြီဖြစ်သည်။ သို့ဖြစ်ရာ သူတို့ ရွေးချယ်စရာမရှိဘဲ ယုံကြည်ရန်သာ ရှိတော့ပေသည်။
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားနှစ်ဦးသည် အလွန်စိတ်လှုပ်ရှားနေကြ၏။ ကျန်းရီ၏ တိုက်ခိုက်စွမ်းအား တိုးတက်လာမှုနှင့်ဆိုလျှင် သူတို့ဘက်က ယုံကြည်မှုပိုရှိလာနိုင်သည်။ ဆန်းကြယ်သော ထိုအရှင်ကျိုး ရှိနေသ၍ ကော့ချန်ဘုရင်ကို အလွယ်တကူ သတ်နိုင်လောက်သည်။ မိစ္ဆာအရှင်သုံးပါးသည်လည်း အရှေ့ဒေသထဲကို ကိုယ်တိုင်ရောက်မလာလောက်ရာ သူတို့ အရှေ့ဒေသကို ပြန်သိမ်းနိုင်ခြေများစွာ ရှိပေသည်။
ဝှစ်...
ကျန်းရီသည် နောက်ဆုံးအခိုက်အတန့်တွင် ရပ်တန့်လိုက်၏။ သူသည် သူ၏ တိုက်ခိုက်စွမ်းအားနှင့် ပတ်သတ်၍ အလွန်ကျေနပ်နေသည်။ ကြမ်းကြုတ်နဂါးဘုရင်က ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက သူ့တိုက်ခိုက်စွမ်းအားထက် မြင့်လောက်သည်ဟု အထင်မှားခဲ့ခြင်းသာ။ အမှန်တွင် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားမှာ ကြမ်းကြုတ်နဂါးဘုရင်၏ တိုက်ခိုက်စွမ်းအားထက် နိမ့်နေသေးသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရီ အလွန်စိတ်လှုပ်ရှားနေပေသည်။
မည်မျှကြာခဲ့ပြီနည်း။
ကျန်းရီ ကောင်းကင်မိစ္ဆာဘုံထဲသို့ ရောက်သည်မှာ တစ်နှစ်ကျော်လောက်သာ ရှိသေးသည်။ သို့သော် သူ၏ တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများ၏ တိုက်ခိုက်စွမ်းအားနှင့် ယှဉ်နိုင်လာပြီဖြစ်သည်။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၏ တိုးတက်နှုန်းသည်ပင် သူ့လောက် မြန်ခဲ့မည် မဟုတ်ပေ။
ကျန်းရီသည် သူ၏ တိုက်ခိုက်စွမ်းအား တိုးလာခြင်းက အိမ်သို့ပြန်နိုင်ရန် ခြေတစ်လှမ်း ပိုနီးလာခြင်းဟု ခံစားရ၏။ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်အောင် အချိန်တိုအတွင်း ကျင့်ကြံနိုင်ရာ သူ့တွင် ဆက်၍ အဆင့်တက်နိုင်ရန် မျှော်လင့်ချက်ရှိသေးသည်။ သူ ဧကရာဇ်အဆင့်သို့ ရောက်သွားပြီး စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်အချို့ကို တတ်မြောက်သွားသည်နှင့် မိုးပြာမဟာဧကရာဇ်ကိုပင် ယှဉ်နိုင်လာပေလိမ့်မည်။
‘ငါ့အမြန်နှုန်းက ကောင်းကင်ဂဠုန်ဘုရင်ရဲ့ အမြန်နှုန်းထက် ပိုမြန်နေပြီ၊ ငါ့ခွန်အားကလည်း ကြမ်းကြုတ်နဂါးဘုရင်နဲ့ အတူတူလောက်ပဲ။ ငါ့ခံနိုင်ရည်ကတော့ ကန်းဟန့်ဘုရင်နဲ့ အတူတူလောက်ရှိမယ်။ ဒါပေမဲ့ ငါ့ရဲ့ တိုက်ခိုက်စွမ်းအားက နည်းနည်းနိမ့်နေတုန်းပဲ...’
ကျန်းရီသည် သူ၏အင်အားကို တိတ်တဆိတ် တွက်ချက်လိုက်၏။ ခွန်အားနှင့် တိုက်ခိုက်စွမ်းအားမှာ မတူပါ။ သူ့တွင် ဧကရာဇ်တစ်ပိုင်းအဆင့် ခန္ဓာကိုယ်ရှိသော်ငြား အခြားဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများ၏ ခန္ဓာကိုယ်များမှာလည်း အတူတူပင် သန်မာကြသည်။ ထို့ကြောင့် ယှဉ်ရလျှင် သူ့တိုက်ခိုက်စွမ်းအားက အတန်ငယ် နိမ့်နေသေးပေသည်။
ယခင်တွင် ကျန်းရီ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုမှာ ပေါင်းစည်းမီးတောက်များ ဖြစ်ခဲ့သည်။ သို့သော် မြက်ခင်းပြင်မီးတောက်များ ကုန်သွားပြီးနောက် သူ၏ပေါင်းစည်းမီးတောက်များက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ ထိုအဆင့် သိုင်းသမားများအတွက် နတ်ဘုရားအသံ ကောင်းကင်အတတ်မှာလည်း အသုံးမဝင်ချေ။ ထို့ကြောင့် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်က ရပ်ကာ အသတ်ခံလျှင်ပင် သူ ထိုသိုင်းသမားကို သတ်ရန် ခက်ခဲနေပေလိမ့်ဦးမည်။
‘မီးတောက်တွေ...’
ကျန်းရီသည် တွေးတောရင်းဖြင့် တောင်ထိပ်ပေါ်တွင် ဆင်းသက်လိုက်၏။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဆင်းလာပြီး စကားပြောပါ။ လီရှန်းအာ နေရာတစ်ခု ရှာလိုက်ပါ”
ရဲတိုက် ဖျက်ဆီးခံလိုက်ရပြီဖြစ်၍ လီရှန်းအာသည် အားလုံးအတွက် ဂူတစ်လုံးကိုသာ ပြင်ဆင်ပေးလိုက်ရသည်။ ထိုဂူမှာ အတော်အသင့်ကြီးမားသည်။ အတွင်းပိုင်းကိုမူ ရိုးရှင်းစွာ ပြင်ဆင်ထားရာ ခန်းမကျယ်ကြီးတစ်ခုကဲ့သို့ပင်။
ကျန်းရီသည် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်အား အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို ထိန်းရန် ပြောလိုက်၏။ ထို့နောက် မျိုးနွယ်ဘုရင်သုံးပါးကို ကြည့်ကာ မေးလိုက်သည်။
“အရှေ့ဒေသထဲက ဘယ်နေရာမှာ မိုးမြေထူးခြားမီးတောက်တွေ ရှိလဲ။ ကြောက်စရာကောင်းတဲ့ မီးတောက်တွေမျိုးလေ”
“မီးတောက်တွေလား...”
မျိုးနွယ်ဘုရင်သုံးပါးသည် ခေတ္တမျှ တွေးတောလိုက်ကြ၏။ တစ်ခဏနေပြီးနောက် ကြမ်းကြုတ်နဂါးဘုရင်က ပြောလိုက်သည်။
“အရှေ့ဒေသမှာ အဲ့လို ကြောက်စရာမီးတောက်တွေရှိတဲ့နေရာက တစ်နေရာပဲ ရှိပါတယ်။ အရှင်... အရှင်လည်း သိမှာပါ... နတ်ဆိုးချောက်နက်လေ။ အဲ့နေရာကလွဲပြီး တခြားနေရာတွေကိုတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ မီးမြေခွေးဧကရာဇ်ရဲ့ အနောက်ဒေသထဲမှာတော့ အဲ့လိုနေရာတွေ ရှိတယ်။ မီးမြေခွေးမျိုးနွယ်က မီးဓာတ်မိစ္ဆာမျိုးနွယ်ပါပဲ”
“နတ်ဆိုးချောက်နက်...”
ကျန်းရီ နှာခေါင်းပွတ်လိုက်၏။ ကျန်းရီသည် အသေရိုက်သတ်ခံရမည်ဆိုလျှင်ပင် နတ်ဆိုးချောက်နက်ထဲ ပြန်မဆင်းဝံ့တော့ပေ။ သူ မီးမြေခွေးဧကရာဇ်၏ အနောက်ဒေသသို့လည်း မသွားဝံ့။ မိစ္ဆာအရှင်သုံးပါးက အရှေ့ဒေသ၏ အတွင်းရေးကိစ္စတွင် ပေါ်ပေါ်ထင်ထင် ဝင်မစွက်ဖက်သော်လည်း ကျန်းရီသာ အနောက်ဒေသသို့ သွားလိုက်လျှင် ကိုယ့်သေလမ်းကိုယ်သွားရှာသလို ဖြစ်သွားပေလိမ့်မည်။ မီးမြေခွေးဧကရာဇ်က သူ့ကို သေချာပေါက် သင်ခန်းစာ ပေးမည်ဖြစ်သည်။
ကျန်းရီသည် ထိုအတွေးကို လက်လျှော့လိုက်ပြီး ခေတ္တမျှ နှုတ်ဆိတ်သွားပြီးမှ မေးလိုက်၏။
“အခု အရှေ့ဒေသမှာ အခြေအနေ ဘယ်လိုရှိလဲ”
ကျန်းရီသည် အခန်းအောင်း ကျင့်ကြံနေခဲ့၍ အပြင်မှ အခြေအနေကို မသိပေ။ သူ့ကျင့်ကြံခြင်းက အဆင့်တက်သွားပြီဖြစ်၍ ယခု တိုက်ပွဲအတွက် ပြင်ဆင်ရပေတော့မည်။ ထို့ကြောင့် သူ အခြေအနေကို နားလည်ထားရန် လိုအပ်ပေသည်။
ကောင်းကင်ဂဠုန်ဘုရင်က ထရပ်၍ ပြောလိုက်၏။
“အရှေ့ဒေသမှာ ငြိမ်းချမ်းနေတာ အချိန်တစ်ခုလောက် ရှိပါပြီ။ စစ်ပွဲတွေ ထပ်မဖြစ်တော့ပါဘူး။ ပြီးခဲ့တဲ့ တစ်လအတွင်း အရှေ့ဒေသရဲ့ စစ်တပ်တွေ စလှုပ်ရှားလာပါတယ်။ သူတို့က အင်အားပူးပေါင်းပြီး ကျုပ်တို့ကို တိုက်ဖို့ ပြင်နေတာ ဖြစ်နိုင်ပါတယ်”
“စစ်တပ်တွေ လှုပ်ရှားနေပြီလား”
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ အလေးအနက် ဆက်မေးလိုက်သည်။
“သူတို့ရဲ့ စစ်ရေးအစီအမံတွေနဲ့ သူတို့မျိုးနွယ်တွေ ဘယ်လမ်းကြောင်းကနေ ဘယ်ကို ရှောင်ထွက်မယ်ဆိုတွေကို ခင်ဗျားသိလား”
“မသိပါဘူး”
ကောင်းကင်ဂဠုန်ဘုရင်သည် ခါးသီးစွာ ပြုံးလိုက်၏။
“မကြာသေးခင်တုန်းက ကော့ချန်ဘုရင်က ထိပ်သီးတပ်တစ်တပ်ကို စေလွှတ်ပြီး ကျုပ်တို့ရဲ့ ထောက်လှမ်းရေးတွေကို ဆယ်ကြိမ်ကျော်လောက် ရှင်းပစ်လိုက်ပါတယ်။ အခု အဲ့မှာ ကျန်နေသေးတဲ့ ထောက်လှမ်းရေးတွေက မဆင်မခြင် မလှုပ်ရှားရဲတော့ပါဘူး။ သူတို့ ဘာသတင်းမှတောင် ပြန်မပို့ရဲတော့ပါဘူး။ ဘာလို့လဲဆို...ကျတ်တီးမြေနယ်စပ်မှာ တပ်တွေ ပြည့်နေပါတယ်။ အခု ထောက်လှမ်းရေးတွေသာ ကျတ်တီးမြေထဲ ဝင်မယ်ဆိုရင် သေချာပေါက် ရက်ရက်စက်စက် အသတ်ခံရမှာပါ”
“အဲ့ပညာရှင်က အကွက်စရွှေ့ပြီပေါ့”
ကျန်းရီ များစွာမအံ့ဩပါ။ ထိုပညာရှင်က ထောက်လှမ်းရေးများကိုပင် မရှင်းနိုင်လျှင် ပညာရှင်ဖြစ်နေလိမ့်မည် မဟုတ်ပါ။
ကျန်းရီ မျက်မှောင်တင်းတင်းကြုတ်ထားသည်။ ထောက်လှမ်းရေးများ မရှိလျှင် မျက်လုံးနှင့်နားများ မရှိသကဲ့သို့ပင်။ ရန်သူ၏ အစီအမံများကို မသိရပါက တိုက်ပွဲတိုက်ရန် အလွန်ခက်ပေလိမ့်မည်။
ကောင်းကင်ဂဠုန်ဘုရင်သည် စိုးရိမ်ဟန်နှင့် မေးလိုက်၏။
“အရှင်ကျိုး... သူတို့ ထောက်လှမ်းရေးတွေကို ရှင်းနေတာက ကျတ်တီးမြေထဲကို တပ်တွေ လျှို့ဝှက်စေလွှတ်ဖို့ ကြံနေလို့များလား။ သူတို့သာ ရုတ်တရက်ကြီး ဝင်လာရင် ကျုပ်တို့ အငိုက်မိသွားလိမ့်မယ်။ ပြီးတော့ တိုက်ပွဲက ကျုပ်တို့ဘက်ခြမ်းမှာ ဖြစ်မယ်ဆိုရင် နိုင်တာမနိုင်တာ ခဏထားဦး သာမန်မျိုးနွယ်ဝင်တွေ အများကြီး သေရလိမ့်မယ်”
ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် လီရှန်းအာတို့လည်း စိုးရိမ်ပုံ ပေါ်လာကြ၏။ သူတို့သည် တိုက်ပွဲက သူတို့ဘက်ခြမ်းတွင် ဖြစ်လာမည်ကို အစိုးရိမ်ဆုံးပင်။ ထိုသို့သာဖြစ်လာပါက အဆင့်နိမ့် မိစ္ဆာများမှာ မြေစာပင် ဖြစ်ရပေလိမ့်မည်။ သူတို့ တိုက်ပွဲကို နိုင်သွားလျှင်ပင် အဆုံးအရှုံးကြီးမည်ဖြစ်သည်။
“ဟင်းဟင်း...”
ကျန်းရီက လက်ဝှေ့ယမ်း၍ သေချာစွာ ပြန်ပြော၏။
“ခင်ဗျားတို့ အဲ့ဒါအတွက် စိုးရိမ်ဖို့ မလိုပါဘူး။ ရန်သူက တိုက်ပွဲကို သေချာပေါက် ကျွန်တော်တို့ ဘက်ခြမ်းမှာ တိုက်မှာ မဟုတ်ပါဘူး။ သူတို့ တကယ်ပဲ ကျတ်တီးမြေထဲ ဝင်လာရဲရင် ကိစ္စတွေက ပိုတောင်လွယ်ကူသွားလိမ့်မယ်။ သူတို့ ပြန်မထွက်နိုင်စေရဘူးလို့ ကျွန်တော် အာမခံတယ်”
“အို့...”
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ၏ မျက်လုံးများ အရောင်လက်သွား၏။ ကျန်းရီ၏ ယုံကြည်မှုက သူတို့ကိုလည်း ယုံကြည်မှုရှိလာစေသည်။ သို့သော် ကြမ်းကြုတ်နဂါးဘုရင်က နားမလည်နိုင်သေးဘဲ မေးလိုက်၏။
“အရှင်... အရှင်က ဘာလို့ အဲ့လောက်သေချာနေရတာပါလဲ”
“တိုက်ပွဲတစ်ပွဲကို တိုက်ဖို့က အချိန်မှန်၊ နေရာမှန်၊ လူမှန်ဖြစ်နေဖို့ လိုတယ်။ အခု ကျွန်တော်တို့က ရွေးစရာမရှိဘဲ တိုက်ကိုတိုက်ရတော့မယ်။ အဲ့တော့ သူတို့ဘက်က အချိန်မှန်ပဲ။ နေရာမှန်ကတော့ နားလည်ဖို့ လွယ်ပါတယ်။ ကျွန်တော်တို့ အရှေ့ဒေသထဲကို တိုးဝင်သွားရင် သူတို့ဘက်က နေရာမှန်ကို ရလိမ့်မယ်။ ဒါပေမဲ့ သူတို့ ကျတ်တီးမြေထဲ ဝင်လာရင်တော့ ကျွန်တော်တို့ဘက်က နေရာမှန်ကို ရလိမ့်မယ်။ လက်ရှိမှာ နှစ်ဘက်လုံးရဲ့ စစ်အင်အားက အတူတူလောက်ပဲ။ အခု သူတို့က တပ်သားအင်အား များတယ်ဆိုပေမဲ့ သူတို့ရဲ့ စစ်အင်အားက သိပ်မကြီးဘူး...”
“သူတို့ဘက်မှာ ပညာရှင်တစ်ယောက် ပေါ်လာတယ်။ အဲ့ပညာရှင် ပေါ်မလာရင်တောင် ကော့ချန်ဘုရင်က ကျတ်တီးမြေထဲ ဝင်လာပြီး တိုက်မှာ မဟုတ်ပါဘူး။ အဲ့ပညာရှင်က အရူးတစ်ယောက် မဟုတ်ရင် နေရာမှန်ကို လက်လွှတ်ပြီး ဒီကို လာတိုက်မှာ မဟုတ်ဘူး။ အဆင့်နိမ့် မိစ္ဆာတွေကို သတ်ရလို့ သူတို့အတွက် ဘာအကျိုးမှ မရှိဘူး မဟုတ်လား။ သူတို့က ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးတွေကို အချိန်မှန်မှာ ရှင်းပစ်နိုင်ခဲ့တယ်။ အဲ့တော့ စစ်ရေးစီမံဖို့လည်း နေရာမှန်ကို သုံးလိမ့်မယ်။ သူတို့ စီမံပြီးရင် ကျွန်တော်တို့ လာတိုက်မှာကို စောင့်နေကြရုံပဲ”
“အဲ့ဒါက...”
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများသည် သိပ်နားမလည်ကြသေးပေ။ သို့သော် ကျန်းရီ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် အလွန်မျက်နှာညှိုးသွားကြသည်။ ရန်သူဘက်က အားသာချက်နှစ်ခု ရှိနေသည်။ တပ်သားအင်အားအရဆိုလျှင်လည်း ရန်သူဘက်က သူတို့ဘက်ထက် အင်အားနှစ်ဆလောက် ပိုများသည်။ သူတို့ ဤတိုက်ပွဲကို နိုင်နိုင်ပါမည်လော။