← Chapters

နွံအိုင်

Vol. 128 Ch. 1778

နွံအိုင်

Vol. 128 Ch. 1778

ရန်သူဘက်မှ ပညာရှင်က သေချာပေါက် အရူးတစ်ယောက် မဟုတ်ပေ။

ကျန်းရီသည် ယင်းကို အလွန်သေချာ၏။ ထို့ပြင် ‌ကော့ချန်ဘုရင်က အဘယ်သို့ အရူးတစ်ယောက်အား သူတို့ကို အမိန့်ပေးခွင့်ပြုမည်နည်း။ ထို့ကြောင့် ထိုပညာရှင်၏ ဗျူဟာများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းခြင်းသာ ဖြစ်မည်။ သို့သော် ကျန်းရီ ထိုဗျူဟာများကို နားမလည်နိုင်ချေ။

မသိရသော ရန်သူမှာ ကြောက်စရာအကောင်းဆုံးဖြစ်သည်။

ကျန်းရီ အရှေ့သို့ အလျင်စလို ဆက်မချီဝံ့တော့။ သူ အရပ်မျက်နှာအနှံ့သို့ ‌ထောက်လှမ်းရေးများသာ စေလွှတ်လိုက်သည်။ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရလျှင် စစ်တပ်ကို အဘယ်သို့ ဦးဆောင်‌ခေါ်သွားနိုင်ပါမည်နည်း။

သတင်းများ အဆက်မပြတ် ပြန်ရောက်လာသည်။ ထွက်ပြေးသွားသော တပ်သားနှစ်သိန်းက မြောက်ဘက် မိုင်ငါးသိန်းအကွာရှိ နကျယ်ဝါတောင်သို့ ရောက်သွားပြီဖြစ်သည်။ ထိုသို့ရောက်သောအခါ တပ်သားအရေအတွက်က ရုတ်တရက် ငါးသိန်း ဖြစ်သွားလေသည်။

ယင်းမှလွဲ၍ အနီးပတ်ဝန်းကျင်တွင် အခြားမျိုးနွယ်များနှင့် စစ်တပ်များ မရှိပေ။ ထောက်လှမ်းရေးများသည် တောင်အလုံးထောင်ချီ ထောက်လှမ်းပြီးသွားသော်လည်း မည်သည့်မျိုးနွယ်၊ မည်သည့်စစ်တပ်ကိုမှ မတွေ့သေးပေ။

နေ့ဝက်ကြာ စောင့်ပြီးနောက် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ အံကြိတ်၍ စစ်တပ်ကို အရှေ့သို့ ဆက်ချီခိုင်းရတော့သည်။ ရန်သူဘက်က စောင့်နိုင်သော်လည်း သူတို့ဘက်က မစောင့်နိုင်ချေ။ ကျတ်တီးမြေထဲရှိ အဆင့်နိမ့် မိစ္ဆာများအတွက် တစ်လစာ စားနပ်ရိက္ခာသာ ကျန်ခဲ့သည်။ ကျန်းရီသည် နောက်တန်းတွင် တပ်သားတစ်သိန်းသာ ချန်ခဲ့၏။ အကယ်၍ အဆင့်နိမ့် မိစ္ဆာများသာ အချင်းချင်း စတင်သတ်ဖြတ်ကျလျှင် ထိုတပ်သားတစ်သိန်းက အခြေအနေကို ထိန်းနိုင်လိမ့်မည် မဟုတ်ချေ။

ဤတစ်ခေါက် အရှေ့ဒေသထဲ ပြန်ဝင်ရသည့် ရည်ရွယ်ချက်မှာ အရှေ့ဒေသ မဟာမိတ်စစ်တပ်ကို ရှင်း၍ အရှေ့ဒေသကို ပြန်သိမ်းရန်ဖြစ်သည်။ သူတို့ ရန်သူနှင့် မတိုက်ခိုက်ဘဲ နယ်စပ်တွင်သာ တပ်ချထားမည်ဆိုလျှင် စစ်ချီလာရခြင်းက အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။

ကျန်းရီသည် ရန်သူဘက်မှ ပညာရှင်၏ ဗျူဟာကို ခပ်ရေးရေးတော့ နားလည်၏။ ရန်သူမှာ အချိန်ဆွဲ၍ တိုက်လိုခြင်းပင်။ ထိုဗျူဟာမှာ ရန်သူဘက်မှ စစ်အင်အားကို မလျော့ကျစေနိုင်သော်လည်း စိတ်ဓာတ်နှင့် စိတ်ရှည်မှုကိုမူ ပျက်ပြားစေနိုင်သည်။

အရှင်မချင်လင်း၏ လက်အောက်ခံ တပ်သားကိုးသန်းက သတ်ဖြတ်အရှိန်အဝါများနှင့် အရှေ့ဒေသသို့ စစ်ချီလာသည်။ အကယ်၍ အရှေ့ဒေသ မဟာမိတ်စစ်တပ်က ထိုတပ်သားကိုးသန်းကို ပြန်ဆုတ်ရန် လမ်းမပေးဘဲ အရှေ့ဒေသထဲမှာပင် တတိတိ ချွေမည်ဆိုလျှင် နိုင်နိုင်ခြေရှိသည်။ ထိုတပ်သားကိုးသန်းက ကျန်းရီရှိနေ၍ အကြောက်တရားမရှိဘဲ ရန်သူကို ရဲရဲဝံ့ဝံ့ သတ်ဖြတ်ကြမည်ဖြစ်ရာ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် တပန်းရှုံးနေမည်ဖြစ်သည်။ သို့ဖြစ်၍ အလုံးအရင်းနှင့် ထိပ်တိုက်ရင်မဆိုင်ဘဲ အချိန်ဆွဲကာ တတိတိနှင့် ချွေခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

ထို့ကြောင့် အရှေ့ဒေသ မဟာမိတ်စစ်တပ်သည် ထိပ်တိုက် မတိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းပင်။ သူတို့သည် ရန်သူစစ်တပ်ကို စစ်ပွဲစရန်၊ သတ်ဖြတ်ကာ စိတ်အားမြှင့်ရန် အခွင့်အရေး မပေးပေ။ ထို့ကြောင့် တပ်သားကိုးသန်းမှာ မချင့်မရဲ ဖြစ်လာကြသည်။ သူတို့၏ စိတ်အားတက်ကြွမှုလည်း စတင် အားလျော့လာသည်။

ကျန်းရီသည် လက်ရှိအခြေအနေတွင် မစွန့်စားဝံ့သေးပေ။ ရန်သူဘက်က ထူးဆန်းစွာ လှုပ်ရှားနေ၍ တပ်သားများ စိတ်အားလျော့လာသည်ကို သိသော်လည်း မည်သို့မှ မတတ်နိုင်ချေ။

သို့သော်...

ကျန်းရီသည် ထိုသို့ ဖြစ်လာမည်ကို ခန့်မှန်းထားပြီးဖြစ်သည်။ သူ သေသာ မသေချာခဲ့ခြင်းသာ။ ယခုတွင် သူ အကြံကုန်နေပြီဖြစ်၍ စစ်တပ်ကို နကျယ်ဝါတောင်ဆီသို့ ဆက်ချီစေလိုက်ရသည်။ နကျယ်ဝါတောင်တွင် တပ်သားငါးသိန်းရှိနေသည်။ ထိုတပ်သားများကို ရှင်းမပစ်လျှင် သူတို့စစ်တပ်တစ်တပ်လုံး၏ ရင်ထဲတွင် ဆူးတစ်ချောင်း စိုက်နေသလို တနုံ့နုံ့ ဖြစ်နေရပေလိမ့်မည်။ သူတို့ ထိုတပ်သားများကို စိုးရိမ်ရသည်နှင့် လွတ်လွတ်လပ်လပ်လည်း လှုပ်ရှားနိုင်မည် မဟုတ်ပေ။

ကျန်းရီသည် ထောက်လှမ်းရေးများကို ထပ်စေလွှတ်လိုက်ပြီး တပ်သားများစွာကိုလည်း ထောက်လှမ်းရေးတာဝန်ယူရန် ပြောလိုက်သည်။ သူတို့ မိုင်ဆယ်သန်း အဝန်းအဝိုင်းအတွင် ထောက်လှမ်းကာ သတိကြီးကြီးထားနေကြသည်။ ယင်းသို့လုပ်ရခြင်းမှာ ရန်သူက ရုတ်တရက် ဝင်လာပြီး မတိုက်ခိုက်နိုင်စေရန်ဖြစ်သည်။

သို့သော်...

စစ်တပ်က နကျယ်ဝါတောင်သို့ ရောက်သောအခါ ထောက်လှမ်းရေးများက အနီးပတ်ဝန်းကျင်တွင် အရာအားလုံး ပုံမှန်အတိုင်း ရှိနေကြောင်း တင်ပြကြ၏။ မည်သည့်မျိုးနွယ်၊ မည်သည့်စစ်တပ်၏ အရိပ်အယောင်ကိုမှ မတွေ့ရပေ။

“ကန်းဟန့်ဘုရင်.. တိုက်တော့”

ကျန်းရီသည် ကန်းဟန့်ဘုရင်အား အင်အားတစ်သန်းတပ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်၍ သွားတိုက်ရန် အမိန့်ပေးလိုက်၏။ သူသည်လည်း တပ်ဖွဲ့နှင့်အတူလိုက်ကာ တိုက်ပွဲကို စူးစမ်းသည်။ အင်အားတစ်သန်းတပ်ဖွဲ့သည် ကောင်းကင်ကို ဖြတ်၍ ပျံသန်းသွား၏။ ကန်းဟန့်ဘုရင်က ရှေ့ဆုံးမှဦး‌ဆောင်၍ နကျယ်ဝါတောင်ထဲ ဝင်သွားလေသည်။

ပြင်းထန်သော တိုက်ပွဲတစ်ပွဲ စလာ၏။ နှစ်ဘက်လုံးမှ တပ်သားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်။ သို့သော် တစ်ဘက်က အခြားတစ်ဘက်ကို ဖိနှိပ်ထားကြောင်း ထင်ရှားသည်။ မမျှော်လင့်ထားသည်များ ဖြစ်မလာလျှင် တစ်ဘက်သည် အလွန်ဆုံးနှစ်နာရီအတွင်း ရှင်းပစ်ခံလိုက်ရတော့မည်ဖြစ်သည်။

ထိုစဉ် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်လာ၏။ တိုက်ပွဲစပြီး ဆယ့်ငါးမိနစ်ကြာပြီးနောက် အခြားဘက်မှ တပ်က ရုတ်တရက် ထွက်ပြေး၏။ ဤတစ်ကြိမ်တွင် အလောင်းတစ်သိန်းကျော်ကို ချန်ခြ့သည်။ ကျန်သော တပ်သားများမှာမူ အမြန်ဆုံး ပျံပြေးကြသည်။ သူတို့က ဟန်ဆောင်ထွက်ပြေးသည့်ပုံ မပေါ်ချေ။

“အရှင်ကျိုး... ကျုပ်တို့ သူတို့ကို လိုက်သတ်ရမလား”

ကန်းဟန့်ဘုရင်က အသံလှမ်းပို့လွှတ်၏။ ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး အံကြိတ်ကာ ပြန်၍အသံပို့လွှတ်လိုက်သည်။

“လိုက်မယ်... ဒါပေမဲ့ ကီလိုမီတာငါးသောင်းအထိပဲ လိုက်မယ်”

“ဟုတ်ကဲ့ပါ”

ကန်းဟန့်ဘုရင်သည် သိန်းချီသော ထပ်သီးတပ်သားများကို ဦးဆောင်၍ နောက်မှလိုက်သွား၏။ ကျန်းရီသည် အခြေအနေကို တွေးတောကာ ပူပန်နေမိသည်။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်အား စစ်တပ်ကို စောင့်ရှောက်ထားရန် မှာ၍ သူကိုယ်တိုင် နောက်မှ လိုက်သွားလိုက်၏။ ကန်းဟန့်ဘုရင်က ရဲရင့်သော်လည်း ကမူးရှူးထိုး လုပ်တတ်သည်။ သူတို့ အလစ်ဝင်တိုက်ခံရမည်ကို ကျန်းရီ မလိုလားပေ။

ကန်းဟန့်ဘုရင်သည် ထွက်ပြေးသွားသော တပ်သားများကို နောက်မှ လိုက်သတ်၏။ ထိုတပ်သားများ အော်ဟစ်၍သာ ထွက်ပြေးနေရသည်။ ကီလိုမီတာငါးသောင်းအကွာအထိ လိုက်သွားပြီးနောက် တပ်သားတစ်သိန်း ထပ်သေသွား၏။ ထိုအခိုက်တွင် ကန်းဟန့်ဘုရင် အတန်ငယ် ချီတုံချတုံ ဖြစ်သွားသည်။ ကျန်းရီက သူ့ကို ကီလိုမီတာငါးသောင်းအထိသာ လိုက်ခွင့်ပေးထားသည် မဟုတ်ပါလား။

“ပြန်ကြမယ်”

နောက်ဆုံးတွင် ကန်းဟန့်ဘုရင်သည် အံကြိတ်၍ ပြန်ဆုတ်ရန် အမိန့်ပေးလိုက်၏။ သို့သော် ကျန်းရီက ပြန်မဆုတ်ဘဲ အရှေ့သို့ ဆက်သွားလိုက်သည်။ နောက်ဆုံးတွင် ကီလိုမီတာသောင်းကျော်အကွာရှိ တောင်ကြားတစ်ခုကို တွေ့လိုက်ရသည်။ ထိုတောင်ကြားထဲတွင် မြူခိုးဖြူများနှင့် ပြည့်နှက်နေသည်။ သူ့ ကောင်းကင်စိတ်အာရုံက တောင်ကြားထဲ ဖောက်မဝင်နိုင်ပါ။

‘အလစ်ဝင်တိုက်ဖို့လား’

ထိုမြူခိုးဖြူများကို ရတနာတစ်မျိုးမျိုး သို့မဟုတ် အစီအရင်တစ်မျိုးမျိုးနှင့် ဖန်တီးထားခြင်း ဖြစ်မည်။ ထောက်လှမ်းရေးများ၏ တင်ပြချက်များထဲတွင် မြူခိုးဖြူများ ရှိနေသည့် ထိုတောင်ကြားအကြောင်း မပါခဲ့ချေ။ ကျန်းရီ တိတ်တဆိတ် ပြန်ဆုတ်သွားပြီး ထိုတောင်ကြားကို ထောက်လှမ်းရန် ထောက်လှမ်းရေးများ စေလွှတ်လိုက်သည်။

သို့သော် တောင်ကြားထဲမှနေ၍ အင်အားတစ်သန်းရှိသော စစ်တပ် ထွက်လာပြီး ထောက်လှမ်းရန်လာသည့် ထောက်လှမ်းရေးတစ်ဝက်ကျော်လောက်ကို သတ်ပစ်လိုက်သည်။ ပြီးလျှင် ထိုစစ်တပ်သည် အနောက်ဘက်သို့ ချက်ချင်း ဆုတ်သွားလေသည်။

“အရမ်းကောင်းတယ်...”

ထိုသတင်း ရောက်လာသောအခါ ကျန်းရီ စိတ်အေးသွား၏။ ရန်သူက သူတို့၏ အစွယ်များကို ထုတ်ပြပေပြီ။ ကျန်းရီသည် ရန်သူက ဓားထုတ်မည်ကို မကြောက်ပါ။ အမှောင်ထဲတွင် ပုန်းနေမည်ကိုသာ ရွံ့ခြင်းဖြစ်သည်။ အန္တရာယ်ကို မသိရသော ခံစားချက်မှာ အဆိုးဆုံးဖြစ်သည်။ အစောပိုင်းတွင် သူသည် ရန်သူက အမှောင်ထဲမှ ရုတ်တရက်ထွက်၍ တိုက်မည်ကို စိုးရိမ်သဖြင့် အလွန်သတိထားနေခဲ့ရသည် မဟုတ်ပါလား။

စစ်တပ် အရှေ့သို့ ဆက်ချီသည်။ ထောက်လှမ်းရေးများသည်လည်း ထပ်သွား၍ ထောက်လှမ်းကြသည်။ နေ့ဝက်ကြာပြီးနောက် အခြားပြဿနာတစ်ခုကို ကျန်းရီ သိလိုက်ရပေသည်။

တောင်ကြားထဲမှ ထွက်ပြေးသွားခဲ့သော စစ်တပ်က အ‌နောက်ဘက် ကီလိုမီတာခြောက်သိန်းအကွာရှိ နဂါးဝါတောင်တွင် စုဝေးနေပြန်၏။ ဤတစ်ကြိမ်တွင် တပ်သားအရေအတွက်က ငါးသိန်ထပ်တိုးသွားရာ စုစုပေါင်း တစ်သန်းငါးသိန်းဖြစ်သွားသည်။ သို့သော် ထိုတောင်အနီးတစ်ဝိုက်တွင်တော့ မည်သည့်တပ်သား၊ မည်သည့်မိစ္ဆာမှ ရှိမနေချေ။

“ဘာတွေဖြစ်နေတာလဲ”

ကြမ်းကြုတ်နဂါးဘုရင်၊ လီရှန်းအာနှင့် အခြားသူများ နားမလည်နိုင်ဖြစ်နေကြသည်။ အဘယ်ကြောင့် ရန်သူက တမင်အတိုက်ခံလိုက် ထွက်ပြေးလိုက်နှင့် လုပ်နေရသနည်း။ အကြိမ်တိုင်း သူတို့ဘက်က တပ်သားသိန်းချီ ဆုံးရှုံးရသည် မဟုတ်လော။ သူတို့က တပ်သားမည်မျှ ထပ်အဆုံးရှုံးခံဦးမည်နည်း။

ရန်သူက အလစ်ဝင်တိုက်နိုင်မည့် အခွင့်ကောင်းကို စောင့်နေခြင်းလော။ ကြမ်းကြုတ်နဂါးဘုရင်တို့ဘက်မှ ပင်မစစ်ကြောင်းက ဖရိုဖရဲ ဖြစ်မသွားသေးသ၍ သူတို့ အင်အားတစ်သန်း တပ်ဖွဲ့များ ခွဲထုတ်မည်ဆိုလျှင်ပင် ရန်သူက သူတို့ကို အလစ်ဝင်တိုက်ကာ ဝိုင်းရံထားနိုင်ပါမည်လော။ ထိုသို့ဖြစ်လာလျှင် ပင်မစစ်ကြောင်းက ချက်ချင်း စစ်ကူလာပေးနိုင်သည် မဟုတ်လော။ ထိုအခါ နောက်ဆုံး၌ ထိပ်တိုက် တိုက်ပွဲပင် ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

ရန်သူဘက်က အကြိမ်ကြိမ် ငါးစာပစ်ခဲ့သော်လည်း ငါးကြီးကို မဖမ်းမိသေး။ ထိုအစား ငါးကြီးကသာ ငါးစာကို စားသွားခဲ့သည်။ ရန်သူဘက်မှ ပညာရှင်က အမှန်ပင် အရူးတစ်ယောက်ပေလော။

“သူက အရူး မဟုတ်ဘူး”

ကျန်းရီ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်နေ၏။ သူ ရင်ခုန်လည်းမြန်ကာ စိတ်ဓာတ်လည်းကျနေသည်။ ယခင်တွင် သူ့၌ သံသယအချို့ ရှိခဲ့၏။ ယခုတွင်မူ ထိုသံသယများက အမှန်တကယ် ဖြစ်လာပေပြီ။ ရန်သူဘက်မှ ပညာရှင်က ဉာဏ်ကြီးရှင်တစ်ယောက်ပင်။ ရန်သူ၏ ဗျူဟာမှာလည်း လျှို့ဝှက်ဗျူဟာမဟုတ်ဘဲ ပေါ်တင်ဗျူဟာဖြစ်သည်။ ရန်သူက သူတို့ကို ထောင်ချောက်ထဲသို့ တစ်လှမ်းခြင်း ကျုံးသွင်းနေခြင်းပင်။ သို့သော် သူတို့အနေဖြင့် ရန်သူနောက်သို့ မလိုက်ဘဲလည်း မနေဝံ့ဖြစ်နေရသည်။ ရန်သူတပ်နောက် မလိုက်ဘဲ အခြားလမ်းကြောင်းမှ သွားလိုက်လျှင် ထိုတပ်က သူတို့စစ်ကြောင်းကို အနောက်မှနေ၍ ဝင်တိုက်နိုင်သည်။ သို့ရာတွင် လိုက်သွားပြန်လျှင်လည်း တဖြည်းဖြည်းနှင့် ရန်သူ၏ ထောင်ချောက်ထဲ ရောက်သွားပေလိမ့်မည်။

အရှေ့ဒေသမှာ နွံအိုင်တစ်ခုပင်။ အရှင်ချင်လင်း၏ လက်အောက်ခံဟောင်း တပ်သားကိုးသန်းမှာ စိတ်အားတက်ကြွနေခဲ့သော်လည်း နွံအိုင်ထဲ နစ်သွားရသည်။ သူတို့ ရုန်းထွက်လိုလျှင်ပင် မထွက်နိုင်တော့ပေ။ ရန်သူမျှားခေါ်သည့်အတိုင်း လိုက်သွားရင်း မီးစဉ်ကြည့်ကရန်သာ ရှိ‌တော့သည်။

ရန်သူဘက်က အကြိမ်ကြိမ် အသေခံတပ်သားများနှင့် မျှားခေါ်နေသည်။ ထို့ကြောင့် တပ်သားကိုးသန်းမှာ စိတ်အားလျော့လာသည်။ အချိန်ကြာသည်နှင့်အမျှ ထိုတပ်သားများမှာ စိတ်လှုပ်ရှားလာပြီး ကျတ်တီးမြေထဲတွင် ကျန်ခဲ့သည့် သူတို့၏မျိုးနွယ်ဝင်များအတွက် စိုးရိမ်လာပေလိမ့်မည်။ ထို့အခါ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ တဖြည်းဖြည်း လျော့ကျသွားမည်ဖြစ်သည်။

တပ်သားကိုးသန်း၏ စိတ်ဓာတ်က အောက်ဆုံးအထိ ရောက်သွားချိန်တွင် ရန်သူဘက်မှ ပင်မစစ်တပ် ထွက်ပေါ်လာပေလိမ့်မည်။ ရန်သူသည် မိမိတို့၏ စိတ်အားကို တတိတိချွေကာ နောက်ဆုံးတွင် မိမိတို့တပ်ကို အပြန်ဖြုတ်ရန် ပြင်ဆင်ထားခြင်းပင်။ လက်ရှိတွင်ပင် အဆုံးသတ်ရလဒ်ကို တွေးကြည့်နိုင်နေပေပြီ။

‘ရန်သူဘက်က ပညာရှင်က ဘယ်သူလဲ။ ဘယ်လိုလုပ် မိစ္ဆာမျိုးနွယ်မှာ အဲ့လောက်တော်တဲ့ ဗျူဟာပညာရှင်တစ်ယောက် ရှိနေရတာလဲ။ သူက လူသားမျိုးနွယ်က ဖြစ်နေမလား’

ကျန်းရီသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်၏။ ရုတ်တရက် သူ ကျောစိမ့်ကာ ကြက်သီးများ ထသွားပေသည်။

***

All Chapters