← Chapters

လှည့်စားခံလိုက်ရပြီ

Vol. 128 Ch. 1781

လှည့်စားခံလိုက်ရပြီ

Vol. 128 Ch. 1781

“ကျုပ်တို့ ဗျူဟာကို သိသွားပြီလား”

ကော့ချန်ဘုရင်နှင့် အခြားတမန်တော်နှစ်ယောက်တို့ မျက်မှောင်ကြုတ်သွားကြ၏။ သူတို့သည် ထိုထောင်ချောက်ကို ဆင်ရန် အချိန်များစွာ ပေးခဲ့ရပြီး များစွာအားစိုက်ထုတ်ခဲ့ရသည်။ ကျန်းရီက ၎င်းဗျူဟာကို ဤမျှမြန်မြန် သိသွားလျှင် ဤစစ်ပွဲကို တိုက်ခြင်းတွင် မည်သည့်အဓိပ္ပာယ်ရှိပါတော့မည်နည်း။

အရှေ့ဒေသ၏ မျိုးနွယ်တစ်သောင်းသည် ဖုန့်နီ၏ ဂုဏ်ရှိန်ဂုဏ်ဝါအောက်တွင် ယာယီ စည်းလုံးနေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သေချာပေါက် အတွင်းရေးပဋိပက္ခများ ဖြစ်လာမည်သာ။ ယင်းမှာ မည်သူမှ မထိန်းချုပ်နိုင်သောအရာပင်။

အရှေ့ဒေသထဲရှိ မျိုးနွယ်တစ်သောင်းမှာ အင်အားစုသုံးစု ကွဲနေသည်။ သူတို့က အတော်ကြာအောင်လည်း တိုက်ခိုက်ခဲ့ဖူး၍ ရင်ထဲတွင် ရန်ငြိုးများ ရှိနေကြသည်။ ထို့ကြောင့် အတွင်းရေးပဋိပက္ခတစ်ခု ဖြစ်လာသည်နှင့် ကျန်းရီအနေဖြင့် သူတို့ကိုရှင်းရန် တပ်သားများ စေလွှတ်ရန်ပင် လိုတော့မည် မဟုတ်ချေ။

“မင်းသမီး..ဒါ... ဒါက...”

ကော့ချန်ဘုရင်၏ ပါးစပ်မှာ အတန်ငယ် ရွဲ့လာ၏။ သူသည် ထိုအရှင်ကျိုးကို ကျောစိမ့်အောင် ကြောက်ပေသည်။ သူတို့ ဤစစ်ပွဲရှုံးလျှင် ကော့ချန်မျိုးနွယ်လည်း မျိုးပြုတ်သွားမည်ဖြစ်သည်။

“ဟင်းဟင်း...”

ဖုန့်နီ၏ မျက်ဝန်းလေးများက တောက်ပစွာ လင်းလက်လာ၏။ သူမ၏ အပြုံးမှာလည်း ပို၍ပေါ်လွင်လာသည်။ ထို့နောက် သူမ နူးညံ့စွာ ပြောလိုက်လေသည်။

“အားလုံးပဲ စိတ်မလှုပ်ရှားပါနဲ့။ အဲ့အရှင်ကျိုးက အရူးတစ်ယောက်ဆိုရင် ကျွန်မကိုယ်တိုင် အရှေ့ဒေသကို လာခဲ့မှာ မဟုတ်ပါဘူး။ ‌တော်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့ ရင်ဆိုင်ရတာ ပျော်ဖို့ကောင်းမှာပါ။ မဟုတ်ရင် အရမ်းပျင်းစရာကောင်းနေလိမ့်မယ်”

“ပျော်စရာကောင်းတာလား”

ကော့ချန်ဘုရင်၏ မျက်နှာထားမှာ ခါးသက်သွား၏။ ဖုန့်နီအတွက် ဤစစ်ပွဲက ပျော်စရာဖြစ်နိုင်သည်။ သူတို့ ရှုံးသွားလျှင်ပင် ထျန်းဖုန့်ဧကရာဇ်က များစွာဆုံးရှုံးသွားမည် မဟုတ်ပေ။ သို့သော် ကော့ချန်မျိုးနွယ်မှာတော့ မျိုးပြုတ်သွားပေလိမ့်မည်။

“ကော့ချန်ဘုရင်...”

ဖုန့်နီသည် ခေတ္တမျှ တွေးပြီးနောက် ဆက်ပြော၏။

“တပ်သားတွေနဲ့ နည်းနည်းလောက် သွားပျော်နေလိုက်ပါ။ ကျွန်မတို့ရဲ့ ဗျူဟာက ပေါ်သွားပြီဆိုပေမဲ့ ကြိုးစားထားတာတွေကိုတော့ အလဟဿအဖြစ် မခံနိုင်ဘူး။ ဒီတစ်‌ခေါက် ရှင် ကျွန်မအတွက် တပ်သားနှစ်သန်း ချန်ခဲ့ရမယ်”

“နှစ်သန်းလား”

ကော့ချန်ဘုရင်၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူ စိတ်မရှည်စွာ စောင့်နေခဲ့ရသည်မှာ ကြာပေပြီ။ ယခု ဖုန့်နီက အလွန်ယုံကြည်မှုရှိနေရာ သူ အခြားမည်သည်ကိုမှ မတွေးလိုတော့ပေ။

“တမန်တော်တို့...”

ဖုန့်နီသည် တမန်တော်နှစ်ယောက်ဘက် လှည့်၍ ပြုံးလိုက်၏။

“ရှင်တို့ ဒီမှာ ပျင်းနေကြပြီ မဟုတ်လား။ အဲ့ဆန်းကြယ်တဲ့အရှင်ကျိုးက တော်ပေမဲ့ အတွေ့အကြုံနုသေးတယ်။ မစိုးရိမ်ပါနဲ့... ကျွန်မ သူ့ကို အလွယ်လေး ကိုင်တွယ်နိုင်ပါတယ်”

“ကောင်းပါပြီ”

တမန်တော်နှစ်ယောက် ခါးမတ်သွားသည်။ သူတို့က အရှေ့ဒေသ၏ တပ်သားများကို ဦးဆောင်ရမည်ဖြစ်ရာ ထိုတပ်သားများ သေသေရှင်ရှင် သူတို့ မည်သို့မှ မခံစားရပေ။ ထို့ပြင် ယင်းမှာ သူတို့၏ဒေါသကို ဖြေနိုင်မည့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်သည်။

ဖုန့်နီ အမိန့်ပေးပြီးသည်နှင့် အရှေ့ဒေသ၏ မဟာမိတ်စစ်တပ် စတင်လှုပ်ရှား၏။ အရှေ့ဒေသတွင် စစ်မီးများ ပြန်တောင်လာပေပြီ။

***

“အရှင်ကျိုး... ဟိုဘက်မှာ လှုပ်ရှားမှုတွေ ရှိလာပါတယ်”

ဖုန့်နီက စတင်လှုပ်ရှားသည်နှင့် ကျန်းရီသည် သတင်းကို လျင်မြန်စွာ လက်ခံရရှိလိုက်၏။ ကောင်းကင်ဂဠုန်ဘုရင်က ကော့ချန်မြို့ထဲသို့ ထောက်လှမ်းရေးများကို ရအောင်ပို့ထားရာ လှုပ်ရှားမှုများ ရှိလာသည်နှင့် သတင်းလှမ်းပို့လိုက်ခြင်းဖြစ်သည်။

‘သူက တပ်ဖွဲ့ဆယ်ဖွဲ့ခွဲပြီး လှုပ်ရှားစေလိုက်တာလား။ တစ်ဖွဲ့မှာ တပ်သားနှစ်သန်းလား။ သူတို့က ထပ်ပြီးတော့ ထောက်လှမ်းရေးတွေကို ရှင်းပစ်ဖို့ လုပ်နေတာလား’

ကျန်းရီသည် ကောင်းကင်ဂဠုန်ဘုရင်၏ တင်ပြချက်ကို နားထောင်ပြီးနောက် အတွေးနက်သွား၏။ ရန်သူဘက်မှ တပ်သားများစွာ ရုတ်တရက် လှုပ်ရှားလာမှုမှာ မည်သည့်အဓိပ္ပာယ်နည်း။ ထို့ပြင် တစ်စည်းတစ်လုံးတည်း လှုပ်ရှားခြင်း မဟုတ်ဘဲ တပ်ဖွဲ့များခွဲ၍ လှုပ်ရှားနေခြင်းပင်။ ရန်သူက သူ့အား သူတို့ကို တစ်ဖွဲ့ခြင်း တိုက်ရအောင် အခွင့်အရေးပေးသည်လော။

ကျန်းရီသည် ရန်သူ၏ ရည်ရွယ်ချက်ကို မတွေးနိုင်သေးပေ။ လက်ရှိတွင် ကြမ်းကြုတ်နဂါးဘုရင်က ကျတ်တီးမြေထဲရှိ သာမန်မျိုးနွယ်ဝင်များကို ပြန်ခေါ်နေသည်။ ထို့ကြောင့် ကျန်းရီအနေဖြင့် နောက်ပြန်ဆုတ်၍ မရသေးချေ။ မဟုတ်လျှင် ရန်သူက သူတို့၏ ရည်ရွယ်ချက်များကို သိသွားနိုင်သည်။

“တပ်သားအားလုံး ပြန်စုမယ်၊ စခန်းချပြီးတော့ ရန်သူ ရောက်လာမှာကို စောင့်မယ်”

ကျန်းရီသည် ရွေးချယ်စရာ မရှိတော့သဖြင့် အနီးရှိ တောင်များတွင် လှည့်ပတ်နေကြသော တပ်သားများကို ပြန်စုခိုင်းလိုက်ရသည်။ မဟုတ်လျှင် သူတို့သည် ရန်သူ၏ အလွယ်တကူ ရှင်းပစ်မှုကို ခံရနိုင်သည်။ ရန်သူက လောလောဆယ်တွင် အဆုံးအဖြတ်တိုက်ပွဲကို မဆင်နွှဲဝံ့လောက်သေးကြောင်း ကျန်းရီ သိသည်။ လက်ရှိက အကောင်းဆုံးအချိန် မဟုတ်သေးသည် မဟုတ်ပါလား။ အကယ်၍ ရန်သူဘက်က အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲလိုလျှင်မူ အခြားရွေးချယ်စရာ ရှိမည် မဟုတ်ပေ။ သူတို့ သေသည်အထိသာ တိုက်ခိုက်ရပေလိမ့်မည်။

တပ်သားများ ပြန်စုဝေးလာပြီး ထောက်လှမ်းရေးများလည်း အဆက်မပြတ် သတင်းပြန်ပို့နေကြသည်။ ကျန်းရီသည် အရှေ့ဒေသ မဟာမိတ်စစ်တ်၏ လှုပ်ရှားမှုများကြောင့် လုံးဝ ခေါင်းရှုပ်နေပေသည်။

ရန်သူက တပ်ဖွဲ့ဆယ်ဖွဲ့ စေလွှတ်ခဲ့ပြီး ထိုတပ်ဖွဲ့တစ်ဖွဲ့လျှင် တပ်သားနှစ်သန်းပါသည်။ ထိုအရေအတွက်မှာ မဟာမိတ်စစ်တပ်တစ်တပ်လုံး၏ အင်အား၏ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိသည်။ ထိုတပ်ဖွဲ့ဆယ်ဖွဲ့က အရပ်မျက်နှာအနှံ့မှနေ၍ ကျန်းရီတို့ကို ဝန်းရံရန် လုပ်နေသည်။ ၎င်းတို့က တပ်သားရှစ်သန်းကို တစ်လုပ်တည်း ဝါးမျိုပစ်မည့် ဧရာမပါးစပ်ကြီးတစ်ပေါက်ကဲ့သို့ပင်။

‘ဒါက တကယ်ပဲ အဆုံးအဖြတ်တိုက်ပွဲလား။ ငါ့ဘက်ကနေ အရင်စပြီး ရန်သူရဲ့ တပ်ဖွဲ့ တစ်ဖွဲ့၊ နှစ်ဖွဲ့လောက်ကို ရှင်းပစ်ရမလား’

ကျန်းရီ၏ မျက်နှာထားက တောင်ကဲ့သို့ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ ဗလောင်ဆူနေသည်။ သူ ဆက်၍ စောင့်နေလျှင် ရန်သူတပ်ဖွဲ့များက နှစ်ရက်၊ သုံးရက်အတွင်း သူတို့ကို ဝိုင်းပြီးသွားပေလိမ့်မည်။ ထိုအခါ သူတို့ သူသေကိုယ်သေသာ တိုက်ရပေလိမ့်မည်။

လက်ရှိတွင် ရန်သူဘက်က တပ်သားများစွာ ရှိနေသော်လည်း အရပ်မျက်နှာသုံးဘက်ခွဲ၍ လာနေသည်။ သူတို့သာ တစ်ဘက်ဘက်ကို တိုက်ခိုက်လိုက်မည်ဆိုလျှင် သန်းချီသော ရန်သူတပ်သားများကို ရှင်းပစ်နိုင်လောက်သည်။

ကျန်းရီ တုံ့ဆိုင်းနေစဉ်မှာပင် သတင်းထပ်ရောက်လာပြန်၏။ ရန်သူတပ်ဖွဲ့ဆယ်ဖွဲ့စလုံးက ဤနေရာနှင့် မိုင်သန်းဆယ်ကျော်အကွာတွင် ရပ်တန့်ကာ စခန်းချထားကြသည်။

ကျန်းရီသည် ထိုသတင်းကို ကြားလိုက်သောအခါ အတော်ကြာသည်အထိ အသိပြန်မကပ်နိုင် ဖြစ်သွားရ၏။ ရန်သူဘက်မှ ပညာရှင်က အရူးတစ်ယောက် မဟုတ်လျှင် အဘယ်ကြောင့် ထိုသို့ စီမံလုပ်ဆောင်ရမည်နည်း။ သူတို့ သူ့ကို ဝိုင်းလိုလျှင် ဖောက်ထွက်နိုင်ရန် အခွင့်အရေးမပေးဘဲ အမြန်ဆုံး ဝိုင်းသင့်သည် မဟုတ်လော။ သို့သော် ယခုတွင်မူ စခန်းချလိုက်ရာ ကျန်းရီက တပ်သားသန်းအနည်းငယ်လောက်ကို ရှင်းပစ်နိုင်သွားမည် မဟုတ်လော။ ကျန်းရီတို့ကသာ တပ်ဖွဲ့တစ်ဖွဲ့ချင်းကို လိုက်တိုက်မည်ဆိုလျှင် တပ်သားမည်မျှကို ရှင်းပစ်နိုင်မည်နည်း။ ထို့ပြင် ယင်းသို့ဖြစ်လာလျှင် ရန်သူ၏ စိတ်ဓာတ်မှာလည်း ပျက်ပြားသွားပေလိမ့်ဦးမည်။ အကြိမ်အနည်းငယ် ရှုံးနိမ့်ပြီးလျှင် မဟာမိတ်စစ်တပ်လည်း ပြိုပျက်သွားမည် မဟုတ်ပါလော။

ပြဿနာမှာ...

ရန်သူဘက်မှ ပညာရှင်က အရူးတစ်ယောက် မဟုတ်ခြင်းပင်။ ထိုပညာရှင်မှာ အလွန်ဉာဏ်ကောင်းပြီး ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ယောက်ဖြစ်သည်။

ထို့ကြောင့် ကျန်းရီ အတန်ငယ် နားမလည်နိုင်ဖြစ်နေသည်။ ရန်သူ၏ ရည်ရွယ်ချက်များကို မသိရသေးသ၍ သူ အလျင်စလို မလုပ်ဆောင်ဝံ့ပေ။ ထို့ကြောင့် သူ့စစ်တပ်ကို သတိကပ်ထားရန်သာ အမိန့်ပေး၍ သတင်းအချက်အလက်များ ထောက်လှမ်းရန် ထောက်လှမ်းရေးများ ထပ်၍ စေလွှတ်ရလေသည်။

ထောက်လှမ်းရေးများ ထောက်လှမ်းနိုင်ရန် အချိန်လို၏။ ငါးကြိမ်ထောက်လှမ်းပြီးနောက် နှစ်ရက်ကုန်သွားသည်။ နောက်ဆုံးတွင် ကျန်းရီသည် အရပ်မျက်နှာတစ်ဘက်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့‌သော် သူ့ကို ခေါင်းရှုပ်သွားစေသည့် ကိစ္စတစ်ခု ဖြစ်လာပြန်၏။ သူ့စစ်တပ်ကို တစ်ရက် ချီပြီးနောက်တွင် အရှေ့မှ ထောက်လှမ်းရေးများက ရန်သူ၏တပ်မှာ လွန်ခဲ့သော နေ့တစ်ဝက်လောက်ကတည်းက ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း တင်ပြလာပေသည်။

‘အန္တရာယ်ပဲ...’

ကျန်းရီသည် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ ရန်သူဘက်မှ ပညာရှင်က အချိန်ကို အလွန်တိကျစွာ တွက်ချက်နိုင်သည်။ သူ စတင်လှုပ်ရှားသည်နှင့် ရန်သူဘက်က လှုပ်ရှားပြီးဖြစ်သည်။ ထို့ပြင် ယခုတွင် ရန်သူ၏ တပ်ဖွဲ့ဆယ်ဖွဲ့က တစ်ဘက်တည်းသို့ ချီနေသည်။ တပ်ဖွဲ့များက စတင်ပေါင်းစည်းနေပြီဖြစ်သည်။ သူ ထိုတပ်ကို သွားတိုက်မည်ဆိုပါက အဆုံးအဖြတ်တိုက်ပွဲ နွှဲရပေလိမ့်မည်။

‘ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ...’

စစ်ရထားလုံးထဲတွင် ကျန်းရီသည် သဲစားပွဲကို အကြိမ်ကြိမ်ကြည့်၍ ရန်သူတပ်ဖွဲ့ဆယ်ဖွဲ့ကို ကိုယ်စားပြုသော ကျောက်ခဲဆယ်ခဲကို နေရာပြောင်းရွှေ့နေသည်။ သူ သဲစားပွဲကို လေးနာရီကြာအောင် ငေးကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက် သူ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်လေသည်။

“ငါတော့ လှည့်စားခံလိုက်ရပြီ။ ရန်သူက အရမ်းစွမ်းလွန်းတယ်”

“အာ...”

စစ်ရထားလုံးထဲတွင် ကျန်းရီအပြင် လီရှန်းအာတစ်ယောက်သာ ရှိ၏။ သူမသည် ကျန်းရီ၏ စကားများကို ကြားသောအခါ မျက်နှာပျက်သွားပြီး စိုးရိမ်သံနှင့် မေးလိုက်၏။

“သခင် ဘာဖြစ်လို့လဲ”

“ရန်သူဘက်က ပညာရှင်က ဉာဏ်ကြီးရှင်တစ်ယောက်ပဲ”

ကျန်းရီ သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်ပြီး ခေါင်းခါ၍ ပြောလိုက်၏။

“သူက ငါ သူ့ရဲ့ဗျူဟာကို ဖောက်မြင်သွားပြီဆိုတာ သိတယ်။ သူက ငါ့အတွေးတွေကိုတောင် တွက်ချက်နိုင်တယ်။ အဲ့တပ်ဖွဲ့ဆယ်တပ်က ဒီကို အဆုံးအဖြတ်တိုက်ပွဲ တိုက်ရအောင် ရောက်လာတာ မဟုတ်ဘူး.. ငါတို့ အလျင်စလို မလုပ်ရဲအောင်လုပ်ဖို့ ရောက်လာကြတာပဲ။ သူ့ရဲ့ ရည်ရွယ်ချက်အစစ်က ငါ့ကို အချိန်ဆွဲဖို့ပဲ။ သူ့ရဲ့တကယ့်ပစ်မှတ်က ကြမ်းကြုတ်နဂါးဘုရင်တို့တပ်ဖွဲ့နဲ့ ကျတ်တီးမြေထဲက သာမန်မျိုးနွယ်ဝင်တွေပဲ။ ငါ မှန်းတာသာ မမှားရင် အခု တပ်သားသုံးသန်းကျော်လောက်က တောင်ဘက် ဒါမှမဟုတ် မြောက်ဘက်ကနေ ကျတ်တီးမြေထဲ သွားနေလောက်ပြီ”

“အာ...”

လီရှန်းအာ၏ သေးသွယ်သော ခန္ဓာကိုယ်လေး တုန်ယင်သွား၏။ ကျတ်တီးမြေထဲတွင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင် တစ်သန်းကျော်လည်း ကျန်ခဲ့သည် မဟုတ်ပါလား။ သူမ ကျန်းရီကို လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

“သခင်... အခု ကျွန်မတို့ ဘာလုပ်ကြမလဲ။ ကြမ်းကြုတ်နဂါးဘုရင်က တပ်သားတစ်သန်းပဲ ခေါ်သွားတာ။ ရန်သူဘက်က တပ်သားသုံးသန်း စေလွှတ်လိုက်မယ်ဆိုရင် ကျွန်မတို့ မျိုးနွယ်ဝင်တွေ အသတ်ခံရလိမ့်မယ်”

အကယ်၍ သာမန်မျိုးနွယ်ဝင်များ အသတ်ခံလိုက်ရလျှင် စစ်တပ်၏ စိတ်ဓာတ်မှာ လုံးဝပျက်ပြားသွားမည်ဖြစ်သည်။ သူတို့ တိုက်ခိုက်လိုစိတ်လည်း ပျောက်သွားပေလိမ့်မည်။ မိမိတို့မျိုးနွယ်မှ မျိုးဆက်သစ်များအားလုံး သေသွားလျှင် အနိုင်ရလျှင်လည်း အဓိပ္ပာယ်မရှိတော့သည် မဟုတ်ပါလား။

“တော်လွန်းတယ်...”

ကျန်းရီသည် သူတို့က ရန်သူဖြစ်သော်လည်း ရန်သူဘက်မှ ပညာရှင်က လှံတစ်ချောင်း မသုံးဘဲနှင့် သူတို့ကို ရက်အနည်းငယ် အချိန်ဆွဲနိုင်ခဲ့ခြင်းမှာ ပြောင်မြောက်လွန်းကြောင်း ဝန်ခံရပေသည်။ ရန်သူသည် သူတို့ကို အလျင်စလို မပြုမူဝံ့အောင် လုပ်၍ ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ခဲ့သည်။ သူတို့ ဆက်ချီမည်ဆိုလျှင် ရန်သူနှင့် သူသေကိုယ်သေ တိုက်ရမည်ဖြစ်သည်။ ယခု ကြမ်းကြုတ်နဂါးဘုရင် ရှိမနေသလို တပ်သားတစ်သန်းလည်း လျော့နေ၍ သူတို့ အနိုင်ရနိုင်ခြေက နည်းပေသည်။

သူတို့ ပြန်ဆုတ်သွားမည်ဆိုလျှင်လည်း ကြမ်းကြုတ်နဂါးဘုရင်တို့ကို ကူညီနိုင်၊ မကူညီနိုင် မသေချာပေ။ သူတို့ သွားကူပြီးမှ ရှုံးသွားလျှင် အကျိုးဆက်များက ပိုဆိုးသွားနိုင်ပေသည်။

***

All Chapters