ဂုဏ်မောက်သည့် စစ်တပ်မှာ ကျရှုံးလိမ့်မည်
Vol. 128 Ch. 1782
ကျန်းရီသည် သူ့ဘဝတွင် စစ်ပွဲပေါင်းများစွာနှင့် တွေ့ကြုံခဲ့ဖူးပြီးဖြစ်သည်။ သို့သော် ဤစစ်ပွဲက သူ့ကို ခေါင်းအကိုက်စေဆုံးပင်။
အတိတ်မှ စစ်ပွဲများတွင် ကျန်းရီက စစ်တပ်ကို အမိန့်ပေးရန် သိပ်မလိုခဲ့ပေ။ သူသည် အင်အားကို အသုံးပြု၍သာ ပြဿနာများကို ဖြေရှင်းခဲ့သည်။ ဤတစ်ခေါက်တွင်မူ ကောင်းကင်မိစ္ဆာဘုံမှ အခြေအနေက ထူးခြားသည်။ သူ အင်အားကို သုံး၍ မရသလို အင်အားများစွာလည်း မသုံးဝံ့ပေ။
ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက ကြီးနေပြီဖြစ်သည်။ သို့သော် သူ ကော့ချန်ဘုရင်လောက် စွမ်းအားမကြီးသေးချေ။ အကယ်၍ သူ၏ ဆန်းကြယ်စွမ်းရည်များကို ထုတ်သုံးမည်ဆိုလျှင်လည်း သူက လူသားဖြစ်ကြောင်း အလွယ်လေး ပေါ်သွားမည်ဖြစ်သည်။ သူက လူသားဖြစ်ကြောင်း ပေါ်သွားသည်နှင့် မိစ္ဆာအရှင်သုံးပါးက ကိုယ်တိုင် ဝင်ပါလာပေလိမ့်မည်။ ထိုအခါ သူ သေချာပေါက် သေရမည်ဖြစ်သည်။
ထို့ကြောင့် ဤတစ်ခေါက်တွင် ကျန်းရီသည် တိုက်ခိုက်ရန် သူ၏ဦးနှောက်ကိုသာ အသုံးပြုနိုင်သည်။ သူက တုံးအသူမဟုတ်သလို ဗျူဟာအချို့ကိုလည်း နားလည်ထားသည်။ နိုင်ခဲ့သော တိုက်ပွဲများအရ သူ့ဗျူဟာများမှာ မဆိုးကြောင်း သိနိုင်သည်။ သို့သော် ဆိုးသည်မှာ သူ့ထံတွင် ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့၏ ဉာဏ်ရည်မရှိခြင်းပင်။ ထို့ပြင် ဤတစ်ခေါက် သူရင်ဆိုင်နေရသော ပြိုင်ဘက်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။ ထို့ကြောင့် ကျန်းရီသည် ဤစစ်ပွဲက ယခင်မှစစ်ပွဲများထက် များစွာပို၍ခက်ခဲသည်ဟု သူ ခံစားနေရခြင်းပင်။
ကျန်းရီသည် ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် စိတ်ဓာတ်မျိုး ရှိသူပင်။ သူသည် ကိစ္စတစ်ခုကို စပြီးသည်နှင့် ဆုံးခန်းတိုင်အောင် လုပ်တတ်သည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ သေသွားလျှင်လည်း သူ့အတွက် များစွာထိခိုက်မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူ တိတ်တဆိတ်ထွက်သွားပြီး လျှို့ဝှက်နေရာတစ်ခုကိုရှာ၍ ကျင့်ကြံနေနိုင်သည်။ သို့သော် သူက အရှင်မချင်လင်းအပေါ်တွင် အသက်ကြွေးတင်နေသည်။ ထို့ပြင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို ကူညီမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်ရာ အဆုံးအထိရောက်အောင် ကူညီရပေမည်။
ယင်းတို့အပြင် အချိန်အတော်ကြာ အတူနေခဲ့ပြီးနောက် သူနှင့် လီရှန်းအာ၊ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ကြားတွင် သံယောဇဉ်တစ်ခု ရှိလာသည်။ သူ့ကဲ့သို့ သံယောဇဉ်ကြီးသူတစ်ယောက်က သူတို့ကို မည်သို့ လျစ်လျူရှုနိုင်ပါမည်နည်း။
ကျန်းရီ အတွေးနက်နေပြီး အခြေအနေကို အကြိမ်ကြိမ် သုံးသပ်ကာ ကောင်းကျိုး၊ ဆိုးကျိုးများကို တွက်ချက်နေ၏။ လက်ရှိတွင် သူ့၌ ရွေးချယ်စရာ လမ်းနှစ်လမ်းရှိ၏။ သူ ဆက်ချီ၍ သူသေကိုယ်သေ တိုက်နိုင်သည် သို့မဟုတ် ပြန်ဆုတ်ကာ ကြမ်းကြုတ်နဂါးဘုရင်တို့ကို ကူညီနိုင်သည်။
ကျန်းရီသည် နှစ်နာရီကြာ တွေးတောပြီးနောက် ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်၏။ အတိတ်တွင်ဆိုလျှင် သူ သေချာပေါက် ဆက်ချီကာ သူသေကိုယ်သေ တိုက်ပစ်မည်ဖြစ်သည်။ သူရဲကောင်းဆန်ဆန်များလည်း လုပ်ပစ်လောက်သည်။ အတိတ်တွင် သူ အမှန်ပင် ထိုသို့လုပ်ခဲ့ဖူးသည်။ ဥပမာဆိုရသော် ထောင်ချီသောင်းချီသော တပ်သားများနှင့် မြင်းများအကြားတွင် စစ်သူကြီးကို ရအောင်ဖမ်းကာ စစ်တပ်တစ်ခုလုံးကို ရှိန်သွားအောင် လုပ်ခြင်းမျိုးပင်။ သို့သော် ယခုတွင် သူ ထိုသို့ မလုပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အတိတ်တွင် သူ ရှုံးပါက သူသာ သေမည်ဖြစ်သော်လည်း ယခုတွင်မူ သူ ရှုံးလျှင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများအားလုံး သေရမည် ဖြစ်နေ၍ပင်။
ရန်သူဘက်မှ ပညာရှင်က အလွန်ဉာဏ်ကောင်းသည်။ ထို့ပြင် သူက ယခင်ကတည်းက ကြိုတင်စီစဉ်ထားခဲ့ခြင်းပင်။ အခြေအနေတွင် မရေရာမှုများစွာ၊ ဖြစ်နိုင်ခြေများစွာ ရှိနေသည်။ ကျန်းရီသည် သူတို့ဘက်က အနိုင်ရနိုင်ခြေကို တွက်ကြည့်ရာ ရာခိုင်နှုန်း နှစ်ဆယ်ကျော် သုံးဆယ်လောက်သာရှိကြောင်း သိလိုက်ရသည်။ သူ မစွန့်စားဝံ့ပေ။
ထို့ကြောင့် ကျန်းရီ ပြန်ဆုတ်၍သာ ရတော့သည်။ သို့သော် ပြန်ဆုတ်မည်ဆိုလျှင်ပင် တစ်တပ်လုံးကို တစ်စုတစ်စည်းတည်း ပြန်ဆုတ်စေ၍ မဖြစ်ပေ။ ထိုသို့လုပ်လျှင် ရန်သူက သူတို့နောက်သို့ အလွယ်တကူ လိုက်လာနိုင်ပေလိမ့်မည်။ သူတို့ တိုက်ပွဲဖြစ်သည်နှင့် ကြမ်းကြုတ်နဂါးဘုရင်နှင့် သာမန်မျိုးနွယ်ဝင်များလည်း သေသွားနိုင်ပေသည်။
ကိစ္စကြီးတစ်ခုကို လုပ်လိုလျှင် ရင်းသင့်သည်ကို ရင်းရမည်ဖြစ်သည်။
ကျန်းရီ လျင်မြန်စွာ စိတ်ဆုံးဖြတ်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ချက် လက်သွားသည်။ ဤတစ်ခေါက်တွင် တပ်သားအချို့ကို အသေမခံခိုင်းလျှင် စစ်တပ်တစ်ခုလုံး ဘေးကင်းလျင်မြန်စွာ ပြန်ဆုတ်နိုင်လိမ့်မည် မဟုတ်ချေ။
“မြန်မြန် လုံအောင်းကို သွားခေါ်လာခဲ့”
ကျန်းရီသည် တွေးတောပြီးနောက် လီရှန်းအာကို ပြောလိုက်၏။ လီရှန်းအာသည် စစ်ရထားလုံးထဲမှ လျင်မြန်စွာ ထွက်သွားပြီး မကြာခင်မှာပင် လုံအောင်းနှင့်အတူ ပြန်ရောက်လာသည်။ ကျန်းရီသည် လုံအောင်းကို ကြည့်၍ လေးနက်သော အသံနှင့် ပြောလိုက်သည်။
“အကြီးအကဲလုံ... ဒီတစ်ခေါက် ကျွန်တော် ခင်ဗျားကို တာဝန်တစ်ခု ပေးမယ်။ အဲ့တာဝန်ကို ခင်ဗျားကို အသက်ဆုံးရှုံးချင် ဆုံးရှုံးရစေနိုင်တယ်။ ခင်ဗျား လုပ်ချင်ရဲ့လား”
လုံအောင်း အတန်ငယ် မျက်နှာထားပြောင်းသွား၏။ သူ ချက်ချင်း အံကြိတ်ကာ ပြန်ပြောလိုက်သည်။
“အရှင်... ကျုပ်ကို အမိန့်သာ ပေးလိုက်ပါ။ ကျုပ် လုံအောင်း အကြိမ်တစ်ထောင် သေရမယ်ဆိုရင်တောင် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး”
“တပ်သားနှစ်သန်းကို ခေါ်သွားပြီး နောက်မှာချန်နေခဲ့ပါ။ ခင်ဗျားတို့ ရန်သူကို တစ်ရက်အချိန်ဆွဲထားရမယ်”
ကျန်းရီက အေးစက်စက် အမိန့်ပေးလိုက်သည်။
“ကျွန်တော် စစ်တပ်ကို ဦးဆောင်ပြီး ပြန်ဆုတ်သွားမယ်၊ ရန်သူက ကျွန်တော်တို့နောက်ကို လိုက်လာနိုင်တယ်။ အဲ့တော့ ခင်ဗျားတို့က ရန်သူကို တစ်ရက်လောက် အချိန်ဆွဲပေးထားပါ။ ဒီတာဝန်က... ခင်ဗျားတို့ မျိုးနွယ်ဘုရင်နဲ့ ကျွန်တော်တို့အားလုံးရဲ့ အသက်နဲ့ သက်ဆိုင်နေတယ်”
လုံအောင်း၏ မျက်နှာက ပို၍ပင် ဖြူဖျော့သွား၏။ သို့သော် တာဝန်က ကြမ်းကြုတ်နဂါးဘုရင်နှင့် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းအားလုံး၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေကြောင်း ကြားလိုက်သောအခါ သူ့မျက်ဝန်းများထဲတွင် ပြတ်သားမှုများ ထွက်ပေါ်လာ၏။ သူ ပြန်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ အရှင်၊ ဒီလုံအောင်းနဲ့ တပ်သားနှစ်သန်းစလုံး တိုက်ပွဲမှာ သေရမယ်ဆိုရင်တောင် ကျုပ် သူတို့ကို တစ်ရက်ရအောင် အချိန်ဆွဲထားမှာပါ”
“ကောင်းပြီ”
ကျန်းရီ လျှောက်သွားလိုက်ပြီး လုံအောင်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ခင်ဗျားစကားကို ကြားရတာ ကျွန်တော် စိတ်အေးပါပြီ။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ဗျူဟာတချို့ ပေးမှာပါ။ ခင်ဗျားကံကောင်းရင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ရက်ဆို လုံလောက်ပြီ.. တစ်ရက်ပြည့်တာနဲ့ ခင်ဗျားတို့ ချက်ချင်း ကောင်းကင်ဂဠုန်နယ်မြေထဲကို ဆုတ်ခွာကြပါ”
ကျန်းရီသည် လုံအောင်းကို ညွှန်ကြားစရာရှိသည်များ ညွှန်ကြားလိုက်၏။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် နာကျင်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။ လုံအောင်းမှာ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်ပြီး သူတို့ဘက်မှ စစ်သူကြီးတစ်ယောက်လည်းဖြစ်သည်။ သို့သော် ရွေးချယ်စရာမရှိတော့သဖြင့် ထိုစစ်သူကြီးကို စတေးခဲ့ရပေသည်။
ပင်မစစ်တပ်က ဘေးကင်းကင်းနှင့် အမြန်ဆုံး ဆုတ်ခွာနိုင်ရန် အချိန်ဆွဲမည့် တပ်တစ်တပ်ကို ချန်ခဲ့ရန် လိုအပ်သည်။ ချန်ခဲ့မည့် တပ်ကိုလည်း စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဦးဆောင်ရမည်ဖြစ်သည်။ မဟုတ်လျှင် ရှုပ်ထွေးမှုတစ်ခု ရှိလာသည်နှင့် သူတို့သည် အချိန်မဆွဲနိုင်ရုံသာမက အလကားအသေခံရသလိုလည်း ဖြစ်သွားပေလိမ့်မည်။
ကျန်းရီသည် လုံအောင်းအား တပ်သားနှစ်သန်းကို ဆယ်ဖွဲ့ခွဲ၍ အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်ရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူသည် ကျန်သော တပ်သားခြောက်သန်းကို ဦးဆောင်၍ ကျတ်တီးမြေဆီသို့ အမြန်ဆုံး ပြန်ဆုတ်သွားလိုက်လေသည်။
ကျန်းရီသည် ပြန်ဆုတ်ရင်း သူ၏ သုံးသပ်ချက်က မှားပါစေဟု ဆုတောင်းနေ၏။ ရန်သူက သူထင်သလောက် ဉာဏ်မကောင်းပါစေနှင့်ဟုလည်း ဆုတောင်းရသည်။ မည်သို့ပင်ဖြစ်စေ လုံအောင်းအား ဝင်္ကပါအစီအရင်အမျိုးမျိုးဆင်၍ ရန်သူကို တစ်ရက်မျှ ခေါင်းရှုပ်အောင် လုပ်ထားရန်တော့ မှာခဲ့ရပေသည်။
ကံဆိုးစွာပင်...
အဆိုးဆုံးရလဒ် ထွက်လာခဲ့သည်။ ကျန်းရီတို့စစ်တပ် စတင်ဆုတ်ခွာသည်နှင့် အရှေ့ဒေသ မဟာမိတ်စစ်တပ်က ခက်ထန်သော ကျားတစ်ကောင်အလား အတင်းနောက်မှ လိုက်လာသည်။ ကျန်းရီ၏ အစီအစဉ်များက ဖုန့်နီကို တစ်ချက်ပင် မတုံ့ဆိုင်းစေပါ။
ဆိုရလျှင် ဖုန့်နီသည် ဤတစ်ခေါက်တွင် ကျန်းရီ၏ စစ်တပ်ကို ရှင်းပစ်ရန် ကြံထားခြင်း မဟုတ်ပေ။ သူမသည် ကျန်းရီအား ပြန်ဆုတ်သွားရန်နှင့် စတေးမှုများလုပ်ရန် ဖိအားပေးလိုခြင်းသာဖြစ်သည်။ ယခု ကျန်းရီသည် သူမသတ်ရန်အတွက် တပ်သားနှစ်သန်း ချန်ပေးခဲ့ပြီ မဟုတ်ပါလား။
တပ်သားဆယ်သန်းကျော်နှင့် တပ်သားနှစ်သန်း ယှဉ်ရခြင်းဖြစ်ရာ လုံအောင်းတို့က မည်မျှကြိုးစားပါစေ၊ ကျန်းရီက မည်သို့စီစဉ်ပေးခဲ့ပါချေ ရှုံးနိမ့်သွားမည်သာ။ သို့ဖြင့် တပ်သားနှစ်သန်းလုံး ကျဆုံးသွားသည်။ လုံအောင်းသည်လည်း ကော့ချန်ဘုရင်၏ ကိုယ်တိုင်သတ်ဖြတ်မှုကို ခံလိုက်ရလေသည်။
သို့သော်...
လုံအောင်းသည် ကျန်းရီကို စိတ်မပျက်စေခဲ့ပါ။ တပ်သားနှစ်သန်းသည် နေ့တစ်ဝက်ကြာအောင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ကျန်းရီက သူတို့ကို သင်ပေးထားခဲ့သည် ပူးပေါင်းတိုက်ကွက်ပုံစံများမှာ အလွန်အသုံးဝင်ခဲ့သည်။ သူတို့ဘက်က တပ်သားနှစ်သန်းသာ ရှိသော်လည်း တပ်သားငါးသန်းလောက်နှင့် ယှဉ်နိုင်ပေသည်။ သူတို့သည် လုံးဝအားနည်းနေသည့် အခြေအနေအောက်မှာပင် အရှေ့ဒေသ မဟာမိတ်စစ်တပ်၏ တပ်သားတစ်သန်းကျော်ကို သတ်ပစ်နိုင်ခဲ့ပေသည်။
ကျန်းရီသည် ထိုနေ့ဝက်အတွင်း တပ်သားခြောက်သန်းကို ကောင်းကင်ဂဠုန်နယ်မြေထဲ အောင်အောင်မြင်မြင် ပြောင်းရွှေ့နိုင်လိုက်၏။ သူသည် ထိုနယ်မြေတွင် မရပ်ဘဲ တပ်ကို ကျတ်တီးမြေထဲ တိုက်ရိုက်ဆက်ဝင်ခိုင်းသည်။ ကြမ်းကြုတ်နဂါးဘုရင်တို့နောက်ကို လိုက်သွားသော ရန်သူတပ်ကို အမီလိုက်ကာ ရှင်းပစ်ရမည် မဟုတ်ပါလော။
ထောက်လှမ်းရေးများကိုမူ ဖြန့်ကျက်စေလွှတ်ထားပြီးဖြစ်သည်။ ထောက်လှမ်းရေးများက ကျန်းရီ၏ သုံးသပ်ချက်မှာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့သည်။ အင်အားသုံးသန်းရှိသော တပ်ဖွဲ့က အမှန်ပင် ကျတ်တီးမြေထဲ ဝင်သွားခဲ့သည်။ သူတို့က ကြမ်းကြုတ်နဂါးဘုရင်တို့ကို တိုက်ခိုက်တော့မည်ဖြစ်သည်။
သို့သော်...
ကျန်းရီတို့ အလျင်အမြန် ချီ၍ ကြမ်းကြုတ်နဂါးဘုရင်တို့ တပ်ဖွဲ့နှင့် တွေ့ဆုံသောအခါ ထောက်လှမ်းရေးများက သတင်းထပ်ပို့လာ၏။ အင်အားသုံးသန်းတပ်ဖွဲ့မှာ ပြန်ဆုတ်သွားပြီး တောင်ဒေသထဲ ဝင်သွားကာ အရှေ့ဒေသို့ ကွေ့ပတ်ပြန်သွားကြလေသည်။
ကျန်းရီသည် ထိုသတင်းကို ရလိုက်သောအခါ မျက်လုံးများ မှိတ်လိုက်၏။ သူ့မျက်နှာပေါ်တွင် နာကျင်မှုနှင့် မိမိကိုယ်ကိုယ် အပြစ်တင်သည့် အရိပ်အယောင်အနည်းငယ်ကို တွေ့ရသည်။ သူ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားရာ လက်ခုံမှ သွေးကြောများပင် ထောင်ထနေသည်။
“ဟူး...”
လီရှန်းအာ၊ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် ကျန်းရီ၏ပုံစံကို တွေ့သောအခါ သက်ပြင်းချလိုက်ကြ၏။ ဤတစ်ခေါက်တွင် ယှဉ်ပြိုင်မှုတွင် ကျန်းရီက လုံးဝရှုံးနိမ့်သွားပြီဖြစ်ကြောင်း သူတို့ သိကြသည်။ ကျန်းရီသည် ရန်သူဘက်မှ ပညာရှင်ကို ရှုံးသွားပေပြီ။ သူ့အတွက် ယင်းမှာ ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သလို သူတို့နှင့် စစ်တပ်တစ်တပ်လုံးအပေါ်လည်း ကြီးမားသော သက်ရောက်မှု ရှိပေသည်။
“အားလုံး ထွက်သွားကြပါ။ ကျွန်တော် ခဏလောက် တစ်ယောက်တည်း နေချင်တယ်”
ကျန်းရီသည် အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ အားလုံး စစ်ရထားလုံးအပြင်သို့ တိတ်တဆိတ် ထွက်သွားကြသည်။ ထို့နောက် ကျန်းရီ၏ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာ၏။ သူ လက်ထဲ ခေါင်းနှစ်လိုက်ပြီး ဆံပင်များကို လက်နှစ်ဘက်စလုံးနှင့် ဆွဲဆုပ်လိုက်၏။ ထို့နောက် နှုတ်ခမ်းကို သွေးထွက်လာသည်အထိ ခပ်တင်းတင်း ကိုက်လိုက်လေသည်။
ဂုဏ်မောက်သော စစ်တပ်က ကျရှုံးပေလိမ့်မည်။
ကျန်းရီသည် ဤတစ်ခေါက်တွင် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ပြီးခဲ့သော နိုင်ပွဲများ၊ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကြားတွင် မိမိကိုယ်ကိုယ် စစ်နတ်ဘုရားတစ်ပါးအလား ဟန်ဆောင်ခဲ့မှုနှင့် မိမိကိုယ်ကိုယ် အထင်ကြီးခဲ့မှုတို့က သူ့ကို အတန်ငယ်တော့ ဂုဏ်မောက်စေခဲ့ပေသည်။ ထို့ကြောင့်လည်း သူ ဤသို့ အကြီးအကျယ်ရှုံးနိမ့်ခဲ့ရခြင်းပင်။
တစ်ကြိမ်ရှုံးနိမ့်မှုမှာ သိပ်၍အရေးမကြီးပါ။ အနည်းဆုံးတော့ ကျန်းရီ သူ့အခြေအနေကိုသူ ရှင်းလင်းစွာ မြင်သွားနိုင်ပြီဖြစ်သည်။ သို့သော် သူ့တွင် တပ်သားအင်အား အလုံအလောက် မကျန်တော့ပါ။ အရှေ့ဒေသ မဟာမိတ်စစ်တပ်အတွက် တပ်သားနှစ်သိန်းမှာ မပြောပလောက်သော်လည်း သူတို့ဘက်အတွက်မူ အလွန်များသော ပမာဏဖြစ်သည်။
‘ငါ ထပ်ကျရှုံးလို့ မဖြစ်တော့ဘူး။ ငါ ထပ်ကျရှုံးရင် ဒီဘက်က ပြန်နလန်ထူနိုင်တော့မှာ မဟုတ်ဘူး...’
အတော်ကြီးကြာပြီးမှ ကျန်းရီ ခေါင်းမော့လာ၏။ သူ့မျက်ဝန်းများထဲတွင် အကြွင်းမဲ့ပြတ်သားမှုနှင့် ပြည့်နှက်နေသည်။ သူ အနောက်ဘက်ကို လှမ်းကြည့်လိုက်၏။ သူသည် မိုင်သန်းထောင်ချီ အဝေးရှိ ဖုန့်နီကို လှမ်းမြင်နေရသည့်အလား အံကြိတ်ကာ ရေရွတ်လိုက်လေသည်။
“ငါ နိုင်ရမယ်၊ ငါ နိုင်ကိုနိုင်ရမယ်”
***