← Chapters

ဖုန့်နီ

Vol. 128 Ch. 1780

ဖုန့်နီ

Vol. 128 Ch. 1780

ကော့ချန်မြို့...

ဤတစ်ခေါက်တွင် အရှေ့ဒေသ မဟာမိတ်စစ်တပ်၏ ဌာနချုပ်မှာ ကော့ချန်မြို့တွင်ဖြစ်သည်။ မိစ္ဆာအရှင်သုံးပါး၏ တမန်တော်များလည်း ဤနေရာတွင် ရှိနေကြသည်။ အရှေ့ဒေသ မဟာမိတ်စစ်တပ်၏ ပင်မအင်အားများမှာလည်း အနီးတွင် ရှိနေသည်။ သို့သော် သူတို့အားလုံးက တောင်ကြားထဲရှိ မြူခိုးဖြူများကဲ့သို့ ဆန်းကြယ်သော ရတနာတစ်ခုထဲတွင် ပုန်းအောင်းနေကြပေသည်။

ဤတစ်ခေါက်တွင် အရှေ့ဒေသ မဟာမိတ်စစ်တပ်က သေချာ ပြင်ဆင်ထားခဲ့သည်။ ယင်းမှာ ကော့ချန်ဘုရင်၏ စွမ်းဆောင်မှု၊ ကျန်းရီတို့ဘက်မှ ဖိအားပေးမှုနှင့် မိစ္ဆာအရှင်သုံးပါးတို့၏ တမန်တော်များကြောင့်လည်းပါသည်။

အရေးအကြီးဆုံးမှာ ဤနေရာသို့ ပညာရှင်အသစ်တစ်ယောက် ရောက်လာခဲ့ခြင်းပင်။ ထို့ကြောင့် အရှေ့ဒေသ မဟာမိတ်စစ်တပ်၏ ခေါင်းဆောင်မှာ ရွေးချယ်စရာမရှိတော့ဘဲ လက်အောက်ခံခဲ့ရသည်။ ထိုပညာရှင်မှာ ထျန်းဖုန့်ဧကရာဇ်၏ တမန်တော်အသစ်ပင်။ ထိုပညာရှင် ရောက်လာပြီးနောက် အခြားမိစ္ဆာအရှင်နှစ်ပါး၏ တမန်တော်များသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ၎င်းကို ခေါင်းဆောင်တင်လိုက်ကြပေသည်။

ထိုပညာရှင်မှာ အလွန်ဂုဏ်သရေရှိသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် ထျန်းဖုန့်ဧကရာဇ်၏ သမီးတော်ပင်။ သူမက ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံးတွင် ကျော်ကြားပြီး ပူနီဧကရာဇ်နှင့် မီးမြေခွေးဧကရာဇ်တို့ နှစ်ပါးစလုံး၏ ချစ်ခင်လေးစားမှုကို ခံရပေသည်။

သူမ၏အမည်မှာ ဖုန့်နီပင်။

လက်ရှိတွင် ကော့ချန်မြို့ထဲရှိ ခမ်းနာသော ခန်းမတစ်ခုထဲ၌ ကော့ချန်ဘုရင်နှင့် အခြားမိစ္ဆာအရှင်နှစ်ပါး၏ တမန်တော်များ ထိုင်နေကြ၏။ ယခင်တွင် ပူနီဧကရာဇ်၏ တမန်တော်က ကြမ်းကြုတ်နဂါးဘုရင်၏ အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်မှုကို ခံလိုက်ရသည်။ ဤတစ်ခေါက်တွင် သူ တမန်တော်အသစ်တစ်ယောက် စေလွှတ်ခဲ့သည်။ ထိုတမန်တော်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိပေသည်။ မီးမြေခွေးဧကရာဇ်ကလည်း မီးမြေခွေးမျိုးနွယ်၏ အကြီးအကဲတစ်ယောက်ကို စေလွှတ်လိုက်သည်။

စားပွဲထိပ်ဆုံးတွင်မူ ငယ်ရွယ်သော မိန်းမပျိုတစ်ယောက် ထိုင်နေ၏။ သူမတွင် လှပသော ငွေရောင်ဆံနွယ်များ ရှိသည်။ သူမထံ၌ စွမ်းအားကြီး အရှိန်အဝါ မရှိသော်လည်း ကော့ချန်ဘုရင်နှင့် အခြားတမန်တော်နှစ်ယောက်တို့သည် သူမကို အထင်မသေးဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ထျန်းဖုန့်ဧကရာဇ်၏ သမီးတော် ဖုန့်နီမှာ လွန်ခဲ့သော သုံးနှစ်ကတည်းက ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ထားပြီး၍ ဖြစ်သည်။ သူမ၏ ပါရမီမှာ ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံးတွင် ထိပ်တန်းပင်။

ထျန်းဖုန့်ဧကရာဇ်က သူ၏ သမီးတော်အား စေလွှတ်လိုက်ခြင်းမှာ သူက အရှေ့ဒေသ၏ အခြေအနေကို မည်မျှအလေးထားကြောင်း ပြလို၍ဖြစ်၏။ ထို့ပြင် သူ့သမီးတော်၏ အရည်အချင်းများကို ပြသနိုင်မည့် အခွင့်အရေးလည်း ဟုတ်သည် မဟုတ်ပါလား။

ထိုသမီးတော်မှာ ပါရမီထူးသည့်အပြင် ဉာဏ်ရည်လည်း အလွန်ထက်သည်။ တောင်ဒေသ၌ ထျန်းဖုန့်ဧကရာဇ်ရှိနေရာ ပဋိပက္ခများ မဖြစ်ပွားပါ။ မျိုးနွယ်များကြားတွင် ပဋိပက္ခများ ဖြစ်လာလျှင်လည်း ထျန်းဖုန့်ဧကရာဇ်က တမန်တော် စေလွှတ်၍ ဖျန်ဖြေနိုင်ခဲ့သည်ချည်းသာ။

ထို့ကြောင့် အပြင်မှ သူစိမ်းများသည် မင်းသမီးဖုန့်နီ၏ ဉာဏ်ရည်ကို မသိခဲ့ကြချေ။ လွန်ခဲ့သော ငါးနှစ်က အနောက်ဒေသနှင့် တောင်ဒေသရှိ မျိုးနွယ်ကြီးတစ်ခုကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ခဲ့သည်။ ထိုစဉ်က ဖုန့်နီသည် သူမ၏ အံ့အားသင့်ဖွယ် ဗျူဟာနှင့် ဉာဏ်ရည်ကို ထုတ်ပြခဲ့ပေသည်။

ဖုန့်နီသည် ထိုမျိုးနွယ်ကြီးသို့ တစ်ယောက်တည်းသွား၍ ထိုသို့ရောက်လျှင် စစ်တပ်ကို ခေါ်ကာ အနောက်ဒေသထဲ ဆက်ဝင်သွားခဲ့သည်။ တပ်သားတစ်သန်းတည်းနှင့်ပင် သူမသည် အနောက်ဒေသမှ သန်းချီသော တပ်သားများကို ရှင်းပစ်နိုင်ခဲ့သည်။ ပြန်မဆုတ်ခင်တွင်လည်း မျိုးနွယ်ကြီးအချို့ကို ရှင်းပစ်ခဲ့သေးသည်။

ထိုတိုက်ပွဲပြီးနောက် ဖုန့်နီသည် ဘုံတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး အနောက်ဒေသကို မျက်နှာပျက်သွားစေပေသည်။ မီးမြေခွေးဧကရာဇ်သည် သူက ထျန်းဖုန့်ဧကရာဇ်ထံတွင် ရှုံးနိမ့်ရပြီဟုတွေးကာ သူ၏အတော်ဆုံး ဗျူဟာပညာရှင်များကို စေလွှတ်၍ တောင်ဒေသထဲ စစ်ချီစေခဲ့၏။

နောက်ဆုံးတွင် တပ်သားငါးသန်းစလုံး ပြန်မလာနိုင်ခဲ့ပေ။ ဖုန့်နီက တပ်သားနှစ်သန်းကိုသာ သုံးခဲ့သည်။ သူမသည် တပ်သားနှစ်သန်းတည်းနှင့် တပ်သားငါးသန်းကို ရှင်းပစ်ခဲ့သည့်အပြင် မီးမြေခွေးဧကရာဇ်၏ သားတော်ကိုလည်း ဖမ်းကာ သူ့အား မီးမြေခွေးမြို့သို့ ကိုယ်တိုင်လိုက်ပိုခဲ့၏။ မီးမြေခွေးဧကရာဇ်သည် ဒေါသထွက်လွန်းသဖြင့် သူ့သားတော်ကို နေရာမှာပင် သတ်ပစ်လုနီးပါး ဖြစ်ခဲ့သည်။

ယင်းကိစ္စမှာ ထိုမျှနှင့် မပြီးသေးပါ။

ပူနီဧကရာဇ်၏ သားတော်များသည် ထိုအကြောင်းကို ကြားသောအခါ ရင်ထဲတွင် ယားကျိကျိ ဖြစ်လာကြသည်။ ပုံမှန်အခြေအနေတွင် သူတို့သည် သူတို့၏အရည်အချင်းများကို ပြသခွင့် မရကြပေ။ ထိုတစ်ကြိမ်တွင်မူ မိစ္ဆာအရှင်သုံးပါး၏ ဘုံသဘောတူညီမှုကြောင့် တိုက်ပွဲအသေးစားလေးတစ်ပွဲကို တိုက်ခွင့်ရှိနေသည်။ အနောက်ဒေသ၊ တောင်ဒေသနှင့် မြောက်ဒေသတို့အတွက် တပ်သားသန်းအနည်းငယ် ဆုံးရှုံးရခြင်းမှာ မပြောပလောက်သည် မဟုတ်ပါလား။

ချက်ချင်းပင် ပူနီဧကရာဇ်၏ သားတော်နှစ်ပါးသည် တပ်သားသန်းအနည်းငယ်ကို ဦးဆောင်၍ အနောက်ဒေသထဲ ဝင်ကာ မီးမြေခွေးဧကရာဇ်ဘက်မှ မင်းသမီးတစ်ပါးနှင့် ပူးပေါင်း၍ ဖုန့်နီကို ရင်ဆိုင်ခဲ့ကြ၏။

စစ်တပ်သုံးတပ်တွင် စုစုပေါင်း တပ်သားရှစ်သန်းရှိသည်။ ဖုန့်နီကမူ တပ်သားလေးသန်းကိုသာ စုစည်း၍ ထိုစစ်တပ်သုံးတပ်ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် သူမသည် မင်းသားနှစ်ပါးနှင့် မင်းသမီးတို့ကို ဖမ်းကာ မီးမြေခွေးမြို့သို့ ပြန်ပို့ခဲ့လေသည်။

ထိုတိုက်ပွဲပြီးနောက် ဖုန့်နီ၏အမည်က ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံးတွင် ကျော်ကြားသွားခဲ့၏။ သူမသည် မင်သားများစွာ၏ ရင်ထဲမှ နတ်မိမယ်လေး ဖြစ်လာခဲ့သည်။ သို့သော် ဖုန့်နီသည် ထိုတိုက်ပွဲပြီးသည်နှင့် ထျန်းဖုန့်မြို့သို့ ပြန်သွားခဲ့ပြီး ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူမက အခြားမျိုးနွယ်များရှေ့တွင် ထပ်မံထွက်ပေါ်မလာတော့ရာ မိစ္ဆာများသည် သူမအကြောင်းကို မေ့လျော့လာခဲ့ပေသည်။

ဤတစ်ခေါက်တွင် ဖုန့်နီသည် ရုတ်တရက် ထွက်လာပြီး အရှေ့ဒေသသို့ လျှို့ဝှက်၍ လာခဲ့၏။ ကော့ချန်ဘုရင်သည် သူ၏ကယ်တင်ရှင်ကို တွေ့လိုက်သောအခါ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူ ချက်ချင်းပင် ကော့ချန်မျိုးနွယ်၏ စစ်တပ်ကို ဖုန့်နီထံ ထိုးအပ်ခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ဝက်က လှပသော တိုက်ပွဲတစ်ပွဲ ဖြစ်လာခဲ့ခြင်းပင်။

ဖုန့်နီသည် ကော့ချန်ဘုရင်အား အခြားမိစ္ဆာအရှင်နှစ်ပါး၏ တမန်တော်များနှင့် အရှေ့ဒေသထဲရှိ မျိုးနွယ်အသီးသီး၏ မျိုးနွယ်ဘုရင်များကို စုဝေးပေးရန် ခိုင်းခဲ့၏။ သူမ၏ အဆင့်အတန်းနှင့်ဆိုလျှင် သူမသည် အရှေ့ဒေသ၏ အင်အားစုအားလုံးကို စုစည်းနိုင်ပေသည်။

စုစည်းမှု လုပ်ငန်းစဉ်အတွင်း ဖုန့်နီ၏ နည်းလမ်းများက ကော့ချန်ဘုရင်ကို လေးစားစေခဲ့၏။ သူသည်လည်း အရှေ့ဒေသကို စုစည်းနိုင်သော်ငြား ဖုန့်နီ၏ စုစည်းမှုလောက် လွယ်ကူရိုးရှင်းလိမ့်မည် မဟုတ်ချေ။ မျိုးနွယ်အသီးသီးက သွေးကြွေးများ ရှိနေကြ၍ သိပ်မညီညွတ်ကြသည် မဟုတ်ပါလား။

ဤတစ်ခေါက်တွင် မျိုးနွယ်အသီးသီး၏ စစ်တပ်များကို စုစည်းခဲ့သည်။ သို့သော် နှစ်ဝက်မျှကြာပြီးနောက်တွင်ပင် မည်သည့်အတွင်းရေးပဋိပက္ခမှ ဖြစ်မလာသေးပေ။ ထိုတစ်ချက်တည်းနှင့်ပင် ဖုန့်နီ၏ အစွမ်းအစကို သိနိုင်ပေသည်။

ထို့ကြောင့် ကော့ချန်ဘုရင်သည် ဖုန့်နီကို ပို၍ပင် လေးစားလာသည်။ နောင်တွင် သူ အရှေ့ဒေသ၏ ဧကရာဇ် ဖြစ်နိုင်၊ မဖြစ်နိုင်မှာ ထိုမင်းသမီးလေးအပေါ် မူတည်နေပေသည်။

“တင်ပြပါတယ်...”

အပြင်ဘက်မှနေ၍ တင်ပြချက်တစ်ခု ရောက်လာ၏။ ကော့ချန်ဘုရင်သည် သူ့အတွေးများကို ပြန်စုစည်းလိုက်ပြီး မင်းသမီးကို လက်ဆုပ်ပြပြီးမှ အပြင်ထွက်သွားလိုက်၏။ ခေတ္တနေပြီးနောက် သူ မျက်နှာထားတည်တည်နှင့် ပြန်လျှောက်ဝင်လာသည်။ ထို့နောက် ခန်းမနံရံတွင် ချိတ်ဆွဲထားသော မြေပုံကြီးတစ်ချပ်ကို ညွှန်ပြ၍ ပြောလိုက်သည်။

“မင်းသမီး၊ တမန်တော်တို့... နဂါးဝါတောင်က တပ်ကို ရန်သူက ဝါးမျိုသွားပါပြီ။ ဒီတစ်ခေါက် သူတို့ဘက်က တပ်သားသုံးသန်း သုံးခဲ့ပါတယ်။ ကျုပ်တို့ရဲ့ ချုံခိုတပ်ကလည်း ဝင်မကူနိုင်ဘဲ ဆုတ်ခဲ့ရပါတယ်...”

“ပြီးတော့ ကျုပ်တို့ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးတစ်ဝက်လောက်လည်း ရှင်းပစ်ခံရပါတယ်။ အရှင်ကျိုးက တပ်သားတစ်သန်း စေလွှတ်ပြီး အဲ့တပ်သားတွေကို အဖွဲ့ထောင်ချီ ပြန်ခွဲစေခဲ့ပါတယ်။ အခု နေရာအနှံ့မှာ တပ်ဖွဲ့လေးတွေ ရှိနေပါပြီ။ ကျုပ်တို့ သူတို့ရဲ့ ပင်မတပ်က ဘယ်မှာရှိနေမလဲဆိုတာကို မသိနိုင်တော့ပါဘူး”

ဖုန့်နီသည် လက်ဖက်ရည်ခွက်ကို ကိုင်၍ အေးအေးလူလူ သောက်လိုက်၏။ သူမ ခေါင်းပင်မော့မကြည့်သလို မျက်တောင်မွေးများလည်း တုန်မသွားချေ။ သူမက မည်သည့်စကားကိုမှ မကြားလိုက်သကဲ့သို့ပင်။

အခြားတမန်တော်နှစ်ယောက်ကမူ အတန်ငယ် မျက်နှာပျက်သွားသည်။ သူတို့သည် မြေပုံကို တစ်ခဏမျှ ငေးကြည့်နေလိုက်ကြသည်။ ထို့နောက် မီးမြေခွေးဧကရာဇ်၏ တမန်တော်က ပြောလိုက်၏။

“မင်းသမီးနီ.. သူတို့က ဘာလှည့်ကွက်တွေ သုံးနေတာလဲ။ ဘာလို့ ရုတ်တရက်ကြီး ကျုပ်တို့ရဲ့ ငါးစားကို ဟပ်လိုက်ရတာလဲ။ သူတို့က ကျုပ်တို့ အလစ်ဝင်တိုက်မှာကို မကြောက်ဘူးလား။ အခု ကျုပ်တို့ ဘာလုပ်ကြမလဲ။ ဆက်ပြီး ငါးစာပစ်ရမလား”

ပူနီဧကရာဇ်၏ တမန်တော်ထံတွင် မုတ်ဆိတ်ရှည်များ ရှိ၏။ သူသည် မုတ်ဆိတ်ကို သပ်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“တစ်ကြိမ်ကို သိန်းချီ... ကျုပ်တို့ ငါးစာဆက်ပစ်နေရင် သူတို့ရဲ့စစ်တပ်က ကျုပ်တို့ အလစ်ဝင်တိုက်မဲ့နေရာကို ရောက်ရင် ကျုပ်တို့ဘက်မှာ တပ်သားအများကြီး မကျန်တော့မှာကို စိုးရတယ်။ အဲ့ကျရင် ကျုပ်တို့ ဘယ်လို တိုက်မလဲ”

မိစ္ဆာအရှင်သုံးပါးသည် အရှေ့ဒေသ၏ အတွင်းရေးကိစ္စများထဲတွင် ပေါ်ပေါ်ထင်ထင် ဝင်မပါနိုင်ပေ။ ထို့ကြောင့် သူတို့သည် စစ်ပွဲအတွက် တပ်သားများ စေလွှတ်မပေးနိုင်ပါ။ အကယ်၍ အရှေ့ဒေသရှိ တပ်သားအားလုံး ကျဆုံးသွားလျှင် ဖုန့်နီထံ၌ ပြောင်မြောက်သော ဗျူဟာတစ်ခု ရှိနေလျှင်ပင် ထိုဗျူဟာကို အကောင်အထည်ဖော်ရန် တပ်သားရှိတော့မည် မဟုတ်ပေ။ အကယ်၍ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကသာ အရှေ့ဒေသကို ထိန်းချုပ်နိုင်သွားလျှင် မိစ္ဆာအရှင်သုံးပါး၏ အင်အားစုသုံးစုသည် ရွေးချယ်စရာ မရှိတော့ဘဲ အရှေ့ဒေသထဲမှ ထွက်သွားရမည်ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ...”

နောက်ဆုံးတွင် ဖုန့်နီ စကားပြောလာ၏။ သူမ၏ ရှည်လျားကော့ညွတ်သော မျက်တောင်လေးများက အတန်ငယ် လှုပ်ရှားသွားပြီး လှပသော မျက်ဝန်းလေးတစ်စုံကို လှစ်ဟပြလိုက်၏။ သူမ နှုတ်ခမ်းစွန်းကို တွန့်၍ ပြုံးကာ ကော့ချန်ဘုရင်အား တီးတိုးပြောလိုက်သည်။

“အရှေ့ဒေသထဲမှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ အဲ့အရှင်ကျိုးက တကယ်စွမ်းတာပဲ။ သူက ဒီအတိုင်း အရှုံးခံမှာတော့ မဟုတ်ဘူး။ အခု သူက ကျွန်မတို့ရဲ့ ဗျူဟာကို ဖောက်မြင်သွားပြီ။ ကျွန်မမှန်းတာသာ မမှားဘူးဆိုရင် သူ ကျတ်တီးမြေမှာကျန်ခဲ့တဲ့ သာမန်မျိုးနွယ်ဝင်တွေကို အရှေ့ဒေသထဲ ပြောင်းရွှေ့ဖို့ လုပ်လိမ့်မယ်။ သူက ကျွန်မတို့နဲ့ ရေရှည်စစ်ပွဲကို နွှဲဖို့ အသင့်ပြင်နေလောက်ပြီ”

***

All Chapters