← Chapters

သရေအခြေအနေကို ဖျက်ခြင်း

Vol. 128 Ch. 1779

သရေအခြေအနေကို ဖျက်ခြင်း

Vol. 128 Ch. 1779

ထိုပညာရှင်က မိစ္ဆာလော၊ လူသားလောမှာ အရေးမကြီးပါ။ ယခု ကျန်းရီ အမှန်ပင် ဒုက္ခလှလှ တွေ့နေပြီဖြစ်သည်။ သူ့တွင် ရွေးချယ်စရာလမ်း နှစ်လမ်းသာ ရှိတော့သည်။ ရန်သူမျှားသည့်အတိုင်း ထောက်ချောက်ထဲသို့ တစ်လှမ်းချင်း ဝင်သွားမည်လော သို့မဟုတ် ရန်သူနှင့် ထိပ်တိုက် သူသေကိုယ်သေ တိုက်ခိုက်မည်လော။

သို့သော် ကျန်းရီ ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင်ဝံ့ပါသလော။

ကျန်းရီ ရင်မဆိုင်ဝံ့ပါ။ အဘယ်ကြောင့်ဆို‌သော် ရန်သူ၏ စစ်တပ်က သူတို့စစ်တပ်ထက် အင်အားနှစ်ဆ များနေ၍ပင်။ သူသေကိုယ်သေ တိုက်ကြမည်ဆိုလျှင် သူတို့ဘက်က နိုင်လျှင်ပင် အဆုံးအရှုံးများပေလိမ့်မည်။ တပ်သားများနှင့် စွမ်းအားကြီး သိုင်းသမားများလည်း သိပ်ကျန်ခဲ့မည် မဟုတ်ချေ။ ထိုအခါ အရှေ့ဒေသကို သိမ်းပိုက်ပြီးနောက် ကာကွယ်နိုင်ပါမည်လော။

ထို့ပြင် ရန်သူဘက်က ဗျူဟာကောင်းတစ်ခု ရှိနေ၍ အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ရန်သူဘက်မှာ အချိန်မှန်၊ နေရာမှန်၊ လူမှန် ဖြစ်နေသည်။ ကျန်းရီဘက်က နိုင်နိုင်မည်လော။ အနိုင်ရရန် မည်သည်ကို အားကိုးရမည်နည်း။

ကျန်းရီသည် အခြေအနေကို နားလည်ပြီးနောက် ဗျူဟာပေါင်းစုံ သုံး၍ ရန်သူ၏ အဓိကအင်အားကို ဖြိုလိုခဲ့၏။ ယခင်တစ်ခေါက်ကကဲ့သို့ သူ ဆောင်းဥတုပုလဲကို အချိန်မရွေး သုံးနိုင်သည်။ တိုက်ပွဲအချို့ကို အနိုင်တိုက်ပြီးလျှင် စစ်တပ်က ပြန်၍ စိတ်အားတက်လာလောက်သည်။ သို့သော် ရန်သူမှာ သူတို့နှင့် ထိပ်တိုက်မတွေ့ဘဲ ပြေးနေရာ အခက်ကြုံနေရခြင်းဖြစ်သည်။

ယခု ကျန်းရီတို့သည် ရန်သူ၏ တစ်လှမ်းခြင်း မျှားခေါ်မှုကို ခံနေရ၏။ ထို့ပြင် ကျန်းရီသည် ရန်သူ၏ စစ်ရေးအစီအမံကို မသိရသေးပေ။ သူ ဦးနှောက်ပေါက်မတတ် စဉ်းစားလျှင်ပင် မည်သို့မှ တတ်နိုင်မည် မဟုတ်ချေ။

‘မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်ဘူး’

ကျန်းရီ စိတ်ဆုံးဖြတ်လိုက်ပြီး စစ်တပ်တစ်တပ်လုံးကို နေရာမှာပင် စခန်းချထားပြီး ရှေ့ဆက်မချီသေးရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို ထောက်လှမ်းရန် ထောက်လှမ်းရေးများ ထပ်မံ စေလွှတ်လိုက်လေသည်။

အစီအစဉ်ကောင်းကောင်း၊ ဗျူဟာကောင်းကောင်းမရှိလျှင်၊ ရန်သူ၏ အခြေအနေနှင့် အစီအမံများကို မသိရလျှင် ရှေ့ဆက်မချီရန် ကျန်းရီ ဆုံးဖြတ်လိုက်သည်။ ဤအတိုင်းသာ ရှေ့ဆက်ချီနေမည်ဆိုလျှင် ရန်သူ့ထောင်ချောက်ထဲ ပိုနက်နက် ရောက်သွားသည်သာ ရှိပေမည်။ ထိုအခါ ရန်သူ၏ ဝါးမျိုမှုကို ခံရပေလိမ့်မည်။

“ကောင်းကင်ဂဠုန်ဘုရင်...”

ကျန်းရီသည် စစ်ရထားလုံးထဲတွင် နှစ်နာရီကြာအောင် တွေးတောနေပြီးနောက် ရုတ်တရက် အော်ခေါ်လိုက်၏။ ကောင်းကင်ဂဠုန်ဘုရင်က အောက်ဘက်မှနေ၍ ချက်ချင်း ပျံတက်လာသည်။ ကျန်းရီက သဲစားပွဲပေါ်မှ နေရာအချို့ကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။

“ဘာပဲရင်းရရင်းရ ဒီနေရာတွေဆီ ထောက်လှမ်းရေးတွေ ရအောင်ပို့ပါ။ ပြီးရင် ကျွန်တော့်ကို သတင်းပြန်ပေးပါ”

“အာ...”

ကောင်းကင်ဂဠုန်ဘုရင် မျက်နှာပျက်သွား၏။ ကျန်းရီ ညွှန်ပြသော နေရာများမှာ ကော့ချန်နယ်မြေ၊ နဂါးတောင်ကြားနှင့် ကောင်းကင်ကြွက်နယ်မြေတို့ ဖြစ်သည်။ ထိုသုံးနေရာမှာ ရန်သူ၏ နောက်တန်းပင်။ သူသာ ထိုနေရာများသို့ ထောက်လှမ်းရေးများ အတင်းစေလွှတ်မည်ဆိုလျှင် ထောက်လှမ်းရေးများကို သွားသေခိုင်းသည်နှင့် တူနေပေလိမ့်မည်။ သတင်းလည်း ပြန်ရနိုင်လိမ့်မည် မဟုတ်ပေ။

“နားလည်ပါပြီ”

သို့သော် ကျန်းရီက အမိန့်ပေးလိုက်ပြီဖြစ်၍ ကောင်းကင်ဂဠုန်ဘုရင် ရအောင် လုပ်ဆောင်ရပေ‌တော့မည်။ အခြားမည်သို့ ပြောနိုင်ပါဦးမည်နည်း။ သူ အံကြိတ်၍ ပျံဆင်းသွားလိုက်ပြီး ပြင်ဆင်စရာရှိသည်များ စတင်ပြင်ဆင်လိုက်‌တော့သည်။

“ကန်းဟန့်ဘုရင်...”

ကျန်းရီသည် နောက်ထပ်နှစ်နာရီ တွေးတောပြီးနောက် ကန်းဟန့်ဘုရင်ကိုခေါ်ကာ တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ အစာသွားစုဆောင်းရန် ခိုင်းလိုက်၏။ ကျန်းရီက ရေရှည်စစ်ပွဲကို နွှဲရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ကန်းဟန့်ဘုရင်ကို တာဝန်ပေးပြီးနောက် ကြမ်းကြုတ်နဂါးဘုရင်ကို ထပ်ခေါ်၏။

“ကြမ်းကြုတ်နဂါးဘုရင် ဒီကို တက်ခဲ့ပါ”

ကြမ်းကြုတ်နဂါးဘုရင်က ချက်ချင်း ပျံတက်လာ၏။ ကျန်းရီသည် သဲစားပွဲပေါ်မှ ကောင်းကင်ဂဠုန်နယ်မြေကို ညွှန်ပြ၍ ပြောလိုက်သည်။

“ကျွန်တော့်မှာ လေဟာနယ်နတ်ဘုရားအသုံးအဆောင် ရှိတယ်။ ခင်ဗျား အဲ့ဒါကို သန့်စင်ပြီးရင် တပ်သားတစ်သန်းကိုခေါ်ပြီး ကျတ်တီးမြေကို လျှို့ဝှက်ပြန်ပါ။ အဲ့ကိုရောက်ရင် အဲ့က သာမန်မျိုးနွယ်ဝင်တွေကို အသုံးအဆောင်ထဲထည့်ခေါ်ပြီး ကောင်းကင်ဂဠုန်နယ်မြေထဲ ရွှေ့ပြောင်းပေးလိုက်။ ခင်ဗျား အဲ့ဒါကို မြန်မြန်နဲ့ လျှို့လျှို့ဝှက်ဝှက် လုပ်ရမယ်။ ပြီးတော့ ကောင်းကင်ဂဠုန်ဘုရင်ကို ကောင်းကင်ဂဠုန်နယ်မြေနားက တောင်တွေဆီ ထောက်လှမ်းရေးတွေ စေလွှတ်ခိုင်းလိုက်ပါ။ လမ်းကြောင်းက လုံခြုံဖို့လိုတယ်”

“အဲ့ဒါက...”

ကြမ်းကြုတ်နဂါးဘုရင် နားမလည်နိုင်ဘဲ မျက်တောင်ပတ်ခတ်လိုက်၏။ ယခု သူတို့ဘက်က အသာစီးမရထားပေ။ သူတို့ သာမန်မျိုးနွယ်ဝင်အားလုံးကို ရွှေ့ပြောင်းလိုက်လျှင် ကိုယ့်အတွက်ကိုယ် ဝန်ထုပ်ဝန်ပိုး ယူသလို ဖြစ်မသွားနိုင်သလော။ ထိုမျိုးနွယ်ဝင်များကို ကာကွယ်ရန်အတွက် သူတို့၏စစ်တပ်ကို ခွဲပေးရပေလိမ့်မည်။ ထိုအခါ ရန်သူက သူတို့ကို အလွယ်တကူ ရှင်းပစ်နိုင်လောက်လေသည်။

သို့သော် ကျန်းရီက အမိန့်ပေးလိုက်ပြီဖြစ်ရာ ကြမ်းကြုတ်နဂါးဘုရင် ဆောင်းဥတုပုလဲကို သန့်စင်ရတော့သည်။ ထို့နောက် တပ်သားတစ်သန်းကို လျှို့ဝှက်စုစည်း၍ ကျတ်တီးမြေသို့ လျင်မြန်စွာ ပြန်သွားရလေသည်။

“တပ်ချီမယ်... နဂါးဝါတောင်ထိပ်ကို သွားကြမယ်”

ကြမ်းကြုတ်နဂါးဘုရင် ထွက်သွားပြီးနောက် ကျန်းရီသည် ကောင်းကင်ဂဠုန်ဘုရင်၏ ထောက်လှမ်းရေးများ သတင်းပို့လာမည်ကို မစောင့်တော့ဘဲ စစ်တပ်ကို အနောက်ဘက်သို့ ဆက်ချီခိုင်းလိုက်၏။ ထိုအခိုက်တွင် ကန်းဟန့်ဘုရင်က တပ်ဖွဲ့တစ်ဖွဲ့နှင့်အတူ အစာသွားရှာနေပြီး ပြန်ရောက်မလာသေးပေ။ ထို့ကြောင့် လီရှန်းအာတစ်ယောက် နားမလည်နိုင်ဖြစ်ကာ မေးလိုက်သည်။

“သခင်... ကျွန်မတို့ ကန်းဟန့်ဘုရင် ပြန်လာတာကို မစောင့်တော့ဘူးလား”

“မစောင့်တော့ဘူး”

ကျန်းရီ၏ မျက်ဝန်းများက အလွန်ပြတ်သားနေသည်။ သူ၏ ကုပ်နေသော မျက်ခုံးများလည်း ပြေလျော့သွားပြီဖြစ်သည်။ ဤအခြေအနေမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းတစ်ခုကို သူ ရှာတွေ့ထားပေပြီ။ ထိုနည်းလမ်းမှာ မပြီးပြည့်စုံပါ။ သို့သော် သူတို့ အနိုင်ရနိုင်ခြေကို သိသိသာသာ တိုးမြှင့်ပေးပေလိမ့်မည်။

ပြီးခဲ့သည့်အခေါက် ပြောင်းရွှေ့မှုတွင် ကျန်းရီသည် အစီအစဉ်အမျိုးမျိုးကို သုံး၍ ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့ကို ခွေးရူးမောင်းသလို မောင်းခဲ့သည်။ ထို့ကြောင့် ရန်သူကို ခွေးရူးမောင်းခြင်းမှာ မည်မျှ အကျိုးများကြောင်း သူသိသည်။ အရာအားလုံးက တွက်ချက်ထားသလို ဖြစ်လာလျှင် ခွေးရူးမောင်းခံရသည့်ဘက်မှာ အလွယ်လေး တပ်ပျက်သွားနိုင်ပေသည်။

ထို့ကြောင့် ရန်သူက သူတို့အား ခွေးရူးပြန်မောင်းသည်ကို ကျန်းရီ ခွင့်မပြုနိုင်ပေ။ သူ့အနေဖြင့် ရန်သူဘက်မှ အစီအစဉ်များကို ပျက်သွားအောင် လုပ်ရပေမည်။ သူတို့က ရန်သူကို ပြန်မောင်းနိုင်မှ ရမည်။

ရန်သူဘက်မှ ပညာရှင်က ကျန်းရီတို့ဘက်မှာ အချိန်မဖြုန်းနိုင်လောက်ဟု တွက်ဆထားသည်။ ထို့ကြောင့် ကျန်းရီသည် ထိုအချက်ကို ဖျက်လိုနေသည်။ သူတို့ ရေရှည်စစ်ပွဲကို တိုက်ရပေမည်။ ထို့ကြောင့် ကျတ်တီးမြေထဲတွင် ကျန်ခဲ့သော သာမန်မျိုးနွယ်ဝင်များကို အရှေ့ဒေသထဲ ပြန်ခေါ်ရမည်ဖြစ်သည်။ အရှေ့ဒေသထဲ၌ တောင်တန်းများစွာ ရှိရာ အစာပေါများသည်။ သာမန်မျိုးနွယ်ဝင်များကိုသာ အရှေ့ဒေသထဲ ပြန်ခေါ်နိုင်လိုက်လျှင် သူတို့ ရန်သူဘက်နှင့်အတူ နှစ်အနည်းငယ်လောက် အချိန်ဖြုန်းပစ်လိုက်နိုင်ပေသည်။

ရန်သူသည် သူတို့ဘက်မှ အခြေအနေကို စုံစမ်း၍ မရနိုင်အောင် လုပ်ထား၏။ သို့သော် ကျန်းရီမှာလည်း ရန်သူက စုံစမ်း၍ မရအောင် လုပ်ဆောင်တတ်ပေသည်။ ယခု သူ အလျင်မလိုတော့သည် မဟုတ်ပါလား။ သာမန်မျိုးနွယ်ဝင်များ အဆင်ပြေနေသ၍ တပ်သားများလည်း စိုးရိမ်ပူပန်နေစရာလိုတော့မည် မဟုတ်ချေ။

အခြားတစ်ဘက်မှာမူ မျိုးနွယ်များစွာသည် အရှေ့ဒေသ မဟာမိတ်စစ်တပ်ထဲ ဝင်၍ အတူတကွ စုဝေးကာ ကျန်းရီတို့ဘက်က ထောင်ချောက်ထဲ ဝင်လာမည့်အချိန်ကို စောင့်နေကြသည်။ သို့သော် ကျန်းရီတို့က ထောင်ချောက်ထဲ ဝင်မလာလျှင် အရှေ့ဒေသ မဟာမိတ်စစ်တပ်လည်း အတန်ငယ် စိတ်အားလျော့လာလောက်ပေသည်။

ထိုမျိုးနွယ်များစွာ၏ကြားတွင် နက်ရှိုင်းသော သွေးကြွေးများ ရှိကြသည်။ အစတွင် ကော့ချန်ဘုရင်နှင့် မိစ္ဆာအရှင်သုံးပါးတို့၏ တမန်တော်များက သူတို့ကို ဖိနှိပ်ကောင်း ဖိနှိပ်နိုင်လောက်ပါ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သေချာပေါက် အချင်းချင်းကြားတွင် ပွတ်တိုက်မှုများ ရှိလာပေလိမ့်မည်။ အချိန်တစ်ခုရောက်လျှင် စစ်တပ်တွင် တပ်တွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်။ ထိုအခါ မဟာမိတ်စစ်တပ်မှာ သူ့အလိုလို ပြိုလဲသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ ကျန်းရီတို့ဘက်က ကျတ်တီးမြေမှ သာမန်မျိုးနွယ်ဝင်များကို အရှေ့ဒေသထဲ ခေါ်နိုင်လိုက်လျှင် အချိန်ဆွဲသော ကစားပွဲ၌ မစောင့်နိုင်သူမှာ အ‌ရှေ့ဒေသ မဟာမိတ်စစ်တပ် ဖြစ်သွားပေလိမ့်မည်။

ကျန်းရီက စစ်တပ်ကို ဆက်ချီရန် အမိန့်ပေးလိုက်ခြင်းမှာ ရန်သူဘက်က သံသယမဝင်စေရန် ဖြစ်သည်။ ကြမ်းကြုတ်နဂါးဘုရင်တို့ ကျတ်တီးမြေထဲမှ သာမန်မျိုးနွယ်ဝင်များအား သွားခေါ်သည့်ကိစ္စမှာ ပေါက်ကြားသွား၍ မဖြစ်ပေ။

စစ်တပ်သည် နဂါးဝါတောင်သို့ ချီနေသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် အင်အားသောင်းဂဏန်းပါသည့် တပ်ဖွဲ့ငယ်လေးများကို မိုင်တစ်သန်းပတ်လည်အတွင်း စတင်လှည့်ပတ်စေလိုက်သည်။ သူတို့သည် ရန်သူ၏ လျှို့ဝှက်ထောက်လှမ်းရေးများကို ရှင်းကာ ရန်သူ့ဘက်မှ ပညာရှင်ကို ကောက်ချက်ချလွဲအောင် လုပ်ရမည်ဖြစ်သည်။

ကျန်းရီသည် ထိုဗျူဟာအသေးစားလေးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလိုက်၏။ ရန်သူဘက်က ထိုဗျူဟာကို အချိန်တိုအတွင်း ဖောက်မြင်နိုင်လိမ့်မည် မဟုတ်ကြောင်း ကျန်းရီ ယုံကြည်ပေသည်။

အချိန်တစ်ခုအထိ နဂါးဝါတောင်တစ်ဝိုက်တွင် တပ်သားများ ပြည့်နှက်သွား၏။ အနီးရှိ လျှို့ဝှက်ထောက်လှမ်းရေးများလည်း အရှင်းခံရသည်။ သို့သော် အရှေ့ဒေသ မဟာမိတ်စစ်တပ်သည် ကျန်းရီက မည်သည်ကိုလုပ်ရန်ကြံနေကြောင်းကို မသိကြပါပေ။

“လုံအောင်း... ခင်ဗျားက တပ်သားတစ်သန်းကို ဦး‌ဆောင်ပြီး နဂါးဝါတောင်မှာရှိတဲ့ ရန်သူတစ်သန်းခွဲကို သွားရှင်းပါ”

“ကန်းဟန့်ဘုရင်.. ခင်ဗျားကလည်း တပ်သားတစ်သန်းကို ဦးဆောင်ပြီး ဘယ်ဘက်ခြမ်းကို ထိန်းထားပါ”

“ကောင်းကင်ဂဠုန်ဘုရင်ကတော့ တပ်သားတစ်သန်းနဲ့ ညာဘက်ခြမ်းကို ထိန်းပါ”

“တကယ်လို့ ရန်သူက ထွက်ပြေးတယ်ဆိုရင် ကန်းဟန့်ဘုရင်နဲ့ ကောင်းကင်ဂဠုန်တို့က ချက်ချင်း နှစ်ဘက်ညှပ်ပြီး ရန်သူကို ပိတ်ဆို့ပါ။ ဒီတစ်ခေါက် ခင်ဗျားတို့ ရန်သူတစ်သန်းခွဲလုံးကို အပြတ်ရှင်းရမယ်”

နဂါးဝါတောင်ခြေသို့ ရောက်သောအခါ ကျန်းရီသည် ကြမ်းကြုတ်နဂါးမျိုးနွယ်၏ ဒုတိယအကြီးအကဲလုံအောင်း၊ အစာသွားရှာရာမှ ပြန်ရောက်နေပြီဖြစ်သော ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကို တာဝန်များပေးလိုက်၏။ ဤတစ်ကြိမ်တွင် သူ တိုက်ပွဲကို သွားစူးစမ်းတော့မည် မဟုတ်ပေ။ ထိုတပ်သားတစ်သန်းခွဲမှာလည်း ငါးစာသာ ဖြစ်သည်ဟု သူ အခိုင်အမာယုံကြည်သည်။ အကယ်၍ အနီးတွင် အလစ်တိုက်ရန် စောင့်နေသူများ ရှိလျှင်ပင် သူတို့မှာ ထွက်ပြေးသည့် တပ်ကို ထောက်ကူပေးရန်သာ ဖြစ်ပေလိမ့်မည်။

သို့ဖြစ်ရာ ကျန်းရီအနေဖြင့် အားနာနေရန် မလိုတော့။ သူ ငါးစာကို တစ်ခုလုံး မျိုချပစ်ရပေမည်။ ရန်သူက သူ့ကို ထောင်ချောက်ထဲ မျှားခေါ်လိုနေလျှင်လည်း သူ သူတို့စိတ်ကြိုက် ကစားပေးနိုင်သည်။ ငါးစာတစ်ခုလုံးကို ဆုံးရှုံးလိုက်ရပြီး ငါးမရလိုက်လျှင် ရန်သူ၏ရင်ထဲ အတန်ငယ်တော့ နင်သွားနိုင်သည် မဟုတ်ပါလား။

***

All Chapters