ဗျူဟာပညာရှင်
Vol. 128 Ch. 1777
စစ်တပ်က စတင်ချီ၏။ ဤတစ်ခေါက်တွင် ကျန်းရီသည် စစ်တပ်ကို သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ မထည့်လိုက်ပေ။
အကွက်တစ်ခုကို နှစ်ကြိမ်ပြန်သုံး၍ မရချေ။ ဤတစ်ကြိမ်တွင် ရန်သူဘက်၌ ပညာရှင်တစ်ယောက် ရှိနေ၏။ ကျန်းရီသာ သတိမထားလျှင် အလစ်ဝင်တိုက်ခံရနိုင်သည်။
ကျန်းရီသည် အရှေ့ဒေသမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိထားပါ။ ထို့ကြောင့် သူ မဆင်မခြင် ပြု၍ မဖြစ်ပေ။ အရင်ဆုံး တိုက်ပွဲအချို့ကို ပြင်းပြင်းထန်ထန် တိုက်ရပေမည်။ ထက်ရှသော ဓားတစ်လက်အလား အရှေ့ဒေသထဲ ဖောက်ဝင်ရမည်။ အရှေ့ဒေသထဲရောက်မှ အခြေအနေကို စုံစမ်းကာ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ကျန်းရီသည် စစ်တပ်ကို တပ်ဖွဲ့များလည်း မခွဲလိုက်ပေ။ သူက စစ်တပ်၏အလယ်တွင် ရှိနေသည်။ သို့သော် ပျံသန်းနေခြင်းတော့ မဟုတ်ဘဲ စစ်ရထားလုံးပေါ်တွင် ထိုင်နေခြင်းပင်။ သူ့အမိန့်များကို ထုတ်ပြန်ရန်မူ လီရှန်းအာက တာဝန်ယူရပေသည်။
စစ်တပ်စချီကလည်းက ကျန်းရီ စစ်ရထားလုံး အပြင်သို့ ထွက်မလာခဲ့။ ယင်းမှာ ဆန်းကြယ်သည့် အငွေ့အသက်ကို ထိန်းထားရန် ဖြစ်သည်။ မိစ္ဆာမျိုးနွယ်က သူ့အား ဘုရားတစ်ပါးကဲ့သို့ ဆန်းကြယ်သည်ဟု သူ မြင်စေလိုသည်။ ကျန်းရီသည် ဟန်ဆောင်ရန် လုပ်နေခြင်း မဟုတ်ဘဲ စစ်တပ်တစ်တပ်လုံး စိတ်အားတက်ကြွစေရန်၊ ယုံကြည်မှုရှိစေရန် လုပ်နေခြင်းသာဖြစ်သည်။
ကျန်းရီသည် သူ့ကိုယ်သူ ဘုရားတစ်ပါးအလားဟု ထင်ရအောင် နေနေ၏။ စစ်တပ်ကိုလည်း သူ့အမိန့်များကိုသာ နာခံလျှင် ရှုံးလိမ့်မည်မဟုတ်ဟု ယုံကြည်အောင်လည်း လုပ်ထားသည်။ သူ၏ရည်ရွယ်ချက်မှာ စစ်တပ်၏ စိတ်ဓာတ်ကို အထွတ်အထိပ်သို့ ရောက်နေစေရန် ဖြစ်သည်။ သူ တပ်သားများကို ပိုစည်းလုံးစေလိုသည်။ သူ မသေသေးသ၍၊ ပြန်မဆုတ်သေးသ၍ ထိုစစ်တပ်က နောက်ဆုံးတပ်သားကျန်သည်အထိပင် အရှုံးမပေးသေးဘဲ ဆက်တိုက်မည်ဖြစ်သည်။
သို့သော် ထိုသို့လုပ်ခြင်းတွင် ဘေးထွက်ဆိုးကျိုးလည်း ရှိသည်။ သူ သေသွားသည်နှင့် စစ်တပ်လည်း အဆုံးသတ်သွားပေလိမ့်မည်။ တပ်သားများ၏ နှလုံးသားထဲရှိ ဘုရားက သေဆုံးသွားလျှင် သူတို့၏စိတ်ဓာတ်က ရုတ်ခြည်း အောက်ခြေအထိ ကျဆင်းသွားမည်ဖြစ်သည်။ ထို့ပြင် သူတို့ အကြိမ်အနည်းငယ် ရှုံးလိုက်သည်နှင့်ပင် စိတ်ဓာတ်ပျက်ပြားသွားပေမည်။ သူတို့ဘုရား၏ အမိန့်များကို နာခံသည်ပင် ရှုံးခဲ့ပါက သူတို့ မည်သို့ အနိုင်ရနိုင်တော့မည်နည်း။
အင်အားကိုးသန်းစစ်တပ်သည် တိတ်ဆိတ်စွာ ချီတက်နေ၏။ သူတို့ ဆူညံသံများစွာ မထွက်စေပေ။ ကျန်းရီသည် ကန်းဟန့်ဘုရင်၏ လေ့ကျင့်ပေးမှုကို အလွန်ကျေနပ်အားရနေသည်။ ဤစစ်တပ်မှာ ငှက်တောင်ပျံစစ်တပ်ထက် များစွာပို၍ အင်အားနည်းသော်လည်း အချိန်တိုအတွင်း ဤမျှစည်းကမ်းသေဝပ်လာအောင် လေ့ကျင့်ပေးနိုင်သည်မှာပင် မဆိုးတော့ဟု ဆိုရပေမည်။
ထောက်လှမ်းရေးများကလည်း မပြတ် သတင်းလာပို့နေကြသည်။ သူတို့ ကျတ်တီးမြေနယ်စပ်နှင့် နီးကပ်လာသောအခါ ကျန်းရီသည် ထောက်လှမ်းရေးတစ်ဖွဲ့ကို အရှေ့ဒေသထဲ အတင်းဖောက်ဝင်ရန် အမိန့်ပေးလိုက်၏။ သူတို့ သေရမည်ဆိုလျှင်ပင် အခြေအနေကို သူ့ထံ သတင်းရအောင် ပို့ပေးရမည်လည်းဖြစ်သည်။
ကောင်းကင်ဂဠုန်ဘုရင်သည် အရှေ့ဒေသထဲ ဖောက်ဝင်ရမည့် ထောက်လှမ်းရေးတစ်ထောင်ကို ကိုယ်တိုင်ရွေးချယ်လိုက်၏။ သူသည် မိစ္ဆာမြေခွေးမျိုးနွယ်ဝင်များကိုလည်း လှုပ်ရှားစေလိုက်သည်။ နောက်ဆုံးတွင် ထောက်လှမ်းရေးတစ်ထောင်လုံးနီးပါး တိုက်ပွဲတွင် သေခဲ့၏။ သို့သော် နယ်စပ်မှနေ၍ သတင်းများ ပြန်ရောက်လာပေသေးသည်။
နယ်စပ်တွင် တပ်သားများစွာ ရှိမနေပေ။ တစ်သိန်းလောက်သာရှိသည်။ ထိုတပ်သားများကို ကော့ချန်မျိုးနွယ်မှ အကြီးအကဲအချို့က ကိုယ်တိုင်ဦးဆောင်နေကြသည်။ တပ်သားအားလုံးမှာ ကော့ချန်မျိုးနွယ်ကချည်းသာ မဟုတ်သော်လည်း ထိပ်သီးများဖြစ်ကြောင်း ထင်ရှားပေသည်။
“တစ်သိန်းလား”
ကန်းဟန့်ဘုရင်၏ မျက်ဝန်းများက အေးစက်စက်အလင်း လက်သွား၏။ သူ လေထဲရှိ စစ်ရထားလုံးကို လက်ဆုပ်ဦးညွှတ်ကာ ပြောလိုက်၏။
“အရှင်ကျိုး... ကျုပ်ကို သွားပြီးတိုက်ခိုက်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ကျုပ်ကို တပ်သားတစ်သိန်း ပေးလိုက်ပါ”
“အဲ့လိုလုပ်ဖို့ မလိုပါဘူး”
ကျန်းရီ၏ ခပ်အေးအေးအသံ ထွက်ပေါ်လာ၏။
“အဲ့ အင်အားတစ်သိန်းတပ်က ပြန်ဆုတ်သွားလောက်ပါပြီ။ ကျွန်တော်တို့ နယ်စပ်ကို ရောက်တဲ့အချိန်ကျရင် သူတို့ အဝေးကြီး ရောက်နေလောက်ပြီ။ အားလုံးပဲ ဆက်ချီတက်ကြပါ... အရှိန်ကိုတော့ တစ်ဝက်လျှော့ချလိုက်ပါ”
မည်သူကမှ ကျန်းရီ၏ အမိန့်ကို မေးခွန်းမထုတ်ရဲပေ။ စစ်တပ်တစ်တပ်လုံး၏ အရှိန်က တစ်ဝက်လျော့ကျသွားသည်။
နာရီအနည်းငယ် ကြာပြီးနောက် ထောက်လှမ်းရေး ဒုတိယအသုတ်က နယ်စပ်မှ တပ်က အမှန်ပင် ပြန်ဆုတ်သွားပြီဖြစ်ကြောင်း သတင်းပို့လာ၏။ တပ်က ကောင်းကင်ဂဠုန်နယ်မြေထဲသို့ အမြန်ဆုံးအရှိန်နှင့် ပြန်ဆုတ်သွားခြင်းပင်။ တပ်ပြန်ဆုတ်သွားပြီဖြစ်၍ ထောက်လှမ်းရေးများက ထိုသတင်းကို အလွယ်တကူ ထောက်လှမ်းလာနိုင်ခဲ့ပေသည်။
“သခင်... သခင်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ”
လီရှန်းအာက စိတ်လှုပ်တရှား ပြောလိုက်၏။ ကျန်းရီသည် သူမကို အရေးမစိုက်ဘဲ စစ်ရထားလုံးထဲရှိ သဲစားပွဲကိုသာ ကြည့်နေသည်။ သူ မျက်မှောင်လည်း တင်းတင်းကြုတ်ထားသည်။ တစ်ခဏနေမှ သူ ပြောလိုက်သည်။
“ဒီစစ်ပွဲကို တကယ်ပဲ ရန်သူဘက်က ပညာရှင်က ကြိုးကိုင်နေတာပဲ။ ကော့ချန်ဘုရင်ကတော့ ဒီလိုဗျူဟာမျိုး မထုတ်တတ်လောက်ဘူး”
လီရှန်းအာက နားမလည်နိုင်ဘဲ မေးလိုက်၏။
“သခင်... ဘာဗျူဟာလဲ။ ပြီးတော့ အဲ့အင်အားတစ်သိန်းတပ်ကလည်း ဘာလို့ ပြန်ဆုတ်သွားတာလဲ”
“အဲ့ဒါက မရိုးရှင်းဘူးလား”
ကျန်းရီသည် လီရှန်းအာကို ကြည့်၍ ရှင်းပြလိုက်၏။
“အဲ့ဒါက ငါးစာပဲ။ သူတို့က ရန်သူကို မျှားခေါ်ချင်တာ။ တကယ်လို့ ကန်းဟန့်ဘုရင်သာ သူတို့နောက်ကို လိုက်သွားရင် သူ အလွယ်လေး အဖမ်းခံရလိမ့်မယ်။ အနီးမှာ အလစ်ဝင်တိုက်ဖို့ စောင့်နေတဲ့တပ် ရှိလိမ့်မယ်”
“ဪ...”
လီရှန်းအာ အမှန်တကယ် နားမလည်ပါ။ သို့သော် ဆက်လည်း မမေးဝံ့တော့ပေ။ သူမ ကျန်းရီ၏ အတွေးကို နှောင့်ယှက်မိမည်ကို စိုးရိမ်ပေသည်။
စစ်တပ်က ဖြည်းဖြည်းချင်း ချီတက်နေသည်။ နေ့ဝက်ကြာပြီးနောက်တွင် သူတို့ ကောင်းကင်ဂဠုန်နယ်မြေ၏ အရှေ့ဘက် မိုင်တစ်သောင်းအကွာသို့ ရောက်သွားသည်။ ကျန်းရီသည် စစ်တပ်ကို ရပ်တန့်ရန် အမိန့်ပေးလိုက်၏။ ထို့နောက် ထောက်လှမ်းရေးများက အခြေအနေကို စတင် ထောက်လှမ်းကြလေသည်။
ကောင်းကင်ဂဠုန်ဘုရင်သည် အခြေအနေကို နားမလည်နိုင်သဖြင့် ထောက်လှမ်း၍ရသော သတင်းများကို တင်ပြရန် ကျန်းရီအား ကိုယ်တိုင်သွားတွေ့လိုက်၏။ ကျန်းရီက သဲစားပွဲကို ကြည့်နေသေးဆဲဖြစ်သည်။ ကောင်းကင်ဂဠုန်ဘုရင်က လက်ဆုပ်၍ ပြောလိုက်သည်။
“အရှင်ကျိုး... ကောင်းကင်ဂဠုန်မြို့ထဲမှာ ရှိနေတဲ့ တပ်သားသုံးသိန်းကလွဲပြီး အနီးက တောင်တန်းတွေမှာ ပုန်းခိုနေတဲ့ တပ်သားတွေ မရှိပါဘူး။ ပြီးတော့ အဆင့်နိမ့် မိစ္ဆာတွေလည်း မရှိပါဘူး”
“အာ...”
လီရှန်းအာ အတန်ငယ် အံ့အားသင့်သွား၏။ သူမ နားမလည်နိုင်ပေ။ အနီးရှိ တောင်တန်းများတွင် တပ်သားများ မရှိနေခြင်းမှာ တပ်က ပြန်ဆုတ်သွား၍ဟု ကောက်ချက်ချနိုင်သည်။ သို့သော် တပ်ဆုတ်သွားလျှင် အဘယ်ကြောင့် ကောင်းကင်ဂဠုန်မြို့ထဲ၌ တပ်သားသုံးသိန်း ချန်ခဲ့ရသနည်း။ သူတို့က ထိုတပ်သားသုံးသိန်းကို အသေခံရန် ထားခဲ့ခြင်းလော။
“ဆက်ထောက်လှမ်းနေပါ။ အားလုံး အသင့်ပြင်ထားကြပါ”
ကျန်းရီသည် ခေါင်းပင်မော့မကြည့်ဘဲ အော်ပြောလိုက်၏။ ကောင်းကင်ဂဠုန်ဘုရင် ရွေးချယ်စရာ မရှိတော့ဘဲ ပြင်ဆင်စရာရှိသည်များကိုသာ သွားပြင်ဆင်လိုက်ရလေသည်။ ကျန်းရီ၏ ပို၍ မျက်မှောင်ကြုတ်လာသည်။ ရန်သူ၏ ထူးဆန်းသော အစီအမံများက သူ့ကို ရင်လေးစေသည်။ ဤမူမမှန်သောအခြေအနေ၏ နောက်ကွယ်တွင် မိစ္ဆာတစ်ကောင် ရှိနေနိုင်ပေသည်။ သို့သော် ထိုမိစ္ဆာက မည်သည့်နေရာတွင် ရှိနေသည်၊ မည်သည့်အချိန်တွင် ထွက်ကိုက်မည်ကို သူ မသိချေ။
အနိမ့်ဘုံအချိန် သုံးရက်ကြာပြီးနောက် ထောက်လှမ်းရေးများ ပြန်ရောက်လာပြန်၏။ အနီးရှိ တောင်တန်းရာကျော်စလုံးကို ထောက်လှမ်းပြီးပြီဖြစ်သည်။ ကောင်းကင်ဂဠုန်မြို့မှလွဲ၍ ပတ်ဝန်းကျင်တွင် တပ်သားများ၊ သာမန်မိစ္ဆာများ မရှိပေ။ မြို့ထဲရှိ တပ်သားအရေအတွက်ကိုလည်း ရှင်းရှင်းလင်းလင်း သိရသည်။ အမှန်ပင် သုံးသိန်းသာ ရှိပေသည်။
“အရှင်... ကျုပ်တို့ တိုက်ကြမလား”
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားနှစ်ယောက်သည် ကျန်းရီ၏ စစ်ရထားလုံးပေါ် တက်လာပြီး ကျန်းရီ၏ အမြင်ကို မေးလိုက်ကြ၏။ ဤအခြေအနေမှာ အမှန်ပင် ထူးဆန်းလွန်းနေသည်။ သူတို့သုံးယောက်သည် တိုက်ခွင့်ပေးရန် မဆင်မခြင် မတောင်းဆိုဝံ့ကြတော့ပေ။
“တိုက်မယ်”
ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းကင်ဂဠုန်နယ်မြေက ကျတ်တီးမြေနဲ့ အနီးဆုံး နယ်မြေပဲ။ ကျွန်တော်တို့ အဲ့နေရာကို မသိမ်းနိုင်ရင် ရန်သူဘက်က ကျွန်တော်တို့ရဲ့ လွတ်လမ်းကို အချိန်မရွေး ဖြတ်ပစ်နိုင်တယ်။ ကျွန်တော်တို့ ကောင်းကင်ဂဠုန်မြို့ကို တိုက်ရမယ်။ ရှေ့တန်းက တပ်သားသုံးသိန်းကို မြို့ကို နှစ်နာရီအတွင်း တိုက်ခိုင်းလိုက်ပါ။ ကန်းဟန့်ဘုရင်... ခင်ဗျားက တပ်သားတစ်သန်းကို ဦးဆောင်ပြီး နောက်မှာ အသင့်ဆောင့်နေပါ။ ကျွန်တော့်အမိန့် မရရင် ဝင်မတိုက်ပါနဲ့။ ကောင်းကင်ဂဠုန်ဘုရင်.. ခင်ဗျားက အခြေအနေကို စောင့်ကြည့်နေပါ။ ကြမ်းကြုတ်နဂါးဘုရင်ကတော့ ပင်မစစ်ကြောင်းကို ထိန်းထားပါ”
“နားလည်ပါပြီ”
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားနှစ်ယောက်သည် အမိန့်လက်ခံလိုက်ကြပြီး ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် ထွက်သွားကြ၏။ မကြာခင်တွင် ရှေ့တန်းမှ တပ်သားသုံးသိန်း ထွက်သွားသည်။ သူတို့သည် ကြမ်းကြုတ်နဂါးမျိုးနွယ်မှ အကြီးအကဲတစ်ယောက်၏ ဦးဆောင်မှုအောက်မှနေ၍ ကောင်းကင်ဂဠုန်မြို့ဆီသို့ ချီတက်သွားကြ၏။
ကန်းဟန့်ဘုရင်က တပ်သားတစ်သိန်းကို စုစည်း၍ လိုအပ်လာလျှင် စစ်ကူပေးရန် အနောက်တွင် အသင့်ဆောင်နေလိုက်သည်။ ကျန်းရီသည်လည်း ကန်းဟန့်ဘုရင်၏ တပ်ဖွဲ့ထဲ ရောဝင်၍ မြို့မှ တိုက်ပွဲကို စောင့်ကြည့်နေလိုက်ပေသည်။
ကောင်းကင်ဂဠုန်မြို့က အလွန်ကြီးမား၏။ သို့သော် ထိုမြို့တွင် အကာအရံပင် ရှိမနေပေ။ မြို့ကို ကောင်းကင်မိစ္ဆာဘုံတွင်သာရှိသော အနက်ရောင်ကျောက်တုံးတစ်မျိုးနှင့် တည်ထားခြင်းဖြစ်သည်။ ထိုအနက်ရောင်ကျောက်တုံးများကို ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိမနေလျှင် ဖျက်ဆီးနိုင်ရန် ခက်ခဲမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အကာအရံများ မရှိသော မြို့တစ်မြို့မှာ ရန်သူကို ခုခံနိုင်ရန် မလွယ်ပေ။ လက်ရှိတွင် မြို့ရိုးများပေါ်၌ တပ်သားများ ပြည့်နှက်နေ၏။ ကောင်းကင်ထဲတွင် စောင့်ဆိုင်းနေသော တပ်သားများလည်း ရှိနေသည်။
မကြာခင်မှာပင် တိုက်ပွဲ ဖြစ်ပွားလာ၏။ တပ်သားသုံးသိန်း အရှေ့တက်လာသည်။ နှစ်ဘက်လုံး အဝေးမှနေ၍ စတင် တိုက်ခိုက်ကြသည်။ သူတို့ နီးကပ်လာသောအခါ လက်ချင်းတိုက်ပွဲ ဖြစ်လာသည်။
နှစ်ဘက်စလုံးတွင် အင်အားသုံးသိန်းစီ ရှိပြီး ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်မှ မပါပေ။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် မြို့ကို တိတ်တဆိတ် အာရုံခံနေသည်။ သူသည် ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ပင် မြို့နားသို့ ကပ်သွားလိုက်သည်။ ပြီးနောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ဆက်ထောက်လှမ်းလိုက်၏။ သို့သော် မည်သည့် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား၊ မည်သည့် အလစ်ဝင်တိုက်မည့်တပ်ကိုမှ အာရုံမခံမိပေ။
အကြိမ်များစွာ အတည်ပြုပြီးနောက် ကျန်းရီသည် ကန့်ဟန့်ဘုရင်ထံ အသံပို့လွှတ်ကာ ကိုယ်တိုင် ဝင်တိုက်ရန် ပြောလိုက်၏။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်က ဝင်ကူလျှင် သရေအခြေအနေ ပျက်သွားနိုင်သည်။
ကန်းဟန့်ဘုရင်သည် ရန်သူဘက်မှ စစ်သူကြီး ဒါဇင်ကျော်ကို သတ်ပစ်လိုက်၏။ ထိုအခါ ရန်သူတပ်သည် အနောက်ဘက်သို့ ထွက်ပြေးလေတော့သည်။
အနိုင်ရရန်မှာ လွယ်လွန်းနေသည်။ ထို့ကြောင့် စစ်တပ်တစ်တပ်လုံးနှင့် ကျန်းရီလည်း မယုံဝံ့ဖြစ်နေကြသည်။ ရန်သူတပ်က အလောင်းတစ်သိန်းလောက်ကို ချန်ခဲ့၍ အသည်းအသန် ထွက်ပြေးသွားပြီး မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားပေသည်။
ကျန်းရီသည် ထိုတပ်နောက်သို့ မလိုက်ဝံ့ပေ။ ထွက်ပြေးနေသော တပ်ကို ကြည့်ရင်း သူ့မျက်ဝန်းများထဲတွင် လေးနက်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ရန်သူဘက်မှ ပညာရှင်က အရူးတစ်ယောက် မဟုတ်လျှင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဗျူဟာပညာရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။
ကျန်းရီသည် ရန်သူ့ဗျူဟာ၏ ရည်ရွယ်ချက်ကို မမြင်နိုင်သလို ရန်သူ၏ ဗျူဟာကိုလည်း နားမလည်နိုင်ပါချေ။
***